အခန်း (၁၁၄) မိစ္ဆာမျိုးနွယ်များ မြို့ကို တိုက်ခိုက်ခြင်း
ယခုအကြိမ် ဝိညာဉ်ဓားဂိုဏ်းကို ဦးဆောင်လာသူမှာလည်း ရှောင်ချီ၏ အသိဟောင်းတစ်ဦးဖြစ်သည့် ရှောင်ချီ၏ ဆရာဟောင်း လင်ယွင်နတ်မိမယ်ပင် ဖြစ်သည်။
ယဲ့ဖန်၏ လက်ရှိအစွမ်းဖြင့် ဝိညာဉ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို ထမ်းဆောင်ရန်မှာ အနည်းငယ် စောလွန်းနေသေးသည်။ ဝိညာဉ်ဓားဂိုဏ်းက သူ့ကို အလျင်အမြန် ဂိုဏ်းချုပ်တင်မြှောက်လိုက်ရခြင်းမှာ အဓိကအားဖြင့် ဂိုဏ်းအတွင်းပိုင်း ပြဿနာများကြောင့်ဖြစ်သည်။
လက်ရှိ ဝိညာဉ်ဓားဂိုဏ်းမှာ အလွန်အမင်း အကျင့်ပျက်ခြစားနေပြီဖြစ်သည်။ သူတို့အနေဖြင့် အကျပ်အတည်း ဆိုက်နေသော ဂိုဏ်းကို ကယ်တင်ရန် အစွမ်းထက်ပြီး နာမည်ကျော်ကြားသည့် လူငယ်တစ်ဦးကို အသည်းအသန် လိုအပ်နေခြင်းပင်။
သို့သော် သူတစ်ပါး၏ဝေဖန်မှုကို ရှောင်ရှားရန်အတွက် ဂိုဏ်း၏အကြီးအကဲချုပ်အချို့က ယဲ့ဖန်ကို လူသားမိစ္ဆာ စစ်မြေပြင်သို့ အဖွဲ့ဦးဆောင်ကာ စေလွှတ်ရန် နောက်ဆုံးတွင် ဆုံးဖြတ်ခဲ့ကြသည်။ ဤသည်မှာ သူ၏ ဂုဏ်သိက္ခာကို နောက်တစ်ဆင့် ထပ်မံ မြှင့်တင်ရန်အတွက် ဖြစ်သည်။
ယဲ့ဖန်သည် ယခင်က လူသားမိစ္ဆာ စစ်မြေပြင်သို့ ရောက်ဖူးသော်လည်း ထိုစဉ်က သူ၏ ပုဂ္ဂိုလ်ရေးဆန္ဒအရသာ လာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သူသည် ဝိညာဉ်ဓားဂိုဏ်းဝင်များကို ဦးဆောင်ခဲ့ခြင်းမဟုတ်ဘဲ သူ၏နတ်နန်းတော်အဖွဲ့နှင့်အတူ နာမည်ကျော်ကြားအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယခုမူ ယဲ့ဖန်သည် ဝိညာဉ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေပြီဖြစ်သဖြင့် ဂိုဏ်းချုပ်တစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ကာ မိစ္ဆာမျိုးနွယ်များကို တိုက်ထုတ်ရန် ဂိုဏ်းသားများကို ဦးဆောင်ရမည်ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းက နာမည်ဂုဏ်သတင်း စုဆောင်းရန်အတွက် အမြန်ဆုံးနည်းလမ်း မဟုတ်ပါလား။
ဤသတင်းကို ကြားရသည့်အခါ ရှောင်ချီသည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဝိညာဉ်ဓားဂိုဏ်းတွင်ရှိစဉ်က ယဲ့ဖန်ကို အပြတ်မရှင်းနိုင်ခဲ့ခြင်းမှာ ရှောင်ချီအတွက် နောင်တတစ်ခု ဖြစ်နေခဲ့သည်။
အကယ်၍ သူသည် လူသားမိစ္ဆာ စစ်မြေပြင်တွင် ယဲ့ဖန်ကို အပြီးတိုင် သတ်ဖြတ်နိုင်ခဲ့လျှင် ရှောင်ချီ၏ စိတ်ထဲက အဖုအထစ်တစ်ခု ပြေလည်သွားမည့်အပြင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကိုလည်း ဖယ်ရှားနိုင်မည်ဖြစ်သည်။
သို့သော် လူသားမိစ္ဆာ စစ်မြေပြင်တွင် အစဉ်အမြဲ တည်ရှိနေသော စည်းကမ်းတစ်ခုရှိသည် ၎င်းမှာ လူသားမျိုးနွယ်အချင်းချင်း သတ်ဖြတ်ခြင်း မပြုရဟူသော စည်းကမ်းပင်။
မည်သို့သော ရန်ငြိုးမျိုး ရှိစေကာမူ ဤစစ်မြေပြင်အတွင်း ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှု ဖြစ်ပွားပါက ၎င်းကို မဟာဝေနိုင်ငံတစ်ခုလုံးသာမက လူသားမျိုးနွယ်တစ်ခုလုံးကို ဆန့်ကျင်သူအဖြစ် သတ်မှတ်မည်ဖြစ်သည်။
မည်သည့်အရာကိုမျှ မကြောက်တတ်သော ရှောင်ချီပင်လျှင် ဤကိစ္စကို အနည်းငယ် တွန့်ဆုတ်မိသည်။ သူသည် ယဲ့ဖန်ကို စစ်မြေပြင်တွင် သတ်လိုက်ပါက လူသားမျိုးနွယ်တစ်ခုလုံးနှင့် ရန်သူဖြစ်သွားနိုင်သောကြောင့်ပင်။ အဖမ်းမခံရလျှင် ပြဿနာမရှိသော်လည်း တစ်ခါမျှ သိသွားခဲ့လျှင် သူသည် ယူကျုးတိုက်ကြီးတစ်ခုလုံး၏ နံပါတ်တစ် ရန်သူဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ရှောင်ချီသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့အခန်းထဲမှာပဲ ကျင့်စဉ်ကို အာရုံစိုက်နေခဲ့ပြီး ယဲ့ဖန်ကို သွားရောက် ပြဿနာရှာရန်အလျင်မလိုခဲ့ပေ။
ရှောင်ချီနှင့်အတူ လိုက်ပါလာသည့် ေကျာက်စိမ်းကညာဂိုဏ်း တပည့်အယောက် ၂၀ ကျော်မှာလည်း ယခုအခါတွင် သတ်ဖြတ်လိုစိတ် အနည်းငယ် ပေါ်ပေါက်လာပြီဖြစ်သည်။
စစ်မြေပြင်၏ အငွေ့အသက်ကြောင့် ဖြစ်နိုင်သလို တစ်လကြာ လေ့ကျင့်မှုကလည်း အကျိုးသက်ရောက်မှု ရှိပုံရသည်။
စီနီယာအစ်ကိုကြီး ကျွန်မတို့ ဒီအခန်းလေးထဲမှာ နေလာတာ တစ်လကျော်ပြီ ကျွန်မ အပြင်ထွက်ပြီး လမ်းလျှောက်ချင်တယ် လင်ယုရှုက ရှောင်ချီ၏ လက်မောင်းကို လှုပ်ခါကာ ရုတ်တရက် ပြောလိုက်သည်။
ဖူး ရှောင်ချီက လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ့ဘေးက ညီမလေးကို အားနာသလိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည် "ကောင်းပါပြီ အပြင်ထွက် လမ်းလျှောက်တာ ပြဿနာမရှိပါဘူး။ ဒီထဲမှာပဲ အောင်းနေလို့လည်း ငါ အဲ့ဒီအဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး။
ရှောင်ချီသည် သူသည် နောက်ဆုံး အတားအဆီးသို့ နီးကပ်နေပြီဖြစ်ကြောင်း ခံစားနေရသည်။ သူ တက်လှမ်းချင်လျှင် မည်သည့်အချိန်တွင်မဆို လုပ်ဆောင်နိုင်သည်။
သို့သော် သူသည် တစ်ခုခု လိုအပ်နေသေးသည်ဟု အမြဲ ခံစားနေရသည် အကယ်၍ ၎င်းကို မဖြည့်ဆည်းနိုင်ပါက သူ၏ ကျင့်စဉ်အဆင့်မှာ ပြည့်စုံမည်မဟုတ်ဘဲ နောင်အနာဂတ် ကျင့်ကြံမှုနှင့် အမြင့်ဆုံး အကန့်အသတ်ကိုထိခိုက်နိုင်သောကြောင့်ပင်။
ရှောင်ချီသည် သူ့ညီမလေးကို သေသေချာချာ ထုပ်ပိုးပြင်ဆင်ပေးပြီးနောက် သူမအပေါ်တွင် ကိုယ်ယောင်ဖျောက်မန္တန်တစ်ခုကို ရွတ်ဖတ်ပေးလိုက်ပြီးမှ စိတ်အေးလက်အေးဖြင့် အိမ်ရာလေးထဲကနေ ခေါ်ထုတ်လာခဲ့သည်။
သူတို့ရောက်နေသည့် နေရာ၏ သုံးလီ (၃ မိုင်ခန့်) ပတ်လည်မှာ ေကျာက်စိမ်းကညာဂိုဏ်း၏ နယ်မြေဖြစ်ပြီး နေထိုင်ရာနေရာများနှင့် လေ့ကျင့်ရေးကွင်းများ ပါဝင်သည်။
ဤနယ်မြေတွင် အစည်ကားဆုံးနေရာကို ပြောပါဆိုလျှင် ဈေးတန်းပင်ဖြစ်လိမ့်မည် တပည့်အများအပြားသည် စစ်မြေပြင်တွင် မိစ္ဆာများကို သတ်ပြီးနောက် ရရှိလာသည့် မိစ္ဆာသလင်းခဲ သို့မဟုတ် မိစ္ဆာမျိုးနွယ်၏ မှော်လက်နက်များကို ရရှိတတ်ကြသည်။
ဤပစ္စည်းများကို များသောအားဖြင့် ဂိုဏ်းသို့ အပ်နှံရသော်လည်း အချို့ကိုမူ ကိုယ်တိုင် သိမ်းဆည်းထားနိုင်သည်။ အကယ်၍ အသုံးဝင်ပါက သိမ်းထားပြီး အသုံးမဝင်ပါက ဈေးတန်းသို့ ယူဆောင်ကာ မိမိအတွက် လိုအပ်သော အရင်းအမြစ်များနှင့် လဲလှယ်ကြသည်။
ကြာလာသည်နှင့်အမျှ ဈေးတန်းသည် အနားယူစရာ နေရာတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။
သို့သော် ရှောင်ချီနှင့် လင်ယုရှုတို့ ဈေးတန်းသို့ ရောက်သည့်အခါ ထူးထူးခြားခြား တန်ဖိုးရှိသည့်အရာ ဘာမှမရှိသည်ကို တွေ့လိုက်ရသည်။
ရှောင်ချီ ထွက်ခွာတော့မည့် အချိန်တွင် ရုတ်တရက် ပေါ်ပေါက်လာသော စွမ်းအားအရှိန်အဝါတစ်ခုကြောင့် သူ၏ကျင့်စဉ်အဆင့်မှာ တုန်လှုပ်သွားသည်။
"ဒါက ဘာလဲ" ရှောင်ချီသည် ဆိုင်ခန်းတစ်ခုဆီသို့ လျှောက်သွားပြီး သလင်းခဲတစ်ခုကို ကောက်ကိုင်ကာ အသက် ၃၀ ကျော်ခန့်ရှိသော အမျိုးသမီး ကျင့်ကြံသူတစ်ဦးကို မေးလိုက်သည်။
"ဟင် ဒီစခန်းထဲမှာ ဘာလို့အမျိုးသားကျင့်ကြံသူ ရှိနေတာလဲအော် နင်က သူတော်စင်မလေး ပြောနေတဲ့ ဘိုးဘေးဆရာကြီးဆိုတာ ဖြစ်မယ် ဟုတ်လား" ထိုအမျိုးသမီးသည် ရှောင်ချီကို အံ့သြတကြီး ကြည့်ပြီးနောက် နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။
ဘိုးဘေးဆရာလေး ဆရာလေး ဒီကို ရောက်တာ ပထမဆုံးအကြိမ် ထင်တယ် ဒါကို မိစ္ဆာသလင်းခဲလို့ ခေါ်ပါတယ်။ မိစ္ဆာမျိုးနွယ်တွေကို သတ်ပြီးရင် ထွက်လာတဲ့ သလင်းခဲပါ။
ဆရာလေး ကိုင်ထားတဲ့ သလင်းခဲက အရည်အသွေး အလွန်ကောင်းပါတယ်။ ဒါက အဆင့် ၅ မိစ္ဆာသားရဲဆီက ရတဲ့ သလင်းခဲပါဟု ထိုအမျိုးသမီးက ရှောင်ချီကို သေသေချာချာ ရှင်းပြသည်။
ရှောင်ချီသည် ထိုသလင်းခဲကို အံ့သြတကြီး ကြည့်ရင်း စူးစမ်းမိသွားသည်။ ဘာကြောင့် ဤသလင်းခဲဆီက အငွေ့အသက်ကို ခံစားမိသည့်အခါ သူ၏ကျင့်စဉ်အဆင့်က လှုပ်ရှားသွားရသနည်း။
ရှောင်ချီ၏ အမူအရာကို မြင်သော် ထိုအမျိုးသမီးက ရယ်မောကာ "ဦးလေးတော် အံ့သြမနေပါနဲ့ ဒီသလင်းခဲတွေက ကျင့်စဉ်အဆင့်ကို တိုးတက်စေတာ အမှန်ပါပဲ ဒါပေမဲ့ အထဲမှာပါတဲ့ မိစ္ဆာစွမ်းအားကို သန့်စင်ဖို့က တော်တော်ခက်ပါတယ်။ အတင်းအဓမ္မ စုပ်ယူရင် သွေးလေချောက်ချားဖြစ်ဖို့ အရမ်းလွယ်တယ်"
ဒါပေမဲ့ ငါတို့လူသားမျိုးနွယ် ဘိုးဘေးတွေက ဒါအတွက် ဖြေရှင်းနည်း စဉ်းစားထားပြီးသားပါ အကယ်၍ ဒီအဆင့် ၅ ဆေးလုံးဖြစ်တဲ့ မိစ္ဆာတိုက်ဖျက်ဆေးနဲ့ တွဲသုံးမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးမရှိဘဲ သလင်းခဲကို စုပ်ယူနိုင်မှာပါ။
ဒီသလင်းခဲ တစ်ခုကို ဝိညာဉ်ကျောက်တုံးဘယ်လောက်လဲ ရှောင်ချီက ခေါင်းညိတ်ပြရင်း မေးလိုက်သည်။
"အဆင့် ၅ တစ်ခုကို ဝိညာဉ်ကျောက်တုံး ၁၀၀ ပါ ကျွန်မဆီမှာ အဆင့် ၅က ဒါတစ်ခုပဲ ရှိတာ။ ဆရာကြီး လိုချင်ရင်တော့ အမြန်ယူထားမှ ဖြစ်မယ်နော်" ဆိုင်ရှင်အမျိုးသမီးက ရိုးသားဖြောင့်မတ်သော အမူအရာဖြင့် ပြုံးကာ ပြောလိုက်သည်။
ရှောင်ချီ ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်ကျောက်တုံးများ ပေးချေတော့မည့် အချိန်တွင် ဝေးလံသော နေရာဆီမှ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သော စစ်ဗုံသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
"မကောင်းတော့ဘူး မိစ္ဆာမျိုးနွယ်တွေ တိုက်ခိုက်လာပြီ ဒီအရောင်းအဝယ်ကို နောက်မှပဲ လုပ်ကြရအောင်။ တကယ် တောင်းပန်ပါတယ် ဘိုးဘေးဆရာလေးရယ်"
ထိုအမျိုးသမီးသည် သူမ၏ဆိုင်ကို အလွန်လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။ ရှောင်ချီ၏ လက်ထဲက အဆင့် ၅ သလင်းခဲကိုပါ သိမ်းဆည်းခြင်းအိတ်ထဲ ထည့်လိုက်ပြီးနောက် သူမ၏ ပုံရိပ်သည် စစ်မြေပြင်ရှိရာသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
"မင်း အိမ်ကို အရင်ပြန်နှင့် ငါ ဘာဖြစ်တာလဲ သွားကြည့်လိုက်ဦးမယ်" ရှောင်ချီက သူ့ညီမလေးကို ကြည့်ကာ ပြောလိုက်သည်။
"မရဘူး ကျွန်မလည်း အစ်ကိုကြီးနဲ့ လိုက်မယ်" လင်ယုရှုက ခေါင်းခါကာ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။
"ဒါဆိုရင် ငါ့ဘေးကနေ မခွာနဲ့နော်" ရှောင်ချီ သက်ပြင်းချလိုက်မိသည်။ ယခုအချိန်တွင်မူ သူ့ညီမလေး၏ ဆန္ဒကို လိုက်လျောရန်သာ ရှိတော့သည်။
ဓားပျံတစ်လက်သည် သူ၏ရှေ့တွင် ချက်ချင်း ပေါ်လာသည်။ သူနှင့် လင်ယုရှုတို့ ထိုဓားပေါ်သို့ တက်လိုက်သည်နှင့် ဓားသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဖြင့် ချက်ချင်း ပျံထွက်သွားတော့သည်။
လူသားမျိုးနွယ်၏ နယ်စပ်မြို့ရိုးပေါ်တွင် သိန်းနှင့်ချီသော ကျင့်ကြံသူများ စုဝေးနေကြပြီဖြစ်သည်။ အများစုမှာ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူသားစစ်သည်များ ဖြစ်ကြသည်။
ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူအရေအတွက်မှာမူ အချိုးအစားအားဖြင့် အနည်းငယ်သာရှိသည်။
မြို့ရိုးအနောက်ဘက်ဆီမှ ကျင့်ကြံသူအများအပြားမှာလည်း မြို့ရိုးပေါ်သို့ ဆက်တိုက် ရောက်ရှိလာနေကြဆဲ ဖြစ်သည်။
မြို့ရိုးအောက်တွင်မူ မည်းမှောင်နေသော ပုံရိပ်များစွာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။
ခေါင်းတွင် ဦးချိုနှစ်ခုပါသော အရုပ်ဆိုးသည့် ဧရာမသားရဲကြီးများသည် မြို့ရိုးနှင့် ဆယ်လီခန့်အကွာတွင် ဝပ်နေကြသည်။ ထိုသားရဲများ၏ အနောက်တွင်မူ အရပ် ၁၀ မီတာခန့် မြင့်မားပြီး လူသားများနှင့် လုံးဝမတူသော ထူးဆန်းသည့် မျိုးနွယ်စုကြီး ရှိနေသည်။
သူတို့၏ ခေါင်းပေါ်ရှိ ထူးဆန်းသော ဦးချိုနှစ်ခုမှလွဲလျှင် သူတို့၏ ပုံသဏ္ဌာန်မှာ လူသားများနှင့် မခြားနားသော်လည်း သူတို့၏ အရွယ်အစားမှာ လူသားများထက် ဆယ်ဆကျော် ပို၍ကြီးမားနေတော့သည်။