အခန်း ၁ — ငါက လင်းလန်ထျန်းပဲ...
ထျန်းရွှမ်တိုက်ကြီး၊ မဟာယန်အင်ပါယာအတွင်း…
မဟာယန်အင်ပါယာ၏ နယ်မြေများအနက် အင်ပါယာ၏ အချက်အချာနယ်မြေအဖြစ် သတ်မှတ်ခံထားရသော မဟာယန်ပြည်နယ်တွင် အဓိကမြို့ကြီးနှစ်မြို့ ရှိလေသည်။
အင်ပါယာမြို့တော်အပြင် လင်းမိသားစု၏ အခြေစိုက်ရာ လင်းမြို့လည်း ရှိနေသည်။ လင်းမိသားစုသည် မဟာယန်အင်ပါယာ၏ ထင်ရှားကျော်ကြားသော မိသားစုကြီးလေးစုအနက် တစ်စုဖြစ်သည်။
လင်းမိသားစုသည် မဟာယန်အင်ပါယာအတွင်း အင်အားအကြီးဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ကာ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များကို ပိုင်ဆိုင်ထားသည့်အပြင် အင်ပါယာ၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများပင် ရှိကြသည်။
လင်းမိသားစု၏ ဌာနချုပ်ဖြစ်သော လင်းမြို့သည် စည်ကားသိုက်မြိုက်သော နေရာတွင် တည်ရှိပြီး အင်ပါယာအတွင်း အချမ်းသာဆုံးဒေသများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
လင်းမြို့၏ အလယ်ဗဟိုတွင် လင်းမိသားစု၏ မျိုးဆက်ဝင်များ နေထိုင်ရာ အဓိကနယ်မြေတစ်ခု ရှိသည်။
ထိုနေရာတွင် တိုက်ရိုက်မျိုးဆက်ဝင်များနှင့် ရာထူးကြီးမားသော အကြီးအကဲများသာ နေထိုင်ခွင့်ရှိကြသည်။ ဒီအရာသည် အခွင့်ထူးခံ လူနည်းစုများအတွက် သီးသန့်ထားရှိသော နေရာတစ်ခု ဖြစ်သည်။
ထိုအဓိကနယ်မြေအတွင်းရှိ ခမ်းနားထည်ဝါစွာ အလှဆင်ထားသော အခန်းတစ်ခန်း၌ လူငယ်တစ်ဦးသည် လေးလံနေသော မျက်ခွံများကို အားယူကာ ဖွင့်ရန် ကြိုးစားနေခဲ့သည်။
နောက်ဆုံးတွင် သူသည် မျက်လုံးများကို ဖွင့်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ ခမ်းနားထည်ဝါလွန်းသော အခန်းအပြင်အဆင်ကြောင့် သူသည် အံ့ဩတုန်လှုပ်သွားပြီး မျက်လုံးများမှာလည်း မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားတော့သည်။
“ခဏနေဦး… ငါ အဲဒီ မဆင်မခြင်မောင်းတဲ့ မိန်းကလေးယာဉ်မောင်းနဲ့ မတော်တဆ တွေ့ခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီနေရာကို ရောက်လာတာလဲ။ ပြီးတော့ ငါ့ဖုန်းထဲက ဘရောက်ဇာမှတ်တမ်းတွေကလည်း… ငါတောင် မဖျက်ရသေးဘူးလေ—”
အတိတ်က အဖြစ်အပျက်များကို ပြန်လည်သတိရသွားသည့်အခါ သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သို့သော် ဆက်လက်တွေးတောရန်ပင် အချိန်မရလိုက်ပေ။ ဦးခေါင်းအတွင်း၌ ပြင်းထန်သော နာကျင်မှုတစ်ခု ရုတ်တရက် ထိုးနှက်လာပြီး သူသည် နောက်တစ်ကြိမ် သတိလစ်မေ့မြောသွားပြန်သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။
လူငယ်သည် နောက်ဆုံးတွင် သတိပြန်လည်ရရှိလာသောအခါ မရင်းနှီးသေးသော မှတ်ဉာဏ်အပိုင်းအစများက သူ၏စိတ်ထဲတွင် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
“ဒီနေရာက မဟာယန်အင်ပါယာရဲ့ လင်းမြို့ပဲ။ ပြီးတော့ ငါက… လင်းလန်ထျန်းလား။”
လူငယ်သည် ထိုရင်းနှီးသလိုလို၊ သူစိမ်းဆန်သလိုလို ဖြစ်နေသော နာမည်ကို စဉ်းစားရင်း တောင့်တင်းသွားခဲ့ရသည်။
မကြာမီမှာပင် အမှန်တရားကို သဘောပေါက်သွားပြီး သူ၏မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့ ရောနှောပေါ်ထွက်လာတော့သည်။
ရုတ်တရက် သူသည် ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး စားပွဲတစ်လုံးဆီသို့ အလျင်အမြန် လျှောက်သွားကာ မှန်ထဲသို့ စူးစိုက်ကြည့်လိုက်သည်။
မှန်ထဲတွင် ပေါ်လာသော ပုံရိပ်မှာ အလွန်ချောမောခန့်ညားသော လူငယ်တစ်ဦးဖြစ်ကာ သူသည် လွင့်လူးနေသော အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကလည်း လှပစွာ ဝဲကျနေခဲ့သည်။
သူ၏အရှိန်အဝါမှာ လွတ်လပ်ပေါ့ပါးပြီး သဘာဝကျကျ ဆွဲဆောင်မှုရှိလွန်းလှသည်။ ယခင်ဘဝက သူသိကျွမ်းခဲ့ဖူးသော အမျိုးသားနာမည်ကျော်များထက်ပင် ပိုမိုဆွဲဆောင်မှုရှိနေသည်။
“ငါ တကယ်ပဲ လင်းလန်ထျန်း ဖြစ်သွားတာလား။”
မှန်ထဲရှိ မိမိ၏ပုံရိပ်ကို စိုက်ကြည့်ရင်း သူ၏မျက်နှာထားမှာ အကြိမ်ကြိမ် ပြောင်းလဲသွားလေကာ နောက်ဆုံးတွင်တော့ သက်ပြင်းတစ်ချက်သာ ချလိုက်နိုင်တော့သည်။
သူ၏ယခင်ဘဝက နာမည်မှာ လင်းလန် ဖြစ်သည်။ လင်းလန်ထျန်းနှင့် နာမည်တစ်လုံးသာ ကွာခြားသည်။
သူသည် ဘွဲ့ရရန် နီးကပ်နေပြီဖြစ်သော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး အလုပ်ကောင်းတစ်ခု ရရှိနိုင်ရန် မနားမနေ ကြိုးစားနေခဲ့သည်။ သို့သော် လမ်းဖြတ်ကူးနေစဉ် မဆင်မခြင်မောင်းနှင်လာသော အမျိုးသမီးယာဉ်မောင်းတစ်ဦး၏ တိုက်မိခြင်းကို ခံခဲ့ရသည်။
ပိုဆိုးသည်မှာ သူ၏ဖုန်းထဲရှိ ဘရောက်ဇာမှတ်တမ်းများကိုပင် မဖျက်ရသေးခြင်း ဖြစ်သည်။
သူသည် အသက်ဆုံးရှုံးခဲ့ရရုံသာမက နာမည်ဂုဏ်သတင်းပါ ပျက်စီးသွားနိုင်သေးသည်။
“မဟာယန်အင်ပါယာ… လင်းလန်ထျန်း… ဒါဆို ဒီနေရာက မဟာလောကတစ်ထောင်ကမ္ဘာကြီး ရဲ့အောက်ကမ္ဘာပေါ့”
သက်ပြင်းချပြီးနောက် လင်းလန်ထျန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ သူ၏မျက်နှာထားမှာ ယခင်ထက်ပင် ပိုမိုညှိုးငယ်လာတော့သည်။
ယခင်ဘဝတုန်းက သူသည် ဝတ္ထုများကို အလွန်နှစ်သက်စွာ ဖတ်ရှုသူတစ်ဦး ဖြစ်ခဲ့သည်။ ညလုံးပေါက် ဝတ္ထုများကို ဖတ်ရှုရင်း အချိန်ကုန်ဆုံးခဲ့ဖူးသည်မှာလည်း မကြာခဏပင်။
ထို့ကြောင့် အာလူးရေးသားခဲ့သော ဝတ္ထုစီးရီးသုံးတွဲကိုလည်း သူဖတ်ဖူးခဲ့သည်။ အထူးသဖြင့် ဒုတိယမြောက်ဝတ္ထုဖြစ်သည့် ဝူတုန်းချန်းခွန်း(သိုင်းစကြဝဋာ) သည် အလွန်လူကြိုက်များခဲ့သည်။
လင်းလန်ထျန်းဟူသော နာမည်သည် သူ့အတွက် မစိမ်းလှပေ။ သူ၏ကိုယ်ပိုင်နာမည်နှင့် စာလုံးတစ်လုံးသာ ကွာခြားနေသည့် ထိုလူသည် မူရင်းဇာတ်လမ်းထဲတွင် မဟာယန်အင်ပါယာ၏ ဂုဏ်သိက္ခာကြီးမားသော လင်းမိသားစု၌ မွေးဖွားလာခဲ့သူ ဖြစ်သည်။
သူသည် လင်းမိသားစု၏ အတောက်ပဆုံး ကြယ်တစ်ပွင့်ဖြစ်ရုံသာမက လူငယ်မျိုးဆက်တစ်ခုလုံးအကြားတွင်လည်း နာမည်ကျော် ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။
သို့သော် သူသည် မာနကြီးသူ၊ အေးစက်သူနှင့် တစ်ကိုယ်ကောင်းဆန်သူ ဖြစ်သည်။
ဆယ်နှစ်တစ်ကြိမ် ကျင်းပသော မိသားစုအစည်းအဝေးတစ်ခုတွင် သူသည် လင်းရှောင်ကို ကျင့်ကြံနိုင်စွမ်းမရှိတော့သည်အထိ ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် သူသည် လင်းတုန်၏ အသက်ထက်ဆုံးရန်သူ ဖြစ်လာခဲ့ပြီး လင်းတုန်၏ အင်အားကြီးထွားလာမှုကို တွန်းအားပေးသည့် အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာခဲ့သည်။
“ဘယ်သူက ထင်ထားမှာလဲ။ ငါ တကယ်ပဲ လင်းလန်ထျန်း ဖြစ်လာလိမ့်မယ်လို့။ ငါက ဇာတ်လိုက်ရဲ့ တစ်သက်တာရန်သူကြီး ဖြစ်နေပါလား။”
လင်းလန်ထျန်းသည် ခါးသီးစွာ ရေရွတ်လိုက်မိသည်။
သို့သော် မဟာယန်အင်ပါယာ၏ ဝေးလံခေါင်သီသော မြို့ငယ်လေးတစ်မြို့တွင် လူအများ၏ လျစ်လျူရှုခြင်းကို ခံထားရသော မိသားစုငယ်တစ်ခုမှ လူငယ်တစ်ဦးသည် နောင်တစ်ချိန်တွင် နာမည်ကျော် သိုင်းဘိုးဘေး ဖြစ်လာမည်ဟု သူ မသိသေးပေ။
မဟာကမ္ဘာကြီးစီ ပထမဆုံး ခြေလှမ်းချနိုင်ခဲ့သော ထျန်းရွှမ်တိုက်ကြီးသားလည်း ဖြစ်သည်။
ဤအရာများကို တွေးမိလိုက်သောအခါ လင်းလန်ထျန်းသည် ပို၍ပင် စိတ်ဓာတ်ကျလာရသည်။
အကြောင်းမှာ လင်းတုန်သည် ဇာတ်လိုက်ဖြစ်သည့်အပြင် မီးဧကရာဇ် ရှောင်ယန်ကဲ့သို့ ကံကြမ္မာ၏ ရွေးချယ်ခြင်းခံထားရသူတစ်ဦးလည်း ဖြစ်နေသောကြောင့်ပင်။
သူသည် ကောင်းကင်နှင့်မြေကြီး၏ မျက်နှာသာပေးခြင်းကို ခံထားရသူဖြစ်ပြီး ထူးခြားသော ကံကောင်းမှုများနှင့် အံ့မခန်းမြန်ဆန်သော တိုးတက်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ကာ သူသည် ဇာတ်လိုက်တစ်ဦး၏ စံပြပုံစံပင် ဖြစ်သည်။
မဟာကမ္ဘာကြီးသို့ ရောက်ရှိသွားပြီးနောက် လင်းတုန်သည် လျင်မြန်စွာ အင်အားအထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ပြီး ကျယ်ပြန့်လှသော နယ်မြေတစ်ခုကို အုပ်စိုးနိုင်သည့် အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် လင်းလန်ထျန်းကတော့ လင်းတုန်၏ အောင်မြင်မှုလမ်းကြောင်းကို ပိတ်ဆို့ထားသော သာမန်ဗီလန်ငယ်တစ်ဦးသာ ဖြစ်ခဲ့သည်။ နောက်ဆုံးတွင်လည်း ကံဆိုးစွာဖြင့် အဆုံးသတ်ရမည့်သူ ဖြစ်နေသည်။
“ငါ… သူ အင်အားမကြီးလာခင်မှာပဲ ရှင်းပစ်လိုက်သင့်လား။”
လက်ရှိအခြေအနေကို နားလည်သဘောပေါက်သွားပြီဖြစ်သော လင်းလန်ထျန်း၏ မျက်လုံးများထဲတွင် ပြင်းထန်သော အလင်းတစ်စက် လက်ခနဲ ပေါ်လာကာ သူ၏မျက်နှာပေါ်တွင်လည်း ရက်စက်ကြမ်းကြုတ်လိုသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ယခင်ဘဝတုန်းက သူသည် လင်းတုန်ကို အလွန်လေးစားအားကျခဲ့သူ ဖြစ်သည်။
တာအိုဂိုဏ်းကို အားကောင်းလာစေရန် ကြွေးကြော်ခဲ့သော လင်းတုန်၏ နာမည်ကျော်စကားများသည် မရေမတွက်နိုင်သော အမျိုးသားများ၏ ရင်ထဲကို လှုပ်ခတ်စေခဲ့ဖူးသည်။
သို့သော် ယခုအခါ သူကိုယ်တိုင် လင်းတုန်၏ ရန်သူဖြစ်လာခဲ့ပြီဖြစ်ရာ ဆူးခင်းပေါ်တွင် ထိုင်နေရသကဲ့သို့ မသက်မသာ ခံစားနေရသည်။
ကံကြမ္မာကိုယ်တိုင် မျက်နှာသာပေးထားသောသူတစ်ဦး၏ ရန်သူဖြစ်နေရခြင်းသည် စိတ်ပူပန်စရာကောင်းလှသည်။
လင်းတုန်၏ ကံကောင်းသော တွေ့ဆုံမှုများနှင့် အံ့မခန်းမြန်ဆန်သော တိုးတက်မှုတို့သည် သာမန်စံနှုန်းများကို ကျော်လွန်နေခဲ့သည်။
‘အဲ့တာက တောက်အဓိပ္ပာယ်မရှိအောင်မြန်တာ’
လင်းလန်ထျန်းသည် လင်းတုန် အပြည့်အဝ အင်အားကြီးထွားမလာမီ သူ့ကို မရှင်းပစ်နိုင်ခဲ့ပါက တစ်နေ့နေ့တွင် လင်းတုန်သည် သူ့ထံသို့ ရောက်လာပြီး သူ့ကို အပျက်အစီးများကြား၌ ချန်ထားခဲ့မည်လား…….
သို့မဟုတ် ထိုထက်ဆိုးရွားသော အဆုံးသတ်ကို ရင်ဆိုင်ရမည်လားဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
ထို့အပြင် လင်းတုန်သည် ကျောက်တုံးအဆောင်ကို ရရှိထားပြီးဖြစ်သည်။
ထိုအဆောင်သည် အမှန်တကယ်အားဖြင့် “ဘိုးဘေးကျောက်တုံး” ဖြစ်သည်။
၎င်းသည် ထျန်းရွှမ်တိုက်ကြီး၏ ရှေးဟောင်းနတ်ဘုရားရတနာစာရင်းတွင် အဆင့်နှစ်နေရာ၌ ရပ်တည်နေပြီး “ကမ္ဘာမူလအရင်းအမြစ်သန္ဓေသား” တစ်ခုတည်းသာ ၎င်း၏အထက်တွင် ရှိလေသည်။
၎င်းသည် တန်ဖိုးဖြတ်၍မရနိုင်သော ရတနာတစ်ပါးပင် ဖြစ်သည်။
လင်းတုန်၏ အင်အားကြီးထွားလာမှုတွင် ကျောက်တုံးအဆောင်သည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ထိုအဆောင်အတွင်း၌ ကောင်းကင်နတ်မိစ္ဆာမြွေပါမျိုးနွယ်၏ လူငယ်သခင်လေး နေထိုင်နေပြီး သူသည် လင်းတုန်အတွက် အင်အားကြီးမားသော မဟာမိတ်တစ်ဦး ဖြစ်လာခဲ့သည်။
လင်းလန်ထျန်းသည် မိမိကိုယ်တိုင် လင်းမိသားစုအတွင်း၌သာမက မဟာယန်အင်ပါယာတစ်ခုလုံးတွင်ပင် ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သိထားသည်။
သို့သော် ထျန်းရွှမ်တိုက်ကြီးတစ်ခုလုံး၏ အတိုင်းအတာဖြင့် တွက်ချက်လိုက်ပါက သူသည် အရေးမပါလှသော လူတစ်ဦးသာ ဖြစ်နေသေးသည်။
သို့ရာတွင် သူသာ ဘိုးဘေးကျောက်တုံး၏ အကူအညီနှင့် ထိုမြွေပါမျိုးနွယ်ဝင်၏ ပံ့ပိုးမှုကို ရရှိခဲ့ပါက လင်းတုန်၏ အောင်မြင်မှုလမ်းကြောင်းကို အတုယူနိုင်ကောင်း အတုယူနိုင်ပေလိမ့်မည်။
ထိုအတွေးကြောင့် လင်းလန်ထျန်းသည် အနည်းငယ် စိတ်ယိမ်းယိုင်သွားခဲ့သည်။
သို့သော် လင်းတုန်ကို သတ်ပစ်ရန် စဉ်းစားနေသည့်တိုင် သူ့စိတ်ထဲတွင် တွန့်ဆုတ်မှုတစ်ခု ရှိနေဆဲဖြစ်သည်။
လင်းတုန်အစား ထန်ဆန်းသာ ဖြစ်နေခဲ့ပါက လင်းလန်ထျန်းသည် နှစ်ခါစဉ်းစားနေမည် မဟုတ်ပေ။
ထန်ဆန်း— “.....”
အကြောင်းမှာ ထန်ဆန်းသည် လူများကို လှည့်စားတတ်သော ဟန်ဆောင်သူတစ်ဦးဖြစ်ပြီး သနားညှာတာမှုနှင့် မထိုက်တန်သူဟု သူ ယူဆထားသောကြောင့်ပင်။
သို့သော် လင်းတုန်ကတော့ ဖြောင့်မတ်ပြီး မဆုတ်မနစ် ကြိုးစားတတ်သော လူငယ်တစ်ဦး ဖြစ်ကာ သူသည် အခြားသူများ၏ လေးစားမှုကို အလွယ်တကူ ရရှိနိုင်သူလည်း ဖြစ်သည်။
လင်းလန်ထျန်းသည် သူတော်စင်တစ်ဦး မဟုတ်သော်လည်း သွေးအေးရက်စက်သော လူသတ်သမားတစ်ဦးလည်း မဟုတ်ပေ။
မိမိအကျိုးအတွက်သာဆိုပြီး အပြစ်မဲ့သူတစ်ဦး၏ အသက်ကို အဆုံးသတ်ရန် သူ့အနေဖြင့် မလုပ်နိုင်ခဲ့ပေ။
ထို့အပြင် ထျန်းရွှမ်တိုက်ကြီးသည် လုံခြုံသောနေရာတစ်ခု မဟုတ်ကြောင်းကိုလည်း လင်းလန်ထျန်း သိထားသည်။
အကယ်၍ လင်းတုန်သည် သူ့လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီး လင်းလန်ထျန်းကိုယ်တိုင်လည်း ဘိုးဘေးနယ်ပယ်သို့ မရောက်ရှိနိုင်ခဲ့ပါက နတ်ဆိုးဧကရာဇ်ကြီး ထျန်းရွှမ်တိုက်ကြီးသို့ ရောက်ရှိလာသည့်အခါ သူတို့အားလုံး သေဆုံးရမည်သာ ဖြစ်သည်။
နှစ်အနည်းငယ် ပိုအသက်ရှင်နေရခြင်းကလည်း အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။
ဤအချက်ကို စဉ်းစားပြီးနောက် လင်းလန်ထျန်းသည် မိမိအပေါ် ဒုက္ခများကို ကိုယ်တိုင်ဖိတ်ခေါ်မည့် လုပ်ရပ်ကို မလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူ စိတ်နှစ်ခွဖြစ်နေစဉ် ရုတ်တရက် ကြည်လင်ပြတ်သားပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသကဲ့သို့ အံ့ဖွယ်ကောင်းသော အော်မြည်သံတစ်ခုသည် သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
“စကီးးးး…”
အသံမှာ ကျယ်လောင်လှခြင်း မရှိသော်လည်း လင်းလန်ထျန်းအတွက်တော့ မိုးကြိုးတစ်စင်း ပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သွားခဲ့သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ဦးခေါင်းအတွင်း၌လည်း တဝီဝီမြည်သံများ ပေါ်ထွက်လာတော့သည်။
“ဘုန်း…”
ထိုအော်မြည်သံသည် သူ၏စိတ်အတွင်း၌ ပဲ့တင်ထပ်နေစဉ် လင်းလန်ထျန်းသည် မယုံကြည်နိုင်လောက်အောင် အံ့ဩသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မြင့်မြတ်ခန့်ညားပြီး ပူပြင်းလောင်ကျွမ်းနေသော စွမ်းအင်တစ်ရပ်သည် သူ၏ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာကာ သူ၏အသိစိတ်ထဲသို့ တဟုန်ထိုး စီးဝင်လာသောကြောင့်ပင်။
ထို့နောက် သတင်းအချက်အလက်အသစ်များစွာသည် လှိုင်းလုံးကြီးတစ်ခုကဲ့သို့ သူ၏စိတ်ထဲသို့ အဆက်မပြတ် စီးဝင်လာခဲ့တော့သည်။
“မရဏကိုးပါး မီးတောက်စာကလေး......”
ဤအံ့အားသင့်ဖွယ် ဖော်ထုတ်ချက်ကြောင့် လင်းလန်ထျန်းသည် လုံးဝ ဆွံ့အသွားပြီး မျက်လုံးများကို အံ့ဩတကြီး ပြူးကျယ်ထားလိုက်မိသည်။
“ငါ့ရဲ့ ရွှေလက်ချောင်း… နောက်ဆုံးတော့ ရောက်လာပြီ...”