အခန်း (၁၀၂) - ငါယဲ့ဖန်ကတရားမျှတမှု၏ပြယုဂ်ပင် ဖြစ်သည်
ယန်ရှုံ မင်းရဲ့ မိသားစုမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအတွက် ငါတကယ် စိတ်မကောင်းပါဘူး
ဒါပေမဲ့ အခု ငါက နတ်ဘုရားသားတော် ယဲ့ဖန် ဆီမှာ သစ္စာခံလိုက်ပြီ။
သူက ငါ့ကိုလူကောင်းတစ်ယောက် ဖြစ်အောင် သွန်သင်ပေးခဲ့တယ်။ ငါ့ရဲ့ အတိတ်က အမှားတွေကို ငါ ပြင်ဆင်ပြီးပြီပဲ မင်းက ဘာလို့ ငါ့ကိုပဲ တကောက်ကောက် လိုက်နှောင့်ယှက်နေရတာလဲ။
မီတာ ဆယ်ဂဏန်းရှည်လျားသော နဂါးပျံကြီးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ခုနစ်ပေခန့် မြင့်သော သန်မာထွားကြိုင်းသည့် အမျိုးသားတစ်ဦးအဖြစ် နန်းဆောင်ရှေ့သို့ ရောက်ရှိလာသည်။
နဂါးနက်လေးနှင့် ယန်ရှုံ တို့သည် ခုနလေးတင် လက်ရည်စမ်းခဲ့ကြပြီး အင်အားချင်း မတိမ်းမယိမ်း ဖြစ်နေသည်။ ယခုအခါ နှစ်ဦးသား တစ်ဦးကိုတစ်ဦး သံသယမျက်လုံးများဖြင့် ကြည့်နေကြသည်။
ပေါက်ကရတွေ မင်း ငါတို့လူသားမျိုးနွယ်ကို စားခဲ့တာလေ ငါတို့ လူသားမျိုးချစ်တွေ အများကြီးကို မင်းသတ်ခဲ့ပြီးပြီ။ အခုကျမှ အမှားပြင်ဆင်တယ်ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ အတိတ်ကို ဖုံးကွယ်ချင်နေတာလား။
ယန်ရှုံဟု အမည်ရသော ထိုလူသန်ကြီးသည် သူ၏ ဓားကို မြှောက်ကာ လူသားအသွင်နှင့် နဂါးနက်လေးကို ညွှန်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။
လူသားမျိုးနွယ်ကော သက်ရှိသတ္တဝါအားလုံးကို စားတာပဲ မဟုတ်လား ငါအရင်က လူသားတွေကို စားခဲ့တာက ဗိုက်ဆာလို့ စားခဲ့တာပါ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိခဲ့ဘူး။
အခု ငါ့ကို အစ်ကိုကြီးယဲ့ဖန်က ယဉ်ပါးအောင် လုပ်ပေးခဲ့လို့ ငါက သူ့လက်ထဲက ဓားတစ်လက် ဖြစ်လာဖို့ ဆန္ဒရှိတယ်။ အဲ့ဒါကြောင့် ငါ နောက်ထပ် လူသားတွေကို မစားတော့ဘူးလို့ ကျိန်ဆိုခဲ့တာပေါ့။
ဒါက လူသားမျိုးနွယ်အတွက် ကောင်းတဲ့အချက်မဟုတ်ဘူးလား အားလုံး ပျော်အောင်လို့ ငါ့ကို လူသားစားချင်တဲ့စိတ် ပြန်ပေါက်လာအောင် မင်းက အတင်း တွန်းအားပေးနေတာလား ဝတ်စုံနက်နှင့် နဂါးနက်လေးက ယန်ရှုံကို မကြည်မလင်ကြည့်ကာ ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"အပြောကောင်းလိုက်တာ ဒီနေ့တော့ မင်းလို မိစ္ဆာနဂါးကို ငါ သတ်မယ်" ယန်ရှုံသည် သူ၏ ဓားရှည်ကို ပြန်မြှောက်ကာ နဂါးနက်လေးဆီသို့ ထိုးစိုက်လိုက်တော့သည်။
ဝုန်း... ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာသည်။ ပလ္လင်မြင့်ပေါ်တွင် ထိုင်နေသော ယဲ့ဖန်က ယန်ရှုံဆီသို့ လက်ဝါးတစ်ချက် ရိုက်လွှတ်လိုက်ခြင်း ဖြစ်သည်။
ယန်ရှုံမှာ လက်ဝါးချက်ကြောင့် ဆယ်မီတာကျော် လွင့်ထွက်သွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီးမှသာ ကိုယ်ဟန်ကို ပြန်ထိန်းနိုင်တော့သည်။
"ငါက ဒီလောကကြီးနဲ့ သက်ရှိအားလုံးကို လမ်းမှန်ရောက်အောင် လုပ်ဖို့ သန္နိဋ္ဌာန်ချထားတာ ကြာပြီ။ ဘာလဲ ယန်ရှုံ မင်းက ငါယဲ့ဖန်ကို လူပုံအလယ်မှာ ဆန့်ကျင်ချင်တာလား" ယဲ့ဖန်သည် ခြေလှမ်းအသာလှမ်းလျက် နန်းဆောင်အထက်မှ ဆင်းလာပြီး အပြင်ဘက် ရင်ပြင်သို့ ရောက်ရှိလာသည်။
"ယဲ့ဖန် မင်း ဘာလုပ်ချင်တာလဲ လူသားမျိုးနွယ်ကို သစ္စာဖောက်ဖို့ ကြံနေတာလား လူသားတွေကို စားခဲ့တဲ့ မိစ္ဆာတိရစ္ဆာန်ကို မင်းက ခွင့်လွှတ်ပေးပြီးတော့ မင်းကိုယ်မင်း နတ်ဘုရားသားတော်လို့ ခေါ်ရဲသေးတယ်ပေါ့ ဟက် မင်းက လူသားမျိုးနွယ်အတွက် အရှက်ရစရာပဲ" ယန်ရှုံသည် ခက်ခဲစွာ ပြန်ထရပ်ရင်း ဒေါသတကြီးဖြင့် ယဲ့ဖန်ကို လက်ညှိုးထိုး မေးခွန်းထုတ်လိုက်သည်။
ငါ့မှာ ကိုယ်ပိုင် အစီအစဉ် ရှိတယ် အခု ငါ အင်အားစုစည်းပြီး မျိုးနွယ်အားလုံးကို အုပ်ချုပ်နေတာက ငါတို့ လူသားမျိုးနွယ်ရဲ့ အဆင့်အတန်းကို ယွီကျူကျွန်းတစ်ခုလုံးမှာ မြှင့်တင်ဖို့အတွက်ပဲ
မင်းတို့လို ပုရွက်ဆိတ်တွေက ငါ့ကို ဝေဖန်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ ငါက လူသားမျိုးနွယ်အတွက် ပင်ပန်းခံပြီး မိစ္ဆာမျိုးနွယ်ကို သတ်ခဲ့တယ် နတ်ဆိုးမျိုးနွယ်ကို နှိမ်နင်းခဲ့တယ်။
ငါက လူသားမျိုးနွယ်အတွက် ပြိုင်ဘက်ကင်းတဲ့ အကျိုးကျေးဇူးတွေ လုပ်ဆောင်ပေးခဲ့တာဒါတွေ အားလုံးက မင်းတို့လို လူတွေရဲ့ ဝေဖန်တာ ခံဖို့အတွက်လား ယဲ့ဖန်သည် သူ၏ လက်စွပ်ကို ဝှေ့ယမ်းလိုက်ပြီး အလွန်ကျယ်လောင် ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
သူ၏ စကားလုံးများမှာ ဝိညာဉ်ကို တုန်လှုပ်စေသည် ရောက်ရှိနေသူ အားလုံးမှာ သူ့ကို မကြည့်ဘဲ မနေနိုင်ကြဘဲ လေးစားကြည်ညိုသော အကြည့်များဖြင့် ကြည့်နေကြသည်။
"ငါ ယဲ့ဖန် ဒီနေ့ ဒီနေရာမှာ ကျိန်ဆိုတယ် ငါ ရှိနေသရွေ့ လူသားမျိုးနွယ်ကို ငါ ကာကွယ်မယ်
လူသားမျိုးနွယ်ကိုတင် မဟုတ်ဘူး တခြား မျိုးနွယ်အားလုံးကို စောင့်ရှောက်ဖို့ တာဝန်ကိုလည်း ငါ ယူမယ် အရင်က ငါ့မှာ အစွမ်းမရှိခဲ့ဘူး ဒါပေမဲ့ အခု ငါ့နောက်မှာ နတ်ဘုရားနန်းတော်နဲ့ ဝိညာဉ်ဓားဂိုဏ်း ရှိတယ်။
ငါ့ဆီမှာ လာပူးပေါင်းတဲ့ မိသားစုတွေ အများကြီး ရှိသလို ဒီက နဂါးနက်လေးလည်း ရှိတယ်။
အကယ်၍ မင်းတို့ ဒီနေ့ နဂါးနက်လေးကို သတ်လိုက်ရင် နောင်အနာဂတ်မှာ တခြား မျိုးနွယ်စုတွေက ငါ့ဆီမှာ ဘယ်သူ လာပူးပေါင်းရဲတော့မှာလဲ။
ဒီနေ့ ငါ အပြတ်ပြောမယ် နဂါးနက်လေးက ငါ့ရဲ့ အနာဂတ် အင်အားစုအတွက် အခြေခံအုတ်မြစ်ပဲ။ သူ့ကို ထိရဲတဲ့သူက ငါ့ကို ဆန့်ကျင်တာပဲ ငါ ယဲ့ဖန်ကတော့ အဲ့ဒီလူကို သေသည်အထိ တိုက်ခိုက်သွားမယ်။
ယဲ့ဖန်၏ အသံမှာ ပြတ်သားပြီး အစွမ်းထက်လှသဖြင့် ဝိညာဉ်ဓားဂိုဏ်း နန်းဆောင်အတွင်းရှိ လူများနှင့် ရင်ပြင်ပေါ်ရှိ တပည့်များအားလုံး ခေါင်းငုံ့သွားကြပြီး သူ့ကို မော့မကြည့်ရဲကြတော့ပေ။
လူသားမျိုးနွယ်ရဲ့ ရန်သူဖြစ်နေတာ သိသိသာသာကြီး အဲ့ဒီနဂါးပျံက လူပေါင်း သောင်းချီ စားခဲ့တာလည်း သိသာနေတာပဲ။ ဒါပေမဲ့ ယဲ့ဖန်ရဲ့ ပါးစပ်ထဲမှာတော့ ဒီနဂါးနက်ကို ကယ်တာက လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို
ကယ်တင်တာနဲ့ အတူတူပဲ ဖြစ်သွားရတယ်။
ယဲ့ဖန်ရဲ့ အပြောအဆို အရည်အချင်းကတော့ တကယ့်ကို ထိပ်တန်းပါပဲ သူက အမည်းကို အဖြူဖြစ်အောင် အဖြူကို ပန်းရောင်ဖြစ်အောင် ပြောနိုင်သူဖြစ်သည်။
သို့သော် ရောက်ရှိနေသူ အားလုံးကတော့ လူအ မဟုတ်ကြပေ။ ယဲ့ဖန်၏ စကားကို ကြားရသောအခါ သူတို့၏ စိတ်ထဲတွင် အတော်လေး အထင်သေးမိကြသည်။
သူတို့အားလုံးက နှစ်ပေါင်း ထောင်ချီ အသက်ရှင်လာတဲ့ မြေခွေးအိုကြီးတွေပဲ လူတိုင်းမှာ ကိုယ်ပိုင် တွက်ချက်မှုတွေ ရှိကြသည်။ ကျင့်စဉ်နိမ့်ပါးသူများကတော့ ဒီကိစ္စထဲ မပါချင်ကြပေ။
ကျင့်စဉ် မြင့်မားသူများမှာမူ ဤကိစ္စအတွက် ရဲ့ဖန်ကို ဆန့်ကျင်ရတာ ထိုက်တန်ရဲ့လားဆိုတာ စဉ်းစားနေကြသည်။
"လူသားမျိုးနွယ်ရဲ့ တရားမျှတမှု" ဆိုတာက အများအားဖြင့်တော့ စိတ်ခံစားမှု အရောင်းအဝယ် လုပ်ဖို့အတွက်ပဲ သုံးကြတာပါ။
တကယ်တမ်း အရေးကြီးတဲ့ အချိန်ရောက်ရင် ဒီစကားကို ဂရုစိုက်မယ့်သူက ဝေနိုင်ငံတော် လိုမျိုး နိုင်ငံတော်အဆင့် အင်အားစုတွေပဲ ရှိလိမ့်မယ်။
ကျင့်ကြံသူတွေကတော့ များသောအားဖြင့် "မိမိကိုယ်ကို အရင် ကာကွယ်ဖို့" ဆိုတဲ့ မူဝါဒကိုပဲ ကျင့်သုံးကြတာပါ။ လူသားမျိုးနွယ်ရဲ့ တရားမျှတမှုကို တကယ် နှလုံးသွင်းတဲ့သူက ဘယ်နှယောက် ရှိမှာလဲ။
အစ်ကိုယဲ့ဖန် ပြောတာကလည်း ကျိုးကြောင်းဆီလျော်မှု ရှိတယ်လို့ ကျွန်တော်ထင်ပါတယ် တိရစ္ဆာန်တွေ လူသားစားတာက သူတို့ရဲ့ ဗီဇပဲလေ သူတို့ အမှားပြင်ဆင်သရွေ့တော့ သူတို့က ခွင့်လွှတ်ခံရဖို့ ထိုက်တန်ပါတယ်။
အခု ဒီနဂါးနက်လေးက အစ်ကိုယဲ့ဖန်ရဲ့ အုပ်စုထဲကို ဝင်လာပြီပဲ၊ ငါတို့က ဒါကိုပဲ ဖက်တွယ်ပြီး ပြောနေမယ်ဆိုရင် ငါတို့က စိတ်သဘောထား ကျဉ်းမြောင်းရာ မကျဘူးလား။
ရုပ်ရည် အနည်းငယ် ဆိုးဝါးသော ပညာတတ်တစ်ဦးနန်းဆောင်ထဲမှ ထွက်လာသည် သူသည် လူအုပ်ကို အရင် ဦးညွှတ်လိုက်ပြီးနောက် ယဲ့ဖန်ကို ကြည့်ကာ ဖားယားသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
ကျင့်ကြံဖော် ပိုင်ထု မင်း စကားမပြောရင် ဘယ်သူမှ မင်းကို အအလို့ မထင်ဘူး။ မင်းလို အရှက်မရှိတဲ့လူမျိုး ဟောက်ထုဂိုဏ်းမှာ ရှိနေတာ ငါတကယ် နားမလည်နိုင်ဘူး လူသားမျိုးနွယ်ရဲ့ သိက္ခာကို စော်ကားလို့ မရဘူး။
ယဲ့ဖန်က မိစ္ဆာမျိုးနွယ်ကို စုစည်းနေတာက လူသားတွေအတွက် ကောင်းတာလုပ်နေတာ ဆိုရင် မျိုးဆက်အလိုက် နယ်စပ်ကို စောင့်ရှောက်လာတဲ့ ငါ့ရဲ့ ယန်မိသားစုက လူသားမျိုးနွယ်ကို ဒုက္ခပေးနေတာလား။
အိမ်ရှေ့စံမင်းသားကြီး ကျွန်တော့်ရဲ့ ယန်မိသားစုက လူသားမျိုးနွယ်အတွက် အများကြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်တို့ လူတွေ အများကြီးကို ဒီနဂါးနက်က စားပစ်ခဲ့တယ်။
ကျွန်တော်တို့ရဲ့ ညီမလေးတွေ အများကြီးကိုလည်း သူက ဖမ်းဆီးပြီး စော်ကားခဲ့တယ်။ ဝေနိုင်ငံတော် တော်ဝင်မိသားစုက ဒီကိစ္စကို ဘာမှ လုပ်ပေးဖို့ အစီအစဉ် မရှိဘူးလား။
သူက ယဲ့ဖန်ကို စကားစစ်ထိုးပြီး မနိုင်သည့်အပြင် တခြားလူတွေကပါ ယဲ့ဖန်ဘက်က ကူပြောနေကြသဖြင့် ယန်ရှုံမှာ ချက်ချင်း ဒေါသပေါက်ကွဲသွားပြီး ထိုကျင့်ကြံသူကို ဆဲဆိုလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူသည် အိမ်ရှေ့စံ ကျောက်ဝူကျိ ဘက်သို့ လှည့်ကြည့်လိုက်သည် လောလောဆယ်တွင် ဤနန်းဆောင်အတွင်း အဆင့်အတန်း အမြင့်ဆုံးမှာ ဤအိမ်ရှေ့စံသာ ဖြစ်သည်။
သူ့ယန်မိသားစုက မျိုးဆက်အလိုက် နယ်စပ်ကို စောင့်ရှောက်လာခဲ့တာဖြစ်သည်။ ဝေနိုင်ငံတော်အတွက် တိုက်ရိုက် အလုပ်လုပ်ပေးနေတာ မဟုတ်သော်လည်း သူတို့ကြားမှာ သံယောဇဉ်တော့ ရှိသင့်သည်။
ဒီအိမ်ရှေ့စံက ဘာမှမပြောဘဲ ဒီအတိုင်း ထိုင်ကြည့်နေလိမ့်မယ်လို့ သူ မယုံကြည်ပေ။
"ငါ နည်းနည်း ပင်ပန်းနေပြီ မင်းတို့ ကိစ္စတွေ မင်းတို့ဘာသာ ဖြေရှင်းကြတော့" အဓိက နေရာတွင် ထိုင်နေသော ကျောက်ဝူကျိက သူ၏ နာကျင်နေသော ဦးခေါင်းကို ပွတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ထို့နောက် သူသည် နန်းဆောင်အတွင်းမှ ဖြည်းညင်းစွာ ထွက်ခွာသွားပြီး လေကို စီးကာ ထွက်သွားတော့သည်။
နှစ်ဖက်စလုံးရဲ့ အငြင်းအခုန်တွေမှာ လူသားမျိုးနွယ်ရဲ့ တရားမျှတမှုတွေပါနေတာပဲ နှစ်ဖက်စလုံးရဲ့ အကြောင်းပြချက်တွေက သာမန်လူတွေကို ဆွဲဆောင်နိုင်တာပဲ။ ဒါက ဘယ်သူက အရှက်ကို ပိုငဲ့သလဲ ဆိုတဲ့ မေးခွန်းပဲလေ။
အဲ့ဒီလို ဖြစ်နေမှတော့ သူက အိမ်ရှေ့စံ တစ်ယောက်အနေနဲ့ ဒီပြဿနာထဲမှာ ပါဝင်ပတ်သက်ဖို့ စိတ်မဝင်စားဘူး။
သူ့ကို ဆုံးဖြတ်ခိုင်းတာလား သူ စိတ်မဝင်စားပါဘူး ဒီလို ကိစ္စမျိုးမှာ ဘယ်ဘက်က ဆုံးဖြတ်ဆုံးဖြတ် ဘယ်သူ့ဆီကမှ ကျေးဇူးတင်စကား ကြားရမှာမဟုတ်ဘူး။
ယန်ရှုံသည် အိမ်ရှေ့စံ ထွက်သွားသော လမ်းကို ငိုင်ကြည့်နေမိသည်။ ထို့နောက် ရင်ပြင်ပေါ်ရှိ လူများ၏ အေးစက်သော မျက်နှာများကို ကြည့်ကာ သူ၏ နှုတ်ခမ်းများမှာ မဲ့သွားတော့သည်!
"ကောင်းပြီ... ကောင်းပြီ... အယောင်ဆောင်ကောင်းတဲ့ လူတစ်စုပဲ ဒီနေ့ ငါ့ကို ဘယ်သူမှ လာကူညီစရာ မလိုဘူး။ ဒီမိစ္ဆာနဂါးကို သတ်ဖို့ ကြိုးစားနေတဲ့ ငါ့ကို တားတဲ့သူမှန်သမျှကို ငါ အကုန်သတ်မယ်" ယန်ရှုံ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေသည်။
သူ၏ ယန်မိသားစုမှာ သစ္စာရှိ မျိုးချစ်တွေ ဖြစ်ခဲ့ကြသော်လည်း နောက်ဆုံးမှာ ဤကဲ့သို့ အဆုံးသတ်ရလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။
သူ့မိသားစုက ကာကွယ်ပေးခဲ့တဲ့ လူတွေက အခုတော့ အေးအေးလူလူ ကြည့်နေကြတယ်။ ယန်မိသားစုရဲ့ မျိုးဆက်ဖြစ်တဲ့ သူ့ဘက်က ရပ်တည်ပေးမယ့်အစား မိစ္ဆာမျိုးနွယ်ဝင် တစ်ယောက်အတွက် သူတို့က ရှေ့နေလိုက်ပေးနေကြတယ်။
"ယားးးးး" ယန်ရှုံ၏ လက်ထဲရှိ ဓားရှည်မှာ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာသည်။ ပါးစပ်ထောင့်မှ သွေးစများ မခြောက်သေးသော်လည်း သူ၏ မျက်လုံးထဲမှ ဒေါသတောက်ပမှုများမှာတော့ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားနိုင်တော့ပေ သူသည် ရူးသွပ်နေသော မိစ္ဆာတစ်ကောင်ကဲ့သို့ နဂါးနက်လေးဆီသို့ ပြေးဝင်သွားတော့သည်။