အခန်း (၁၂၂) ချောင်ကျိရှုး မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတာလား
"ဟာ သွားပြီ နောက်တစ်ချက် ထပ်လာပြန်ပြီလား" ထူထဲလှသော မိုးကြိုးတိုင်ကြီးကို ကြည့်ရင်း ရှောင်ချီတစ်ယောက် မဆဲဘဲ မနေနိုင်တော့ပေ။
သို့သော် ရှောင်ချီသည် အချိန်အကြာကြီး မစဉ်းစားရဲဘဲ ချက်ချင်းပင် သူ၏ စွမ်းအားအားလုံးကို ထုတ်သုံးလိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သုံးထပ်သော ကာကွယ်ရေး အလွှာများမှာ အရှိန်အဟုန်ဖြင့် လည်ပတ်လာပြီး ရွှေကြာစေ့၊ ကျီတောက် ရွှေကြာပန်း နှင့် စေတီတော်ရိပ်ကလေးတို့သည် မိုးကြိုးစွမ်းအားများကို အငမ်းမရ စုပ်ယူကြတော့သည်။
ရှောင်ချီ၏ ခန္ဓာကိုယ်မှာ ခြောက်သွေ့နေသော မြေဆီလွှာက မိုးရေချိုကို တွေ့လိုက်ရသကဲ့သို့ပင် ၎င်း၏ထဲသို့ စီးဝင်လာသော မိုးကြိုးစွမ်းအားများကို အသည်းအသန် စုပ်ယူနေပါတော့သည်။
ဘုန်း... သို့သော် ဤနောက်ဆုံး မိုးကြိုးချက်၏ စွမ်းအားမှာ ပြင်းထန်လွန်းလှသည် လွင့်စင်လာသော မိုးကြိုးအငွေ့အသက်လေးများကပင် ပတ်ဝန်းကျင်ရှိ အဆောက်အအုံ အများစုကို ဖျက်ဆီးပစ်လိုက်သည်။
ရှောင်ချီ၏ ပတ်ပတ်လည်တွင် တိုက်ခိုက်နေကြသော လူသားကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများပင် ထိခိုက်ကုန်ကြသည်။ နှစ်ဖက်စလုံးမှ လူအများအပြားမှာ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားကြရသည်။
ဖူး... ရှောင်ချီ၏ ပတ်ပတ်လည်တွင် မိုင်ပေါင်းများစွာ နက်ပြီး ရာနှင့်ချီ ကျယ်ဝန်းသော ကျင်းကြီးတစ်ခု ပေါ်လာပြီး ရှောင်ချီကိုယ်တိုင်မှာမူ ထိုကျင်းထဲတွင် ပက်လက်လန်ကာ လဲကျနေတော့သည်။
သူ၏ ပါးစပ်မှ သွေးမြှုပ်များ တစိမ့်စိမ့် ထွက်နေပြီး ပြင်းထန်စွာ ဒဏ်ရာရထားပုံရသည်။ သို့သော် သူ၏ မျက်နှာတွင်တော့ ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာသည်။
ဤ ဒသမမြောက် မိုးကြိုးဘေးဒုက္ခ၏ စွမ်းအားမှာ ရှေ့ကကိုးချက်ပေါင်းခြင်းထက်ပင် ပို၍ ကြောက်စရာကောင်းလှသည်။ ၎င်းမှာ ရှောင်ချီ၏ အသက်ကိုပင် နှုတ်ယူလုနီးပါး ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ရှောင်ချီ၏ အခြေခံမှာ ခိုင်မာလှသည်။
သူ့တွင် များစွာသော မှော်လက်နက်များ၏ အကူအညီ ရှိရုံသာမက သူ၏ ခန္ဓာကိုယ်မှာလည်း အလွန်ပင် သန်မာလှသည်။ မိုးကြိုးစွမ်းအားများကို စုပ်ယူနေစဉ်မှာပင် နောက်ဆုံး ရိုက်ခတ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
ဒီမိုးကြိုးဘေးဒုက္ခက အရမ်း ကြောက်ဖို့ကောင်းတာပဲ ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းတဲ့ ဘေးဒုက္ခထက်တောင် ပိုပြီး ထိတ်လန့်စရာ ကောင်းသေးတယ်။
ဟုတ်တယ် ဒီလူက တကယ်တော့ ဘယ်သူလဲ အားလုံးက ယဲ့ဖန်ကို ထိပ်တန်းပါရမီရှင်လို့ ပြောကြပေမဲ့ ငါ့အမြင်မှာတော့ ယဲ့ဖန်က ဒီလူနဲ့ယှဉ်ရင် ညီလေးအဆင့်ပဲ ရှိသေးတယ်။
အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး တွဲကူရင်း ကျင်းကြီး၏ အစွန်းသို့ လမ်းလျှောက်လာကြသည်။ အောက်ဘက်ရှိ ရှောင်ချီကို ကြည့်ရင်း ထိုမြင်ကွင်းကို မယုံနိုင်သလို ငေးကြည့်နေမိကြသည်။
"ဒီမိစ္ဆာကောင် ငါ့ညီက မိစ္ဆာမျိုးနွယ်တွေရဲ့ လက်ချက်နဲ့ သေတာမဟုတ်ဘဲ သူ့လက်ချက်နဲ့ သေသွားရတာ ငါ သူ့ကို သတ်ပစ်မယ်"
သို့သော် လူတိုင်း အံ့သြနေစဉ်မှာပင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးက ကျင်းထဲတွင် လဲနေသော ရှောင်ချီကို စိုက်ကြည့်ကာ ဒေါသတကြီး ဟောက်လိုက်သည်။
ရှောင်ချီ၏ နောက်ဆုံး မိုးကြိုးဘေးဒုက္ခသည် ရန်သူနှင့် မိတ်ဆွေကို ခွဲခြားမထားဘဲ လူသားအများအပြားကိုပါ သုတ်သင်ပစ်လိုက်သဖြင့် အချို့သောသူများ၏ နာကျည်းမှုကိုပါ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။
"စိတ်အေးအေးထားပါ ဟေးဟူ"
သူက မိုးကြိုးဘေးဒုက္ခကို မရင်ဆိုင်ခင်မှာ မိစ္ဆာတွေ အများကြီးကို သတ်ခဲ့တာပါ။ ခုနက နောက်ဆုံး ကောင်းကင်ဘေးဒုက္ခက လူသားတွေကို ထိခိုက်စေခဲ့သလို မိစ္ဆာတွေကိုလည်း အမြောက်အမြား သုတ်သင်ပေးခဲ့တာပဲ။
ခြုံကြည့်ရင် ဒီလူကိုသူရဲကောင်းတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။ လူသားတွေကို ထိခိုက်မိတာကတော့ မရည်ရွယ်ဘဲ ဖြစ်သွားတဲ့ အမှားပါပဲ။ နောက်ဆုံးတော့ ဒီနောက်ဆုံး မိုးကြိုးချက်က ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်လောက်အောင် ပြင်းထန်လွန်းတာကိုး။
ဘေးနားရှိ တစ်ဦးက ဒေါသထွက်နေသော အနက်ရောင်ဝတ် လူငယ်ကို ချက်ချင်း တားလိုက်သည် ကျင်းကြီး၏ ပတ်ပတ်လည်တွင် ဤကဲ့သို့သော မြင်ကွင်းများ ဆက်တိုက် ဖြစ်ပေါ်နေပါတော့သည်။
အကယ်၍ သူတို့၏ ဆွေမျိုးသားချင်းများမှာ မိစ္ဆာမျိုးနွယ်များလက်တွင် သေဆုံးခဲ့ပါက သူတို့က လက်ခံနိုင်သော်လည်း မိမိတို့လူမျိုးအချင်းချင်း၏ လက်ထဲတွင် မတော်တဆ သေဆုံးသွားရခြင်းမှာ သူတို့အတွက် ခံစားရ ပို၍ ခက်ခဲလှသည် အဘယ်ကြောင့်ဆိုသော် ကဲ့ရဲ့ပြစ်တင်ရန် အကြောင်းပြချက်ပင် ရှာမရသောကြောင့် ဖြစ်သည်။
"စီနီယာအစ်ကို" လင်ယုရှုသည် စိုးရိမ်တကြီးဖြင့် ကျင်းထဲသို့ ခုန်ဆင်းသွားသည် သူမသည် စစ်မြေပြင်တွင် ရန်သူများကို သတ်ဖြတ်နေစဉ်မှာပင် ရှောင်ချီ၏ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
ရှောင်ချီ မိုးကြိုးဘေးဒုက္ခ ရင်ဆိုင်နေစဉ်က လင်ယုရှုကို ခေတ္တမျှ ဘေးဖယ်နေရန် ပြောခဲ့သည်။ လင်ယုရှုမှာလည်း ထိုအတိုင်း လုပ်ဆောင်ခဲ့သည်။ ကိုးချက်မြောက် မိုးကြိုးပြီးသွား၍ ရှောင်ချီ၏ နံဘေးသို့ ပြေးသွားရန် ပြင်ဆင်စဉ်မှာပင် ဒသမမြောက် မိုးကြိုးချက်က ကောင်းကင်မှကျဆင်းလာခြင်း ဖြစ်သည်။
ကံကောင်းစွာဖြင့် လင်ယုရှုမှာ အချိန်မီ ရပ်တန့်နိုင်ခဲ့သဖြင့် မထိခိုက်ခဲ့ပေ။ ကျင်းထဲတွင် သေလုမြောပါး ဖြစ်နေသော ရှောင်ချီကို မြင်သောအခါ လင်ယုရှုမှာ မိမိကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ သူမ၏ စီနီယာအစ်ကို နံဘေးသို့ အပြေးကလေး ပျံဆင်းသွားတော့သည်။
အဟွတ်... အဟွတ်... ဤအချိန်တွင် ရှောင်ချီ၏ ဦးခေါင်းပေါ်ရှိ ကျီတောက် ရွှေကြာပန်းနှင့် ဟောက်ထျန်း စေတီတော်ရိပ်တို့မှာ ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်ကာ အားဖြည့်နေကြပြီ ဖြစ်သည်။
ရှောင်ချီမှာ နှစ်ချက်ခန့် ချောင်းဆိုးလိုက်ပြီး အလွန်ပင် အားနည်းနေပုံရသည်။ သူသည် လင်ယုရှုကို ကြည့်ကာ ခက်ခက်ခဲခဲ ပြောလိုက်သည် "မြန်မြန် သွားငါ့ကို ဒီနေရာကနေ ခေါ်သွားပေးပါ"
သူသည် လူသားတို့၏ စိတ်ဓာတ်ကို အလောင်းအစား မလုပ်ရဲပေ ယခုအချိန်တွင် မိစ္ဆာမျိုးနွယ်များသာမက လူသားအချို့ကပင် သူ့ကို သေစေချင်နေကြသည် မဟုတ်လား။
"ဟင်"
"ဪနားလည်ပါပြီ စီနီယာအစ်ကို"
လင်ယုရှုမှာ ခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် သဘောပေါက်သွားကာ သူမ၏ စီနီယာအစ်ကိုကို ကျောပေါ်ပိုးလိုက်သည်။
ခြေဖျားလေးဖြင့် အသာအယာ ကန်ထုတ်ကာ ကောင်းကင်ပေါ်သို့ ပျံတက်ပြီး ရှောင်ချီကို ဤနေရာမှ ခေါ်ထုတ်သွားရန် ကြိုးစားလိုက်သည်။
ဘုန်း....ကောင်းကင်မှ ဧရာမ လက်ဝါးရိပ်တစ်ခု ကျဆင်းလာသည်။ လင်ယုရှု၏ လက်ဝါးမှာ အနည်းငယ် လှုပ်ရှားသွားပြီး သူမသည်လည်း ဝိညာဉ်စွမ်းအား လက်ဝါးတစ်ခုဖြင့် ထိုတိုက်ခိုက်မှုကို ပြန်လည် တုံ့ပြန်လိုက်သည်။
သို့သော် ထိုတိုက်ခိုက်မှုကို ပြုလုပ်သူမှာ လင်ယုရှုထက် သိသိသာသာ ပို၍ အစွမ်းထက်လှသည်။
လင်ယုရှုမှာ ခဏမျှသာ တောင့်ခံနိုင်ပြီး ထိုလက်ဝါးရိပ်ကြောင့် ကျင်းထဲသို့ ပြန်လည် လွင့်ကျသွားတော့သည်။
"စီနီယာအစ်ကို.ကျွန်မတို့ ပြေးလို့ မရတော့ဘူး ထင်တယ်" သူတို့ကို ဝိုင်းထားသော လူသားကျင့်ကြံသူ နှစ်ဆယ်ခန့်ကို မြင်သောအခါ လင်ယုရှု၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာပါတော့သည်။
အားလုံး ရပ်ကြစမ်း ဒါက ငါတို့လူသားမျိုးနွယ်တွေအတွက် အသက်လုနေရတဲ့ အချိန်။ ပုဂ္ဂိုလ်ရေး အငြိုးအတေးတွေ ရှိရင် နောက်မှ ရှင်းကြစမ်း အခုတော့ အားလုံး မိစ္ဆာတွေကို သွားသတ်ကြ။
သက်ကြီးရွယ်အို တစ်ဦးက ရှောင်ချီ၏ ရှေ့တွင် ရပ်ကာ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ဒေါသတကြီး ဟောက်လိုက်သည်။
လီကျန့်ဖုန်း မင်းရဲ့ မတ်ဗလိတ်ဂိုဏ်းက သူများကိစ္စထဲ ဝင်ပါချင်တာလား မင်းလို အကြီးအကဲ တစ်ယောက်မှာ အဲ့ဒီလောက် အရည်အချင်း ရှိမရှိ ကြည့်ရသေးတာပေါ့။
ဟေးဟူသည် ကျင်းထဲသို့ ခုန်ဆင်းလာခဲ့ပြီ ဖြစ်သည်။ သူ၏ လက်ထဲမှ ဓားရှည်ကို မြှောက်ကာ ရှောင်ချီကို ကာကွယ်ပေးထားသော အဘိုးအိုကို ချိန်ရွယ်ပြီး အေးစက်စက် မေးခွန်းထုတ်လိုက်သည်။
ငါတို့ အပြင်မှာမိစ္ဆာတွေ ဝိုင်းထားတာကို ခံနေရတာ ဘယ်အချိန်မှာ အသတ်ခံရမလဲ မသိဘူး။ မင်းက ဒီလိုအချိန်မျိုးမှာတောင် ဒီပုဂ္ဂိုလ်ရေး အငြိုးအတေးတွေကို အလေးထားနေတာက အခြေအနေအရပ်ရပ်ကို သိပ်ပြီး နားမလည်လွန်းရာ မရောက်ဘူးလား။
အဘိုးအိုက သက်ပြင်းချလိုက်သည်။ သူသည် ဖယ်မပေးဘဲ ရှေ့သို့ တိုးလာလိုသော ဟေးဟူကို အတတ်နိုင်ဆုံး ဖျောင်းဖျရန် ကြိုးစားနေသည်။
"သူက ခုနတင် ငါ့ညီကိုသတ်လိုက်တာ အဲ့ဒါ ငါ့ရဲ့ သားရဲယဉ်ပါးစေခြင်းဂိုဏ်းရဲ့ သူတော်စင်ဖြစ်တဲ့ ချောင်ကျိရှုးပဲ"
သူက ငါ့ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် ငါတို့ဂိုဏ်းရဲ့ အနာဂတ် မျှော်လင့်ချက်ပဲ။ အခု မင်းက ငါ့ကိုပုဂ္ဂိုလ်ရေး အငြိုးအတေးတွေကို မေ့ထားပြီး သူ့ကိုလွှတ်ပေးခိုင်းနေတာလား ငါ့ဂိုဏ်းက တပည့်တွေကို မေးကြည့်လိုက် ငါတို့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲချုပ်တွေကို မေးကြည့်လိုက်ဦး သူတို့ကရော သူ့ကို လွှတ်ပေးဖို့ ဆန္ဒရှိကြမလားလို့။
အနက်ရောင်ဝတ် လူငယ်၏ စကားကို ကြားသောအခါ လင်ယုရှုနှင့် သူမ၏ ကျောပေါ်ရှိ ရှောင်ချီတို့မှာ ခဏမျှ ကြောင်သွားကြသည်။
သူတို့ ချောင်ကျိရှုး၏ အမည်ကို အမှန်တကယ် ကြားဖူးကြသည် သူသည် ခုနစ်ဂိုဏ်း ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ရရှိထားပြီး ရဲ့ဖန်၊ ကျိဝူထျန်းနှင့် ယုလင်လုံ တို့ကဲ့သို့ ထိပ်တန်း ပါရမီရှင်များနှင့် ရင်ဘောင်တန်းနိုင်သူ ဖြစ်သည်ဟု သိရသည်။
ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ တိုက်ဆိုင်နေရတာလဲ ဒီလောက် ထိပ်တန်း ပါရမီရှင် တစ်ယောက်က ဘယ်လိုလုပ် မိုးကြိုးပစ်ခံရပြီး သေသွားနိုင်မှာလဲ ဒီစကားကို ပြန်ပြောပြရင်တောင် ဘယ်သူမှ ယုံကြမှာ မဟုတ်ပါဘူး။
"လူငယ်လေး ဒီအဘိုးကြီးတော့ မင်းကို ဆက်ပြီး မကာကွယ်ပေးနိုင်တော့ဘူး ထင်တယ်" ချောင်ကျိရှုး၏ အမည်ကို ကြားလိုက်ရသောအခါ အဘိုးအိုသည် ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ဘေးသို့ ဖယ်ပေးလိုက်ပါတော့သည်။
သေဆုံးသွားသူမှာ သာမန်လူ မဟုတ်ဘဲ ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်နေသည် မဟုတ်လား။
အသာအယာ ပြောရလျှင် ပုဂ္ဂိုလ်ရေး အငြိုးအတေး ဖြစ်သော်လည်း အလေးအနက် ပြောရလျှင် ဂိုဏ်းနှစ်ခုကြားရှိ အသေအလဲ ရန်ငြိုးတစ်ခုပင် ဖြစ်သည်။
ဂိုဏ်းတစ်ခု၏ သူတော်စင် သို့မဟုတ် သူတော်စင်မနှင့် ပတ်သက်လာလျှင် များစွာသော အရာများမှာ ရှုပ်ထွေးသွားပါတော့သည်။
ဂိုဏ်းတစ်ခု၏ ထိပ်တန်း ပါရမီရှင် ဆိုသည်မှာ ထိုဂိုဏ်း၏ အနာဂတ်နှင့် အတူတူပင် ဖြစ်သည်။
အကယ်၍ ဂိုဏ်းတစ်ခု၏ အကြီးပိုင်း ပညာရှင်များမှာ အထိအခိုက် မရှိသော်လည်း မျိုးဆက်သစ် ပါရမီရှင်များ အားလုံး တိုက်ပွဲတွင် သေဆုံးကုန်ပါက ထိုဂိုဏ်းမှာ နောက်ဆုံးတွင် ဆုတ်ယုတ်မှုသို့သာ ဦးတည်သွားပေလိမ့်မည်။
ဤဟေးဟူမှာ ချောင်ကျိရှုး၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်ရပေမည်။ ယခု ချောင်ကျိရှုး သေဆုံးသွားပြီ ဖြစ်သဖြင့် ဟေးဟူမှာ တာဝန်ရှိသူအဖြစ် အပြစ်တင်ခံရပေလိမ့်မည် ထို့ကြောင့်ပင် သူသည် ဤမျှအထိ ဒေါသထွက်နေခြင်းဖြစ်သည်။