အခန်း (၁၂၃) တိတ်ဆိတ်သော နှုတ်ဆက်ခြင်း
အဘိုးအို နောက်ဆုတ်သွားပြီးနောက် လူအုပ်ကြီးသည် ရှောင်ချီတို့၏ ပတ်ပတ်လည်တွင် ပိုမို စုရုံးလာကြတော့သည်။
"ယုရှု မင်းအရင် ထွက်သွားလိုက်ပါ။ ငါ့မှာ သူတို့ကို ကိုင်တွယ်ဖို့ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်" ရှောင်ချီ၏ အားနည်းလှသော အသံသည် လင်ယုရှု၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
စီနီယာအစ်ကို နောက်မနေပါနဲ့ ဒီအခြေအနေမှာ အစ်ကို့မှာ ဘယ်လိုနည်းလမ်းမျိုး ရှိဦးမှာလဲ
"ဒီနေ့ ကျွန်မ သေရမယ်ဆိုရင်တောင် စီနီယာအစ်ကိုရဲ့ ဆံပင်တစ်ပင်ကိုတောင် သူတို့ အထိခိုက်မခံနိုင်ဘူး" လင်ယုရှု၏ အသံမှာ ပြတ်သားလွန်းလှသည်။
သူမသည် ပုံမှန်အားဖြင့် အနည်းငယ် နားမလည် တုံးအသလို ရှိတတ်သော်လည်း ဘယ်အချိန်မှာ ထွက်ပြေးရမည် ဘယ်အချိန်မှာ မပြေးရဘူးဆိုသည်ကိုတော့ ကောင်းကောင်းသိသည်။
စီနီယာအစ်ကိုသည် သူမကို ဘေးကင်းရာသို့ ပို့ပြီး သေဘေးကို တစ်ယောက်တည်း ရင်ဆိုင်ရန် ကြိုးစားနေခြင်းသာဖြစ်သည်။
အကယ်၍ သူမသာ အခုထွက်သွားလျှင် စီနီယာအစ်ကို၏ လက်ရှိ အခြေအနေနှင့်ဆိုပါက သေချာပေါက် အသက်ပျောက်ရပေလိမ့်မည်။
မိန်းကလေး ဒီနေ့ကိစ္စက မင်းနဲ့ မဆိုင်ဘူး။ မြန်မြန် ထွက်သွားတာ အကောင်းဆုံးပဲ မဟုတ်ရင် ငါ့ဓားက ညှာတာမှာ မဟုတ်ဘူး။
ဟေးဟူက လင်ယုရှုကို အေးစက်စက် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"တိုက်ချင်ရင်လည်း တိုက်လိုက်စမ်းပါ ဘာလို့ စကားတွေ အများကြီး ပြောနေတာလဲ"
လင်ယုရှုက သူမ၏အစိမ်းရောင် ဝတ်စုံကို အစိပ်စိပ်အမွှာမွှာ ဆွဲဖြတ်လိုက်ပြီး ရှောင်ချီ၏ ခန္ဓာကိုယ်နှင့် သူမ၏ခန္ဓာကိုယ်ကို တွဲလျက် မြဲမြံအောင် ချည်နှောင်လိုက်သည်။
"စီနီယာအစ်ကို ခဏနေ တိုက်ပွဲမှာ ကျွန်မ လက်အလုပ်လုပ်လို့ရအောင် အခုလို ချည်ထားတာပါ။ အဝတ်စတွေနဲ့ ချည်ထားတယ် ဆိုပေမဲ့ အစ်ကို ပြုတ်ကျနိုင်ခြေ ရှိသေးတယ်။ ကျွန်မကို တင်းတင်းဖက်ထားပါ လုံးဝ ပြုတ်မကျစေနဲ့နော်"
လင်ယုရှု၏ အသံမှာ အိပ်ခါနီး တိုးတိုးလေး ပြောလိုက်သကဲ့သို့ အလွန်ပင် နူးညံ့လှသည်။
"မင်းလေးကတော့ကွာ စီနီယာအစ်ကို စကားကိုတောင် နားမထောင်တော့ဘူးလား" ရှောင်ချီ၏ အသံမှာ အားနည်းနေဆဲ ဖြစ်သော်လည်း ဒေါသအချို့ ရောနှောနေသည်။
"ကျွန်မတို့ အသက်ရှင်ခဲ့ရင် စီနီယာအစ်ကို ကြိုက်သလို အပြစ်ပေးပါ" လင်ယုရှုက ခပ်ဖွဖွလေး ရယ်မောလိုက်ပြီး ရှောင်ချီ၏ တားမြစ်မှုကို လုံးဝဂရုမစိုက်တော့ပေ။
ရှောင်ချီမှာလည်း ဤအချိန်တွင် အလွန်ပင် အားကိုးရာမဲ့ ဖြစ်နေရသည်။ အကယ်၍ သူ၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအား အနည်းငယ်မျှ ရှိနေဦးမည် ဆိုပါက ဤကျေးဇူးကန်းသော အကောင်များကို သူကိုယ်တိုင် ရှင်းလင်းပြီးသား ဖြစ်ပေလိမ့်မည်။
နောက်ဆုံး မိုးကြိုးဘေးဒုက္ခကြောင့် သေဆုံးသွားသူများမှာ သူနှင့် ဆက်စပ်မှု ရှိသည်ဆိုသော်လည်း ကြီးကြီးမားမားတော့ မဟုတ်ပေ။ ၎င်းမှာ မိုးကြိုးဘေးဒုက္ခကြောင့် သေဆုံးခြင်း ဖြစ်သည် ရှောင်ချီက ထိုအရာကို ထိန်းချုပ်နိုင်ပါ့မလား။
ဤလူယုတ်မာများမှာ လက်စားချေချင်လျှင် ဤကမ္ဘာငယ်လေး၏ ကောင်းကင်ဘုံဥပဒေသကို သွားပြီး လက်စားချေသင့်သည် ယခုကဲ့သို့ ဒဏ်ရာရနေသော ရှောင်ချီကို ပစ်မှတ်ထားခြင်းမှာ ဘာမှဂုဏ်ယူစရာ မရှိပေ။
စောစောက သူတို့ကို မိစ္ဆာမျိုးနွယ်များလက်မှ ကယ်တင်ပေးခဲ့စဉ်က ဤလူများမှာ ဘာကျေးဇူးမှ မတင်ခဲ့ကြပေ။ သို့သော် သူက မတော်တဆ ထိခိုက်မိသွားသောအခါတွင်မူ သူ့ကို သတ်ရန် အငမ်းမရ ဖြစ်နေကြတော့သည်။
သို့သော် ရှောင်ချီ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအားလုံးဝ မကျန်တော့ပေ။ အပြင်ပန်းကြည့်လျှင် အလွန်ပင် ဆိုးရွားနေသော်လည်း အတွင်းပိုင်း အခြေအနေမှာ ပို၍ပင် ဆိုးရွားလှသည်။
သူ၏ ကိုယ်တွင်းအင်္ဂါ အားလုံးမှာ ပျက်စီးနေပြီ ဖြစ်သည်။ အကယ်၍ သူ၏ မှော်လက်နက်သုံးခုက သူ၏ နောက်ဆုံးထွက်သက်ကို ထိန်းထားပေးခြင်း မရှိပါက ရှောင်ချီမှာ ယခုလောက်ဆိုလျှင် အသက်ပျောက်နေလောက်ပြီ ဖြစ်သည်။
နောက်ဆုံး မိုးကြိုးချက် ကျရောက်စဉ်က သူနှင့် ကျီတောက် ရွှေကြာပန်း၊ ရွှေကြာစေ့၊ ဟောက်ထျန်း စေတီတော်ရိပ် တို့အားလုံး ပေါင်းလိုက်လျှင်ပင် မိုးကြိုးစွမ်းအား၏ ၃၀ ရာခိုင်နှုန်းအောက်သာ စုပ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိသော ၇၀ ရာခိုင်နှုန်းမှာ သူ၏ ခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို ရိုက်ခတ်သွားခြင်း ဖြစ်သည်။ ထို့ကြောင့်သာ လူအများအပြား သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ရှောင်ချီမှာ အသက်ရှင်နေသေးသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ သေဘေးနှင့် အလွန်ပင် နီးကပ်နေပြီဖြစ်သည်။
စောစောက လင်ယုရှုက ရှောင်ချီကို သူမအား တင်းတင်းဖက်ထားရန် ပြောခဲ့သော်လည်း အမှန်တကယ်တွင် ရှောင်ချီမှာ လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်နိုင်တော့ပေ ထို့ကြောင့် သူမကို ဖက်ထားရန် အင်အား မည်သို့ ရှိပါမည်နည်း။
"သတ်ကြစမ်း" ဟေးဟူ၏ အမိန့်နှင့်အတူ သားရဲယဉ်ပါးစေခြင်းဂိုဏ်းမှ တပည့်အချို့နှင့် မိုးကြိုးဘေးဒုက္ခကြောင့် ထိခိုက်ခဲ့သော အခြားမိသားစုဝင်များ အားလုံးမှာ လင်ယုရှုဆီသို့ ပြေးဝင်လာကြတော့သည်။
ဒေါင် ဒေါင် ဒေါင် မျက်စိတစ်မှိတ်အတွင်းမှာပင် ဟင်းလင်းပြင်တစ်ခုလုံးမှာ ဓားရိပ် လှံရိပ်များဖြင့် ပြည့်နှက်သွားတော့သည် ဝိညာဉ်စွမ်းအား လှိုင်းများမှာလည်း အရပ်ရပ်သို့ စီးဆင်းနေသည်။
ရွှမ်း ရွှမ်း ရွှမ်း သို့သော် လင်ယုရှု၏ အစွမ်းမှာ သာမန်အဆင့်မျှသာ ရှိပေသည်။
အကယ်၍ တစ်ဦးချင်း တိုက်ခိုက်ခြင်း ဖြစ်ပါက သူမ မည်သူ့ကိုမှ ကြောက်မည်မဟုတ်ပေ
သို့သော် ယခုကဲ့သို့ ဝိုင်းရံတိုက်ခိုက်ခံရချိန်တွင် သူမ၏ခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအားများကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများဖြင့် ချက်ချင်းပင် ဖုံးလွှမ်းသွားတော့သည်။
သူမ၏ ဖြူစင်သော အသားအရေပေါ်တွင် သွေးစွန်းနေသော ဒဏ်ရာများမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
"ဒဏ်ရာ တစ်ဆယ်... နှစ်ဆယ်... သုံးဆယ်..."
လင်ယုရှု၏ ခန္ဓာကိုယ်ပေါ်တွင် ဓားချက်ပေါင်း ၅၀ ကျော် ရှိနေပြီ ဖြစ်သော်လည်း သူမသည် နောက်ဆုတ်ရန် လုံးဝဆန္ဒမရှိပေ။
သူမသည် ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း နှစ်ရှည်လများ တိုက်ပွဲဝင်ခဲ့သော အတွေ့အကြုံများကြောင့် အသက်အန္တရာယ်ရှိသော ဒဏ်ရာအများစုကိုတော့ ရှောင်တိမ်းနိုင်ခဲ့သည်။
"ဒီမိန်းကလေးက တကယ့်ကို ဇွဲကောင်းတာပဲ အစ်ကို ဟေးဟူ ခဏနေရင် သူ့ကို ကျွန်တော့်ဆီ လွှဲပေးလို့ရမလား" ညစ်ညမ်းသော အမူအရာရှိသည့် လူငယ်တစ်ဦးက ဓားကိုကိုင်ကာ ရပ်နေသော လင်ယုရှုကို ကြည့်ပြီး သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ဘေးနားရှိ ဟေးဟူကို မေးလိုက်သည်။
"မင်းကတော့ကွာဒီလိုအချိန်မျိုးမှာတောင် ဒါတွေကို တွေးနေသေးတယ်လား သူ့ကို ဖမ်းမိသွားရင် မင်းကို မပေးစရာ အကြောင်းမရှိပါဘူး"
ဟေးဟူသည်လည်း အားနည်းသော အမျိုးသမီးတစ်ဦးကို ဤမျှကြာအောင် မနှိမ်နင်းနိုင်သည့်အတွက် အလွန်ပင် ဒေါသထွက်နေသည် သူ၏နောက်လိုက်၏ နောက်ပြောင်မှုကို ကြားသောအခါ မူလက ဆူပူကြိမ်းမောင်းရန် ပြင်သော်လည်း ဤစကားကို အသုံးချပြီး လင်ယုရှုအပေါ် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားပေးခြင်းက ပို၍ ကောင်းမည်ဟု သူ တွေးလိုက်သည်။
စီနီယာအစ်ကို ဂျူနီယာညီမလေးက အရမ်း အားနည်းနေသေးတယ် အကယ်၍ အစ်ကိုနဲ့အတူ ဒီဝိုင်းရံမှုကို နောက်ထပ် တိုက်ကွက် သုံးဆယ်အတွင်းမှာ မဖောက်ထွက်နိုင်ခဲ့ရင်တော့ ကျွန်မတို့ နှစ်ယောက်လုံးရဲ့ အသက်ကိုပဲ အတူတူ အဆုံးစီရင်လိုက်ကြရအောင်။
လင်ယုရှု၏ နှုတ်ခမ်းများမှာ သွေးများဖြင့် စွန်းထင်နေသည်။ သူမသည် ရှောင်ချီကို စကားပြောတိုင်း အလွန်ပင် နူးညံ့နေတတ်သည်။ သူမသည် စိတ်ထဲရှိ သတ်ဖြတ်လိုသော စိတ်ဆန္ဒများကိုပင် မသိစိတ်က ထိန်းချုပ်ထားမိသည်။
သူမ၏စီနီယာအစ်ကိုက သူမကို အမြဲတမ်း လိမ္မာယဉ်ကျေးသော ဂျူနီယာညီမလေး တစ်ယောက်အဖြစ်သာ မြင်စေချင်သည်။
သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နေသော မိစ္ဆာမ တစ်ယောက်အဖြစ် မမြင်စေချင်ပေ။
"ငါ့ကို....ငါ့ကို ချပေးလိုက်ပါ။ သူတို့နဲ့အတူ အသေခံ တိုက်ခိုက်ဖို့ ငါ့မှာ နည်းလမ်းရှိပါတယ်" ရှောင်ချီက အားနည်းစွာ ပြောလိုက်သည်။
စောစောက တိုက်ပွဲတွင် လင်ယုရှုသည် သူမ၏ နောက်ရှိ ရှောင်ချီကို ထိန်းထားရန်အတွက် ဝိညာဉ်စွမ်းအားကို မသုံးခဲ့ပေ။
သူမ၏ စီနီယာအစ်ကိုတွင် သူမကို ဖက်ထားနိုင်သော အားအင်ရှိလိမ့်မည်ဟု သူမထင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ခဏမျှ တိုက်ခိုက်ပြီးနောက်တွင်မူ ရှောင်ချီမှာ လုံးဝ အားအင်မရှိတော့ဘဲ ရွှံ့ညွန်ပုံကြီး တစ်ခုလို သူမ၏ နောက်ကျောတွင် ပျော့ခွေနေသည်ကို သူမ သတိပြုမိသွားသည်။
ထို့ကြောင့် လင်ယုရှုမှာ သူမ၏ ဝိညာဉ်စွမ်းအား အချို့ကိုခွဲထုတ်ပြီး ရှောင်ချီကို ထိန်းထားပေးရတော့သည်။ ဤအချက်ကြောင့်ပင် သူမမှာ တိုက်ပွဲတွင် အစစအရာရာ ကန့်သတ်ခံနေရခြင်း ဖြစ်သည်။
"ကောင်းပါပြီ ဒါဆို ကျွန်မ နောက်တစ်ခါ ထပ်ကြိုးစားကြည့်မယ် အကယ်၍ ဖောက်မထွက်နိုင်ရင်တော့ စီနီယာအစ်ကို သူတို့နဲ့အတူ အသေခံတိုက်လိုက်ပေါ့။ ကျွန်မကိုလည်း အတူတူ ခေါ်သွားပါ အဲ့ဒီဘက်မှာ ကျွန်မ အစ်ကို့ကို အဖော်ပြုပေးနိုင်တာပေါ့"
လင်ယုရှုက တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းညိတ်ပြလိုက်ပြီး နောက်တစ်ကြိမ် ပြေးဝင်တိုက်ခိုက်ပြန်သည်။
သူမ၏ ဓားကွက်များမှာ ရှောင်ချီ၏ ဓားကွက်များနှင့် အတော်လေး ဆင်တူလှသည်။ လွန်ခဲ့သော နှစ်များအတွင်း ရှောင်ချီသည် သူ၏ဓားကွက်များ အားလုံးကို လင်ယုရှုအား သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
ယခုအခါ လင်ယုရှုမှာ အောင်မြင်မှု အချို့ ရရှိနေပြီ ဖြစ်သော်လည်း သူမ၏ ကျင့်စဉ်အဆင့်မှာ နိမ့်လွန်းလှသဖြင့် အစွမ်းမှာ ကန့်သတ်ချက်များ ရှိနေခြင်း ဖြစ်သည်။
ရွှမ်း...
ပုစွပ်...
ဓားချက်များ အသားထဲသို့ ထိုးဝင်သွားသံ နှစ်ခုမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည် လင်ယုရှု၏ ရင်ဘတ်ထဲသို့ ဓားရှည်တစ်လက်မှာ ဘယ်အချိန်ကတည်းက စိုက်ဝင်သွားသည် မသိပေ။
သူမ၏ လက်ထဲရှိ ဓားရှည်မှာလည်း ရန်သူတစ်ဦး၏ ခေါင်းကို ပိုင်းဖြတ်လိုက်ပြီး ဖြစ်သည်။
လင်ယုရှုသည် လူအများအပြားကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ခြင်းဖြစ်သည် ထိုပညာရှင်များထဲတွင် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိသူများပင် ပါဝင်သည် ဤကဲ့သို့သော တိုက်ပွဲရလဒ်မှာ ဂုဏ်ယူစရာ ကောင်းလှသည် သို့သော် နောက်ဆုံးတွင်မူ အားလုံးမှာ အချည်းနှီး ဖြစ်သွားပြီး သူမ၏ ငယ်ရွယ်သော အသက်မှာ ဤအချိန်တွင်ပင် ချုပ်ငြိမ်းသွားရတော့မည် ဖြစ်သည်။
"ဂျူနီယာညီမလေး" ကျင်းထဲတွင် ရွှံ့ညွန်ပုံတစ်ခုလို လဲကျနေသော သူမကို ကြည့်ရင်း ရှောင်ချီက အက်ရှရှအသံဖြင့် အော်ဟစ်လိုက်သည်။
ရှောင်ချီ၏ ခန္ဓာကိုယ်မှာလည်း လင်ယုရှုနှင့်အတူ အေးစက်လှသော ကျင်းကြီးထဲသို့ လွင့်ကျသွားတော့သည်။
သူသည် အပြင်ဘက် စစ်မြေပြင်တွင် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ တိုက်ခိုက်နေသံများကို သဲ့သဲ့မျှ ကြားနေရသည်။ ယခုအချိန်တွင်မူ ထိုအသံများမှာ အလွန်ပင် ဝေးကွာနေသကဲ့သို့ ခံစားနေရသည်။
သူသည် မိစ္ဆာမျိုးနွယ်များကို သုတ်သင်ရန်နှင့် လူသားမျိုးနွယ်ကို ကာကွယ်ရန် တက်ကြွသော စိတ်ဓာတ်ဖြင့် ဤစစ်မြေပြင်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင်မူ သူသည် မိစ္ဆာမျိုးနွယ်များ၏ လက်တွင် သေဆုံးရခြင်း မဟုတ်ဘဲ မိမိလူမျိုးအချင်းချင်း၏ လက်တွင် သေဆုံးရတော့မည် ဖြစ်သည်။
လင်ယုရှုမှာ ရှောင်ချီကို နောက်ဆုံး နှုတ်ဆက်စကားပင် ပြောချိန်မရလိုက်ပေ သူမ၏ မျက်လုံးများမှာ အနည်းငယ် ပွင့်ဟနေပြီး ရှောင်ချီကို နောက်ဆုံးတစ်ခေါက်လောက် မြင်ချင်နေပုံရသည်။