အခန်း (၁၃၁) ရှောင်ချီ ပြန်လာချိန်တွင် လုပ်ဆောင်ရမည့် အချက်သုံးချက်
"စစ်နတ်ဘုရားရှောင် ဂိုဏ်းချုပ်က အတွင်းထဲကို ဖိတ်ခေါ်နေပါတယ်" တောင်တံခါးကို စောင့်ကြပ်နေသည့် တပည့်မလေးက ကြိုဆိုသည့်အမူအရာ ပြုလုပ်လိုက်ပြီး ရှောင်ချီကို ကျောက်စိမ်းကညာဂိုဏ်း၏ ပင်မတံခါးကြီးများအတွင်းသို့ ရိုသေစွာ ခေါ်ဆောင်သွားသည်။
"ဟို... စစ်နတ်ဘုရားမင်းသားကြီး ကျွန်မကို အမှတ်တရ လက်မှတ်လေး တစ်ခုလောက် ပေးလို့ ရမလားဟင်" လမ်းတစ်လျှောက်တွင် ထိုတပည့်မလေးမှာ ရှောင်ချီကို ခိုးခိုးကြည့်နေခဲ့သည်။ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သူမ၏သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပိုးသားစတစ်စကို ထုတ်ယူကာ ရှောင်ချီထံ ကမ်းပေးရင်း တိုးတိုးလေး တောင်းဆိုရှာသည်။
"ရတာပေါ့ စဉ်းစားကြည့်မှ ငါ့ကို လက်မှတ်တောင်းတဲ့ ပထမဆုံးလူက မင်းပဲ" ရှောင်ချီက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူ၏ လက်ချောင်းထိပ်များမှ ဝိညာဉ်စွမ်းအား အလင်းစက်များ ထွက်ပေါ်လာပြီး ကျောက်စိမ်းပိုးသားပေါ်တွင် သူ၏အမည်ကို ရေးထိုးပေးလိုက်သည်။
"တကယ်လား ဒါကတကယ့်ကို ဂုဏ်ယူစရာပါပဲ" တပည့်မလေးမှာ မယုံနိုင်သလို ရှောင်ချီကို ကြည့်နေပြီး ဤကဲ့သို့ မမျှော်လင့်ဘဲ ရရှိလိုက်သည့် ပျော်ရွှင်မှုကြောင့် အံ့အားသင့်မှင်သက်နေပုံရသည်။
သူမသည် စစ်နတ်ဘုရား ရှောင် ၏ လက်မှတ်ကို ရရှိသည့် ပထမဆုံးလူ ဖြစ်သည်လေ ယနေ့မှစ၍ ကျောက်စိမ်းကညာဂိုဏ်းအတွင်း သူမ ဂုဏ်ယူဝင့်ကြွားစွာ လမ်းလျှောက်နိုင်တော့မည် မဟုတ်ပါလား။
"မင်းကတော့လေ... ဂိုဏ်းကို ပြန်လာမယ်ဆိုတာ ငါ့ကိုတောင် ကြိုမပြောဘူး" ရှောင်ချီက တပည့်မလေးအတွက် လက်မှတ်ထိုးပေးနေစဉ်မှာပင် ဂိုဏ်း၏ခန်းမဆောင်ကြီးဆီသို့ ဦးတည်သည့် လမ်းမပေါ်တွင် ကျော့ရှင်းသောပုံရိပ်တစ်ခု ပေါ်လာသည်။
ယွီလင်လုံက ရှောင်ချီကိုကြည့်ကာ ပြုံးပြလိုက်သည် နေ့ပေါင်းများစွာ မတွေ့ရသည့် သူငယ်ချင်းဟောင်းတစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ပင်။
"တော်စမ်းပါ... မင်းတို့သူတော်စင်မကြီးယွီက အခုတလော အရမ်းအလုပ်ရှုပ်နေတယ်လို့ ကြားတယ် ပြီးတော့ ဂိုဏ်းချုပ်က ဂိုဏ်းချုပ်ရာထူးကို မင်းကိုလွှဲပေးချင်နေတယ်ဆိုတာကော အဟုတ်လား အလကားလား"
ရှောင်ချီက လက်မှတ်ထိုးထားသည့် ကျောက်စိမ်းပိုးသားကို တပည့်မလေးထံ ပြန်ပေးလိုက်ပြီးနောက် သူ့ထံလျှောက်လာသည့် ယွီလင်လုံကိုကြည့်ကာ ပြုံးလျက် “အဲ့ဒီလူတွေရဲ့ အပိုစကားတွေကို နားမယောင်ပါနဲ့ သူတို့က သေနေတဲ့သူကိုတောင် ပြန်ရှင်အောင် ပြောနိုင်တဲ့သူတွေ ငါက ဂိုဏ်းချုပ်လုပ်ရမှာ ပျင်းလှပြီ။ မင်းအခုသွားတော့ သူ့ကိုဂိုဏ်းချုပ်နဲ့တွေ့ဖို့ ငါပဲခေါ်သွားလိုက်မယ်"
ယွီလင်လုံက ရှောင်ချီကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် တံခါးစောင့်တပည့်မလေးကို လက်ဝှေ့ယမ်းကာ လွှတ်လိုက်သည်။
"ဟုတ်ကဲ့ပါ" တပည့်မလေးက အနည်းငယ် ဦးညွှတ်လိုက်ပြီး ရှောင်ချီကိုနှမြောတသဟန်ဖြင့် တစ်ချက်ကြည့်ကာ တိတ်ဆိတ်စွာ ထွက်ခွာသွားသည်
"မဆိုးဘူးပဲ... လူကြိုက်များတဲ့ ရှောင်ရယ်။ လူတစ်ယောက်ရဲ့ ဂုဏ်သတင်းက သူ့အရိပ်လိုပဲ လိုက်ပါလာတတ်တယ်ဆိုတာအမှန်ပဲ။ အခု မင်းနာမည်ကြီးလာတော့ ဂိုဏ်းကတပည့်မလေးတွေ မင်းကိုကြည့်တဲ့ပုံစံက လုံးဝ ပြောင်းလဲသွားပြီ" ယွီလင်လုံက ရှောင်ချီကို နောက်ပြောင်သည့် သဘောဖြင့် ပြောလိုက်သည်
"ငါက ဒီလိုအရာတွေကို စိတ်မဝင်စားဘူးဆိုတာ မင်းသိသားနဲ့။ ငါဒီတစ်ခေါက် ပြန်လာတာက အချက်သုံးချက်လုပ်ဖို့ပဲ ပထမအချက်က ပြန်လာပြီး ငါ့ရဲ့ဆရာအပေါ် ဝတ္တရားကျေပွန်ဖို့ ဒုတိယအချက်က သားရဲယဉ်ပါးစေခြင်းဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ ပြီးတော့ တတိယအချက်က ဝိညာဉ်ဓားဂိုဏ်းပျက်စီးသွားမှာကို ထိုင်ကြည့်နေဖို့ပဲ" ရှောင်ချီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည် သူသည် ယွီလင်လုံနှင့် နောက်ပြောင်ရန် ရည်ရွယ်ချက် မရှိသည်မှာ ရှင်းလင်းနေသည်။
ရှောင်ချီသည် အလွန်အေးစက် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သော်လည်း သူ၏ မျက်လုံးများမှာမူ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သို့သော် ရှောင်ချီ၏စကားကို ကြားလိုက်ရချိန်တွင် ယွီလင်လုံ၏ တည်ငြိမ်နေသော နှလုံးသားမှာ ထိတ်လန့်မှု လှိုင်းတံပိုးများ ရိုက်ခတ်သွားတော့သည်။
ဤကိစ္စရပ်များသည် ရှောင်ချီ၏ပါးစပ်မှ ထွက်လာသောအခါ အလွန်ပင် ပေါ့ပေါ့ပါးပါးနှင့် လွယ်ကူနေပုံရသည်။
သို့သော် ဤအရာများသည် ဝေနိုင်ငံတော်ကြီးတစ်ခုလုံး၏ အသက်သွေးကြောနှင့် သက်ဆိုင်နေသည်။ အကယ်၍ အဓိကဂိုဏ်းကြီး ခုနစ်ဂိုဏ်းထဲမှ နှစ်ဂိုဏ်းသာ ခဏချင်း ပျက်စီးသွားမည်ဆိုလျှင် ဝေနိုင်ငံတော်၏ ကံကြမ္မာနှင့် ကျင့်ကြံခြင်းလောက၏ အခင်းအကျင်းတစ်ခုလုံးကိုပါ ရိုက်ခတ်သွားပေလိမ့်မည်။
ယွီလင်လုံသည် ဘာမှပြန်မပြောဘဲ ရှောင်ချီနှင့်အတူ လှေကားထစ်များအတိုင်း ဘေးချင်းယှဉ် လျှောက်သွားခဲ့သည်။
အမွှေးတိုင်တစ်ဝက်ခန့် လောင်ကျွမ်းစာ အချိန်ကြာပြီးနောက်တွင် ယွီလင်လုံက နောက်ဆုံးတွင် ဖြည်းဖြည်းချင်း စကားစလိုက်သည် "မင်းက တကယ့်ကို ဒီလောက်အထိရက်စက်ဖို့ လိုလို့လား သားရဲယဉ်ပါးစေခြင်းဂိုဏ်းဆိုတာ အဓိကဂိုဏ်းကြီး ခုနစ်ဂိုဏ်းထဲကတစ်ခုပဲ သူတို့ရဲ့ အခြေခံက အခိုင်အမာ ရှိနေသလို သူတို့ရဲ့ အင်အားကိုလည်း လျှော့တွက်လို့ မရဘူး။ မင်းတစ်ယောက်တည်းရဲ့ အစွမ်းနဲ့ ဂိုဏ်းတစ်ခုလုံးကို ဆန့်ကျင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲ"
ယွီလင်လုံက ရှောင်ချီကို ကြည့်ကာ ဖျောင်းဖျချင်နေမိသည်။ ရှောင်ချီသည် ယခုအခါ စစ်နတ်ဘုရားဟု အမည်တွင်နေသော်လည်း ဂိုဏ်းတစ်ခုလုံးနှင့် တစ်ယောက်တည်း ယှဉ်ပြိုင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
"ငါ့အတွက်တော့ ဂိုဏ်းတစ်ခုနဲ့ လူတစ်ယောက်ကြားမှာ သိပ်ပြီး ထူးထူးခြားခြား ကွာခြားချက် မရှိပါဘူး ငါ့ရဲ့ ဂျူနီယာညီမလေးက ကြီးမားတဲ့ မတရားမှုကို ခံခဲ့ရတယ်။ သူမရဲ့ စီနီယာအစ်ကိုအနေနဲ့ သူမအတွက် တရားမျှတမှုကို ရှာပေးဖို့က ငါ့ရဲ့တာဝန်ပဲ။ လူတစ်ယောက်တည်းရဲ့ အသက်နဲ့ အသုဘပို့ရတာက ပေါ့လွန်းတယ် သားရဲယဉ်ပါးစေခြင်းဂိုဏ်း တစ်ခုလုံးကိုပါ သူမအတွက် အဖော်ပြုပေးလိုက်တာက ပိုကောင်းပါလိမ့်မယ်"
ရှောင်ချီက ခေါင်းခါလိုက်သည် သူ၏လေသံမှာ အရှေ့ပင်လယ်ပြင်မှ လှိုင်းမထသော ရေပြင်မျက်နှာပြင်ကဲ့သို့ အလွန်ပင် တည်ငြိမ်အေးဆေးနေတော့သည်
ယွီလင်လုံမှာမူ သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်တော့ပေ။ ရှောင်ချီ၏ စိတ်ပိုင်းဖြတ်မှုကို သူမ မြင်နေရသည်။ သူမ မည်သို့ပင် ဖျောင်းဖျစေကာမူ အလဟဿ ဖြစ်ပေလိမ့်မည်။
ရှောင်ချီသည် ယွီလင်လုံ၏နောက်သို့ လိုက်ပါကာ ဂိုဏ်း၏ခန်းမဆောင်ကြီးအတွင်းသို့ ပထမဆုံး ဝင်ရောက်ခဲ့သည်။
ကျောက်စိမ်းကညာဂိုဏ်း၏ ဂိုဏ်းချုပ်မှာ သူ့ကိုစောင့်နေသည်မှာ ကြာပြီဖြစ်သည်။
နှစ်အနည်းငယ်အတွင်း မတွေ့ရသော်လည်း ဤကျောက်စိမ်းကညာဂိုဏ်း၏ အရှင်သခင်မှာလည်း သူမ၏ ကျင့်စဉ်တွင် တိုးတက်မှုအချို့ ရှိနေပုံရသည်။
ရှောင်ချီကို ထပ်မံတွေ့လိုက်ရသောအခါ ဂိုဏ်းချုပ်၏စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာသည်။ တစ်ချိန်က သူမအလွယ်တကူ ကိုင်တွယ်နိုင်ခဲ့သော ကောင်လေးမှာ ယခုအခါ ဒေသတစ်ခုလုံး၏ ထိပ်သီးပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်နေပြီ မဟုတ်ပါလား။
ဝေနိုင်ငံတော်၏ စစ်နတ်ဘုရားနှင့် ပထမတန်းစား မင်းသားရှောင်ချီဟူသော အမည်ကို ယခုအခါ ကျင့်ကြံခြင်းလောကရှိ လူတိုင်းနီးပါး သိနေကြပြီဖြစ်သည်။
"ကျောက်စိမ်းကညာဂိုဏ်းချုပ်က ဂျူနီယာဦးလေးတော်ကို နှုတ်ခွန်းဆက်ပါတယ်" အတိတ်တုန်းကဆိုလျှင် ဂိုဏ်းချုပ်သည် ရှောင်ချီကို ဤမျှကြီးကျယ်သော အလေးပြုခြင်းမျိုး သေချာပေါက် လုပ်မည်မဟုတ်ပေ။ ရှောင်ချီ၏ဝါအရ သူမထက် တစ်ဆင့်မြင့်နေသော်လည်း သူမက ခေါင်းငုံ့မည် မဟုတ်ပေ။
သို့သော် ယခုမူအခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။ ရှောင်ချီ၏ အဆင့်အတန်းမှာ ဂိုဏ်းချုပ်တစ်ဦးဖြစ်သော သူမနှင့်ယှဉ်လျှင်ပင် နိမ့်ကျခြင်း မရှိတော့ပေ
ဝေနိုင်ငံတော်၏ မျိုးရိုးမတူသော မင်းသားဟူသော ဂုဏ်ပုဒ်မှာ ကျင့်ကြံသူအများစု၏ လေးစားမှုကို ရရှိရန် လုံလောက်နေပြီဖြစ်ပြီး ရှောင်ချီ၏စစ်နတ်ဘုရားဟူသော နောက်ထပ် ဂုဏ်ပုဒ်ကို ထည့်မတွက်လျှင်ပင် လေးစားစရာ ကောင်းလှသည်။
"ဂိုဏ်းချုပ်က အားနာစရာ မလိုပါဘူး ကျွန်တော့်နာမည်ကိုပဲ ခေါ်နိုင်ပါတယ်" ရှောင်ချီက ဂိုဏ်းချုပ်ကို ခေါင်းညိတ်ပြလိုက်ပြီး ခန်းမ၏ ဘေးဘက်ရှိ အထူးနေရာတွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်သည်။
ခန်းမအတွင်းတွင် ဂိုဏ်းချုပ်အပြင် အကြီးအကဲများနှင့် လက်ရင်းတပည့်ပေါင်း နှစ်ဆယ်ခန့်လည်း ရှိနေကြသည်။
ရှင်းယွဲ့အဘွားက ရှောင်ချီကို တပည့်အဖြစ်သာ လက်ခံခဲ့ခြင်း ဖြစ်ကြောင်း ကျောက်စိမ်းကညာဂိုဏ်း၏ တပည့်အဖြစ် လက်ခံခဲ့ခြင်းမဟုတ်ကြောင်း ရှေးကတည်းက ရှင်းလင်းစွာ ပြောကြားထားခဲ့သဖြင့် ရှောင်ချီ၏ပြန်လာမှုကို ကြီးကြီးကျယ်ကျယ် အခမ်းအနားများ လုပ်ရန် မလိုအပ်ခဲ့ပေ။
"ဂျူနီယာဦးလေးတော်... ဒီတစ်ခေါက် ပြန်လာတဲ့အခါ ကျောက်စိမ်းကညာဂိုဏ်းက ကူညီပေးရမယ့် အရာများ ရှိပါသလား။ အကယ်၍ရှိမယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းသာ မိန့်ကြားပါ ကျွန်မတို့ အစွမ်းကုန် ကူညီပေးသွားပါ့မယ်"
ဂိုဏ်းချုပ်သည်လည်း သူမ၏ ပင်မနေရာတွင် ပြန်ထိုင်လိုက်ပြီး ရှောင်ချီကို ကြည့်ကာ မေးလိုက်သည်။
ကူညီပေးရမယ့် အရာတော့ မရှိပါဘူး ကျွန်တော့်ကို တရားထိုင်ဖို့ ငြိမ်သက်တဲ့ နေရာလေးတစ်ခုလောက် ရှာပေးဖို့ပဲ ဂိုဏ်းချုပ်ကို အကူအညီ တောင်းချင်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ထဲက သတ်ဖြတ်လိုစိတ်တွေကို ဆေးကြောပစ်ချင်လို့ပါ။
နယ်စပ်မှာအကြာကြီး နေခဲ့ရတော့ ကျွန်တော့်ရဲ့ ရုပ်ရော စိတ်ရောက သတ်ဖြတ်ခြင်း ကံကြမ္မာတွေနဲ့ စွန်းထင်းနေပြီလေ ခဏနေရင် ကျွန်တော် သားရဲယဉ်ပါးစေခြင်းဂိုဏ်းကို သွားပြီး ဂျူနီယာညီမလေးအတွက် တရားမျှတမှု ရှာပေးဖို့ စီစဉ်ထားတယ် ဒါကြောင့် ဒီလို သတ်ဖြတ်လိုစိတ်တွေကို သယ်မသွားချင်လို့ပါ။
ရှောင်ချီက တပည့်မလေး ချပေးထားသည့် လက်ဖက်ရည်ကို အသာအယာ မြည်းစမ်းလိုက်ပြီးနောက် အေးအေးဆေးဆေး ပြောလိုက်သည်။
သူ၏အစွမ်းများ တိုးတက်လာသောကြောင့် ဖြစ်နိုင်သည် ရှောင်ချီသည် ဤတစ်ခေါက် ပြန်လာချိန်တွင် သူ၏စိတ်မှာ သိသိသာသာ တည်ငြိမ်နေကြောင်း တွေ့ရှိလိုက်ရသည်။
အတိတ်တုန်းက ယဲ့ဖန်နှင့်ကံတရားတို့က ရှောင်ချီ၏ သဘာဝနှင့် စိတ်နှလုံးကို ဖိနှိပ်ထားခဲ့သဖြင့် သူသည် အားမလျှော့ဝံ့ဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့ရသည်။
သို့သော် ယခုမူ ရှောင်ချီသည် ပန်းကိုပန်းမှန်းမသိ မြူကိုမြူမှန်းမသိသည့် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကာ နယ်ပယ်သစ်နှင့် နားလည်မှုအသစ်များကို ရရှိထားပြီ ဖြစ်သည်။
ယခုအချိန်တွင် ယဲ့ဖန်ကို ပြန်ကြည့်လိုက်သောအခါ သူသည် အချိန်မရွေး သတ်ပစ်နိုင်သည့် သာမန်လူတစ်ယောက်ထက် မပိုတော့ကြောင်း တွေ့ရှိလိုက်ရသည်။
ဤအချိန်တွင် ရှောင်ချီသည် အလွန်အေးစက် တည်ငြိမ်နေပုံရသော်လည်း သူ၏သတ်ဖြတ်လိုစိတ်မှာ လျော့နည်းသွားခြင်း မရှိဘဲ ပို၍ပင် စူးရှထက်မြက်လာခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းချုပ်သည် သူ့ကို အကြံအချို့ ပေးချင်သော်လည်း ရှောင်ချီ၏ တည်ငြိမ်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ပြောမည့်စကားများကို ပြန်မျိုချလိုက်ရသည်။
"မင်းဆရာက နောက်တောင်ကုန်းမှာ မင်းကိုစောင့်နေတယ် အချိန်ရရင် နောက်တောင်ကုန်းကို သွားပြီး သူမကို နှုတ်ဆက်လိုက်ဦး။ တရားထိုင်ဖို့ နေရာကိုတော့ ငါစီစဉ်ထားပြီးသားပါ။ မင်းဆရာနဲ့ တွေ့ပြီးရင် လင်လုံကမင်းကို အဲ့ဒီကို ခေါ်သွားပေးလိမ့်မယ်"
ဂိုဏ်းချုပ်က မတ်တတ်ရပ်လိုက်ပြီး ထွက်ခွာနိုင်ကြောင်း အမူအရာ ပြုလုပ်လိုက်သည်။ သူမက ရှောင်ချီကို ပြန်လွှတ်ချင်နေသည်မှာ ရှင်းလင်းနေသည် ရှောင်ချီနှင့် တွေ့ဆုံခြင်းမှာ လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာဖြစ်ပြီး ထိုအရာပြီးဆုံးသွားပြီဖြစ်ရာ သူမအနေဖြင့် သူ အမြန်ထွက်သွားရန် မျှော်လင့်နေခြင်းပင်။