အခန်း (၁၃၈) မဟာအကြီးအကဲ သုံးဦးစလုံးတိုက်ပွဲတွင် ကျဆုံးခြင်း
"ဒီလမ်းက ပိတ်ထားတယ်" ရေလွှမ်းမိုးမှုကဲ့သို့ ပြင်းထန်လှသော ချီလှိုင်းတစ်ခုမှာ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဒုတိယမဟာအကြီးအကဲဖြစ်သူ ယွီရှင်း ပညာရှိသည် ဟင်းလင်းပြင်တွင် ရပ်တည်ကာ လိုက်လံတိုက်ခိုက်လိုသော ဝိညာဉ်မျိုးနွယ်စုဝင်များကို တားဆီးထားလိုက်သည်။
ညီမလေး... အော်... ညီမလေး... အခုတော့ မင်းကို မျက်နှာပူစရာမလိုဘဲ ငါပြန်တွေ့နိုင်ပြီလို့ ထင်တာပဲ အဲ့ဒီကလေး လင်ယွင်က ငယ်ငယ်ကတည်းက စကားနားမထောင်ခဲ့တာ သူမ အခုလို စရိုက်ဖြစ်သွားတာမှာ ငါ့မှာလည်း တာဝန်ရှိပါတယ်။
အဲ့ဒီကောင်မလေး နောင်တရပြီး ပြောင်းလဲသွားမလားဆိုတာ ငါတော့မသိနိုင်တော့ဘူး ငါ့ရဲ့ အသက်ကလည်း အဲ့ဒီအထိ ကြည့်ဖို့ မကျန်တော့ဘူးလေ။
ယွီရှင်းပညာရှိ၏ မျက်လုံးထဲတွင် အတိတ်ကို ပြန်လည်အောက်မေ့သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူမသည် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဝိညာဉ်မျိုးနွယ်စုဝင်များဆီသို့ တိုးဝင်သွားတော့သည်။
သူမ၏ မှော်အတတ်မှာ လှပလွန်းလှသည် စီးဆင်းနေသော ဂလက်ဆီတစ်ခုကဲ့သို့ ပြောင်းပြန်စီးကျနေသော လရောင်ကဲ့သို့ပင် ၎င်း၏ စွမ်းအားမှာလည်း အလွန်ကြီးမားလှသဖြင့် သူမ ထုတ်လွှတ်လိုက်သော ဝိညာဉ်ချီနှင့် ထိမိသော ဝိညာဉ်မျိုးနွယ်စုဝင်တိုင်းမှာ ချက်ချင်းပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကြသည်။
သို့သော် ဤဝိညာဉ်မျိုးနွယ်စုဝင်များသည် သေခြင်းတရားကို ကြောက်ရွံ့ပုံမရပေ။ သူတို့သည် လှိုင်းတစ်ခုပြီးတစ်ခု တိုးဝင်လာကြပြီး ယွီရှင်း ပညာရှိကို ဝိုင်းရံသတ်ဖြတ်ရန် ကြိုးစားနေကြသည်။
"ဖယ်ကြစမ်း" ကောင်းကင်ယံမှ ကြီးမားလှသော ဓားအလင်းတန်းတစ်ခု ကျဆင်းလာသည် မိုင်တစ်ရာခွဲခန့် ရှည်လျားသော တောက်ပသည့် ဧရာမဓားကြီးမှာ မဟာအကြီးအကဲ ယွီရှင်း၏ ဦးခေါင်းတည့်တည့်သို့ ဦးတည်နေသည်။
တစ်ချိန်တည်းမှာပင် ဝိညာဉ်မျိုးနွယ်စု ပုံရိပ်တစ်ခုမှာ ယွီရှင်းပညာရှိ၏ ရှေ့တည့်တည့်တွင် ပေါ်လာပြီး သူမ၏ မျက်ခုံးနှစ်ခုကြားကို ထိုးဖောက်ရန် ဧရာမ လှံရှည်ကြီးဖြင့် ချိန်ရွယ်ထားသည်။
ခဏအတွင်းမှာပင် ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိ ဝိညာဉ်မျိုးနွယ်စု ပညာရှင်နှစ်ဦးမှာ ယွီရှင်း ပညာရှိကို အချိန်တိုအတွင်း အပြတ်ရှင်းရန် တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြခြင်းပင် မဟုတ်ပါက ယွီရှင်းပညာရှိသာ သူမ၏သက်စောင့်အဆီအနှစ်ကို လောင်ကျွမ်းစေခဲ့မည်ဆိုလျှင် သူတို့၏ ဝိညာဉ်မျိုးနွယ်စုမှာ ပို၍ပင် ထိခိုက်ဆုံးရှုံးရပေလိမ့်မည်။
သို့သော် သူတို့၏အကြံအစည်မှာ စာအုပ်ထဲတွင်တော့ ကောင်းမွန်သော်လည်း လက်တွေ့လုပ်ဆောင်ရန်မှာမူ မလွယ်ကူပေ။
ယွီရှင်းပညာရှိမှာ သူတို့၏ပရိယာယ်ကို ကြိုတင်မြင်နေပုံရသည်။ သူမ၏ လက်များက လျင်မြန်စွာ အမှတ်အသားများဖော်ဆောင်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှာ ထိုဟင်းလင်းပြင်မှ ပျောက်ကွယ်သွားကာ သေစေနိုင်သော တိုက်ကွက်နှစ်ခုလုံးကို ရှောင်တိမ်းလိုက်သည်။
နောက်တစ်စက္ကန့်တွင် ယွီရှင်း ပညာရှိမှာ မီတာတစ်ထောင်အကွာတွင် ပြန်လည်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်မှာ အနီရောင် ချီလှိုင်းများဖြင့် ဖုံးလွှမ်းနေတော့သည်လေ။
"တောက်... ငါတို့ တစ်လှမ်း နောက်ကျသွားပြန်ပြီ ဒီအဘွားကြီးက ဟင်းလင်းပြင် မှော်အတတ်ကို တတ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"
ဝိညာဉ်မျိုးနွယ်စု ပညာရှင်နှစ်ဦးမှာ ယွီရှင်းပညာရှိကို စိုက်ကြည့်ရင်း မကျေမနပ် ဟိန်းဟောက်လိုက်ကြသည်။
ဝုန်း... ပြင်းထန်သော တိုက်ပွဲကြီးမှာ ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။ ယွီရှင်း ပညာရှိမှာ တစ်ဦးတည်းနှင့် နှစ်ဦးကို ရင်ဆိုင်နေရသော်လည်း အားနည်းသွားခြင်း အလျဉ်းမရှိပေ။
ယွီရှင်းပညာရှိ၏ အင်အားမှာ ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်း၏ နောက်ဆုံးအဆင့်သို့ တက်လှမ်းရန် တစ်လှမ်းသာ လိုတော့ခြင်းပင်။ ယခုအခါ သူမ၏ သက်စောင့်အဆီအနှစ်ကို လောင်ကျွမ်းစေပြီးနောက် သူမ၏ အင်အားမှာ ဝိညာဥ်ခန္ဒာပေါင်းစည်းခြင်း၏ အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
၎င်းမှာ ခေတ္တခဏသာ ရရှိသည့် ကျင့်ကြံခြင်းအဆင့် တိုးမြှင့်မှု ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် သူမသည် သူမ၏ တစ်သက်တာတွင် အစွမ်းထက်ဆုံး အခြေအနေသို့ ရောက်ရှိနေခြင်းပင်။
...
ယဲ့ဖန်သည် အသည်းအသန် တိုက်ခိုက်နေကြဆဲဖြစ်သော ဝိညာဉ်ဓားဂိုဏ်း တပည့်များနှင့် ကျန်ရှိနေသော မဟာအကြီးအကဲ အနည်းငယ်ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူတို့ကို လေးနက်စွာ ဦးညွှတ်နှုတ်ဆက်လိုက်ပြီး တပည့်အမြောက်အမြားကို ခေါ်ဆောင်ကာ ဤနေရာမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ဝိညာဉ်မျိုးနွယ်စု ပညာရှင် အမြောက်အမြားမှာ သူတို့ကို တားဆီးရန် ကြိုးစားကြသော်လည်း ရူးသွပ်နေသော မဟာအကြီးအကဲ ယွီရှောင်ကျိက အားလုံးကို ကြားဖြတ်တားဆီးပေးထားသည်။
ယခုအချိန်တွင် ယွီရှောင်ကျိ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အတုမရှိဖြစ်နေပြီး နောက်ထပ် နယ်ပယ် တစ်ခု၏ အချုပ်အနှောင်များကို ချိုးဖျက်ရန် တစ်လှမ်းသာလိုတော့သည် သို့သော် လက်တွေ့တွင်မူ ဤအရာအားလုံးမှာ သက်စောင့်အဆီအနှစ်ကို လောင်ကျွမ်းစေပြီး ရရှိလာခြင်းပင်။ တစ်လှမ်းသာ လိုတော့သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ သူသည် ထိုနယ်ပယ်နှင့် ပို၍ပို၍ ဝေးကွာသွားခြင်းသာ ဖြစ်သည်။
ဝိညာဥ်ခန္ဒာပေါင်းစည်းခြင်းအဆင့်ရှိ ဝိညာဉ်မျိုးနွယ်စု ပညာရှင်ဦးရေမှာ ဝိညာဉ်ဓားဂိုဏ်းထက် အဆပေါင်းများစွာ သာလွန်သည်။ သို့သော် ယခုအချိန်တွင် ဝိညာဉ်ဓားဂိုဏ်းမှ ပညာရှင်များမှာ အသက်စွန့်ကာ တိုက်ခိုက်နေကြပြီး ဝိညာဉ်မျိုးနွယ်စုဝင်များမှာမူ သူတို့၏ အသက်ကို တန်ဖိုးထားစပြုလာကြပြီ ဖြစ်သည်။
သူတို့သည် ဤတိုက်ပွဲတွင် အနိုင်ရမည်မှာ သေချာနေသဖြင့် လောလောဆယ်တွင် ဤရူးသွပ်နေသော လူနှစ်ဦး၏ တိုက်ခိုက်မှုများကို အစွမ်းကုန် ရှောင်တိမ်းနေကြခြင်းပင်။
ဤအချက်ကပင် ယဲ့ဖန်နှင့် အခြားသူများ ထွက်ပြေးရန်အတွက် ကြီးမားသော အခွင့်အလမ်းကို ဖန်တီးပေးလိုက်သလို ဖြစ်သွားသည်။ ယဲ့ဖန်နှင့် သူ၏ အုပ်စုမှာ မည်သည့် အဟန့်အတားမှ မရှိသလောက်နှင့် ဂိုဏ်းမှ ထွက်ခွာနိုင်ခဲ့ကြသည်။
ဖူး... သို့သော် ယဲ့ဖန်သည် ဂိုဏ်းနှင့် မိုင်ပေါင်းများစွာ ဝေးရာသို့ ရောက်ရှိနေချိန်မှာပင် ဓားအလင်းတန်းတစ်ခုမှာ သူ၏ ရင်ဘတ်ကို ရုတ်တရက် ထိုးဖောက်သွားခဲ့သည်။
အဝေးမှ စောင့်ကြည့်နေသော ရှောင်ချီသည် ဒဏ်ရာရထားသော ယဲ့ဖန်ကို မြင်လိုက်ရသောအခါ သူ၏အကြည့်မှာ အနည်းငယ် ထက်မြက်သွားသည်။ ကြည့်ရသည်မှာ ဤဓားချက်မှာ ကံကြမ္မာအရ ပါလာခြင်းပင် သူ၏အရင်ဘဝတွင်လည်း ယခုကဲ့သို့ အချိန်မျိုးမှာပင် ယဲ့ဖန်သည် သေလုမြောပါး ဖြစ်ခဲ့ဖူးသည်ကို သူ မှတ်မိနေသည်။ ထိုစဉ်ကမူ လင်ယွင်နတ်မိမယ်က ယဲ့ဖန်အတွက် ဝင်ခံပေးခဲ့သဖြင့် သူ အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။
ဤဘဝ၏ ဖြစ်ရပ်စဉ်များမှာ အရင်ဘဝနှင့် အတော်လေး ဆင်တူနေသည်။ ကြည့်ရသည်မှာ အချို့သောအရာများသည် မည်သို့ပင်ဖြစ်စေ ဖြစ်လာရန် ကံပါလာပုံရသည်။
သို့သော် ဤဘဝတွင်မူ ယဲ့ဖန်အတွက် ဤတိုက်ခိုက်မှုကို ဝင်ခံပေးမည့်သူ မရှိတော့ပေ ဤတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်သူမှာ ယဲ့ဖန် ကိုယ်တိုင်သာ ရှိတော့သည်။
"ဖန်လောင်း... အဆင်ပြေရဲ့လား" လင်းကျောက်လန်သည် ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုမြောပါး ဖြစ်နေသော ယဲ့ဖန်ကို ပွေ့ပိုက်ထားရင်း ငိုယိုကာ ထွက်ပြေးနေသည်။
"မြန်... မြန်မြန်... ငါ့ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးပါ"
ယဲ့ဖန်၏အရှိန်အဝါမှာ အလွန်ပင် မတည်မငြိမ် ဖြစ်နေသော်လည်း သူသည် ဤကဲ့သို့ အသက်အန္တရာယ်နှင့် ကြုံတွေ့ရသည့် ခံစားချက်ကို ကျင့်သားရနေပုံရသည်။ ယခုအချိန်တွင် ယဲ့ဖန်သည် အလွန်အမင်း စိတ်မပူသော်လည်း သူတို့နောက်မှ လိုက်လာကြသူများကို မြင်ရသောအခါ အနည်းငယ် စိုးရိမ်နေမိသည်။
"အော်... အော်... ဟုတ်ပြီ" လင်းကျောက်လန်မှာ ခဏမျှ ကြောင်သွားပြီးမှ သတိပြန်ဝင်လာကာ ယဲ့ဖန်ကို လျင်မြန်စွာ ပွေ့ချီပြီး အရှိန်အဟုန်ဖြင့် ထွက်ပြေးတော့သည်။
သူတို့နောက်ကွယ်မှ ကျင့်ကြံသူ အမြောက်အမြားကလည်း ယဲ့ဖန်၏ နောက်သို့ လိုက်ပါကာ ထွက်ပြေးကြသည်လေ။
ဝိညာဉ်မျိုးနွယ်စု လိုက်လံတိုက်ခိုက်သူများသည် ခဏမျှ လိုက်လံခဲ့ကြသော်လည်း ဝိညာဉ်ဓားဂိုဏ်းဝင်များ၏ နောက်ထပ် ဟန့်တားခြင်းကို ခံလိုက်ရပြန်သဖြင့် ယဲ့ဖန် သူတို့မျက်စိရှေ့မှ ထွက်ပြေးသွားသည်ကို ကြည့်နေရုံသာ ရှိတော့သည်။
"ဒီလို လူယုတ်မာတစ်ယောက်အတွက်နဲ့ ခင်ဗျားတို့ ဂိုဏ်းတစ်ခုလုံးရဲ့ အသက်တွေကို စတေးရတာ တကယ်ပဲ တန်ရဲ့လား"
ဝိညာဉ်မျိုးနွယ်စုဘိုးဘေးသည် အရှိန်အဝါများ မှေးမှိန်စပြုနေပြီဖြစ်သော ယွီရှောင်ကျိကို ကြည့်ကာ လှောင်ပြောင်သရော်သည့် လေသံဖြင့် မေးလိုက်သည်။
ငါ့ရဲ့ တစ်သက်တာမှာ အမှားတွေ အများကြီး လုပ်ခဲ့ဖူးတယ် နောက်ထပ် အမှားတစ်ခု ထပ်လုပ်မိလည်း ထူးမခြားနားပါဘူး အနာဂတ်မျိုးဆက်တွေက ငါ့ကို ကျိန်ဆဲတာပဲဖြစ်ဖြစ် ချီးမွမ်းတာပဲဖြစ်ဖြစ် ငါဂရုမစိုက်တော့ဘူး။
ဒီနေ့ ငါကယ်တင်လိုက်တာက ယဲ့ဖန်ကိုမဟုတ်ဘူး ငါ့ရဲ့ဝိညာဉ်ဓားဂိုဏ်းရဲ့ အနာဂတ်ကို ကယ်တင်လိုက်တာပဲ။ ကောင်းကင်ဘုံက ငါတို့ရဲ့ ဘိုးဘေးတွေ ငါ့ကိုအပြစ်မတင်ဖို့ပဲ မျှော်လင့်ပါတယ် ယွီရှောင်ကျိက သက်ပြင်းချလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ နောက်ဆုံး စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုမှာ ဝိညာဉ်ဓားဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး ဟိန်းထွက်သွားစေမည့် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဝိညာဉ်မျိုးနွယ်စု အကြီးအကဲ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။
ပတ်ဝန်းကျင်ရှိ ဝိညာဉ်မျိုးနွယ်စု ကျင့်ကြံသူများသည်လည်း ဤကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားကြောင့် တုန်လှုပ်သွားကြပြီး အပြင်ဘက်သို့ ထွက်ပြေးကြသည်။ သို့သော် အားလုံးက နောက်ကျသွားခဲ့ပြီ။ ယွီရှင်းပညာရှိမှာလည်း ယွီရှောင်ကျိ၏ဆုံးဖြတ်ချက်ကို သိရှိသွားပုံရပြီး ထိုအချိန်မှာပင် သူမ၏ နောက်ဆုံး ဝိညာဉ်စွမ်းအားများကိုပါ တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်တော့သည်။
ဝိညာဉ်ဓားဂိုဏ်းမှ ကျင့်ကြံသူ အများစုမှာ ထွက်ပြေးနိုင်ခဲ့ကြပြီဖြစ်သည်။ ကျန်ရှိနေသူများမှာလည်း ပြင်းထန်စွာ ဒဏ်ရာရထားသူများ သို့မဟုတ် သေလုမြောပါး ဖြစ်နေသူများသာ ဖြစ်သည်။ သူတို့နှစ်ဦးအတွက် ဘာမှထိန်းချန်ထားစရာ မလိုတော့ပေ။
အခြေအနေကို ပြန်ပြင်လို့ မရတော့သည်ကို မြင်သောအခါ ဝူတောက်ကျိနှင့် လင်ယု ပညာရှိတို့မှာလည်း အခွင့်အရေးကို ကြည့်ကာ ဤနေရာမှ ထွက်ခွာသွားကြသည်။
ယခုအချိန်တွင် လင်ယုပညာရှိမှာ ဝိညာဉ်ဓားဂိုဏ်းအပေါ် ယုံကြည်မှုလုံးဝ ကုန်ဆုံးသွားခဲ့ပြီဖြစ်ကာ ယွီရှောင်ကျိအပေါ်မှာပင် အထင်အမြင်သေးမှုများ ဖြစ်ပေါ်လာခဲ့သည်။
ယဲ့ဖန် တစ်ယောက်တည်းအတွက်နဲ့ ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်တာ ဒီလို မဟာအကြီးအကဲမျိုး ရှိတာဟာ ဝိညာဉ်ဓားဂိုဏ်းအတွက် သိက္ခာကျစရာပဲ။
ထို့ကြောင့် ယွီရှောင်ကျိက သူ့ကိုပါရမီရှင်တပည့်များကို ခေါ်ဆောင်ပြီး ထွက်ပြေးရန် ပြောသောအခါ သူ လုံးဝတွန့်ဆုတ်မနေခဲ့ပေ။ သူ၏အသက်ကို ဤနေရာတွင် အလဟဿ စတေးရခြင်းမှာ တကယ်ပင် မတန်ဟု သူ ခံစားလိုက်ရသည်လေ။
ဝုန်း... ဝုန်း... ဝုန်း... ကမ္ဘာမြေကြီး တုန်ခါသွားစေမည့် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ဝိညာဉ်ဓားဂိုဏ်း တစ်ခုလုံးမှာ အပျက်အစီးပုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဝိညာဉ်မျိုးနွယ်စု တပည့် ထက်ဝက်ကျော်မှာလည်း ၎င်းနှင့်အတူ ထာဝရ မြေမြှုပ်ခံလိုက်ရတော့သည်။
စကတည်းက အဆုံးအထိ ရှောင်ချီသည် အဝေးမှ ပွဲကြည့်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဝိညာဉ်ဓားဂိုဏ်းမှာ အပျက်အစီးပုံ ဖြစ်သွားသည်ကို မြင်ရသောအခါ သူ၏စိတ်ထဲတွင် ဝမ်းနည်းမှု အနည်းငယ် ခံစားလိုက်ရသည်။
နှစ်ပေါင်း တစ်သောင်းသက်တမ်းရှိသော ဂိုဏ်းကြီးတစ်ခုမှာ မျက်တောင်တစ်ခတ်အတွင်း ပျက်စီးသွားခဲ့ရပြီ။ ဒီအဘိုးကြီးတွေဟာ တကယ်ပဲ စွမ်းဆောင်နိုင်ရည်ရှိတဲ့ လူတွေပဲ မျိုးဆက်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ အရာတွေကို ခဏလေးအတွင်းမှာတင် အကုန်ဖျက်ဆီးပစ်နိုင်ကြတယ်။
"ပွဲကတော့ ပြီးသွားပြီ အခုတော့ တကယ့် အလုပ်ကို စလုပ်ရတော့မယ်" ရှောင်ချီက သက်ပြင်းချလိုက်ပြီး သူ၏ ပုံရိပ်မှာ ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
နောက်တစ်စက္ကန့်တွင် သူသည် ယဲ့ဖန် လင်ယွင်နတ်မိမယ်နှင့် အခြားသူများ ဖြတ်သန်းသွားရမည့် လမ်းကြောင်းပေါ်တွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။