အခန်း (၁၀၀) ယဲ့ဖန်၏ ရာထူးဆက်ခံပွဲ အခမ်းအနား
"စီနီယာအစ်မ ဒီလူတွေက တကယ် ထူးဆန်းတာပဲ ဝူချန်းဂိုဏ်းရဲ့နတ်ဘုရားသားတော်ကလည်း ဒီအိမ်ရှေ့စံနဲ့ ရန်ငြိုးရှိနေတာလား" လင်းယုရှုသည် သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ယွီလင်လုံကို စပ်စုမိသည်။
"ဒီလူတွေက လျှို့ဝှက်ချက်တွေ အများကြီးပဲ မင်းကကလေးမလေးပဲ ရှိသေးတာ ကျင့်စဉ်ကိုပဲ အာရုံစိုက်စမ်းပါ။ ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေထဲ မပါတာအကောင်းဆုံးပဲ"
ယွီလင်လုံက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး လင်းယုရှု၏ ခေါင်းကို အချစ်ပိုစွာ ပွတ်သပ်ပေးလိုက်သည်။
"စီနီယာအစ်မလင်လုံ ခုနက ကျွန်မ စီနီယာအစ်ကိုရဲ့ အသံကို တကယ် ကြားလိုက်တာပါ။ အစ်မ ခန့်မှန်းထားသလိုပဲ သူ တကယ်ပဲ ဝိညာဉ်ဓားဂိုဏ်းကို ပြန်ရောက်နေပြီထင်တယ်" မိန်းကလေးငယ်သည် သူမ၏ လက်ဖဝါးချင်း ပွတ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"အဲ့ဒါကတော့ ပြောနေစရာတောင်မလိုဘူး ငါက ငါတို့ဂိုဏ်းမှာ နတ်ဘုရားမလေးလို့ တင်စားခံရတဲ့သူလေ မင်းရဲ့စီနီယာအစ်ကို နှလုံးသားထဲက အစီအစဉ်လေးတွေကို ငါ ဘယ်လိုလုပ် မသိဘဲနေမလဲ" ယွီလင်လုံသည် သူမ၏ ရင်ညွန့်ကို ပုတ်ကာ လွန်စွာ ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
"ဟုတ်လို့လား ဒါဆို တခြား ဘာတွေများ သိသေးလဲ" ယွီလုံလုံ တစ်ယောက် ကြွားလုံးထုတ်နေစဉ်မှာပင် သူမ၏ အနောက်မှ ရှောင်ချီ၏ အသံ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
အဟွတ်... အဟွတ်...
ဒါ... ဒါက အစ်ကိုကြီးရှောင် မဟုတ်လား
အစ်ကိုကြီးရှောင်ချီ... ကျွန်မ အစ်ကို့ရဲ့ ဂျူနီယာညီမလေးကို ဘယ်လောက်တောင် ကောင်းကောင်း ပြုစုပေးထားလဲ ကြည့်ဦး။ ဖြူဖြူဖွေးဖွေးနဲ့ ဖိုဖိုသီသီလေး ဖြစ်လာအောင် ကျွေးမွေးထားတာ။
အနောက်မှ အသံကို ကြားလိုက်ရသဖြင့် ယွီလင်လုံသည် သူမ၏ လည်ပင်းကို တောင့်တောင့်ကြီး လှည့်ကြည့်လိုက်သည်။ ခပ်ခြောက်ခြောက် နှစ်ချက် ရယ်လိုက်ပြီးနောက် ဘေးရှိလင်းယုရှုကို လက်ညှိုးထိုးပြကာ ရှောင်ချီကို ပြောလိုက်တော့သည်။
"လင်ယု မင်းကို ကျောက်စိမ်းကညာဂိုဏ်းမှာ စောင့်နေလို့ ငါမမှာထားဘူးလား ဘာလို့ ခွင့်ပြုချက်မရှိဘဲ တောင်ပေါ်က ဆင်းလာတာလဲ" ရှောင်ချီက တည်ကြည်သော မျက်နှာဖြင့် မကျေမနပ်မေးလိုက်သည်။
စီနီယာအစ်ကို အစ်ကို ဘာမှမဖြစ်တာ တကယ် ဝမ်းသာဖို့ကောင်းတယ်
ဟီး... ဟီး... ဝါး
လင်းယုရှုသည် အကျယ်ကြီး အော်ငိုလိုက်ပြီး ရှေ့သို့တိုးကာ ရှောင်ချီကို တင်းကြပ်စွာ ဖက်ထားလိုက်တော့သည် ပဲစေ့ခန့် မျက်ရည်များမှာ သူမ၏ ပါးပြင်ပေါ်သို့ တောက်တောက် တောက်တောက် စီးကျလာသည်။
လင်းယုရှုသည် ကလေးလေးတစ်ယောက်လို ငိုကြွေးနေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူမ ခံစားခဲ့ရသမျှ ဝမ်းနည်းမှုအားလုံးကို တစ်ခါတည်း ပေါက်ကွဲပစ်လိုက်သကဲ့သို့ပင်။
စီနီယာအစ်ကိုနှင့် လူချင်းကွဲသွားကတည်းက သူမသည် နေ့တိုင်း စိုးရိမ်ပူပန်နေခဲ့ရသည်။ မိန်းကလေးတစ်ဦး၏ စိတ်ကူးမှာ ရှောင်ချီကဲ့သို့သော ယောက်ျားတစ်ဦးထက် အမြဲတမ်း ပို၍ နူးညံ့သိမ်မွေ့တတ်ကြသည် မဟုတ်ပါလား။
ရှောင်ချီမှာမူ လင်းယုရှုအတွက် စိုးရိမ်နေသော်လည်း အမည်မဲ့ကျွန်းရှိ အာရုံလှည့်စားမှု အင်းကွက်ကို ဖြိုခွဲရန် အချိန်ရှာနိုင်ခဲ့သေးသည်။
သို့သော် ထိုအချိန်အတွင်း လင်းယုရှုမှာ ကျင့်စဉ်ကျင့်ရန်ပင် စိတ်မပါခဲ့ပေ။ သူမ တရားထိုင်လိုက်တိုင်း စီနီယာအစ်ကို ရန်ပြုခံနေရသည့် မြင်ကွင်းများကသာ စိတ်ထဲ ပေါ်လာတတ်သည်။
သူမ၏ စီနီယာအစ်ကိုသည် ဝိညာဉ်ဓားဂိုဏ်းတွင် ပေါ်လာနိုင်သည်ဟု သိလိုက်ရသည့်အခါ ယွီလင်လုံကို အကြိမ်ကြိမ် အသနားခံပြီးမှသာ ယခုလို လိုက်လာခွင့် ရခဲ့ခြင်း ဖြစ်သည်။
ဤမိန်းကလေးမှာ ယခုအခါ ဝိညာဉ်ဓားဂိုဏ်း၏အလိုရှိနေသော ရာဇဝတ်သားဖြစ်နေကြောင်း လူတိုင်းသိကြသည်။ ဤနေရာသို့ ပြန်လာခြင်း၏ အန္တရာယ်မှာ ထင်ရှားလှပေသည်။
သို့သော်လည်း ထိုအချက်ကို သိရက်နှင့်ပင် မိန်းကလေးသည် စက္ကန့်ပိုင်းမျှပင် မဝေခွဲဘဲ သူမ၏စီနီယာအစ်ကိုကို အမြန်ဆုံး တွေ့နိုင်ရန် ဝိညာဉ်ဓားဂိုဏ်းသို့ ပြတ်ပြတ်သားသား ပြန်လာခဲ့ခြင်း ဖြစ်သည်။
ရှောင်ချီသည် ရှိုက်ကြီးတငင် ငိုနေသော သူ၏ ညီမလေးကို ကြည့်ကာ ရင်ထဲမှာ မကောင်းဖြစ်သွားသည်။ စောစောက ပြင်ဆင်ထားသော ဆူပူကြိမ်းမောင်းမည့် စကားလုံးများမှာလည်း လည်ချောင်းဝမှာတင် တစ်သွားပြီး ဘာမှ မပြောနိုင်တော့ပေ။
"ကောင်မလေးတော်တော့ ဒီမှာလူတွေ ရှိနေသေးတယ်" သူတို့နှစ်ဦး ခဏမျှ ဖက်ထားပြီးနောက် အနောက်မှ ယွီလင်လုံမှာ ဆက်ကြည့်မနေနိုင်တော့ပေ။ သူမသည် ရှေ့သို့တိုးကာ လင်းယုရှု၏ ကော်လာကိုဆွဲ၍ ရှောင်ချီထံမှ ခွာလိုက်သည်။
ရှောင်ချီ ဝိညာဉ်ဓားဂိုဏ်းမှာ မင်း ဘာလုပ်ဖို့ စီစဉ်ထားတာလဲ မင်းတကယ်ပဲ အစွမ်းထက်တယ်ဆိုတာ ငါဝန်ခံပါတယ်။ ဝေနိုင်ငံတော်ရဲ့ လူငယ်မျိုးဆက်ထဲမှာ မင်းကို ယှဉ်နိုင်တဲ့သူ မရှိသလောက်ပဲ။
ဒါပေမဲ့ ဝိညာဉ်ဓားဂိုဏ်းက လူကြီးပိုင်းတွေက မင်းထင်သလောက် မရိုးရှင်းဘူးနော် ဝိညာဥ်နှင့်ခန္ဓာပေါင်းစပ်ခြင်းအဆင့်က ပုဂ္ဂိုလ်ကြီးတွေက ရင်ဆိုင်ရတာ လွယ်မှာ မဟုတ်ဘူး။
ယွီလင်လုံသည် ရှောင်ချီ၏ ဘေးသို့ လျှောက်လာပြီး မျက်မှောင်ကြုတ်ကာ တည်ကြည်သော မျက်နှာပေးဖြင့် သူ့ကို ကြည့်လိုက်သည်။
"ငါ ပင်လယ်ပြင်မှာ ရှိနေတုန်းက အခွင့်အရေးအချို့နဲ့ ကြုံခဲ့ရပြီး ငါ့ရဲ့ ကျင့်စဉ်အတားအဆီးကပွင့်သွားပြီ အချိန်နည်းနည်း စောနေပေမဲ့ အခုချက်ချင်း အဆင့်တက်ဖို့ ကြိုးစားမယ်ဆိုရင်လည်း ပြဿနာရှိမှာမဟုတ်ဘူး။
ငါ အဆင့်တက်လိုက်တာနဲ့ ဝိညာဉ်မဲ့ဘုံရဲ့ ကောင်းကင်ဘေးဒုက္ခကို ဆင့်ခေါ်နိုင်လိမ့်မယ် ငါ့ရဲ့အစွမ်းနဲ့ဆိုရင် ငါ့ဆီ ကျရောက်လာမယ့် မိုးကြိုးဘေးဒုက္ခကို ဝိညာဥ်နှင့်ခန္ဓာပေါင်းစပ်ခြင်းအဆင့် ပညာရှင်တစ်ယောက်တောင် ခံနိုင်ရည်ရှိဖို့ ခက်လိမ့်မယ်။
ဒါတင်မကသေးဘူး သူတို့သာ မိုးကြိုးဘေးဒုက္ခရဲ့အငွေ့အသက်နဲ့ ထိတွေ့မိသွားရင် အဲ့ဒီဘေးဒုက္ခက ပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဝိညာဉ်ဓားဂိုဏ်း တစ်ခုလုံး တည်ရှိနိုင်ဦးမလားဆိုတာတောင် ပြောဖို့ ခက်သွားပြီ။
မင်းရူးနေလား ဝိညာဉ်ဓားဂိုဏ်းကို နှိမ်နင်းဖို့ မိုးကြိုးဘေးဒုက္ခကို အသုံးပြုမလို့လား ရှေးခေတ်ကတည်းက ရန်သူကို တိုက်ခိုက်ဖို့ ဘေးဒုက္ခကို အသုံးချခဲ့တဲ့ ကျင့်ကြံသူတွေ ဘယ်လို အဆုံးသတ်မျိုးနဲ့ ကြုံခဲ့ရလဲဆိုတာ မင်း သိရဲ့လား။
အဲ့ဒီလို လူတွေထဲမှာ ဆယ်ယောက်မှာ တစ်ယောက်တောင် အသက်ရှင်ဖို့ မလွယ်ဘူး မင်း ဝိညာဉ်ဓားဂိုဏ်းကို ဖျက်ဆီးဖို့ ကောင်းကင်ဘေးဒုက္ခကို ဆင့်ခေါ်လိုက်ရင် မင်းဂိုဏ်းကို ဖျက်ဆီးနိုင်ခဲ့ရင်တောင် မင်းကိုယ်တိုင်လည်း သေသွားနိုင်တယ်။ အဲ့ဒါက ထိုက်တန်တယ်လို့ မင်း ထင်လား။
မင်းရဲ့ပါရမီနဲ့ဆိုရင် ကြိုးကြိုးစားစား ကျင့်ကြံနေသရွေ့ တစ်နေ့မှာ မင်းရဲ့ ဂုဏ်သိက္ခာကို ပြန်ရယူနိုင်မှာပဲ။ ဘာလို့ ဒီလောက် အလောတကြီးဖြစ်နေရတာလဲ။
ရှောင်ချီ၏ အစီအစဉ်ကို ကြားလိုက်ရသည့်အခါ ယွီလင်လုံသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ရှောင်ချီကို အရူးတစ်ယောက်လို ကြည့်နေမိသည်။
မစိုးရိမ်ပါနဲ့ ဒါကငါ့ရဲ့ နောက်ဆုံးလျှို့ဝှက်ဖဲချပ်ပါ မဖြစ်မနေ အခြေအနေမျိုး မဟုတ်ရင် ငါ ဒါကိုသေချာပေါက် လုပ်မှာမဟုတ်ဘူး။
ရှောင်ချီကမူ လွန်စွာ တည်ငြိမ်နေပြီး သေရေးရှင်ရေး ဘေးဒုက္ခကို ဘာမှမဟုတ်သလို သဘောထားနေတော့သည်။
"မင်းရဲ့ညီမလေးက မင်းမိစ္ဆာတစ်ယောက်လို ဖြစ်သွားပြီလို့ပြောတာ မဆန်းပါဘူး။ မင်းက တကယ့် အရူးပဲ တကယ့်ကို ကုမရတဲ့အရူး"
ယွီလင်လုံသည် သွားကြိတ်ကာ ရှောင်ချီကို စူးစိုက်ကြည့်လိုက်သည်။
သို့သော် သူမဘာမှ ထပ်မပြောတော့ပေ ရှောင်ချီကို သူမ ဘယ်တော့မှ ဖျောင်းဖျနိုင်မည် မဟုတ်ကြောင်းသိနေသည်။ သူမ မဆိုထားနှင့် လင်းယုရှုတောင် သူ့ကို တားနိုင်မည် မဟုတ်ပေ။
မင်းတို့ နှစ်ယောက်ပြန်ပြီး အရင်နားလိုက်ကြဦး ငါတို့အတူတူ မနေတာ အကောင်းဆုံးပဲ။ အကယ်၍ ငါကောင်းကင်ဘေးဒုက္ခကို သုံးဖို့ ဆုံးဖြတ်လိုက်ရင် မင်းတို့ကို ကြိုအကြောင်းကြားမယ်။ အဲ့ဒီအချိန်ကျရင် ဝိညာဉ်ဓားဂိုဏ်းကနေ အမြန်ဆုံး ထွက်သွားကြ။
ရှောင်ချီက သူ၏ညီမလေး၏ ခေါင်းကို ပုတ်ပေးလိုက်ပြီးနောက် သူ၏ကိုယ်မှာ အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲကာ ရှည်လျားသော ညအမှောင်ထုထဲသို့ ပျောက်ကွယ်သွားတော့သည်။
"စီနီယာအစ်ကို" လင်းယုရှုသည် လေဟာနယ်ထဲသို့ လက်လှမ်းလိုက်သော်လည်း သူမ၏ မျက်စိရှေ့တွင် ပျောက်ကွယ်သွားသော စီနီယာအစ်ကိုကို ကြည့်ကာ ဟာတာတာကြီး ကျန်ရစ်ခဲ့သည်။
သူမက သူ့ကို စကားတွေ အများကြီး ပြောချင်သေးသည် သို့သော် ထိုလူကသူမကို တွေ့ပြီးသည်နှင့် ချက်ချင်းပင် အလျင်စလို ထွက်သွားခဲ့ပြန်သည်။
ယွီလင်လုံက သူမ၏ အူကြောင်ကြောင် ညီမလေးကို အားမလိုအားမရ ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူမ၏ လက်ကို ဆွဲကာ တည်းခိုဆောင်သို့ ပြန်လာခဲ့ကြသည်။
နောက်ရက်အနည်းငယ်မှာတော့ အားလုံး တိတ်ဆိတ်နေခဲ့သည် ရာထူးဆက်ခံပွဲ မစတင်မီ နှစ်ရက်အတွင်း ယဲ့ဖန်နှင့် ဝိညာဉ်ဓားဂိုဏ်းမှ အကြီးအကဲများသည် ပွဲတက်ရောက်လာသော အဆင့်မြင့် ပုဂ္ဂိုလ်များအတွက် စားပွဲများ ကျင်းပပေးကာ ရင်းနှီးမှု ရယူရန် ကြိုးပမ်းနေခဲ့ကြသည်။
ဝိညာဉ်ဓားဂိုဏ်းသို့ စောစောရောက်ရှိလာကြသော ကျင့်ကြံသူများသည်လည်း အခြားဂိုဏ်းများနှင့် မိတ်ဖွဲ့ရန် ရည်ရွယ်ချက်ရှိကြသည်။
ဝိညာဉ်ဓားဂိုဏ်းသည် ဤကိစ္စကို အတော်လေး ရက်စက်စွာ ကိုင်တွယ်ခဲ့သည်ဟု ဆိုရမည်။ သူတို့သည် ဂိုဏ်းများကို အဆင့်အမျိုးမျိုး ခွဲခြားထားရာ အောက်ခြေဂိုဏ်းများမှ တပည့်များသည် အထက်တန်းဂိုဏ်းမှ သူများနှင့် တွေ့ဆုံရန်ပင် အလွန်ခက်ခဲလှသည်။
ထိုနှစ်ရက်အတွင်း ဂိုဏ်းကြီးများသည် မိတ်ဆွေသစ်များ ရခဲ့ကြသော်လည်း အများစုမှာ မိမိတို့နှင့် အဆင့်တူ အင်အားစုများသာ ဖြစ်ကြပြီး အဆင့်ကျော်လွန်၍ မိတ်ဖွဲ့နိုင်ခြင်း မရှိခဲ့ကြပေ။
ဒုန်း... ဒုန်း... ဒုန်း...
ဒီနေ့မှာတော့ ဝိညာဉ်ဓားဂိုဏ်း၏ ကောင်းကင်ယံထက်၌ နီမြန်းသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည် ငါးရောင်ခြည် ရွှေရောင်အလင်းတန်းများမှာ တိမ်တိုက်များကြားမှ ဝိညာဉ်ဓားဂိုဏ်း၏ မြေပြင်အနှံ့သို့ ဖြာကျလာတော့သည်။
မိုးခြိမ်းသံကဲ့သို့သော ဗုံသံများမှာ ဝိညာဉ်ဓားဂိုဏ်း တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည် မြေပြင်တစ်ခုလုံး တုန်ဟည်းသွားစေသည့် ကြွေးကြော်သံများမှာ ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားများနှင့် ပေါင်းစပ်ကာ မိုင်ပေါင်း ရာချီအထိ ပျံ့နှံ့သွားတော့သည်။
ဂိုဏ်းချုပ်ဝူတောက်ဇီ၏ ရာထူးဆက်ခံပွဲနှင့် နှိုင်းယှဉ်လျှင်ယဲ့ဖန်၏ အခမ်းအနားမှာ တကယ့်ကို ကြီးကျယ်ခမ်းနားလွန်းလှပြီး ဝူတောက်ဇီ၏ပွဲမှာ တောရွာလေးမှ ချောင်းငယ်လေးနှင့် တဟုန်ထိုး စီးဆင်းနေသော ယန်ဇီမြစ်ကြီးကဲ့သို့ပင် ကွာခြားလှပေတော့သည်။
(ရှောင်ချီက ကောင်းကင်ဘေးဒုက္ခကို တကယ်ပဲ သုံးတော့မှာလား ယဲ့ဖန်ကော ဒီအန္တရာယ်ကနေ လွတ်မြောက်နိုင်ပါ့မလား)