အခန်း (၁၀၃) ရှောင်ချီ လှုပ်ရှားပြီ
သူက အခြေအနေကို အပြတ်ပြောထားပြီးသားဖြစ်သော်လည်း ယန်ရှုံက လှုပ်ရှားရဲသေးသည်လား ယဲ့ဖန်၏ မျက်နှာမှာ ချက်ချင်းပင် အလွန်အမင်း ကြည့်ရဆိုးသွားတော့သည်။
ယဲ့ဖန်၏ လက်ထဲတွင် ရှည်လျားသော လှံတစ်စင် ချက်ချင်း ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် သူ၏ ပုံရိပ်မှာ အလင်းနှင့် အရိပ်အလား ဝေဝါးသွားကာ နေရာမှာတင် ပျောက်ကွယ်သွားသည်။
"အာရုံမှားဖြိုခွဲခြင်း လှံချက်"
ရှူး... သူ ပြန်ပေါ်လာသည့် အချိန်တွင် ယန်ရှုံ၏ အနောက်သို့ ရောက်နေပြီဖြစ်သည်။ လှံချက်မှာ ရှေ့သို့ ထိုးဖောက်သွားပြီး ယန်ရှုံ၏ နှလုံးသားကို တိုက်ရိုက် ထိုးစိုက်လိုက်တော့သည်။
ယန်ရှုံမှာ လှံဖြင့် အထိုးခံရကာ လေပေါ်တွင် တန်းလန်းကြီး ဖြစ်သွားသည်။ ယဲ့ဖန်က သူ၏ အရှိန်အဝါကို လူတိုင်းကို ပြသရန်အတွက် လှံကို အသာအယာ မြှောက်ကာ ယန်ရှုံကို မြှောက်တင်ထားလိုက်သည်။
"ငါ ယဲ့ဖန်ကို ဆန့်ကျင်ရဲတဲ့သူမှန်သမျှကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး အသေသတ်မယ်" ယဲ့ဖန်၏ မောက်မာရိုင်းစိုင်းသော အသံမှာ ရင်ပြင်တစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်။
ဝိညာဉ်ဓားဂိုဏ်းမှ တပည့်ရင်းများ၊ ဂုဏ်ပြုရန် ရောက်ရှိနေကြသော တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် အခြားဂိုဏ်းမှ တပည့်များ ပေါင်းလိုက်လျှင် လူပေါင်း သောင်းချီ ရှိနေသော်လည်း ယခုအခါ ရင်ပြင်ပေါ်တွင် သူတို့အားလုံး ခေါင်းငုံ့ထားကြပြီး ယဲ့ဖန်၏ ရဲရင့်သော မျက်နှာကို တည့်တည့်မကြည့်ရဲကြပေ။
"နတ်ဘုရားသားတော်က ဒီမြေပြင်ကို ကာကွယ်ဖို့ ကောင်းကင်က ဆင်းသက်လာတာပဲ နတ်ဘုရားသားတော်က ပြိုင်ဘက်ကင်းပြီး အနိုင်မခံ အရှုံးမပေးတဲ့သူပဲ" ရင်ပြင်သို့ ခုလေးတင် ရောက်ရှိလာသော နတ်ဘုရားနန်းတော်၏ နောက်လိုက်များက ရုတ်တရက် အော်ဟစ်လိုက်ကြသည်။
သူတို့သည် အနက်ရောင်အလံများကို ကိုင်ဆောင်ကာ အဆက်မပြတ် ဝှေ့ယမ်းနေကြပြီး သူတို့၏ အသံမှာ ကောင်းကင်ကို တုန်ဟည်းသွားစေသည်။
"နတ်ဘုရားသားတော်က ပြိုင်ဘက်ကင်းပဲ နတ်ဘုရားသားတော်က ပြိုင်ဘက်ကင်းပဲ"
ကျန့်မိသားစုဝင်များကလည်း နတ်ဘုရားနန်းတော်၏ နောက်လိုက်များနှင့် အပြိုင် အားကုန် အော်ဟစ်လိုက်ကြသည်။
ဟိန်း... နဂါးနက်လေးသည် သူ၏ မူလအသွင်သို့ ပြောင်းလဲလိုက်ပြီး မီတာ ဆယ်ဂဏန်းရှည်လျားသော နဂါးပျံကြီး ဖြစ်သွားကာ ရဲ့ဖန်၏ အနောက်တွင် ပတ်ချာလည် ပျံသန်းနေခြင်းမှာ ယဲ့ဖန်အား ဘုရင်တစ်ပါးကဲ့သို့ အရှိန်အဝါ တိုးစေသည်။
ရှူး... သို့သော် လေထုမှာ အရှိန်အဟုန် အမြင့်ဆုံးသို့ ရောက်နေစဉ်မှာပင် ဓားအလင်းတန်းတစ်ခု ကောင်းကင်ယံမှ ရုတ်တရက် ဖြတ်သန်းသွားသည်။ ထိုဓားအလင်းတန်းမှာ အလွန် လျင်မြန်လှသဖြင့် ဟင်းလင်းပြင်ကိုပင် ခွဲထွက်သွားစေမတတ်ပင်။
ဘယ်သူမှ မတုံ့ပြန်နိုင်ခင်မှာပင် နဂါးပျံ နဂါးနက်လေး၏ ခေါင်းမှာ လွယ်လင့်တကူ အဖြတ်ခံလိုက်ရသည်။ ခေါင်းမှာ မီတာ ဆယ်ဂဏန်းခန့် အမြင့်သို့ လွင့်ထွက်သွားပြီး နဂါးပျံ၏ သွေးနက်များမှာ ဝိညာဉ်ဓားဂိုဏ်း၏ ရင်ပြင်တစ်ခုလုံးသို့ ပန်းထွက်ကုန်တော့သည်။
ယဲ့ဖန်သည် အူကြောင်ကြောင်နှင့် လှည့်ကြည့်လိုက်ရာ ကောင်းကင်ယံ၌ အနက်ရောင် ဝတ်ဆင်ထားသော ပုံရိပ်ကို မြင်လိုက်ရသည်။
ရှောင်ချီသည် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး အောက်ခြေရှိ လူအုပ်ကို အေးစက်သော အကြည့်ဖြင့် ကြည့်နေသည် သူသည် ဟင်းလင်းပြင်ကို နင်းလျှောက်ကာ ရင်ပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်။
ဒီနဂါးခေါင်းက တကယ့် ပစ္စည်းကောင်းပဲ နောက်မှ ဒါနဲ့ စွပ်ပြုတ်လုပ်ရမယ် ဒီအသားကလည်း မဆိုးဘူး တကယ်ကို ဖိုဖိုသီသီ ရှိလှတယ်။ ငါ့ရဲ့ ဂျူနီယာညီမလေးကို နဂါးသား ဟင်းလျာတွေ အဝချက်ခိုင်းရမယ်။
ရှောင်ချီသည် ရင်ပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် နဂါးပျံ၏ အလောင်းကို ပွတ်သပ်ကာ သူ့ဘာသာ တီးတိုးပြောနေတော့သည်။
ထို့နောက် သူ၏ သိုလှောင်လက်စွပ်ကို တိုက်ရိုက်ဖွင့်ကာ နဂါးပျံ အလောင်းတစ်ခုလုံးနှင့် ပြတ်နေသော ခေါင်းကို လက်စွပ်ထဲသို့ ထည့်လိုက်သည်။
"ရှောင်ချီ မင်း ငါ့ရဲ့ချစ်လှစွာသော မိတ်ဆွေကို သတ်လိုက်တာလား ဒါက တကယ်ကို လွန်လွန်းသွားပြီ" ယဲ့ဖန်သည် ရှောင်ချီကို ကြည့်ကာ ဒေါသကြောင့် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေသည်။
သူ၏ အရှိန်အဝါမှာ ခုလေးတင် မြင့်တက်နေခြင်းဖြစ်သည် အစီအစဉ်အတိုင်းသာ ဆိုလျှင် ယဲ့ဖန်၏ ဂုဏ်သတင်းမှာ ဝေနိုင်ငံတော် တစ်ခုလုံးတွင် ပျံ့နှံ့သွားပြီး သူ၏ အဆင့်အတန်းမှာလည်း ဝါရင့် ပညာရှင်ကြီးများနှင့် တန်းတူ ဖြစ်သွားပေလိမ့်မည်။
ဒါပေမဲ့ ဒီအရာအားလုံးကို ရှောင်ချီက ဖျက်ဆီးလိုက်ပြီ သူ ခင်းကျင်းထားတဲ့ လမ်းကြောင်းကို ရှောင်ချီက အတင်းအဓမ္မ ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်။
"နဂါးပျံကလူစားတာ သူ့ဗီဇပဲ အဲ့ဒါကြောင့် ငါ သူ့ကိုအပြစ်မတင်ဘူး အဲ့ဒီလိုပဲ ငါက သူ့ကို စားတာကလည်း ငါ့ဗီဇပဲ အဲ့ဒါကြောင့် မင်းလည်း ငါ့ကို အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်"
ရှောင်ချီက တည်ငြိမ်စွာပင် ရဲ့ဖန်၏ အကြည့်ကို တုံ့ပြန်လိုက်သည်။ သူတို့နှစ်ဦး၏ အကြည့်ချင်း ဆုံလိုက်သည့် အခိုက်အတန့်တွင် လေထုထဲ၌ မိုးကြိုးနှင့် မီးတောက်များ ပျံ့နှံ့သွားသကဲ့သို့ပင်။
ရှောင်ချီ... အိုး ရှောင်ချီ... မင်းက ဒီနှစ်တွေမှာ နောက်တောင်ကုန်းမှာ ပုန်းနေခဲ့လို့ ငါ မင်းကို သတ်ဖို့ အချိန်မရခဲ့တာ ဒီနေ့တော့ မင်းကိုယ်တိုင် ငါ့ခြေရင်း လာသေတာပဲ။
ဒီနေ့က ငါ့ရဲ့ ဂိုဏ်းချုပ် ရာထူးဆက်ခံပွဲနေ့ပဲ မင်းကို သတ်ပြီး အလံမှာ ယဇ်ပူဇော်ဖို့ အကောင်းဆုံး အချိန်ပဲ ဒါမှ ငါ့ရဲ့ ကံကြမ္မာက ပြီးပြည့်စုံသွားပြီး ငါ့ရဲ့တာအိုနှလုံးသားကလည်း ဖြောင့်ဖြူးသွားမှာ။
ယဲ့ဖန်သည် သူ၏ ရှည်လျားသော လှံကို အားဖြင့် ပစ်လိုက်ရာ လှံဖြင့် ထိုးဖောက်ခံထားရသော ယန်ရှုံ၏ အလောင်းမှာ တိုက်ရိုက် လွင့်ထွက်သွားတော့သည်။
"ဒီ ရှောင်ချီ ဆိုတာက တကယ်တော့ ဘယ်သူလဲ ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်မှာရှိတဲ့ နဂါးနက်လေးကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်ဆိုတော့ ဒီလူငယ်က သာမန်တော့ မဟုတ်ဘူး"
"မင်း သူ့ကို မမှတ်မိဘူးလား သူက လွန်ခဲ့တဲ့ ဆယ်နှစ်က နာမည်ကြီးခဲ့တဲ့သူလေ တစ်ခါက ယဲ့ဖန်နဲ့ တိုက်ခိုက်တုန်းက ယဲ့ဖန်ရဲ့ လက်တစ်ဖက်နဲ့ ခြေတစ်ဖက်ကို ဖြတ်ပစ်ခဲ့ဖူးတယ်"
"အဲ့ဒီအချိန်တုန်းက ယဲ့ဖန်က ကျင့်ကြံတာ လအနည်းငယ်ပဲ ရှိသေးတာလေ။ ရှောင်ချီက သူ့ရဲ့ ကျင့်စဉ်အဆင့် ပိုမြင့်တာကို အားကိုးပြီး လူနိုင်ကျင့်ခဲ့တာပဲ"
အနီးနားရှိ လူများက ရှောင်ချီ၏ နောက်ခံနှင့် နောက်ကြောင်းကို တီးတိုးပြောဆို နေကြသည်။
"ဒီလူက တကယ် အရှက်မရှိတာပဲ မဟုတ်လား သူက နှစ်အတော်ကြာ ကျင့်ကြံထားပြီးတော့မှ ကျင့်ကြံတာ လအနည်းငယ်ပဲ ရှိသေးတဲ့ လူငယ်လေးတစ်ယောက်ကို တိုက်ခိုက်တယ်ပေါ့ ဒီလိုလူမျိုးက ငါတို့နဲ့ တန်းတူဖြစ်ဖို့ တကယ် မထိုက်တန်ဘူး"
အချို့သော သိနားလည်သူများ၏ ပြောပြချက်ကြောင့် ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူ အများအပြားသည်လည်း ရှောင်ချီ အတိတ်က လုပ်ခဲ့သော ကိစ္စများကို သိရှိသွားကြသည် ချက်ချင်းပင် သူတို့အားလုံး ရှောင်ချီကို အထင်သေးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
"ရှောင်ချီက ငါတို့ ဝိညာဉ်ဓားဂိုဏ်းရဲ့ အလိုရှိနေတဲ့ ရာဇဝတ်သားပဲ တပည့်အားလုံး ငါ့အမိန့်ကို နာခံကြ သူ့ကို ဘာမှ ညှာတာနေစရာ မလိုဘူး အားလုံး ဝိုင်းတိုက်ပြီး သူ့ကို ဖမ်းဆီးကြ" ရှောင်ချီကို မြင်လိုက်ရသည့်အခါ ဂိုဏ်းချုပ် ဝူတောက်ဇီ၏ မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်သွားသည်။
ရှောင်ချီ၏ အစွမ်းကို သူ ကောင်းကောင်း သိသည် ရှောင်ချီသည်ယဲ့ဖန် တစ်ယောက်တည်းနှင့် အနိုင်တိုက်နိုင်မည့်သူ မဟုတ်ပေ။
ထို့ကြောင့် နောင်ရေး စိတ်အေးရအောင် အခုကတည်းက အားလုံး ဝိုင်းဝန်းပြီး ရှောင်ချီကို ဖမ်းဆီး သတ်ဖြတ်ရမည်။
"ဘယ်သူမှ ဝင်မပါနဲ့ ဒီနေ့က ရှောင်ချီနဲ့ ငါ့ကြားက နောက်ဆုံး တိုက်ပွဲပဲ အကယ်၍ သူ နိုင်သွားရင် ငါသေရမှာပဲ ငါ နိုင်ရင်တော့ သူ့ရဲ့ ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်မယ်" ရဲ့ဖန်သည် သူ့ကို အကြိမ်ကြိမ် လာရောက် စိန်ခေါ်နေသော ရှောင်ချီအပေါ် စိတ်ရှည်နိုင်စွမ်း ကုန်ဆုံးနေပြီ ဖြစ်သည်။
သူသည် အခြေတည်ခြင်းအဆင့်မှာတင် ရွှေအမြုတေအဆင့်ရှိသူကို သတ်နိုင်ခဲ့သည် ရွှေအမြုတေ အဆင့်မှာ နတ်သန္ဓေအဆင့်ကို သတ်နိုင်ခဲ့သည် နတ်ဘုရားဝိညာဉ် အဆင့်မှာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို သတ်နိုင်ခဲ့သည် ယခု ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်မှာတော့ ဝိညာဉ်မဲ့ဘုံအဆင့်ရှိသူကိုပါ သတ်နိုင်ပြီဖြစ်သည်။
သူသည် အမြဲတမ်း မိမိထက် အဆင့်မြင့်သူများကို ကျော်လွန်တိုက်ခိုက်လာခဲ့သူ ဖြစ်သည်။ ယခု မိမိနှင့် အဆင့်တူသော ရှောင်ချီကို ရင်ဆိုင်ရချိန်တွင် ယဲ့ဖန်သည် သူ့ကို အနိုင်ယူရန် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက် ရှိနေသည်။
အရင်က ဥယျာဉ်ထဲမှာ ရှောင်ချီရဲ့ ချောင်းမြောင်း တိုက်ခိုက်တာ ခံခဲ့ရလို့သာ သူ ဒဏ်ရာ အနည်းငယ် ရခဲ့တာပါ။ ယဲ့ဖန်က အဲ့ဒါကို စိတ်ထဲမှာ လုံးဝ မထားပါဘူး။
အခု ရှောင်ချီကို ပြန်တွေ့တဲ့အခါမှာလည်း သူက ဘုရင်တစ်ပါးလို ဟန်ပန်နဲ့ပဲ သူ့ကို အထင်သေးစွာ ကြည့်နေဆဲ ဖြစ်သည်။
"ဖန်လင်း သူ့ကို သတ်ပြီး ငါတို့ရဲ့ ကလေးအတွက် ကက်စားပေးပါ" အားနည်းပုံရသော လျိုချင်အာသည် ရင်ပြင်အလယ်သို့ တုန်တုန်ချည့်ချည့် လျှောက်လာပြီး ယဲ့ဖန်ကို နူးညံ့သော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
သူမ ပြောလိုက်သည်နှင့် မျက်ရည်များမှာ ပါးပြင်ပေါ်သို့ စီးကျလာသည်။ သူမ၏ နုနယ်သော ပုံစံကို မြင်လျှင် မည်သည့် ယောက်ျားမဆို သနားမိမည်မှာ သေချာပါသည်။
"ချင်အာ... စိတ်ချပါ ဒီနေ့ ငါ ဒီကောင့်ရဲ့ ခွေးခေါင်းကို ဖြတ်ပြီး ငါ့သားရဲ့ ဝိညာဉ်ကို ပူဇော်ပေးမယ်"
ထိုအခါမှသာ ယဲ့ဖန်သည် သူနှင့် ရှောင်ချီကြားတွင် သေဆုံးသွားသော သားဖြစ်သူအတွက် ရန်ငြိုးရှိနေသည်ကို သတိရသွားပြီး သူ၏ မျက်လုံးထဲမှ ဒေါသမီးများမှာ ပို၍ပင် ပြင်းထန်လာတော့သည်။
"ဖန်လင်... မင်း မရှိတဲ့အချိန်တုန်းက ရှောင်ချီက ငါ့ကို ခဏခဏ နှိပ်စက်ခဲ့တာ သူက ဝိညာဉ်ဓားဂိုဏ်းကိုလည်း ဘာမှ မဟုတ်သလို သဘောထားပြီး ငါတို့ရဲ့ တပည့်တွေကို အများကြီး သတ်ခဲ့သေးတယ်။ မင်း ငါ့အတွက် ဒီဒေါသကို ဖြေဖျောက်ပေးရမယ်နော်"
လျိုချင်အာ ရှေ့ထွက်လာသည်ကို မြင်သောအခါ လင်ကျောက်လန် သည်လည်း အရှုံးမပေးလိုပေ။ သူမသည်လည်း ရင်ပြင်အလယ်သို့ အမြန်ရောက်လာပြီး ရဲ့ဖန်၏ လက်ကို ချိတ်ကာ ကလေးဆန်ဆန် ပုံစံဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ငါ မင်းတို့အတွက် ကလဲ့စားချေပေးမယ်" ယဲ့ဖန်က ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးထဲမှ တိုက်ခိုက်လိုစိတ်များမှာ ပိုမို ပြင်းထန်လာသည်။
မူဝမ်အာသည် လူအုပ်ကြားထဲတွင် ပုန်းနေပြီး ရှေ့ထွက်မလာရဲပေ မကြာသေးမီက သူမ၏ ဂုဏ်သတင်းမှာ မကောင်းခဲ့ပေ ဝိညာဉ်ဓားဂိုဏ်း တစ်ခုလုံးတွင် သူမ၏ နာမည်မှာ မြောင်းထဲ ရောက်နေပြီဟုပင် ဆိုနိုင်သည်။
ယဲ့ဖန် ပြန်ရောက်လာကတည်းက သူမသည် သူ့ကို ရန်ရှာမှာ သို့မဟုတ် အထင်သေးမှာကို ကြောက်သဖြင့် သူ့အနား မကပ်ရဲခဲ့ပေ။
သူမ တစ်ခုခုကို ဆုံးဖြတ်လိုက်သည့်အလား ခန္ဓာကိုယ် တုန်တုန်ရင်ရင်ဖြင့် ယဲ့ဖန်၏ ဘေးသို့ လျှောက်လာပြီး ရှောင်ချီကို လက်ညှိုးထိုးကာ ပြောလိုက်သည် "ဖန်... ဖန်လင် သူက ကျွန်မကိုလည်း ဒုက္ခပေးခဲ့တာပါ သူ မိုးကြိုးရေကန်ထဲက ထွက်လာကတည်းက ကျွန်မနောက်ကို နေ့တိုင်း တကောက်ကောက် လိုက်နှောင့်ယှက်နေတာ။ ကျွန်မက သူ့ကို ဂရုမစိုက်ချင်ပေမဲ့ သူက အစွမ်းအရမ်းထက်နေတော့ ကျွန်မ... ကျွန်မ..." မူဝမ်အာသည် စကားကို ထစ်ထစ်အအ ပြောလိုက်ပြီး သူမ၏ အသံမှာ တုန်ယင်နေသည်။
သူမ ပြောချင်သည့် အဓိပ္ပာယ်မှာ ထင်ရှားလှပေသည်။