အခန်း (၁၃၄) သားရဲယဉ်ပါးစေခြင်းဂိုဏ်း၏ သဘောထား
"လူငယ်လေး... မင်းရဲ့အခု အဆင့်အတန်းက အရင်လို မဟုတ်တော့ဘူးနော် ဒီအရာအားလုံးကို စွန့်လွှတ်ပြီး တစ်သက်လုံး ထွက်ပြေးပုန်းရှောင်နေရမယ့် ဝရမ်းပြေး ကျင့်ကြံသူတစ်ယောက်အဖြစ် ရှင်သန်ဖို့ မင်း တကယ်ပဲ အသင့်ဖြစ်နေပြီလား"
ရှောင်ချီဘာမှပြန်မပြောသည်ကို မြင်သောအခါ အဘိုးအိုက လေသံကို အနည်းငယ် ပြောင်းကာ လေးလေးနက်နက် ထပ်ပြောလိုက်သည်။
ရှောင်ချီသည် ယခုအခါ ဝေနိုင်ငံတော်ကြီး၏ ပထမတန်းစား မင်းသားဖြစ်သည် သူ၏ အဆင့်အတန်းမှာ ဝေနိုင်ငံတော်၏ တော်ဝင်မင်းသားတစ်ပါးနှင့် အဆင့်တူပင် ဖြစ်သည်။ လူတစ်ယောက်၏အောက် လူသောင်းပေါင်းများစွာ၏ အထက်တွင် ရှိနေပြီး ကျင့်ကြံသူ အမြောက်အမြား၏ ကြည်ညိုလေးစားမှုကို ခံနေရသူဖြစ်သည်လေ။
အကယ်၍ သူသည် ယနေ့ သားရဲယဉ်ပါးစေခြင်းဂိုဏ်းတွင် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့မည်ဆိုလျှင် ရလဒ်က မည်သို့ပင်ဖြစ်စေ ဝေနိုင်ငံတော်က သူ၏ ဘွဲ့ထူးကို သေချာပေါက် ရုပ်သိမ်းမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အဆင့် ဝရမ်းထုတ်ခံရပေလိမ့်မည်။
ဝေနိုင်ငံတော်တွင် ၎င်း၏စည်းမျဉ်းများရှိသကဲ့သို့ ကျင့်ကြံခြင်းလောကတွင်လည်း ကိုယ်ပိုင် စည်းမျဉ်းများ ရှိသည်။ အဓိကဂိုဏ်းကြီး ခုနစ်ဂိုဏ်း ထဲမှ တစ်ခုတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမှာ ထိုစည်းမျဉ်းနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ချိုးဖောက်လိုက်ခြင်းပင်။
ဤလုပ်ရပ်မှာ ကျင့်ကြံခြင်းလောကနှင့် ဝေနိုင်ငံတော် နှစ်ခုလုံး၏ မျက်နှာကို ဗြောင်ကျကျ ရိုက်နှက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထိုအချိန်ကျလျှင် ရှောင်ချီကို ကာကွယ်ပေးမည့်သူ ရှိတော့မည် မဟုတ်ပေ။
"စီနီယာက လူတွေကို ဖျောင်းဖျတဲ့နေရာမှာ တော်ပေမဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာတော့ သိပ်မတော်ဘူးပဲ ကျွန်တော်နယ်စပ်မှာ မိစ္ဆာတွေကို အမြောက်အမြား သတ်ခဲ့ဖူးပေမဲ့ ကျွန်တော်က သွေးဆာနေတဲ့သူတော့ မဟုတ်ပါဘူး"
"ကျွန်တော် စဝင်လာကတည်းက စီနီယာတို့ဂိုဏ်းက အရင်တုန်းက ကျွန်တော့်ကို ဝိုင်းတိုက်ခဲ့တဲ့ ချောင်ကျိရှု၊ ဟေးဟူ နဲ့ နောက်လိုက်တွေကိုသာ ထုတ်ပေးခဲ့မယ်ဆိုရင် ဒါမှမဟုတ် သူတို့ခေါင်းတွေကို ဖြတ်ပြီး ကျွန်တော့်ဆီ ပို့ပေးခဲ့မယ်ဆိုရင် ကျွန်တော် ဂိုဏ်းကလူ တစ်ယောက်ကိုမှ ဒုက္ခမပေးဘဲ တန်းပြန်သွားမှာပါ"
"ဒါပေမဲ့ စီနီယာတို့က အဲ့လိုမလုပ်ခဲ့ဘူး သူတို့ကို ဂိုဏ်းက ထုတ်ပစ်လိုက်ပြီလို့ ပြောရုံနဲ့ အားလုံး ပြီးသွားပြီလို့ ထင်နေတာလား။ ကျွန်တော့်ကို အနိုင်ကျင့်လို့ရတဲ့ အရူးလို့ ထင်နေတာလား"
"ကျွန်တော်လည်း ကိစ္စတွေကို အရမ်းကြီး ရက်ရက်စက်စက် မလုပ်ချင်ပါဘူး ဒါပေမဲ့ စီနီယာကိုယ်တိုင်က ဂိုဏ်းအတွက် နောက်ဆုတ်စရာ လမ်းမထားခဲ့မှတော့ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ ဒီနေ့သားရဲယဉ်ပါးစေခြင်းဂိုဏ်းသာ မြေလှန်ဖျက်ဆီးခံရမယ်ဆိုရင် ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့ စီနီယာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲလွန်းတာကိုပဲ အပြစ်တင်လိုက်ပါ"
ရှောင်ချီက အဘိုးအို၏ စကားကို နားထောင်ပြီး ခေါင်းကို အနည်းငယ် ငြိတ်လိုက်သည်။ သို့သော် အလွန်ပင် တည်ငြိမ်သော လေသံဖြင့် အဘိုးအို၏လှည့်ကွက်များကို ဖော်ထုတ်လိုက်သည်။
ဖြစ်နိုင်သည်မှာ ဤအဘိုးကြီးသည် သူ့ကိုတစ်ခါမှ အဆင့်တူတစ်ယောက်လို မသတ်မှတ်ခဲ့ပေ သူ ကြောက်နေသည်မှာ ရှောင်ချီ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကိုသာ ဖြစ်သည်။
သူတို့လို အဘိုးကြီးတွေရဲ့ အမြင်မှာတော့ နယ်စပ်ကို ခုနစ်ကြိမ်တိုင်တိုင် ဖြတ်ကျော်တိုက်ခိုက်တယ်ဆိုတာ သိပ်ခက်ခဲတဲ့အရာ မဟုတ်ပါဘူး။ နယ်စပ်မှာ ဝိညာဥ်ခန္ဓာပေါင်းစပ်ခြင်းအဆင့်ပညာရှင်တွေကို ဝင်ခွင့်မပြုထားတာကြောင့် ရှောင်ချီလို မျောက်ကလေးတွေကပဲ ကိုယ့်ကိုယ်ကိုယ် ဘုရင်လို့ သတ်မှတ်နေကြတာလို့ သူတို့ ထင်နေကြတာပါ။
"လူငယ်လေး... မင်းလူသားမျိုးနွယ်အပေါ်ထားရှိတဲ့ ကျေးဇူးတရားကို ငါလေးစားပါတယ် ဒါပေမဲ့ နယ်ကျော်မလာပါနဲ့။ မင်း စစ်မြေပြင်မှာ ဘေးဒုက္ခကျော်ဖြတ်နေတုန်းက လူသား အမြောက်အမြား သေဆုံးခဲ့ရတာကို မမေ့နဲ့ဦး"
"ငါတို့ တပည့်တွေ မင်းကိုတိုက်ခိုက်ခဲ့တာက အရေးပေါ်အခြေအနေမှာ အသည်းအသန် ခုခံခဲ့တာပဲ ရှိတာ ပြီးတော့ မင်းကိုလည်း ကြီးကြီးမားမား ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဘူး အဆုံးမှာတော့ ကျင့်ကြံသူအမျိုးသမီး တစ်ယောက်ပဲ သေသွားတာမဟုတ်လား"
"ငါ အထင်မမှားဘူးဆိုရင် အဲ့ဒီအမျိုးသမီးက မင်းကို သဘောကျနေတဲ့သူ ဖြစ်လိမ့်မယ် ဟုတ်တယ်မလား"
"အကယ်၍ မင်း အခုထွက်သွားမယ်ဆိုရင် သူမနဲ့ အလှချင်းပြိုင်နိုင်တဲ့ ကျင့်ကြံသူ အမျိုးသမီး ဆယ်ယောက်ကို မင်းကို ခစားဖို့ ငါပေးအပ်နိုင်တယ်"
ဝတ်ရုံရှည်ဝတ် အဘိုးအိုက မျက်မှောင်ကြုတ်လိုက်ပြီး ရှောင်ချီ၏ခေါင်းမာမှုကြောင့် ပို၍ စိတ်တိုလာသည်။ သူသည် ရှောင်ချီကို ပထမဆုံး သတိပေးလိုက်ပြီးနောက် အလှအပနှင့် အကျိုးအမြတ်ဖြင့် ဆွဲဆောင်ကာ နောက်ဆုတ်သွားအောင် ကြိုးစားလိုက်သည်။
"သက်ရှိအားလုံးက ဆင်းရဲဒုက္ခခံနေကြရတာပဲ ကျွန်တော်လည်း ရက်စက်တဲ့သူ မဖြစ်ချင်ပါဘူး။ ဒီလိုလုပ်လေ... စီနီယာ့ကို အချိန်တစ်ရက်ခွဲ ပေးမယ် အဲ့ဒီအချိန်အတွင်းမှာ ချောင်ကျိရှု ဟေးဟူနဲ့ သူတို့ရဲ့ နောက်လိုက်တွေကို ကျွန်တော့်ရှေ့ ရောက်အောင် ခေါ်လာပေး"
"သူတို့ကို ကျွန်တော် ဘယ်လိုကိုင်တွယ်မလဲဆိုတာက ကျွန်တော့်ကိစ္စ။ စီနီယာက သူတို့ကို ခေါ်လာပေးရုံပဲ ကျန်တာစိတ်ပူစရာ မလိုဘူး အဲ့ဒီကျမှ ကျွန်တော်နဲ့ သားရဲယဉ်ပါးစေခြင်းဂိုဏ်းကြားက ရန်ငြိုးတွေ ပြေလည်သွားလိမ့်မယ်"
သားရဲယဉ်ပါးစေခြင်းဂိုဏ်း၏ အေးချမ်းသော အသွင်အပြင်ကို ကြည့်ရင်း ရှောင်ချီက နောက်ဆုံးတွင် အခွင့်အရေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်သည် ဘာပဲဖြစ်ဖြစ် ဒီဂိုဏ်းထဲက တပည့်တချို့ကတော့ တကယ်ပဲ အပြစ်ကင်းကြသူတွေ မဟုတ်ပါလား။
ဒါပေမဲ့ သူက သူတော်စင်တစ်ယောက် မဟုတ်သလို သူ၏သည်းခံနိုင်စွမ်းမှာလည်း အကန့်အသတ် ရှိသည် သူက သားရဲယဉ်ပါးစေခြင်းဂိုဏ်းကို အချိန်တစ်ရက်ခွဲပဲ ပေးဖို့ ရည်ရွယ်ထားသည် အဲ့ဒီအချိန် ကျော်သွားရင်တော့ ဒီအဘိုးကြီးကို စကားတစ်ခွန်းမှ ထပ်ပြောတော့မည် မဟုတ်ပေ။
ဖြစ်နိုင်သည်မှာ သူသေရမည် သို့မဟုတ် သားရဲယဉ်ပါးစေခြင်းဂိုဏ်း ပျက်စီးရမည် ဟုတ်ပါတယ် ဒုတိယဖြစ်နိုင်ခြေ တစ်ခုကတော့ အဘိုးအိုက ချောင်ကျိရှုနှင့် ဟေးဟူတို့ကို သူ့ထံ ခေါ်လာပေးခြင်းပင်။ အဲ့ဒီလိုဆိုရင်တော့ အရာအားလုံးက ငြိမ်းချမ်းစွာ ပြီးဆုံးသွားမှာဖြစ်သလို အသက်ပေါင်းများစွာလည်း ချမ်းသာရာ ရသွားလိမ့်မည်။
"ဟင်း... မင်းကတော့ တကယ်ကို ကယ်မရတဲ့သူပဲ ဒါဆိုရင် မင်းငါ့ရဲ့ သားရဲယဉ်ပါးစေခြင်းဂိုဏ်းကို ဘယ်လို ဖျက်ဆီးမလဲဆိုတာ ငါ ဒီအဘိုးကြီးကြည့်ရသေးတာပေါ့"
"သားရဲယဉ်ပါးစေခြင်းဂိုဏ်းရဲ့ တပည့်အားလုံး ငါ့အမိန့်ကို နာခံကြ ဂိုဏ်းကာကွယ်ရေး မဟာအစီအရင်ကို အသက်သွင်းကြ"
ဝတ်ရုံရှည်ဝတ် အဘိုးအိုက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရှောင်ချီ၏ စကားကို အလေးမထားကြောင်း ပြသလိုက်သည်။ ထို့နောက် သားရဲယဉ်ပါးစေခြင်းဂိုဏ်း တစ်ခုလုံးကို ဟိန်းထွက်သွားစေမည့် ကျယ်လောင်သော အော်ဟစ်သံကို လွှတ်လိုက်သည်။
အဘိုးအို၏ နောက်ကွယ်မှ ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး သားရဲယဉ်ပါးစေခြင်းဂိုဏ်းမှ တပည့်နှင့် အကြီးအကဲ ရာပေါင်းများစွာသည် သူ၏ ဘေးတွင် ရုတ်တရက် ပေါ်လာကြသည်။ ကောင်းကင်ယံတွင်လည်း တပည့်ပေါင်း တစ်သောင်းနီးပါး ဟိုဟိုဒီဒီ လှုပ်ရှားနေကြသည်မှာ အလွန်ပင် ခမ်းနားလှသည်။
သားရဲယဉ်ပါးစေခြင်းဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ရှောင်ချီသည် နူးညံ့သော်လည်း ကြီးမားလှသော အင်အားတစ်ခုကြောင့် ဂိုဏ်းအပြင်ဘက်သို့ တွန်းထုတ်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။
ရှောင်ချီသည် ထိုအင်အားကို မခုခံဘဲ ဂိုဏ်းအပြင်ဘက်သို့ အလိုက်သင့် ထွက်ခွာသွားခဲ့သည်။ သူက တစ်ရက်ခွဲစောင့်မည်ဟု ပြောထားသဖြင့် တစ်ရက်ခွဲ စောင့်မည်ပင်။
ဤသည်မှာ သူသားရဲယဉ်ပါးစေခြင်းဂိုဏ်းကို ပေးသည့် နောက်ဆုံး အခွင့်အရေးပင် ဖြစ်သည်။ အကယ်၍ သူတို့က ဆက်ပြီး ခေါင်းမာနေဦးမည်ဆိုလျှင် ထိုလူအားလုံးကို တမလွန်သို့ ပို့ပေးရန်မှတစ်ပါး အခြားမရှိတော့ပေ။
"ဟင် ဘာလို့ အပြင်ကို အတွန်းခံလိုက်ရတာလဲ" ရှောင်ချီ၏ ပုံရိပ်မှာ လျင်မြန်စွာ နောက်ဆုတ်သွားပြီး မိုင်အနည်းငယ်အကွာသို့ ရောက်မှရပ်တန့်သွားသည်။
ယွီလင်လုံ နှင့် နင်ယုဝေတို့မှာ မည်သည့်အချိန်က ရောက်လာသည်မသိဘဲ သူ၏ ဘေးတွင် ပေါ်လာပြီး ရှောင်ချီကို အံ့အားသင့်စွာ ကြည့်နေကြသည်။
"ဘာမှမဟုတ်ပါဘူး ပွဲခေတ္တ နားလိုက်တာပါ" ရှောင်ချီက ခေါင်းခါလိုက်ပြီး လောလောဆယ် ဝိညာဉ်လှေပေါ်သို့ ပြန်တက်လိုက်သည်။
သူသည် ကုန်းပတ်ပေါ်တွင် စားပွဲနှင့် ထိုင်ခုံများ ချထားရန် အမိန့်ပေးလိုက်ပြီး လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်ရင်း တည်ငြိမ်စွာ စောင့်ဆိုင်းနေတော့သည်။
"သတင်းပို့ပါတယ်"
"မင်းသားကြီးကို သတင်းပို့ပါတယ် ပြင်ပမျိုးနွယ်စု အမြောက်အမြား ဝေနိုင်ငံတော်ထဲကို ဝင်ရောက်လာတာကို တွေ့ရှိရပါတယ်။ လက်ရှိမှာ သူတို့က ဝိညာဉ်ဓားဂိုဏ်းကို ဝိုင်းရံထားကြပါတယ်။ ကျွန်တော်တို့ သူတို့ကို သွားရောက် ကူညီပေးရမလားခင်ဗျာ"
ရှောင်ချီက ထိုင်ခုံပေါ်တွင် မှီရင်း လက်ဖက်ရည်ကို အရသာခံ သောက်နေစဉ် သတင်းပို့စစ်သည်တစ်ဦး ကုန်းပတ်ပေါ်သို့ ရုတ်တရက် ရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ သတင်းပို့လိုက်သည်။
ဤသတင်းကို ကြားလိုက်ရချိန်တွင် ရှောင်ချီ၏ မျက်လုံးများမှာ ချက်ချင်း အရောင်တောက်သွားသည် ဝိညာဉ်ဓားဂိုဏ်း ပျက်စီးမည့် ဘေးဒုက္ခက နောက်ဆုံးတော့ ရောက်လာပြီပဲ။ ထင်ထားတာထက်တောင် နည်းနည်း စောနေသေးတယ် အခုတော့ ကြည့်ကောင်းမယ့် ပွဲကြီးပွဲကောင်း လာတော့မှာပဲ။
ရှောင်ချီသည် စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်း ပွတ်လိုက်သည် သူ၏ မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှုများ လင်းလက်နေသည်။
"စစ်မိန့်ကို ထုတ်လိုက် အားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ ဝိညာဉ်ဓားဂိုဏ်းကို သွားပြီး ပွဲကြည့်ကြမယ်" ရှောင်ချီသည် ခါးရှိ ဓားရှည်ကို ဆွဲထုတ်ကာ အော်ဟစ်လိုက်သည်။
နောက်ဆုံးတွင် သူသည် သူ၏နောက်ကွယ်ရှိ သားရဲယဉ်ပါးစေခြင်းဂိုဏ်းကို တစ်ချက် လှည့်ကြည့်လိုက်သည် သူ၏မျက်လုံးထဲတွင် တွေဝေမှု အနည်းငယ် ရှိနေသည်။
ဒါပေမဲ့ သူက ခေါင်းခါလိုက်ရုံသာ လုပ်လိုက်သည် ဤသားရဲယဉ်ပါးစေခြင်းဂိုဏ်းကိုတော့ အချိန်မရွေး ဖျက်ဆီးလို့ ရပေမယ့် ဝိညာဉ်ဓားဂိုဏ်းမှာ ဖြစ်မယ့် ပွဲကြီးပွဲကောင်းကတော့ တစ်သက်မှာ တစ်ခါပဲ ရှိတာလေ အဲ့ဒါကိုတော့ သူ လက်လွတ်မခံနိုင်ပါဘူး။
ရှောင်ချီ၏ အမိန့်နှင့်အတူ ဝိညာဉ်လှေမှာ ဖြည်းည်းချင်း စတင်ထွက်ခွာလာပြီး ဝိညာဉ်ဓားဂိုဏ်းဆီသို့ ဦးတည်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ဤသတင်းမှာ ဝေနိုင်ငံတော်အတွင်းရှိ အမျိုးမျိုးသော အဖွဲ့အစည်းများထံသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဝေနိုင်ငံတော်မှာ တကယ့်ကို စည်ကားနေခဲ့သည် မဟုတ်ပါလား။
ရှောင်ချီက သားရဲယဉ်ပါးစေခြင်းဂိုဏ်းကို တစ်ကိုယ်တော် စိန်ခေါ်ချင်သည်ဟူသော သတင်းမှာ ကျင့်ကြံခြင်းလောက တစ်ခုလုံး ပျံ့နှံ့နေပြီဖြစ်သည်။ အဖွဲ့အစည်း အတော်များများက စောင့်ကြည့်နေဆဲ အချိန်မှာပင် ထိုသတင်းထက် ပို၍ ပေါက်ကွဲအားပြင်းသော သတင်းတစ်ခုက အားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုပြင်ပမျိုးနွယ်စုများသည် ဝိညာဉ်ဓားဂိုဏ်းအပေါ် မည်မျှအထိ နာကျည်းနေကြသဖြင့် နယ်စပ်ကို ဖြတ်ကျော်ကာ ဝေနိုင်ငံတော်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ဝိညာဉ်ဓားဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ရန် ကြိုးစားနေကြသည်ကို မည်သူမျှ မသိကြပေ။ ကြည့်ရသည်မှာ ဤကိစ္စမှာ ရိုးရှင်းပုံမရပေ။