အခန်း (၁၀၇) ယဲ့ဖန်၏အသက်မှာ ဆံခြည်တစ်မျှင်သာ လိုတော့ခြင်း
အမျိုးသမီးတစ်ယောက်က ဘာကြောင့် ယောက်ျားတစ်ယောက်အတွက်နဲ့ အသက်ရှင်နေရမှာလဲ သူမက သူမကိုယ်တိုင်ပဲ သူမက လင်ယွင်ပဲလေ။
ဘာလို့ ယဲ့ဖန်ရဲ့ ခံစားချက်တွေကို ဂရုစိုက်နေရမှာလဲ ဘာလို့ ရှောင်ချီရဲ့ ခံစားချက်တွေကို ဂရုစိုက်နေရမှာလဲ ပြီးတော့ ဘာလို့ ဆရာကြီး လင်ယွီရဲ့ ခံစားချက်တွေကိုကော ဂရုစိုက်နေရဦးမှာလဲ
အတိတ်ဆိုတာ ပြန်ပြင်လို့မရတော့ဘူး သူမရဲ့ ကိုယ်ပိုင်တပည့်ကတောင် သူမကို ခွင့်မလွှတ်နိုင်မှတော့ သူ့ရဲ့အေးစက်လှတဲ့ အမူအရာတွေကို သူမဘက်က နူးညံ့ပြနေဖို့ မလိုတော့ဘူး။
ယဲ့ဖန်ကလည်း အရမ်းကောက်ကျစ်ပြီး သူ့ဘေးမှာ မိန်းမတွေ အများကြီးရှိနေတာပဲ။ အဲ့ဒါကို မနာလိုဖြစ်ပြီး စိတ်ဆင်းရဲနေမယ့်အစား ဒီတပည့်ကို အပြီးအပိုင် စွန့်လွှတ်လိုက်တာက ပိုကောင်းလိမ့်မယ်။
စီနီယာအစ်ကိုကြီး လင်ယွီဆိုတာကလည်း အတိတ်က သံယောဇဉ်တစ်ခုပဲ ကြာလှပြီပဲ။ ဘာလို့ အဲ့ဒါကို ဖက်တွယ်ထားရဦးမှာလဲ။
ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေမှာ အချိန်ကုန်နေမယ့်အစား ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်လိုက်တာက ပိုကောင်းတယ်။ သူမကိုယ်တိုင် သန်မာလာမှသာ သူမ ဘယ်ကိုသွားမယ် ဘယ်မှာနေမယ်ဆိုတာကို သူမကိုယ်တိုင် ဆုံးဖြတ်နိုင်မှာ။
ယဲ့ဖန်ရဲ့ ပါရမီက ပြိုင်ဘက်ကင်းနေရင်ကော ဘာဖြစ်လဲ ရှောင်ချီရဲ့ပါရမီက ကောင်းကင်ကို ဆန့်ကျင်နေရင်ကော ဘာဖြစ်လဲ သူမ လင်ယွင်ဟာလည်း တစ်ချိန်က သူမဂိုဏ်းရဲ့ ဂုဏ်ဆောင် အားလုံးက လေးစားရတဲ့ စီနီယာအစ်မကြီးဖြစ်ခဲ့တာပဲ ဘာလို့ ဒီလိုအားကိုးလို့မရတဲ့ ယောက်ျားတွေအပေါ် မှီခိုနေရမှာလဲ။
လင်ယွင်ပိုတွေးလေလေ သူမ ပိုပြီး ရှင်းလင်းလာလေလေပင်။ မူလက သူမရှေ့မှာ လမ်းနှစ်သွယ်ရှိခဲ့တယ် တစ်ခုကတော့ တစ်ယောက်တည်းလျှောက်ရမယ့် အထီးကျန်တဲ့လမ်း။ ဒါပေမဲ့ သူမက ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘဲ သူမကိုယ်တိုင် ဖြစ်နိုင်ပြီး အထွတ်အထိပ်ကို ရောက်ဖို့ မျှော်လင့်ချက် ရှိနေသေးတယ်။
နောက်တစ်ခုကတော့ မိသားစုရဲ့ ထောက်ပံ့မှု၊ နားလည်မှုရှိတဲ့ တပည့်တွေနဲ့ ချစ်သူရဲ့ အဖော်ပြုမှုတွေရှိတဲ့ သာယာတဲ့လမ်း
နှမြောစရာကောင်းတာက အရင်က လုပ်ခဲ့မိတဲ့ အမှားအချို့ကြောင့် လင်ယွင်ဟာ ဒီလမ်းကနေ သွေဖည်သွားခဲ့ပြီ ပြန်လှည့်လို့လည်း မရတော့ဘူး။
အရင်ကတော့ သူမဟာ ဒီလမ်းမှန်ပေါ်ကို ဘယ်လိုပြန်တက်ရမလဲဆိုတာကိုပဲ တနုံ့နုံ့တွေးပြီး ရုန်းကန်နေခဲ့တာ။
အခုတော့ သူမ အကုန်လုံးကို နားလည်သွားပြီ။ အမြဲတမ်း ရုန်းကန်နေမယ့်အစား ဒီလမ်းကို စွန့်လွှတ်လိုက်ပြီး လမ်းသစ်ဖောက်ကာ သူမရဲ့ စစ်မှန်တဲ့ ပုံစံအတိုင်း နေထိုင်တာက ပိုကောင်းလိမ့်မယ်။
ဂျူနီယာညီမလေး အခုလို အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်သွားတာ တကယ်ကို ဝမ်းသာစရာပဲ ငါကြည့်ရသလောက် ညီမလေးရဲ့ ကျင့်စဉ်က ဝိညာဥ်နဲ့ခန္ဓာပေါင်းစပ်ခြင်းတစ်ပိုင်းအဆင့်ကို ရောက်နေပြီ မဟုတ်လား ဝိညာဥ်ခန္ဓာပေါင်းစပ်ခြင်းအဆင့်ကို တက်လှမ်းဖို့ နောက်ဆုံးခြေလှမ်းတစ်လှမ်းပဲ လိုတော့တာလား။
ဆရာကြီးလင်ယွီက သူ့နောက်က ညီမလေးကို ကြည့်ပြီး ကျေနပ်တဲ့ အရိပ်အယောင်တွေ ပြနေတယ်။ သူမရဲ့ ကျင့်စဉ်အဆင့်ကို မြင်လိုက်ရတဲ့အခါ သူ ပိုပြီးတော့တောင် အံ့အားသင့်သွားရတယ်။
ဒီနှစ်အနည်းငယ်အတွင်းမှာ ဂျူနီယာညီမလေးရဲ့ ကျင့်စဉ်အဆင့်က သိသိသာသာကို မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ။
နတ်မိမယ် လင်ယွင်က သူတို့နှစ်ဦးကို အရင်ဆုံး ခေါင်းညိတ်ပြလိုက်ပြီး တိုက်ပွဲမြေပြင်ရဲ့ အလယ်ဗဟိုဆီကို လျှောက်သွားလိုက်တယ်။
သူမက ကောင်းကင်မှာ တိုက်ခိုက်နေတဲ့ နှစ်ယောက်ကို ဂရုမစိုက်ဘဲ မူဝမ်အာရဲ့ အလောင်းဆီကိုပဲ ဦးတည်လျှောက်သွားတယ်။
ရှောင်ချီရဲ့ သတ်ခြင်းကို ခံလိုက်ရပြီးနောက် မူဝမ်အာရဲ့ အလောင်းဟာ လဲကျတဲ့နေရာမှာပဲ ရှိနေခဲ့ပြီး ဘယ်တပည့်ကမှ သူမရဲ့ အလောင်းကို ကောက်ယူပေးဖို့ ဆန္ဒမရှိကြဘူး။
သူမရဲ့ ဂုဏ်သတင်းက အရမ်းကို ဆိုးရွားလွန်းတာကြောင့် ဂိုဏ်းတူတပည့်တွေကတောင် သူမကို အထင်သေးကြတာလေ။
နတ်မိမယ် လင်ယွင်က မူဝမ်အာရဲ့ အလောင်းကို ကြည့်လိုက်တယ်။ သူမရဲ့ မျက်လုံးထဲမှာ ရွံရှာမှု အနည်းငယ်နဲ့အတူ ဝမ်းနည်းမှု အရိပ်အယောင်လေးတွေလည်း ပါနေတယ်။
"ယောက်ျားတစ်ယောက်အတွက်နဲ့ ဒီအဆင့်အထိ ဖြစ်ပျက်သွားရတာတန်ရဲ့လား" နတ်မိမယ် လင်ယွင်က သက်ပြင်းချလိုက်ပြီး မိုးရေထဲမှာ စိုရွှဲနေတဲ့ ရင်ပြင်ပေါ်က လှပတဲ့ မျက်နှာလေးကို ကြည့်လိုက်တယ်။ သူမရဲ့ နှလုံးသားထဲမှာ ခံစားချက်မျိုးစုံနဲ့ ရှုပ်ထွေးနေတော့တယ်။
ပြန်စဉ်းစားကြည့်ရင် သူတို့ ခရမ်းရောင်တိမ်တိုက်တောင်ကုန်းမှာ ရှိစဉ်တုန်းက သူမရဲ့ တပည့်နှစ်ယောက်စလုံးက စိတ်နှလုံး အေးစက်ကြတယ်ဆိုပေမဲ့ သူမကိုတော့ နေ့တိုင်း လာပြီး ဂါရဝပြုကြသေးတယ်။
သူတို့ရဲ့ စိတ်နေစိတ်ထားတွေကလည်း သူမနဲ့ အရမ်းတူကြတယ် တပည့်ဆိုတာ ဆရာ့ကို အတုယူတတ်ကြတယ်လို့ ဆိုရိုးရှိတာကိုး။
ဒီနေ့ သူမရဲ့ တပည့်မလေးနှစ်ယောက် ဒီလို စရိုက်မျိုးဖြစ်သွားရတာဟာ သူမတို့ရဲ့ ဆရာဖြစ်တဲ့ သူမမှာလည်း တာဝန်တစ်ဝက် ရှိနေပုံရတယ် မူဝမ်အာက သူမကို တစ်ခါကဒုက္ခပေးခဲ့ဖူးတယ်။
အကယ်၍ မူဝမ်အာသာ မရှိခဲ့ရင် နတ်မိမယ် လင်ယွင်အနေနဲ့ အခုလို နာကျင်နေရမှာ မဟုတ်ဘူးလို့ သူမ ခံစားရတယ်။
ဒါပေမဲ့ ခုနက သူမ တွေးခဲ့သလိုပဲ သူမရဲ့ တပည့်တွေ ဒီလောက် စိတ်နှလုံး အေးစက်သွားရတာဟာ ဆရာဖြစ်တဲ့ သူမကိုယ်တိုင် သူတို့ကို ကောင်းကောင်း မသွန်သင်နိုင်ခဲ့လို့ မဟုတ်ဘူးလား။
အဲ့ဒါဆိုရင် ဒီလို ဘေးဒုက္ခနဲ့ ကြုံရတာဟာ သူမနဲ့ ထိုက်တန်တယ်လို့ပဲ ပြောရမှာပေါ့။
ဒါကို တွေးမိရင်း နတ်မိမယ် လင်ယွင်က ခါးသီးစွာ ပြုံးလိုက်တယ်။ ထို့နောက် သူမဟာ မူဝမ်အာရဲ့ အလောင်းနားကို သွားပြီး အေးစက်နေပြီဖြစ်တဲ့ ရုပ်အလောင်းကို သူမရဲ့ သိုလှောင်အိတ်ထဲကို ထည့်လိုက်တယ်။
ဒါတွေ အားလုံးပြီးတဲ့နောက်မှာတော့ သူမဟာ မူဝမ်အာကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးဖို့အတွက် ခရမ်းရောင်တိမ်တိုက်တောင်ကုန်းရဲ့ နောက်တောင်ဘက်ကို ဦးတည်လျှောက်သွားလိုက်တော့တယ်။
ဝုန်း... ဒါပေမဲ့ နတ်မိမယ် လင်ယွင်သိပ်မဝေးသေးခင်မှာပဲ သူမရှေ့မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာတယ်။ ပုံရိပ်တစ်ခုက မြေပြင်ကို ရိုက်ခတ်သွားပြီး မူလရှိနေတဲ့ ကျင်းနက်ကြီးထဲမှာ နောက်ထပ် ကျင်းကြီးတစ်ခု ထပ်ဖြစ်သွားပြန်တယ်။
လင်ယွင်က ဒီတိုက်ခိုက်မှုရဲ့ ရိုက်ခတ်မှုတွေကို ရှောင်ရှားဖို့အတွက် အနောက်ကို အမြန်ဆုတ်လိုက်ရတယ်။
ရေတွက်လို့မရတဲ့ လျှပ်စီးကြောင်းတွေဟာ ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ကျင်းနက်ထဲမှာ လဲနေတဲ့ ယဲ့ဖန်ဆီကို ဒေါသတကြီး ထိုးစိုက်လိုက်တယ်။
"ယဲ့ဖန်... ဒီနေ့တော့ မင်းကို ငါ အသေသတ်မှာပဲ" ရှောင်ချီက သူ့ရဲ့ အစွမ်းအားလုံးကို သုံးပြီး ဘာမှ ထိန်းမထားတော့ဘူး။
ဒါက ယဲ့ဖန်ကို သတ်ဖို့အတွက် သူ အနီးစပ်ဆုံး ရောက်ရှိနေတဲ့ အချိန်ပဲ ဘယ်သူမှ သူ့ကို တားလို့ မရတော့ဘူး။
"မင်းလို ကောင်စုတ်.ဘယ်လိုတောင် ရဲရတာလဲ" ဂိုဏ်းချုပ် ဝူတောက်ဇီရဲ့ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားတယ် သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျင်းနက်ထဲက ယဲ့ဖန်ရဲ့ ရှေ့မှာ ချက်ချင်း ပေါ်လာတယ်။
အခုအချိန်မှာတော့ ယဲ့ဖန်ရဲ့ တစ်ကိုယ်လုံးမှာ သွေးတွေ ထွက်နေတဲ့ အပေါက်တွေနဲ့ ပြည့်နေပြီ။ သူက ကျင်းနက်ကြီးထဲမှာ စုတ်ပြဲနေတဲ့ အိတ်ခွံတစ်ခုလို လဲကျနေတာ။
သူ့ရဲ့ မျက်လုံးတွေမှာလည်း သွေးခဲတွေနဲ့ ပိတ်နေပြီး သူမြင်နေရတဲ့ ကမ္ဘာကြီးတစ်ခုလုံးက သွေးရောင်တွေ လွှမ်းနေပြီ။
သူ့ရဲ့ နားထဲမှာလည်း တဝီဝီနဲ့ အသံတွေ မြည်နေလို့ ဝူတောက်ဇီ ဘာပြောနေလဲဆိုတာတောင် သူ ကောင်းကောင်း မကြားရတော့ဘူး။ ဒါပေမဲ့ ဝူတောက်ဇီသာ သူ့ရှေ့မှာ ရှိနေရင် ဘယ်သူမှ သူ့ကို မသတ်နိုင်ဘူးဆိုတာကိုတော့ သူ သိနေတယ်။
ဝုန်း... မီတာ ရာနဲ့ချီ ရှည်လျားတဲ့ လျှပ်စီးဓားကြီးဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဝူတောက်ဇီရဲ့ ရှေ့ကို ရောက်လာတယ်။
ဝူတောက်ဇီရဲ့ ရှေ့မှာ ဝိညာဉ်အလင်းတန်းတွေ ထွက်ပေါ်လာပြီး ကြီးမားတဲ့ ရွှေရောင်ဒိုင်းကြီးအဖြစ် ပြောင်းလဲသွားတယ်။
ဓားနဲ့ ဒိုင်း ထိတွေ့လိုက်တဲ့ အခိုက်အတန့်မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်နဲ့ မြေကြီးကို တုန်ဟည်းသွားစေတယ်။
ဖူး... ဝူတောက်ဇီဟာ သွေးတစ်လုပ် ပြင်းပြင်းထန်ထန် အန်ထုတ်လိုက်ရတယ် သူ့ရှေ့က ရွှေရောင်ဒိုင်းကြီးဟာလည်း တစစီ ကွဲကြေသွားပြီး ရွှေရောင် အစက်အပြောက်တွေအဖြစ် ပျောက်ကွယ်သွားတော့တယ်။
လျှပ်စီးဓားကြီးဟာလည်း စွမ်းအင်တွေ ကုန်ဆုံးသွားပုံရပြီး ရွှေရောင်ဒိုင်းကြီးနဲ့အတူ ပျောက်ကွယ်သွားခဲ့တယ်။
ဝူတောက်ဇီရဲ့ အရှိန်အဝါက အားနည်းသွားပြီ။ သူက ဟင်းလင်းပြင်ထဲမှာ စစ်နတ်ဘုရားတစ်ပါးလို ရပ်နေတဲ့ ပုံရိပ်ကို မယုံကြည်နိုင်စွာ ကြည့်နေမိတယ်။
ခုနက တိုက်ကွက်က အရမ်းကို အစွမ်းထက်လွန်းတာကို သူ ခံစားမိတယ် ဒါကသူ့ရဲ့ ကာကွယ်မှုကိုတောင် ဖောက်ထွက်လုနီးပါး ဖြစ်သွားတာပဲ ရှောင်ချီက ဝိညာဉ်မဲ့ဘုံကိုတောင် မရောက်သေးဘဲ ဒီလောက်အထိ အစွမ်းထက်နေရတာလား ဒါ ဘယ်လို မိစ္ဆာမျိုးလဲ။
ဟူး... ဟူး... ဟူး... ရှောင်ချီက အသက်ကို ပြင်းပြင်းရှူရင်း ကျင်းနက်ထဲကို ဖြည်းဖြည်းချင်း ဆင်းသက်လာတယ်။
သူက ဝူတောက်ဇီကို အေးစက်စက် ကြည့်လိုက်ရာ သူ့ရဲ့ မျက်လုံးထဲမှာ နာကျည်းမှု အရိပ်အယောင်တွေ လက်ခနဲ ပေါ်လာတယ်။
သူ အရမ်းနီးစပ်သွားပြီ.နည်းနည်းလေးပဲ လိုတော့တာကို ယဲ့ဖန်ကို သူ အပြီးသတ်နိုင်တော့မှာ။ ဒီအဘိုးကြီးက သူ့ရဲ့ အစီအစဉ်တွေကို နောက်တစ်ခါ ထပ်ပြီး ဖျက်ဆီးလိုက်ပြန်ပြီ။
"မင်း တိုက်လို့ ဝပြီလား တိုက်လို့ ဝရင်တော့ မင်း သေဖို့သာ ပြင်ထားတော့" ဝူတောက်ဇီက အသက်ကို ပြန်ထိန်းလိုက်တယ်။
ဒဏ်ရာတွေကနေ ခဏလောက် ပြန်သက်သာလာပြီးနောက်မှာ သူက ရှောင်ချီကို အေးစက်စက် ကြည့်လိုက်တယ် သူက အခု လှုပ်ရှားဖို့ ပြင်နေပုံရတယ်။
ရှောင်ချီက အရမ်း ဒေါသထွက်နေပေမဲ့ အခု သူက အားကုန်နေပြီ တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာတွေနဲ့။ ပြိုင်ဘက်က ဝူတောက်ဇီ ဖြစ်နေတာကို ထားဦး အကယ်၍ ယဲ့ဖန်သာ သူ့ရဲ့ အထွတ်အထိပ် အခြေအနေမှာ ရှိနေပြီး ရှောင်ချီနဲ့ အခု ပြန်တိုက်မယ်ဆိုရင်တောင် ရှောင်ချီ နိုင်ဖို့ မသေချာဘူး။
"ဟက်... ခွေးအိုကြီး မင်းမှာ ဒီလောက်ပဲ တတ်နိုင်တာလား ငါ့ကို အထွတ်အထိပ် အခြေအနေ ပြန်ရောက်အောင် စောင့်ရဲလား အဲ့ဒီကျမှ ငါနဲ့ ပြန်တိုက်ကြည့်လေ" ရှောင်ချီက အခုအချိန်မှာ ကောင်းကင်ဘေးဒုက္ခကို ဆင့်ခေါ်လို့ ရနေပြီ ဒါပေမဲ့ သူက အခု အရမ်း အားနည်းနေတယ် အကယ်၍ အခုသာ ဘေးဒုက္ခကို တကယ် ဆင့်ခေါ်လိုက်ရင် သူ ဒီနေ့ ဒီမှာတင် သေသွားမှာကို သူ ကြောက်မိတယ်။
ဒါကြောင့် သူက ဝူတောက်ဇီကို ရန်စပြီး အချိန်ဆွဲဖို့ ကြိုးစားလိုက်တာ။
"ဟက်... ငါ့ကို ဒီလို လှည့်ကွက်နဲ့ လာမစမ်းနဲ့ဦး ငါစားတဲ့ ဆားက မင်း စားတဲ့ ထမင်းထက်တောင် များသေးတယ်။ ငါက ဒီလို ထောင်ချောက်ထဲကို ကျလိမ့်မယ်လို့ မင်း ထင်နေတာလား။
မင်းကို နားဖို့ ငါအချိန်မပေးနိုင်ဘူး မင်း အားနည်းနေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး မင်းရဲ့ အသက်ကို ယူမယ် မင်းကို အပြီးအပိုင် သတ်ပစ်မယ်။
ဒါပေမဲ့ ဝူတောက်ဇီလို မြေခွေးအိုကြီးကို လှည့်စားဖို့က ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ။
ဒါ့အပြင် ဒီလူက သိက္ခာဆိုတာကိုလည်း ဘယ်တုန်းကမှ ဂရုမစိုက်တဲ့သူပဲ အင်အားကြီးသူက အားနည်းသူကို ဝိုင်းတိုက်တာမျိုး ဒါမှမဟုတ် လူအင်အားသုံးပြီး တိုက်ခိုက်တာမျိုးတွေကို လုံးဝ ဂရုမစိုက်တဲ့သူ ဖြစ်သည်။