အခန်း (၁၂၈) လူသားနှင့် မိစ္ဆာစစ်မြေပြင်သို့ ရှောင်ချီ အပြေးနှင်ခြင်း
မင်းပြောတာကလည်း အကြောင်းပြချက် ရှိသားပဲ ငါနဲ့ ငါ့အစ်မတွေက ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေကို တွေးရတာ သိပ်မကြိုက်ကြဘူး။
ဒါဆိုရင်လည်း မိစ္ဆာမျိုးနွယ်တွေကို မင်း အဆင်ပြေသလိုပဲ ကိုင်တွယ်လိုက်ပါ။ အနှစ်တစ်ရာအတွင်း ငါတို့မျက်စိရှေ့ကို သူတို့ ရောက်မလာဖို့ပဲ သေချာအောင် လုပ်လိုက်။
ပိရှောင်နတ်မိမယ်က ခေါင်းညိတ်လိုက်ပြီး ရှောင်ချီပြောသွားသည့် အချက်များကို အလေးအနက် စဉ်းစားပုံရသည်။
အခုတော့ ပြန်သွားတော့ မင်းရဲ့ ဂျူနီယာညီမလေးကို ကယ်နိုင်မလား မကယ်နိုင်ဘူးလား ဆိုတာကတော့ ကံတရားပေါ်မှာပဲ မူတည်တယ်။
ပိရှောင်နတ်မိမယ်က သူမ၏ ဝတ်စုံလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ လင်ယုရှု၏ ရုပ်အလောင်းသည် ကျယ်ပြောလှသော ဖြူစင်သည့် ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။ ရှောင်ချီ မျက်လုံးပြန်ဖွင့်လိုက်သည့် အချိန်တွင်မူ သူသည် ကမ်းခြေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။
ကမ်းခြေတွင် နှစ်နာရီကျော်ခန့် ရပ်နေပြီးနောက် ရှောင်ချီသည် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သင်္ဘောပေါ်သို့ ပြန်တက်ခဲ့သည်။
"ညီလေး ရှောင်ချီ မသေမျိုးနတ်ဘုရားမကို တွေ့ခဲ့ရလား" ချန်ရှင်းဟယ်၏ မျက်လုံးများတွင် မျှော်လင့်ချက်များ တောက်ပနေသည်။
အစ်ကိုချန်... တချို့အရာတွေကို အတင်းအကျပ် တောင်းဆိုလို့ မရဘူး မသေမျိုးဘုံကို အကန်းယုံ လိုက်ရှာနေတာထက် ကိုယ့်ရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်တာ ပိုကောင်းပါတယ်။
ကျွန်တော် ယုံကြည်တာကတော့ တစ်နေ့မှာ အစ်ကိုချန်ဟာ ကိုယ့်အစွမ်းနဲ့ကိုယ် အတားအဆီးတွေကို ကျော်ဖြတ်ပြီး မသေမျိုးဘုံကို တက်လှမ်းနိုင်လိမ့်မယ် ဆိုတာပါပဲ။
ရှောင်ချီသည် ချန်ရှင်းဟယ်၏ စိတ်ထဲတွင် ဘာရှိနေသည်ကို သဘာဝကျကျ သိရှိပြီးသား ဖြစ်သည် သို့သော် သူသည် ပိရှောင်နတ်မိမယ်အပေါ် အကြွေးတွေ အများကြီး တင်နေပြီ ဖြစ်သည်။
ချန်ရှင်းဟယ်အတွက်နှင့် နောက်ထပ် ကြီးမားလှသော ကျေးဇူးတရားတစ်ခုကို သူ ထပ်မတောင်းဆိုနိုင်တော့ပေ။
မင်းပြောတာ ငါနားလည်ပါတယ် ညီလေးရယ် ဒါပေမဲ့ ငါ့ရဲ့ပါရမီက သာမန်ပဲလေ။ ဟင်းလင်းပြင်ပြန်လည်ခြင်းအဆင့်ကို ရောက်ဖို့တောင် ငါ့ရဲ့ အစွမ်းအစတွေ အကုန်သုံးခဲ့ရတာ။
ဒီဘဝမှာ ဝိညာဥ်ခန္ဓာပေါင်းစပ်ခြင်းအဆင့် ကိုတောင် တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် မရှိသလောက်ပါပဲ မဟာယာနအဆင့်ဆိုတာကတော့ ဝေးရောပေါ့။
ငါ နေ့တိုင်း မသေမျိုးဘုံကို လိုက်ရှာနေတာက ကိုယ့်ကိုယ်ကိုယ် ပြန်နှစ်သိမ့်နေရုံ သက်သက်ပါပဲ လူတစ်ယောက်မှာ ရည်မှန်းချက် ပျောက်ဆုံးသွားရင်တော့ တကယ့်ကို ခြောက်ကပ်နေတဲ့ အရိုးစုတစ်ခုလို ဖြစ်သွားမှာပဲ။
ချန်ရှင်းဟယ်က သက်ပြင်းချရင်း ရှောင်ချီကို သူ၏ ရင်ထဲမှ စကားများကို ပြောပြလိုက်သည်။
နောင်တစ်ချိန်မှာ အခွင့်အရေး ရခဲ့ရင် အစ်ကိုချန်ကို ဒီ မသေမျိုးလမ်းစဥ်ဆီ ကျွန်တော် ခေါ်သွားပေးပါ့မယ် ဒါပေမဲ့ အခုတော့ ကျွန်တော့်မှာ အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာ ရှိနေလို့ပါ။ ကျွန်တော့်ကို လူသားနဲ့ မိစ္ဆာစစ်မြေပြင်ရဲ့ နယ်စပ်ဆီ ခေါ်သွားပေးပါ။
"တကယ်လား အကယ်၍ ညီလေး ရှောင်ချီက ငါ့ကို မသေမျိုးလမ်းစဉ်ဆီ တကယ် ခေါ်သွားပေးနိုင်မယ်ဆိုရင် နောင်ကျရင် ငါက မင်းရဲ့ ခြေရာအတိုင်းပဲ လိုက်ပါ့မယ်" ရှောင်ချီ၏ စကား ပထမပိုင်းကို ကြားသောအခါ ချန်ရှင်းဟယ်က စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် မကြုံစဖူးသော အလင်းရောင်များ တောက်ပလာသည်။
သို့သော် ဒုတိယပိုင်းကို ကြားလိုက်ရချိန်တွင် ချန်ရှင်းဟယ်မှာ တွန့်ဆုတ်သွားသည်။
"ညီလေး ငါ မင်းကို စစ်မြေပြင်ဆီ မခေါ်သွားချင်လို့ မဟုတ်ပါဘူး အဲ့ဒီမှာ အခုတလော အရမ်းကို ရှုပ်ထွေးနေလို့ပါ။ ရှောင်လို့ရရင်တော့ ရှောင်တာ အကောင်းဆုံးပဲ"
ချန်ရှင်းဟယ်က အသံကို နှိမ့်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
ရပါတယ် ကျွန်တော်က အဲ့ဒီကို အပျော်ခရီး သွားမှာ မဟုတ်ဘူး တချို့အရာတွေကို ပြန်ပြီး သိမ်းဆည်းရမယ့် အချိန် ရောက်ပြီလေ
နတ်မိမယ်က ကျွန်တော့်အပေါ် ကျေးဇူးရှိတယ်။
သူမက ကျွန်တော့်ကို မိစ္ဆာမျိုးနွယ်တွေကို ကိုင်တွယ်ခိုင်းထားတာဆိုတော့ နယ်စပ်မှာ တစ်နှစ်လောက် နေသွားမယ်။ အဲ့ဒီနောက်မှာတော့ သားရဲယဉ်ပါးစေခြင်းဂိုဏ်းပဲဖြစ်ဖြစ် ဝိညာဉ်ဓားဂိုဏ်းပဲဖြစ်ဖြစ် ဟေးဟူနဲ့ ယဲ့ဖန်တို့အားလုံး သူတို့ရဲ့ အသက်တွေနဲ့ ပြန်ပေးဆပ်ရလိမ့်မယ်။
ရှောင်ချီ၏ မျက်လုံးထဲတွင် နက်ရှိုင်းသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ဤအချိန်တွင် သူသည် အရှိန်အဝါများ ထွက်ပေါ်နေသော အိမ်ထဲမှ ထွက်လာတော့မည့် ထက်မြက်သော ဓားတစ်လက်နှင့် တူနေတော့သည်။
...
လူသားမျိုးနွယ်၏ နယ်စပ်
ယခုအခါတွင် ယခင်က စည်ကားခဲ့သော ပုံရိပ်များမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လူသားစစ်သည်များသည် နောက်ဆုံးတွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး မိစ္ဆာမျိုးနွယ်များ အလုံးအရင်းနှင့် ကျူးကျော်ဝင်ရောက်လာမှုကို တားဆီးနိုင်ခဲ့သော်လည်း စစ်ကူများ ရောက်ရှိလာမှု နောက်ကျခဲ့ခြင်းကြောင့် မိစ္ဆာမျိုးနွယ် အမြောက်အမြားမှာ မြို့အချို့ကို သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ လူသားမျိုးနွယ်နှင့် စစ်မြေပြင်မှာလည်း မိုင်ပေါင်း ရာနှင့်ချီ၍ ရှေ့တိုးလာခဲ့သည်။
နယ်စပ်ဒေသများတွင် စစ်ပွဲများမှာ မိနစ်တိုင်း စက္ကန့်တိုင်း ဖြစ်ပွားနေသည်။ ယခင်က သာယာခဲ့သော မြင်ကွင်းများမှာ မရှိတော့ဘဲ အဆုံးမဲ့ သတ်ဖြတ်မှုများသာ ကျန်ရှိတော့သည်။
အမေ ဟိုဘက်က ကြင်နာတတ်တဲ့ ဦးဦးတစ်ယောက်က သမီးကို ပေါက်စီတစ်လုံးနဲ့ ရေပေးလိုက်တယ်။ မြန်မြန် စားလိုက်နော်
အသက် သုံးလေးနှစ်ခန့်သာ ရှိသေးပုံရသော တစ်ကိုယ်လုံး ဖုန်တေနေပြီး စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ကလေးငယ်လေးတစ်ဦးသည် ပျက်စီးနေသော သစ်သားတဲအိမ်လေးဆီသို့ ယိုင်တိုင်တိုင် လျှောက်လာသည်။
ဖောင်းဖောင်းအိအိ ရှိသင့်သော လက်ကလေးများမှာ ယခုအခါ အရိုးနှင့် အရေသာ ကျန်တော့သည်။
ကလေးငယ်လေးသည် အက်ကွဲနေသော ကြွေပန်းကန်လုံးလေးကို လက်နှစ်ဖက်နှင့် မြဲမြံစွာ ကိုင်ထားသည် ထိုအထဲတွင် ညစ်ပတ်နေသော ရေအနည်းငယ် ပါဝင်သည် သူမ၏ ပါးစပ်လေးထဲတွင်တော့ ညိုမည်းနေသော ပေါက်စီတစ်လုံးကို ကိုက်ထားသည်။
မိန်းကလေးငယ်လေးသည် တစ်ခုတည်းသော သန့်ရှင်းသည့် ရေများ ဖိတ်စင်သွားမည်ကို စိုးရိမ်သဖြင့် အလွန် နှေးကွေးစွာ လမ်းလျှောက်နေသည်။
ယုလေး အမေ ဗိုက်မဆာဘူး ရေလည်း မငတ်ဘူး။ သမီးပဲ သောက်လိုက်နော် ရေသောက်ပြီးရင် ဒီပေါက်စီကိုလည်း စားလိုက်ဦး မျက်နှာမှာ ညှိုးနွမ်းပြီး ဆံပင်များ အားလုံးနီးပါး ကျွတ်နေသော အမျိုးသမီးငယ်တစ်ဦးက နူးညံ့စွာ ပြုံးပြလိုက်သည်။
သို့သော် သူမ၏ လက်ရှိ အခြေအနေနှင့်ဆိုလျှင် ထိုအပြုံးမှာ ထိတ်လန့်စရာ ကောင်းနေသည်။
"အမေ မစားရင် ယုလေးလည်း မစားဘူး" မိန်းကလေးငယ်လေးက ခေါင်းကို ခါယမ်းလိုက်ပြီး သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။
အမျိုးသမီးသည် အားကိုးရာမဲ့စွာ ခေါင်းခါယမ်းလိုက်ပြီး ကလေးငယ်၏ ဖုန်တေနေသော ဆံပင်လေးများကို အသာအယာ သပ်ပေးလိုက်သည်။ ထို့နောက် တုန်ယင်နေသော လက်များဖြင့် ရေပန်းကန်လုံးကို ယူကာ အနည်းငယ် မြည်းစမ်းလိုက်သည်။
ပြီးနောက် ကလေးငယ်၏ ပါးစပ်မှ ပေါက်စီကို ယူပြီး နှစ်ခြမ်း ဖြည်းဖြည်းချင်း ခွဲလိုက်သည်။
သို့သော် ထိုနှစ်ခြမ်းမှာ မညီမညာ ဖြစ်နေသည် တစ်ခြမ်းမှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ရှိပြီး ကျန်တစ်ခြမ်းမှာ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသည်။
အမျိုးသမီးသည် ပေါက်စီ အစိပ်ငယ်လေးကို သူမ၏ ပါးစပ်ထဲ ထည့်ပြီး ကလေးငယ်၏ ရှေ့တွင် အားရပါးရ ဝါးပြလိုက်သည်။
"ယုလေး... အခု စားလို့ ရပြီလား" အမျိုးသမီးက ပေါက်စီ အစိပ်ကြီးကို ကလေးငယ်၏ ပါးစပ်ထဲသို့ ပြန်ထည့်ပေးရင်း နူးညံ့စွာ မေးလိုက်သည်။
မိန်းကလေးငယ်လေးသည် ပေါက်စီကို ထပ်မံ ဖဲ့လိုက်ပြီး အစိပ်ကြီးကို အညီအမျှ နှစ်ခြမ်း ထပ်ခွဲလိုက်သည်။ တစ်ခြမ်းကို သူမ၏ ပါးစပ်ထဲ ထည့်ပြီး ကျန်တစ်ခြမ်းကို သူမ၏ အမေအား ထပ်မံ ပေးလိုက်ပြန်သည်။
"ယုလေးက ငယ်သေးတော့ ဒီလောက်အများကြီး မစားနိုင်ဘူး အမေ စားပါ"
သူမ၏ သမီးလေးမှာ လိမ္မာလွန်းသည်ကို တွေ့ရသောအခါ အမျိုးသမီးသည် နောက်ဆုံးတွင် မျက်ရည်များကြားမှ ထိုပေါက်စီစုတ်ကို ယူစားလိုက်ပါတော့သည် ၎င်းနောက် သူတို့ နှစ်ယောက်လုံး ရေကို တစ်ငုံစီ ထပ်သောက်လိုက်ကြသည်။
ပေါက်စီ အနည်းငယ်နှင့် ရေညစ်အချို့ကိုသာ စားသောက်ခဲ့ရသော်လည်း မိခင်နှင့် သမီး နှစ်ယောက်လုံး၏ မျက်လုံးများတွင် ပျော်ရွှင်သော အပြုံးများ ရှိနေကြသည်။
ဒါဟာ သူတို့ ရက်ပေါင်းများစွာအတွင်းမှာ စားခဲ့ရတဲ့ အဝဆုံး အစားအစာ ဖြစ်နိုင်ပါတယ်။
ဒီမြို့လေးမှာတော့ ဒုက္ခသည်တွေနဲ့ ပြည့်နှက်နေပါတယ် မူလ နယ်စပ်ဒေသခံ အမြောက်အမြား သေဆုံးခဲ့ရပြီး ကျန်ရစ်သူများမှာ တစ်စုတစ်ဝေးတည်း စုပေါင်းကာ ခိုလှုံရာတစ်ခုပြီးတစ်ခု တည်ဆောက်ခဲ့ကြသည်။
"ဝေါင်း" ကြောက်စရာကောင်းသော သားရဲဟောက်သံကြီးက ခိုလှုံရာစခန်း တစ်ခုလုံး ပဲ့တင်ထပ်သွားသည် ထို့နောက် စိမ်းဖန့်ဖန့် မျက်နှာနှင့် အစွယ်များ ရှိသော မိစ္ဆာသားရဲတစ်ကောင်သည် ထိုနေရာထဲသို့ ခုန်ဝင်လာတော့သည်။
ကျင့်ကြံသူ အနည်းငယ်က ထိုသားရဲကို ဟန့်တားရန်အတွက် နောက်မှ လိုက်လံ ဖမ်းဆီးနေကြသော်လည်း မိစ္ဆာသားရဲက အလွန် လျင်မြန်သဖြင့် သူတို့ လောလောဆယ် မမီနိုင်ကြပေ။
"ဘုန်း" မိစ္ဆာသားရဲက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့် ပျက်စီးနေသော သစ်သားတဲအိမ်များကို အလွယ်တကူ ရိုက်ခွဲပစ်လိုက်ပြီး အောက်မှ ဒုက္ခသည်များမှာ သွေးမြူများအဖြစ် ကြိတ်ခြေခံလိုက်ရသည်။
အစီအရင် ဆင်ကြ သူ့ကို ရှေ့ဆက်သွားခွင့် မပေးလို့ မဖြစ်ဘူး မဟုတ်ရင် ဒီစခန်းက ဒုက္ခသည် တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး။
ကျင့်ကြံသူ အနည်းငယ်မှာ စိုးရိမ်တကြီး တိုင်ပင်လိုက်ကြပြီး လက်မှ ဂါထာများကို အလျင်အမြန် ဖော်ဆောင်လိုက်ရာ ရွှေရောင် အလင်းတန်းများက မိစ္ဆာသားရဲကို ထိမှန်သွားသည်။
"ဝေါင်း" မိစ္ဆာသားရဲသည် သူ၏ သေဆုံးချိန် နီးကပ်လာပြီဖြစ်ကြောင်း ခံစားမိပုံရပြီး ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။
၎င်းသည် သွေးအလိမ်းလိမ်းနှင့် ပါးစပ်ကြီးကို ဟလိုက်ပြီး လမ်းဘေးမှ အလောင်းများကို ကောက်ယူကာ ပါးစပ်ထဲ ထည့်၍ အငမ်းမရ ဝါးစားတော့သည် ထိုသတ္တဝါမှာ ဗိုက်ဝဝနှင့် သေချင်ပုံရသည်။
"အ... အမေ." ရေသောက်ပြီးခါစ ဖြစ်သော မိန်းကလေးငယ်လေးသည် သူတို့ဆီသို့ ပြေးဝင်လာသော ကြောက်စရာကောင်းသော သားရဲကြီးကို ကြည့်ကာ ကြောက်လန့်တကြား ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်မိသည်။