အခန်း (၁၁၃) လူသားမိစ္ဆာစစ်မြေပြင်တွင် စုဝေးလာကြသော ပါရမီရှင်များ
အခုမှ တိုက်ခိုက်ရေးနည်းစနစ်တွေကို လေ့ကျင့်နေတာ နည်းနည်း နောက်ကျမနေဘူးလား ဒါက မြင်းပြာခါနီးမှ မြက်ခြောက်ကျွေးသလိုမျိုး ဖြစ်မနေဘူးလား။
ရှောင်ချီသည် အလတ်တန်းစား အမျိုးသမီး ကျင့်ကြံသူကို ကြည့်ကာ စူးစမ်းသလို မေးလိုက်သည်။
ဘိုးဘေးဆရာကြီး ဆရာကြီး မသိသေးလို့ပါ ဒီမှာ လေ့ကျင့်နေတဲ့သူတွေက စစ်မြေပြင်ကို တစ်ခါမှ မရောက်ဖူးသေးတဲ့ အတွေ့အကြုံမရှိသေးသူတွေပါ။
စစ်မြေပြင်မှာ အသက်ဆုံးရှုံးရတာထက်စာရင် ဒီမှာဒဏ်ရာရတာက ပိုပြီးတန်ဖိုးရှိပါတယ်။ တကယ့် တိုက်ပွဲအတွေ့အကြုံရှိတဲ့ ကျင့်ကြံသူတွေကတော့ သူတို့ရဲ့ အချိန်အတော်များများကို ကျင့်စဉ်တက်ဖို့အတွက်ပဲ အသုံးချကြပါတယ်။
"ဘာလို့လဲဆိုတော့ သူတို့က တိုက်ခိုက်ရေး လမ်းစဉ်ကို ကျွမ်းကျင်ပြီးသားမို့လို့ပါ။ ပုံမှန်အားဖြင့် သူတို့က သူတို့ရဲ့ သတ်ဖြတ်လိုစိတ်ကို မွေးမြူပြီး ကျင့်စဉ်အဆင့် မြှင့်တင်ဖို့ပဲ လိုတာပါ" ဟု ထိုအမျိုးသမီးက ရှင်းပြသည်။
"ဪနားလည်ပြီ ခင်ဗျားတို့လည်း တော်တော်လေး စဉ်းစားထားတာပဲ" ရှောင်ချီက ခေါင်းညိတ်လိုက်သည်။ ဤနည်းလမ်းကို သူလည်း သဘောတူမိသည်။
နောက်ဆုံးတော့ အသက်ရှင်သန်ရေးနဲ့ ယှဉ်လိုက်ရင် ကျန်တာတွေက အရေးမကြီးတော့ဘူးမဟုတ်ပါလား။
တပည့်တို့ ငါ့ကိုယ်ငါမိတ်ဆက်ပါရစေ။ ငါ့နာမည်က ဝမ်ယန်ပါ ဒီနေ့ကစပြီး ငါက မင်းတို့ရဲ့သင်တန်းသားစခန်းရဲ့ တပ်မှူးအဖြစ် တာဝန်ယူသွားမှာပါ။
အားလုံးငါ့နောက်ကို လိုက်ခဲ့ကြ ငါတို့စခန်းကို အမြုတေအဆင့်စခန်းနဲ့ နတ်စင်ဝိညာဉ်အဆင့်စခန်းဆိုပြီး နှစ်ပိုင်း ခွဲထားတယ်။
ငါက အမြုတေအဆင့်စခန်းကို တာဝန်ယူပြီး အကြီးအကဲ ချန်ယွဲ့ က နတ်စင်ဝိညာဉ်အဆင့်စခန်းကို တာဝန်ယူမှာပါ။
မင်းတို့ ဒီစခန်းမှာ သုံးလကြာ ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ် အဲ့ဒီနောက်မှ စစ်မြေပြင်ကို သွားရမှာပါ။
ဒါပေမဲ့ မိစ္ဆာမျိုးနွယ်တွေဘက်က အရင် စမတိုက်ဘူးဆိုရင် ငါတို့ဘက်ကလည်း စစ်ကို အစဖော်မှာ မဟုတ်ဘူး။
ပုံမှန်အခြေအနေအရဆိုရင် မင်းတို့ သင်တန်းဆင်းပြီးရင်တောင် တစ်နှစ်ကျော်လောက် အခြေအနေကြည့်ရဦးမှာပါ။
အဲ့ဒီ တစ်နှစ်အတွင်းမှာ မင်းတို့ စစ်မြေပြင်မှာ အသက်ပိုရှည်ရှည် ရှင်နိုင်အောင် တိုက်ခိုက်ရေး နည်းစနစ်တွေကို ဆက်ပြီး လေ့ကျင့်ပေးသွားမှာပါ။
သင်တန်းသားစခန်းကို ရောက်တဲ့အခါ ဝမ်ယန်က ရပ်လိုက်ပြီး သူမအနောက်က ယုနုဂိုဏ်းတပည့် အယောက် ၂၀ ကျော်ကို ကြည့်ကာ အသံကျယ်ကျယ်နဲ့ အမိန့်ပေးလိုက်သည်။
ဘာကျွန်မတို့လည်း အပြင်းအထန် လေ့ကျင့်ရဦးမှာလား။
ကျွန်မတို့က ဂိုဏ်းရဲ့အတော်ဆုံး တပည့်တွေလို့ ပြောထားတာ မဟုတ်ဘူးလား။
ကျွန်မဆိုရင်ဂိုဏ်းရဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း မိစ္ဆာကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို သတ်ခဲ့ပြီးပြီပဲ လေ့ကျင့်ဖို့ မလိုတော့ဘူး ထင်တာပဲ။
ဝမ်ယန်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ အောက်က တပည့်တွေကြားမှာ ဆူညံသွားတော့သည်။
ဒီတစ်ခါ ရှောင်ချီနဲ့ ယုလင်လုံတို့ နောက်ကို လိုက်လာတဲ့ တပည့်တွေက ဂိုဏ်းထဲမှာ အတော်ဆုံးတွေချည်းပါပဲ။
သူတို့က ဂိုဏ်းရဲ့ တာဝန်တွေမှာ အဓိက တိုက်ခိုက်ရေး အင်အားစုတွေ ဖြစ်သလို ကေျာက်စိမ်းကညာဂိုဏ်းရဲ့ ဒီမျိုးဆက်သစ်မှာ ကျောရိုးတိုင်တွေလို့တောင် တင်စားခံရသူတွေပါ။
ပါရမီရှင်တွေဆိုတော့ မာန်မာနလေးတွေကတော့ရှိကြတာပေါ့ သူတို့က သာမန်တပည့်တွေနဲ့ မတူဘူးလို့ ယူဆထားကြပြီး ပုံမှန် လေ့ကျင့်ရေးတွေ လုပ်ဖို့မလိုဘူးလို့ ထင်နေကြတာပါ။
"မင်းတို့ဂိုဏ်းမှာ ဘယ်လိုအဆင့်အတန်းပဲ ရှိခဲ့ရှိခဲ့ ငါဂရုမစိုက်ဘူး အခုလူသားမိစ္ဆာ စစ်မြေပြင်ကို ရောက်လာပြီဆိုရင် စစ်တပ်ရဲ့ အမိန့်ကို မဖြစ်မနေ နာခံရမယ်"
စစ်အမိန့်ကို ဖောက်ဖျက်တဲ့သူကို ချက်ချင်း အကွပ်မျက်ခံရမယ်။
ဝမ်ယန်က အောက်က လူအုပ်ကြီးကို ကြည့်ကာ မျက်နှာက အေးစက်သွားပြီး သူမရဲ့ ခန္ဓာကိုယ်ကနေ ကြောက်စရာကောင်းတဲ့ သတ်ဖြတ်လိုစိတ်တွေ ထွက်ပေါ်လာတော့သည်။
ဒီသတ်ဖြတ်လိုစိတ်က တကယ်ကို လက်ဆုပ်လက်ကိုင် ပြလို့ရလောက်အောင် ပြင်းထန်လွန်းလှသည်;ကျင့်စဉ်အဆင့်နိမ့်တဲ့သူတွေကို ဒီအတိုင်း သတ်ပစ်နိုင်တယ်ဆိုတာ ရှောင်ချီ ယုံကြည်သွားသည်။
သတ်ဖြတ်လိုစိတ်နဲ့တင် လူသတ်လို့ရတယ်ဆိုတာ သူကြားဖူးသော်လည်း ဒီနေ့မှပဲ မျက်မြင်တွေ့ရတော့သည်။ ဝမ်ယန်ဟာ အလောင်းတောင် သွေးပင်လယ်ထဲကနေ ရုန်းထွက်လာတဲ့ စစ်မြေပြင်က ဝါရင့်ပညာရှင်ကြီးတစ်ဦး ဖြစ်မှန်း သိသာလှသည်။
ဟက် ငါဒီလူသားမိစ္ဆာ စစ်မြေပြင်မှာ နေလာတာ ဆယ်နှစ်ကျော်ပြီ ငါ သတ်ခဲ့တဲ့မိစ္ဆာတွေဆိုရင် တောင်အငယ်စားလေး တစ်လုံးလောက်တောင် ဖြစ်နေပြီ။
မိစ္ဆာမျိုးနွယ်တွေနဲ့ ယှဉ်ရင် လူသားမျိုးနွယ်တွေက အားနည်းပြီး သနားစရာကောင်းပါတယ်။ ဒါပေမဲ့ ဘာလို့မိစ္ဆာတွေက နှစ်ပေါင်း တစ်သောင်းတိုင်တိုင် တစ်လက်မတောင် ရှေ့မတိုးနိုင်တာလဲ ဒါဟာ ငါတို့လူသားမျိုးနွယ် ဘိုးဘေးတွေရဲ့ သေရင်မြေကြီး ရှင်ရွှေထီး တိုက်ပွဲဝင်ခဲ့တဲ့ စိတ်ဓာတ်နဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကြောင့်ပဲ။
ဒီနေ့ကစပြီး ငါပြောတာကအမိန့်ပဲ ဘယ်သူမဆို ငါ့ကို ပြန်ပြောရဲရင် ငါ့ဘက်က ရက်စက်သွားရင် မပြောနဲ့တော့။
ဝမ်ယန်ရဲ့ သတ်ဖြတ်လိုစိတ်တွေက ပိုပြီး ပြင်းထန်လာတာကြောင့် တပည့်တွေအားလုံး တိတ်ဆိတ်သွားကြသည်။
ဝမ်ယန် တကယ် ဒေါသထွက်သွားတဲ့အခါမှာတော့ ဒီတပည့်မလေးတွေဟာ စာကလေးလေးတွေလို ငြိမ်ကုပ်သွားကြပြီး ဘာမှ ထပ်မမေးရဲတော့ဘဲ သူမနောက်ကို လိုက်သွားကြတော့သည်။
ရှောင်ချီ ယုလင်လုံနှင့် နင်ယိုဝေတို့ကတော့ ဒီလေ့ကျင့်ရေးတွေမှာ ပါဝင်စရာ မလိုပါဘူး
သူတို့ရဲ့ အဆင့်အတန်းက မြင့်မားသလို အစွမ်းကလည်း ထက်မြက်တာကြောင့် စစ်စခန်းကနေ သီးသန့် နေရာထိုင်ခင်းတွေ စီစဉ်ပေးထားပြီးသားပါ။
ရှောင်ချီရဲ့ နေစရာကတော့ နည်းနည်း ခြောက်ကပ်ကပ် နိုင်လှသည်။ အမျိုးသမီး စစ်သည်တွေရဲ့ စခန်းထဲမှာ ဖြစ်ပေမဲ့ ပင်မအခြေစိုက်စခန်းနဲ့တော့ နည်းနည်း ဝေးသည်။
သူက အမျိုးသားတစ်ယောက် ဖြစ်နေတာကြောင့် အဆင်မပြေမှုတွေ မဖြစ်အောင် သီးသန့် စီစဉ်ပေးထားခြင်း ဖြစ်သည်။
"စီနီယာအစ်ကိုကြီး ကျွန်မ အပြင်ထွက်လို့ ရပြီလား" အခန်းထဲကနေ လှပတဲ့ ပုံရိပ်လေးတစ်ခု ထွက်လာပြီး ရှောင်ချီကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"ထွက်လာခဲ့ပါ တကယ်ပဲ မင်းက ဘာလို့ အတင်း လိုက်လာရတာလဲ"
ရှောင်ချီက အနည်းငယ် မာကျောတဲ့ ကုတင်ပေါ်မှာ ထိုင်ရင်း ပုန်းနေတဲ့ လင်ယုရှုကို ပြောလိုက်သည်။
"ကျွန်မစိတ်ပူလို့ပါ ဒါ့အပြင် ကျွန်မက ငယ်ငယ်ကတည်းက ဂိုဏ်းထဲမှာပဲ ကြီးပြင်းလာတာဆိုတော့ အပြင်ကို သိပ်မရောက်ဖူးဘူးလေ ဒီလို အခွင့်အရေးမျိုး ရတုန်းလာကြည့်ချင်တာပေါ့" လင်ယုရှုက ဝမ်းနည်းဟန်ဖြင့် ပြောလိုက်သည်။
"ကဲပါ တော်ပါတော့ အဲ့ဒီလို မျက်နှာလေးနဲ့ မကြည့်ပါနဲ့ အခုပဲ မင်းကိုအပြင်ထွက်ခွင့် ပေးလိုက်ပြီ မဟုတ်လား" ရှောင်ချီက သူ့ညီမလေးကို မျက်စောင်းထိုးလိုက်သည်။
သူမက သနားစရာကောင်းအောင် ဟန်ဆောင်နေမှန်း သူ ကောင်းကောင်းသိသော်လည်း အမြဲတမ်း အရှုံးပေးလိုက်ရတာပါပဲ။
"စီနီယာအစ်ကိုကြီး ဘာလို့ ကျွန်မကို အတင်း ပုန်းခိုင်းနေရတာလဲ ကျွန်မက တစ်ခုခုကို ခိုးဝှက်ထားရသလို ခံစားနေရတယ်" သူမ အစ်ကိုကြီး ဒေါသ မထွက်တော့တာ မြင်မှ လင်ယုရှုက သူ့ဘေးမှာ အမြန်ဝင်ထိုင်ပြီး ခြေထောက်တွေကို နှိပ်ပေးရင်း မေးလိုက်သည်။
ဒီစစ်မြေပြင်မှာက ဘယ်အချိန် ဘယ်နေရာမှာမဆို စစ်ပွဲကြီးတွေ ဖြစ်ပွားနိုင်တယ်။ အကယ်၍ မင်းက ေကျာက်စိမ်းကညာဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ လာမယ်ဆိုရင် မင်းလည်း တိုက်ပွဲထဲ ဝင်ရမှာပဲ။ အဲ့ဒါက ဘယ်လောက် အန္တရာယ်များလဲဆိုတာ ငါ ပြောပြစရာ မလိုတော့ဘူးမလား။
"ဒါပေမဲ့ မင်းက အရိပ်ထဲမှာပဲ ပုန်းနေမယ်ဆိုရင်တော့ ဒီစစ်ပွဲတွေထဲ ပါစရာ မလိုတော့ဘူးလေ ငါလည်း မင်းကိုပိုပြီး ကာကွယ်ပေးနိုင်တာပေါ့" ရှောင်ချီက သူ့ညီမလေးရဲ့ ဆံပင်တွေကို အလိုလိုက်သလို ပွတ်သပ်ရင်း ပြောလိုက်သည်။
အစ်ကိုကြီးက ကျွန်မကို ဂရုစိုက်တာ သိပါတယ် ဒါပေမဲ့ ဒါကကျွန်မကို လူကြောက်တစ်ယောက်လိုဖြစ်စေမှာ မဟုတ်ဘူးလား။
လင်ယုရှုက နှုတ်ခမ်းလေးဆူကာ မကျေမနပ် ပြောလိုက်သည်။ သူမ ကျင့်စဉ်တွေကို ဒီလောက်ကြာအောင် လေ့ကျင့်လာတာက လိပ်လိုမျိုးအခွံထဲမှာ ပုန်းနေဖို့ မဟုတ်ပါဘူး သူမလည်း စစ်မြေပြင်မှာ ရန်သူတွေကို သတ်ပြီး သူမရဲ့ ကျင့်စဉ်ရလဒ်တွေကို ပြချင်တာပါ။
"အခြေအနေပေးမယ်ဆိုရင်တော့ စစ်မြေပြင်မှာ ခဏတဖြုတ် သွားတိုက်လို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် မင်းရဲ့အစ်ကိုကြီးက မင်းကို ကာကွယ်ပေးနိုင်ပါသေးတယ်" သူ့ညီမလေး စိတ်မကောင်း ဖြစ်နေတာ မြင်တော့ ရှောင်ချီက အနည်းငယ် လျှော့ပေးလိုက်သည်။
...
နောက်ရက်အနည်းငယ်အတွင်းမှာတော့ ထူးထူးခြားခြား ဘာမှ မဖြစ်ခဲ့ပါဘူး ရှောင်ချီနှင့် လင်ယုရှုတို့ကတော့ ပုံမှန်အတိုင်း ကျင့်စဉ်တွေကိုပဲ လေ့ကျင့်နေကြသည်။
သူတို့ရဲ့ကျင့်စဉ်အဆင့်မှာတော့ အိပ်စက်ခြင်းကို တရားထိုင်ပြီး အသက်ရှူသွင်းရှူထုတ်တာနဲ့ အစားထိုးလို့ ရနေပါပြီ။
ဒါကြောင့် ကျား၊ မ ကွာခြားချက်က ပြဿနာ မရှိပါဘူး သူတို့နှစ်ယောက်ဟာ သီးသန့် နေရာလေးတွေမှာ ထိုင်ပြီး ကျင့်စဉ်တွေကိုပဲ အာရုံစိုက်နေကြသည်။
အချိန်တွေ ကုန်ဆုံးသွားတာ တစ်လတောင် ရှိသွားပါပြီ။
ဒီတစ်လအတွင်းမှာ ရှောင်ချီနှင့် လင်ယုရှုတို့ဟာ အခန်းပြင်ကို ခဲခဲယဉ်ယဉ်ပဲ ထွက်ဖြစ်ကြသည်။ ရှောင်ချီကတော့ သူဟာ ကျင့်စဉ်ရဲ့ အတားအဆီးကိုရောက်ဖို့ နီးကပ်နေပြီဖြစ်ကြောင်း ခံစားနေရသည် နောက်ထပ် တစ်လှမ်းဆိုရင်တော့ ထိုအဆင့်ကိုလုံးဝ ရောက်ရှိသွားတော့မှာပါ။
ဒီအတောအတွင်း ယုလင်လုံက အခန်းဆီကို အနည်းငယ်လာလည်ပြီး သတင်းအချို့ လာပေးတတ်သည်။
ဒီကာလအတွင်းမှာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ပါရမီရှင် အများအပြားကို လူသားမိစ္ဆာ စစ်မြေပြင်ဆီ အတွေ့အကြုံယူဖို့ စေလွှတ်ထားကြသည်။ အဲ့ဒီထဲမှာ နာမည်အကြီးဆုံးကတော့ ဝိညာဉ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ယဲ့ဖန်ပါပဲ။
ဒါ့အပြင် ဝူချန်းဂိုဏ်းက သူတော်စင် ကျိဝူထျန်း ၊ သားရဲထိန်းဂိုဏ်းက ချောင်ဇီရှို့နဲ့ တခြားဂိုဏ်းက ထိပ်တန်း ပါရမီရှင်တွေလည်း စစ်မြေပြင်ကို အသီးသီး ရောက်ရှိနေကြပြီ ဖြစ်သည်။ ဧကရာဇ် မိသားစုဝင် ဖြစ်တဲ့ သတ္တမမြောက် မင်းသမီးလေး တောင်မှ ဒီနေရာမှာ ပေါ်လာခဲ့ပါသေးသည်။