အခန်း (၁၃၂) လောကီနယ်ပယ်တွင် ဓားစိတ်အစဉ်ကို ရရှိခြင်း
ကျောက်စိမ်းကညာဂိုဏ်း၏ နောက်ဘက်တောင်ကုန်းပေါ်ရှိ သက်ကယ်တဲလေးတစ်လုံးအတွင်း၌ အဘွားအိုတစ်ဦးသည် တောဟင်းသီးဟင်းရွက်များကို ခူးဆွတ်နေသည်။
အသက်အရွယ်အလွန်ကြီးရင့်နေပြီဖြစ်သောကြောင့် သူမသည် ဟင်းရွက်များကို ခူးဆွတ်နေစဉ် လက်များမှာ မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေရှာသည်
"ဆရာ... တပည့် ပြန်ရောက်ပါပြီ" ထိုစဉ် အားမာန်ပါသော အသံတစ်ခုက အဘွားအို၏ နားထဲသို့ ရောက်ရှိလာသည်။
ဖျံမွေးဝတ်ရုံကို ဝတ်ဆင်ထားသည့် ခန့်ညားသော လူငယ်တစ်ဦးသည် ခြံစည်းရိုးတံခါးအပြင်ဘက်တွင် ရပ်နေပြီး အဘွားအိုကို စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် သူသည် ဘုန်း ခနဲ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး သူမအား သုံးကြိမ်တိုင်တိုင် ဦးချလိုက်တော့သည်။
"ထပါ... အတွင်းထဲဝင်ပြီး ငါနဲ့ခဏလောက် ထိုင်ပါဦး မင်းကိုမတွေ့ရတာ နှစ်အနည်းငယ် ရှိပြီပဲ မင်းရဲ့ ကျင့်စဉ်ကလည်း အတော်လေး တိုးတက်လာသလို ကြည့်ရတာလည်း အရင်ကထက် ပိုပြီး ကျန်းမာကြံ့ခိုင်လာပုံရတယ်"
သူမ၏မြေးလေး အိမ်ပြန်လာသည်ကို စောင့်ကြိုနေသည့် အဘွားတစ်ယောက်ကဲ့သို့ပင် အဘွားအိုသည် ရှောင်ချီကို အသာအယာ လက်ယပ်ခေါ်လိုက်ပြီး သက်ကယ်တဲဘေးရှိ ထိုင်ခုံပုလေးကို ညွှန်ပြလိုက်သည်။
"ဆရာလည်း အရင်ကထက် ပိုပြီး ကျန်းမာရွှင်လန်းနေပုံရပါတယ်" ရှောင်ချီသည် သူ၏ သိုလှောင်အိတ်ထဲမှ အဆင့်မြင့်ဝိညာဉ်သစ်သီး အချို့ကို ထုတ်ယူကာ ခြံထဲသို့ သယ်ဆောင်လာပြီး အဘွားအို၏ဘေးရှိ ထိုင်ခုံပုလေးတွင် ထိုင်လိုက်သည်လေ။
သို့သော် ရှောင်ချီသည် ထိုနေရာတွင် ထိုင်ရသည်မှာ အနည်းငယ် အဆင်မပြေဖြစ်နေသဖြင့် ထိုင်ခုံပုကို အဘွားအို၏ နောက်ကျောဘက်သို့ ရွှေ့လိုက်ပြီး ထိုနေရာတွင် ပြောင်းထိုင်လိုက်သည်။
ရှောင်ချီသည် သစ်သီးများကို ဘေးတွင် ချထားလိုက်ပြီး အဘွားအို၏ အနည်းငယ် ကိုင်းညွတ်နေသော ပုခုံးများကို အသာအယာ နှိပ်နယ်ပေးလိုက်သည်။
"ဆရာက ဒီခြံထဲမှာပဲ အမြဲနေပြီး အပြင်ကို လမ်းလျှောက်ဖို့ တစ်ခါမှမထွက်ဘူးပဲ။ ဆရာ့ရဲ့ ပုခုံးတွေက အတော်လေး တောင့်တင်းနေပြီနော်"
ရှောင်ချီသည် အဘွားအို၏ ပုခုံးများကို ဆုပ်နယ်ပေးရင်း စကားမစပ် တတွတ်တွတ်နှင့် ကလေးတစ်ယောက်လို ဗျစ်တောက်ဗျစ်တောက် ပြောနေမိသည်။
အဘွားအိုက ဘာမှပြန်မပြောဘဲ ထိုခံစားချက်ကို သဘောကျနေပုံရသည်။ နာရီဝက်ခန့် ကြာပြီးနောက်တွင် ရှောင်ချီသည် သူမ၏ရှေ့တွင် ပြန်လည် ထိုင်လိုက်သည်။
"ငါက ဒီမှာပဲနေသားကျနေပါပြီကွယ်။ မင်းက ငါ့ကိုအပြင်ထွက် လမ်းလျှောက်ခိုင်းမယ်ဆိုရင် ငါ တကယ်ပဲ လမ်းလျှောက်နိုင်ပါ့မလားတောင် မသိဘူး" အဘွားအိုက ပြုံးလျက် ခူးဆွတ်ထားသော ဟင်းရွက်များကို ဘေးနားရှိ ရေပုံးထဲတွင် ဆေးကြောလိုက်သည်။
"မင်းဒီတစ်ခေါက် ပြန်လာတာ လက်စားချေဖို့လို့ ငါကြားတယ်" ဟင်းရွက်များကို ဆေးကြောနေရင်း အဘွားအိုက ရှောင်ချီကို ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ အနည်းငယ် တုန်ခါသွားသည်လေ။
"ဟုတ်ကဲ့... တချို့အရာတွေကိုတော့ လုပ်ကိုလုပ်ရမှာပါ။ ဟိုမိန်းကလေး ယွီလင်လုံက ဆရာ့ကို ထပ်ပြီး တိုင်တောထားပြန်ပြီလား" ရှောင်ချီက ခေါင်းညိတ်လိုက်ပြီး သူမကို ဟင်းရွက်ဆေးကူရန် ဆောင့်ကြောင့်ထိုင်လိုက်သည်
"ယွီလင်လုံကိုပဲ အပြစ်မတင်ပါနဲ့ကွယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာ အဲ့ဒီကလေးမလေးက ငါ့ဆီကို မကြာခဏ လာလည်တတ်ပါတယ်။
ပြီးတော့ နေ့တိုင်း နယ်စပ်မှာ မင်းဘာတွေဖြစ်ခဲ့လဲဆိုတာကို ငါ့ကို လာပြောပြတတ်တယ်။ အဲ့ဒီကလေးမလေးက နယ်စပ်ကိစ္စတွေကို ဘယ်လိုများ ဒီလောက်အထိ သိနေလဲဆိုတာ ငါလည်း မသိပါဘူး သူမက တကယ့်ကို အပြင်မထွက်ဘဲ လောကကြီးရဲ့ အကြောင်းတွေကို သိနေတဲ့သူပဲ"
ဟင်းရွက်များကို ဆေးကြောပြီးနောက် အဘွားအိုသည် သန့်စင်သွားသော ဟင်းရွက်များကို သက်ကယ်တဲအတွင်းသို့ သယ်ဆောင်သွားသည်။
ရှောင်ချီသည်လည်း ထိုအဘွားအို၏ နောက်မှလိုက်ပါသွားခဲ့သည်။
သက်ကယ်တဲလေးမှာ အလွန်ပင် ရိုးရှင်းလှသည် အနည်းငယ် ဟောင်းနွမ်းနေသော သစ်သားခုတင် တစ်လုံးနှင့် အချိန်ကာလ၏ အမှတ်အသားများ ထင်ကျန်နေသည့် စားပွဲနှင့် ထိုင်ခုံများသာ ရှိသည်လေ။
စားပွဲပေါ်တွင်မူ အရသာရှိပုံရသော ဟင်းလျာအချို့ကို ပြင်ဆင်ထားသည် ကြည့်ရသည်မှာ အဘွားအိုက လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားပုံရသည်။
"သာမန်လူသားတွေက မိသားစုဝင်တွေ အိမ်ပြန်လာရင် ဟင်းကောင်းလေးတွေ ချက်ကျွေးရတာကို ဝါသနာပါကြတယ် မဟုတ်လား ဒီနေ့တော့ ဒီအဘွားကြီးလည်း စိတ်ကူးပေါက်တာနဲ့ မင်းစားဖို့ တစ်ခုခု လုပ်ပေးချင်လာတာပါ။ ပြန်စဉ်းစားကြည့်ရင် ငါလည်း ဆယ်စုနှစ်တစ်ခုလောက် သာမန်လူသားဖြစ်ခဲ့ဖူးတာပဲ ဒါပေမဲ့ အချိန်တွေ အကြာကြီး ကြာသွားပြီဆိုတော့ ငါ သိပ်ပြီး ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး။
ငါ မှတ်မိတာကတော့ ငါ့ရဲ့မိဘတွေက ငါ့ကိုအရမ်းအလိုလိုက်ကြပြီး အိမ်မှုကိစ္စတွေ တစ်ခုမှ မခိုင်းရက်ကြဘူးဆိုတာပါပဲ ပြီးတော့ မုန့်ဆိုရင် အမြဲ လုစားတက်တဲ့ ဆိုးပေနေတဲ့ မောင်လေးတစ်ယောက်လည်း ရှိခဲ့သေးတယ်။
အဲ့ဒီနောက်မှာ ဘာဆက်ဖြစ်လဲ ဘာတွေဖြစ်ခဲ့တာလဲ ငါ့မိဘတွေကတော့ အိုမင်းပြီး ကွယ်လွန်သွားကြပုံရတယ်။ မဟုတ်ဘူး ငါသူတို့ကို ဝိညာဉ်ဆေးတွေ တိုက်ကျွေးပြီး သူတို့ရဲ့ သက်တမ်းကို နှစ်ပေါင်း ရာနဲ့ချီ တိုးပေးခဲ့ပုံရတယ်။
ထားလိုက်ပါတော့ ထားလိုက်ပါတော့ ငါမမှတ်မိတော့ဘူး လူတစ်ယောက်က အသက်အရွယ် တစ်ခုကို ရောက်သွားရင် ဉာဏ်က သိပ်မကောင်းတော့ဘူးကွယ်။
အဘွားအိုသည် ဆေးကြောထားသော ဟင်းရွက်များကို စားပွဲပေါ်တင်ရင်း တစ်ယောက်တည်း ရေရွတ်နေမိသည်။
အဘွားအိုသည် ရှောင်ချီကို ဖျောင်းဖျရန် မကြိုးစားခဲ့ပေ။ ရှောင်ချီအနေဖြင့် ဤတစ်ခေါက် သူမကို လာတွေ့ရခြင်းမှာ အလွန်ပင် ထူးခြားသော ခံစားချက်ကို ပေးစွမ်းသည်။ သူကိုယ်တိုင် သာမန်လူသားတစ်ဦး ဖြစ်သွားသကဲ့သို့ ခံစားရပြီး သူ၏ဆရာမှာလည်း ကျင့်ကြံခြင်းလောကမှ ထိပ်သီးမိစ္ဆာကြီးတစ်ဦး မဟုတ်ဘဲ သူမ၏မြေးအတွက် ပူပန်နေသော အဘွားအိုတစ်ဦးအဖြစ်သာ ခံစားရသည်။
ရှောင်ချီသည် ထိုသက်ကယ်တဲလေးတွင် ဆယ်ရက်ကျော်ကြာ နေထိုင်ခဲ့သည်။ အဘွားအိုသည် သူ၏ ကျင့်စဉ်အတွက် လမ်းညွှန်မှုအချို့ ပေးခဲ့သည့်အပြင် ကျိတောက်ရွှေကြာနှင့် တွဲဖက်အသုံးပြုနိုင်သည့် ဂါထာတစ်ခုကိုလည်း သင်ကြားပေးခဲ့သည်
ထိုအဘွားအို၏ အဆိုအရ ဤဂါထာသည် ကျိတောက်ရွှေကြာ၏ စွမ်းအားကို ၃၀ ရာခိုင်နှုန်းခန့် တိုးမြှင့်ပေးနိုင်သည်ဟု ဆိုသည် ဤဂါထာမှာ သူမ၏ဆရာကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်ရာ ၎င်းကို အမွေအနှစ်တစ်ခုဟုလည်း သတ်မှတ်နိုင်သည်လေ။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ရှောင်ချီသည် ဂိုဏ်းချုပ်က သူ့အတွက် စီစဉ်ပေးထားသော တရားထိုင်ရာနေရာသို့ ပြန်လာခဲ့သည်။
ထိုနေရာသို့ ရောက်ရှိပြီးနောက် ရှောင်ချီသည် သူ၏ဆရာကို အတုယူကာ မိမိကိုယ်ကိုယ် သာမန်လူသားတစ်ဦးအဖြစ် လုံးဝ ပြောင်းလဲနေထိုင်ခဲ့သည်။
သို့သော် သူသည် အလွန်ပင် အားလပ်နေသော သာမန်လူသားတစ်ဦးဖြစ်သည် သူ၏ နေ့ရက်များကို ငါးဖမ်းခြင်း သို့မဟုတ် အခြားသူများနှင့် စစ်တုရင်ကစားခြင်းဖြင့်သာ ကုန်လွန်စေသည်လေ။
ထို့အပြင် တစ်စုံတစ်ယောက်က သူ့အတွက် နေ့တိုင်း အစားအစာများ လာပို့ပေးသည် ရှောင်ချီသည် သာမန်အစားအစာများကို မစားခဲ့သည်မှာ ကြာပြီဖြစ်သည်။
သူ၏ ဆရာထံသို့ နောက်ဆုံးသွားလည်ခဲ့ပြီးကတည်းက ရှောင်ချီသည် ဤကဲ့သို့သော လူနေမှုပုံစံကို အတော်လေး လွမ်းဆွတ်နေမိသည်။ သူ၏ဂျူနီယာညီမလေး ထွက်သွားကတည်းက သူ့အတွက် မည်သူမှ ဟင်းချက်မကျွေးခဲ့ကြပေ ထို့ကြောင့် သူသည် ယွီလင်လုံကို သာမန်လူသား အစားအစာအချို့ ဝယ်ပေးရန် အကူအညီ တောင်းခဲ့မိသည်။
သို့သော် ယွီလင်လုံသည် သူမကိုယ်သူမ ကျွမ်းကျင်သော စားဖိုမှူးတစ်ဦးဖြစ်ကြောင်း ကျိန်ဆိုကာ ရှောင်ချီ၏ နောင်လာမည့် အစားအသောက်အားလုံးကို တာဝန်ယူမည်ဟုဆိုခဲ့သည်။
ဒါပေမဲ့ ရှောင်ချီက ယွီလင်လုံ ချက်ကျွေးတဲ့ အစားအစာကို ပထမဆုံးအကြိမ် စားလိုက်တဲ့အခါမှာတော့ သူ အန်တောင် ထွက်လုနီးပါး ဖြစ်သွားရပါတယ်။ တကယ့်ကို နှိုင်းယှဉ်စရာ မရှိအောင်ကို ဆိုးရွားလှတာပါ။
သူ့ရဲ့ ဂျူနီယာညီမလေးရဲ့ လက်ရာနဲ့ နှိုင်းယှဉ်ရင် ယွီလင်လုံရဲ့ ဟင်းချက်စွမ်းရည်ဟာ အမှိုက်ပုံတစ်ခုလိုပါပဲလို့ ပြောရမှာပါ။
ဒါပေမဲ့ ယွီလင်လုံရဲ့ မျက်လုံးထဲက မျှော်လင့်ချက်အပြည့်နဲ့ အကြည့်တွေကို မြင်လိုက်ရတဲ့အခါမှာတော့ ရှောင်ချီက စိတ်မပါ့တပါနဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ကုန်အောင် စားပေးခဲ့ရပါတယ်။
"ယွီလင်လုံ... မင်း ကိုယ်တိုင် ဟင်းမချက်တော့ရင်ရော ဘယ်လိုလဲ ဘာပဲဖြစ်ဖြစ် မင်းက သူတော်စင်မတစ်ယောက်လေ။ နေ့တိုင်း သာမန်လူသားတစ်ယောက်လို မီးဖိုချောင်ထဲမှာ အချိန်ဖြုန်းနေတာက တစ်မျိုးကြီး ဖြစ်မနေဘူးလား"
ကျောက်စားပွဲပေါ်တွင် ရှောင်ချီသည် တူးခြစ်နေသော ဟင်းလျာတစ်ဝက်ကို စားပြီးနောက် နာကျင်မှုကို ဖုံးကွယ်ထားသော မျက်နှာပေးဖြင့် ယွီလင်လုံကို အသနားခံသလို ပြောလိုက်သည်
ဘာပဲဖြစ်ဖြစ် သူမက စေတနာနှင့် လုပ်ပေးခြင်းဖြစ်ရာ ရှောင်ချီအနေဖြင့် သူမ၏ စိတ်ကို မထိခိုက်စေချင်ပေ။
ဘာမှမဖြစ်ပါဘူး တကယ်တော့ ဒီရက်ပိုင်း ဟင်းချက်ကြည့်ပြီးတဲ့နောက်မှာ ငါက ဒီခံစားချက်ကို တကယ်ပဲ သဘောကျလာတာပါ။
ငါ့ဟင်းတွေက စားလို့မကောင်းသေးဘူးဆိုပေမဲ့ ငါ့ရဲ့ စွမ်းရည်တွေက တဖြည်းဖြည်း တိုးတက်လာတယ်လို့ ခံစားရတယ်။
ကြည့်လေ... အရင်တစ်ခေါက်က မင်း ၃၀ ရာခိုင်နှုန်းပဲ စားနိုင်ခဲ့ပေမဲ့ အခုတော့ တစ်ဝက်တောင် ကုန်သွားပြီလေ။ ဒါက ငါတိုးတက်လာတယ်ဆိုတာကို သက်သေပြနေတာ မဟုတ်ဘူးလား။
သို့သော် ယွီလင်လုံသည် မထင်မှတ်ထားလောက်အောင်ပင် မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေပြီး သူမကိုယ်သူမပင် ပြန်လည် ဖျောင်းဖျနေတော့သည်။
ရှောင်ချီမှာမူ ဘာပြောရမှန်းမသိဘဲ ပါးစပ်ကပင် တုန်ခါသွားရသည် ပြန်စဉ်းစားကြည့်လျှင် သူသည် ဘာကြောင့် ယွီလင်လုံကို အကူအညီ တောင်းခဲ့မိပါလိမ့် သာမန် တပည့်မလေး တစ်ယောက်ယောက်ကို လူ့လောကထဲသွားပြီး အစားအစာ ဝယ်ခိုင်းလိုက်ရင် ရနေတာကို ဘာကြောင့်များ သူဒီလို ဒုက္ခခံနေရပါလိမ့်။
သုံးလခန့် ကြာပြီးနောက်တွင် ရှောင်ချီ၏ စိတ်အခြေအနေမှာ လုံးဝတည်ငြိမ်သွားခဲ့ပြီ ဖြစ်သည် အရင်ကလို စိတ်လိုက်မာန်ပါ လုပ်လိုစိတ်များ မရှိတော့ဘဲ သူ၏နှလုံးသားမှာ ကြည်လင်သော ရေဖြင့် ဆေးကြောသန့်စင်ထားသကဲ့သို့ ဖြစ်နေပြီး လောကီအညစ်အကြေးများလည်း ကင်းစင်သွားခဲ့ပြီ ဖြစ်သည်။
ဤနေ့တွင် ရှောင်ချီသည် ကမ်းခြေဘေးတွင် သူ၏လက်ထဲမှ ဓားရှည်ကို အသာအယာ ဆေးကြောနေသည်။
ဓားရှည်ပေါ်တွင် ဆေးကြော၍ မရသော ထင်ရှားသည့် သွေးကွက်အချို့ ရှိနေသည် ဖြစ်နိုင်သည်မှာ သူသည် မိစ္ဆာအမြောက်အမြားကို သတ်ဖြတ်ခဲ့သောကြောင့် ထိုသွေးကွက်များမှာ ဓားပေါ်တွင် စွဲထင်ကျန်ရစ်ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
ခန့်ညားလှသော စစ်တပ်သုံး ဝိညာဉ်လှေတစ်စင်းသည် ကျောက်စိမ်းကညာဂိုဏ်း၏ တောင်တံခါးရှေ့တွင် ဆိုက်ရပ်လိုက်သည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည် ဒါဇင်ပေါင်းများစွာသည် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေသကဲ့သို့ ဘေးတစ်ဖက်တစ်ချက်စီတွင် တန်းစီရပ်နေကြသည်။
ဤလူများသည် ပြီးခဲ့သည့်အကြိမ်က ရှောင်ချီကို ကျောက်စိမ်းကညာဂိုဏ်းသို့ လိုက်ပါပို့ဆောင်ပေးခဲ့သော ကိုယ်ရံတော်များပင် ဖြစ်ကြသည်။ ကျောက်စိမ်းကညာဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ရှောင်ချီသည် သူတို့ကို စစ်တပ်သို့ ယာယီ ပြန်လွှတ်ထားခဲ့ခြင်းဖြစ်သည်။ ယခု သူတို့ ပြန်ရောက်လာခြင်းမှာ ရှောင်ချီကို လာရောက် ခေါ်ဆောင်ခြင်း ဖြစ်သည်မှာ ရှင်းလင်းနေတော့သည်။