အခန်း (၆) ရည်မှန်းချက်များ
“ရှင်၊ ဒီလိုမျိုး မလုပ်ပါနဲ့၊ ကျွန်မ ကြောက်လို့ပါ...” ရှယွီချင်းသည် သူမ၏နှုတ်ဖျားသို့ ရောက်လုနီးပါး ဖြစ်နေသော စကားလုံးများကို ပြန်လည်မျိုချလိုက်ရသည်၊၊
ချန်ချင်းကို ရန်ရှာရန် သို့မဟုတ် အခက်တွေ့စေရန် အကြောင်းပြချက် မပေးလိုသဖြင့် သူမသည် နှုတ်ခမ်းလွှာကို အသာအယာဟကာ မုန့်ကို တစ်ကိုက်ခန့် ကိုက်လိုက်သည်၊၊
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အတွက် ကျပန်းဆုလာဘ်- အဆင့် (၁) ချီသန့်စင်ခြင်းဆေးလုံး (၂၀) ရရှိသည့်အတွက် ဂုဏ်ယူပါသည်၊၊】
‘အလုံးနှစ်ဆယ်တောင်လား’
ဇနီးသည်ကို အစားအစာ ခွံကျွေးခြင်းက ဇနီးသည်ကို အလိုလိုက်ခြင်း တန်ဖိုး ပိုမိုမြင့်မားသည်ဟု စနစ်က သတ်မှတ်ကြောင်း အတည်ပြုပြီးနောက် ချန်ချင်းက ဝမ်းသာအားရဖြင့် “နောက်ထပ် စားပါဦး” ဟု ဆိုလိုက်သည်၊၊
ရှယွီချင်းသည် ခေါင်းညိတ်ပြကာ ခုနကစားထားသော မုန့်ကို မျိုချလိုက်ပြီးနောက် ရှေ့သို့ တိုးကာ နောက်ထပ် တစ်ကိုက် အသာအယာ ကိုက်လိုက်ပြန်သည်၊၊
သူမသည် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ရာ ချန်ချင်းကို ဒေါသထွက်ရန် အခွင့်အရေး လုံးဝ ပေး၍မဖြစ်ပေ၊၊ သူ ခိုင်းသမျှကိုသာ သူမ လိုက်လုပ်ရမည် ဖြစ်သည်၊၊
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အတွက် ကျပန်းဆုလာဘ်- အဝါရောင်အဆင့် အလယ်အလတ် ကျင့်စဉ်တစ်ခုဖြစ်သော တောင်ဖြိုလက်ဝါး ရရှိသည့်အတွက် ဂုဏ်ယူပါသည်၊၊】
“စားပါ၊ အများကြီး ကျန်သေးတယ်၊ မလောက်ရင် အိမ်က စားဖိုမှူးတွေကို ထပ်လုပ်ခိုင်းလိုက်မယ်”
ကျင့်စဉ်လျှို့ဝှက်ကျမ်းစာပင် ထွက်ပေါ်လာသည်ကို မြင်သောအခါ ချန်ချင်းသည် ပိုမိုစိတ်လှုပ်ရှားလာပြီး ရှယွီချင်း နောက်ထပ်စားရန် မျှော်လင့်နေမိသည်၊၊
တစ်ကိုက်စားတိုင်း ဆုတစ်ခုရသည်မှာ အမှန်တကယ်ပင် ကျေနပ်စရာ ကောင်းလှသည်၊၊
ရှယွီချင်းသည် ဘာမှထပ်မပြောတော့ဘဲ နာခံစွာပင် လိုက်လုပ်နေတော့သည်၊၊
သူမ မုန့်တစ်လုံး ကုန်သွားသည်ကို မြင်သောအခါ ချန်ချင်းက နောက်ထပ်တစ်လုံးကို ကောက်ကိုင်လိုက်ပြန်သည်...
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အတွက် ကျပန်းဆုလာဘ်- အဆင့် (၂) ချီအားဖြည့်ဆေးလုံး (၅) လုံး ရရှိသည့်အတွက် ဂုဏ်ယူပါသည်၊၊】
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အတွက် ကျပန်းဆုလာဘ်- အလွတ်သုံးနိုင်သော စွမ်းရည်မှတ် (၁၀) ခု ရရှိသည့်အတွက် ဂုဏ်ယူပါသည်၊၊】
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အတွက် ကျပန်းဆုလာဘ်- နားလည်သဘောပေါက်နိုင်စွမ်း (၅) ခု ရရှိသည့်အတွက် ဂုဏ်ယူပါသည်၊၊】
...
တဖြည်းဖြည်းနှင့် တောင်ပုံရာပုံ ရှိနေသော မုန့်များမှာ ကုန်သလောက် ဖြစ်သွားလေပြီ၊၊
ချန်ချင်း ခွံကျွေးသည့် အရှိန်မှာ ပိုမြန်လာသလို ရှယွီချင်း စားသည့် အရှိန်မှာလည်း ပိုမြန်လာသည်၊၊
ချန်ချင်းက နောက်ထပ် မုန့်တစ်လုံးကို ကောက်ကိုင်လိုက်သောအခါ ရှယွီချင်းသည် ဟထားသော ပါးစပ်ကို ပြန်ပိတ်လိုက်ပြီး ခက်ခဲစွာ ပြောလိုက်သည်၊၊ “တောင်းပန်ပါတယ်၊ ကျွန်မ၊ ကျွန်မ တကယ် ထပ်မစားနိုင်တော့ဘူး”
“ရပါတယ်၊ အခု မစားနိုင်ရင် ဗိုက်ဆာတဲ့အခါမှ စားပေါ့” ချန်ချင်းသည် ရှယွီချင်းကို အတင်းအကျပ် လုပ်ရန် ဆန္ဒမရှိပေ၊၊
သူသည် မုန့်ကို ပြန်ချလိုက်ပြီး လက်ဖက်ရည်တစ်ခွက် တိုက်ရန် အခွင့်အရေးကို လက်လွတ်မခံဘဲ “နင်သွားလို့လား၊ ရော့၊ ရေသောက်လိုက်ဦး”
ချန်ချင်းက သူမကို အရင်ကလို ရေတွေ အဆက်မပြတ် တိုက်နေမည်ကို စိုးရိမ်သဖြင့် ရှယွီချင်းက ခွက်ကို ယူလိုက်ရင်း “တစ်ခွက်တည်းဆို ရပါပြီ” ဟု ဆိုလိုက်သည်၊၊
“ကောင်းပြီလေ”
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အတွက် ကျပန်းဆုလာဘ်- အဝါရောင်အဆင့် အဆင့်နိမ့် ကျင့်စဉ်တစ်ခုဖြစ်သော လွင့်မျောတိမ်တိုက် ခြေလှမ်း ရရှိသည့်အတွက် ဂုဏ်ယူပါသည်၊၊】
ချန်ချင်းသည် ဂရုမစိုက်ပေ၊၊ ဤကဲ့သို့သော အရာမျိုးမှာ ရေရှည်စီမံကိန်းနှင့် သင့်တော်သည်၊၊ သူသည် တစ်ကြိမ်တည်းနှင့် ဝအောင် လုပ်ရန် သို့မဟုတ် ရှယွီချင်းကို အစာအိမ်ပေါက်အောင် ကျွေးရန် အစီအစဉ်မရှိပေ၊၊
‘စားသောက်ပြီးပြီဆိုတော့ တခြား ဘာလုပ်ရဦးမလဲ’
ချန်ချင်းက တိတ်တဆိတ် စဉ်းစားနေမိသည်၊၊
သူသည် ဇနီးသည်ကို အလိုလိုက်ခြင်း ဆုလာဘ်များ ရယူရန် စဉ်းစားနေစဉ် မိုင်ပေါင်း ထောင်ချီဝေးကွာသော တာမန်တောင်တန်း၏ နက်ရှိုင်းရာ အမည်မသိ နတ်ဘုရားဂူအတွင်း၌...
ဘုန်း!
အားကောင်းသော ချီလှိုင်းတစ်ခုသည် နတ်ဘုရားဂူ၏ အနက်ရှိုင်းဆုံးနေရာမှ ပေါက်ကွဲထွက်လာပြီး ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားများ ပါရှိနေပုံရသည်၊၊ သို့သော် နတ်ဘုရားဂူ၏ အဝင်ဝသို့ ရောက်သောအခါ ပိုမိုအားကောင်းသော စွမ်းအင်တစ်ခု၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး အကာအကွယ်နံရံတစ်ခုကိုသာ ပြသနေတော့သည်၊၊
ဤနေရာသည် ဇာတ်လိုက် ရဲ့ဖုန်း တံခါးပိတ်ကျင့်ကြံရင်း လက်မှတ်ထိုးနေသည့် နေရာပင် ဖြစ်သည်၊၊
“ကောင်းတယ်၊ ဒီနေ့ လက်မှတ်ထိုးလို့ရတဲ့ ဆေးလုံးကို နောက်ဆုံးတော့ သန့်စင်နိုင်ခဲ့ပြီ၊ ဒီလို အဆင့် (၅) ဆေးလုံးလေးက ငါ့ရဲ့ ကျင့်စဉ်ကို ဝိညာဉ်ဖြစ်ပေါ်ခြင်း အဆင့်အထိ တက်လှမ်းစေနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“ဒီအတိုင်းသာ ဆက်သွားရင် ကွမ်စီဧကရာဇ် အဆင့်ကို ရောက်ဖို့နဲ့ မဟာဧကရာဇ် အဆင့်အထိ တက်လှမ်းနိုင်ဖို့ သိပ်မကြာတော့ဘူး”
“အဲဒီအချိန်ကျရင် ဒီလောကမှာ ငါ့ကို ယှဉ်နိုင်တဲ့သူ ရှိမှာမဟုတ်ဘူး”
“အဖေ၊ ညီမလေး၊ ငါ့ကို စောင့်နေကြပါ၊ အနှစ်သုံးဆယ် ပြည့်တာနဲ့ ငါ ဂူအောင်းရာကနေ ထွက်လာပြီး မင်းတို့ကို သေချာပေါက် ကယ်ထုတ်မယ်”
ရဲ့ဖုန်းသည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ယုံကြည်ချက်နှင့် ပြတ်သားမှုများ ပြည့်နှက်နေသည်၊၊
သူ၏ အဖေနှင့် ညီမလေးအပြင် ရဲ့ဖုန်း၏ စိတ်ထဲတွင် ကတ်သီးကတ်သတ် လက်စားချေလိုစိတ်များသာမက ရင်သပ်ရှုမောဖွယ် ပုံရိပ်တစ်ခုလည်း ရှိနေသည်၊၊
တိုင်းပြည်ကိုပင် မှောက်လှန်နိုင်သော ရှယွီချင်း၏ လှပသော မျက်နှာလေးမှာ ရဲ့ဖုန်း၏ စိတ်ထဲတွင် မြင်ယောင်လာသည်၊၊
“ရှယွီချင်း၊ မင်း ငါ့ကို စောင့်နေရမယ်၊ နောက်အနှစ်သုံးဆယ်ကြာလို့ ငါ မဟာဧကရာဇ် ကျင့်စဉ်နဲ့ ပြန်လာတဲ့အခါ ငါတို့ရဲ့ ငယ်ဘဝကတိကို တည်ပြီး မင်းကို သေချာပေါက် လက်ထပ်မယ်”
ရဲ့ဖုန်းသည် ရှယွီချင်း၏ သူအပေါ်ထားသော စိတ်ကို ယုံကြည်နေပြီး သူမသည် သူ ပြန်လာသည်အထိ သေချာပေါက် စောင့်ဆိုင်းနေလိမ့်မည်ဟု ထင်နေသည်၊၊
ခွေးဧကရာဇ်သည် ရှယွီချင်းကို အလိုလိုက်သဖြင့် သူမ မနှစ်သက်သောသူနှင့် လက်ထပ်ရန် အတင်းအကျပ် လုပ်မည်မဟုတ်ဟု သူက ထင်နေမိသည်၊၊
ဤသို့ဖြင့် မိမိကိုယ်ကို နှစ်သိမ့်ပြီးနောက် ရဲ့ဖုန်းသည် ဆက်လက် ကျင့်ကြံရန် ရွေးချယ်လိုက်သည်၊၊
ကျင့်ကြံခြင်းနှင့် အိပ်စက်ခြင်းမှလွဲ၍ ရဲ့ဖုန်း လုပ်နိုင်သည်မှာ ဘာမှမရှိပေ၊၊ သူ သွားလာနိုင်သော ဧရိယာမှာ ဤနတ်ဘုရားဂူအတွင်း၌သာ ကန့်သတ်ထားပြီး အကာအကွယ် နံရံကြောင့် အပြင်သို့ ထွက်၍မရပေ၊၊
စနစ်သည် ပေါင်းစည်းလိုက်သော အခိုက်အတန့်မှာပင် သူ့ကို ဤနတ်ဘုရားဂူအတွင်း၌ အနှစ်သုံးဆယ်တိတိ နေထိုင်ကာ လက်မှတ်ထိုးရန် အတင်းအကျပ် တောင်းဆိုထားခဲ့သည်၊၊
စနစ်၏ အသုံးဝင်ပုံမှာ ရိုးရှင်းသည်၊၊ နေ့စဉ် လက်မှတ်ထိုးရန် အခွင့်အရေး တစ်ကြိမ်ရပြီး မည်သည့်ဆုလာဘ် ရမည်ဆိုသည်မှာ ကံတရားပေါ်တွင်သာ မူတည်သည်၊၊ လွဲချော်သွားပါက ပြန်မရနိုင်ပေ၊၊
သို့သော် ရဲ့ဖုန်း လုံးဝ မတွေးတောမိသည်မှာ ရှယွီချင်းသည် လက်ထပ်လိုက်ရုံသာမက ဤအချိန်တွင် ချန်ချင်းနှင့် ခုတင်တစ်ခုတည်းပေါ်တွင် ရှိနေခြင်းပင် ဖြစ်သည်၊၊
အတိအကျ ပြောရလျှင် ရှယွီချင်းသည် ခုတင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေပြီး ချန်ချင်းက သူမ၏ အနောက်မှနေ၍ ကျောကို ပွတ်ပေးကာ ပခုံးများကို နှိပ်ပေးနေခြင်း ဖြစ်သည်၊၊
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အတွက် ကျပန်းဆုလာဘ်- အဝါရောင်အဆင့် အထက်တန်းစား လက်နက်ဖြစ်သော လမင်းသတ်ဓား ရရှိသည့်အတွက် ဂုဏ်ယူပါသည်၊၊】
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အတွက် ကျပန်းဆုလာဘ်- မြေလျှိုးအဆောင် (၅) ခု ရရှိသည့်အတွက် ဂုဏ်ယူပါသည်၊၊】
...
သူသည် ဆုလာဘ်များကို ရယူရင်း အမှန်တကယ် ပျော်ရွှင်နေမိသည်၊၊
ဆန့်ကျင်ဘက်အနေဖြင့် ရှယွီချင်း၏ ခန္ဓာကိုယ်မှာ လုံးဝ စိတ်မလျှော့ရဲဘဲ အမြဲတမ်း တင်းမာနေသည်၊၊ ချန်ချင်း၏ ဤလုပ်ရပ်များမှာ ဘာကို ရည်ရွယ်သည်ဆိုသည်ကို သူမ လုံးဝ နားမလည်နိုင်ပေ၊၊
သူသည် သူမ၏ ဖိနပ်ကို ချွတ်ပေးသည်၊ စောင်ခြုံပေးသည်၊ မျက်နှာသစ်ရန် ရေခပ်ပေးသည်၊ ကိုယ်တိုင် ခွံကျွေးသည်၊ ယခုလည်း သူမ၏ ကျောနှင့် ပခုံးများကို မမောမပန်း နှိပ်ပေးနေပြန်သည်၊၊
ထို့ကြောင့် ရှယွီချင်း၏ စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခု ပေါ်လာသည်၊၊ ချန်ချင်းသည် လေလွင့်အပျော်အပါးမက်သော သားမိုက် ဘဝကို ငြီးငွေ့လာပြီး ရိုးသားသော မိန်းကလေးတစ်ယောက်ကို ရှာကာ အခြေချချင်နေပြီလား၊၊
သူမ မသေချာသလို ချန်ချင်းကိုလည်း မမေးရဲပေ၊၊
သူမသည် ချန်ချင်း၏ လုပ်ရပ်များကိုသာ ဆက်လက် ပူးပေါင်းဆောင်ရွက်နေရတော့သည်...
သူမ မသိသည်မှာ သူမသည် မသိလိုက်ဘဲ ချန်ချင်းအတွက် စနစ်ဆုလာဘ်များ ရယူပေးသည့် ကိရိယာတစ်ခု ဖြစ်နေခြင်းပင် ဖြစ်သည်၊၊
ချန်ချင်းက ပျော်ရွှင်စွာ ဆုလာဘ်များ ယူနေသော်လည်း ရှယွီချင်းအတွက်မူ ဖိအားများလှသည်၊၊ သူမ၏ စိတ်ထဲမှ တင်းမာမှုမှာ ခဏလေးပင် လျှော့၍မရပေ၊၊
“အခုတော့ ဒီလောက်နဲ့ပဲ ရပ်ရအောင်” ချန်ချင်းသည် သူ၏ အရင်မှတ်ဉာဏ်များ မရခင်က ခန္ဓာကိုယ်မှာ အရက်နှင့် မိန်းမကိစ္စများကြောင့် မည်မျှ ဆိုးရွားနေသည်ကို သိလိုက်ရသည်၊၊
ခဏလေးသာ ဆုလာဘ်များ ရယူရသေးသော်လည်း သူသည် အလွန်ပင်ပန်းနေပြီး အသက်ရှူပင် ပြင်းနေလေပြီ၊၊
နောင်တွင် ကျင့်ကြံခြင်းကို လျစ်လျူမရှုဘဲ သူ၏ အားနည်းနေသော ခန္ဓာကိုယ်ကို အမြန်ဆုံး ပြန်လည် ပြုပြင်ရမည်ဟု ဆုံးဖြတ်လိုက်သည်၊၊
အသက်ကို ခဏရှူကာ ပြန်လည် သက်သာလာပြီးနောက်၊၊
ချန်ချင်းသည် ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်ရာ အချိန်စောနေသေးသဖြင့် ရှယွီချင်းကို မေးလိုက်သည်၊၊ “ဇနီးသည်၊ အပြင်ထွက်ပြီး လမ်းလျှောက်ချင်လား၊ စိတ်ပြေလက်ပျောက်ပေါ့”
ချန်ချင်းသည် သူနှင့် ရှယွီချင်းကြားတွင် လင်မယားအရာ မြောက်သည့် ကိစ္စများ မရှိသော်လည်း နာမည်အရမူ လင်မယား ဖြစ်နေသဖြင့် ‘ဇနီးသည်’ ဟု ခေါ်ခြင်းမှာ အဆင်ပြေသည်ဟု တွေးလိုက်သည်၊၊
‘ဇနီးသည်...’
ချန်ချင်း ထိုသို့ ခေါ်သည်ကို ကြားသောအခါ ရှယွီချင်းသည် ထူးဆန်းပြီး စိတ်မသက်မသာ ဖြစ်သွားရသည်၊၊
“မင်္ဂလာဆောင် အိပ်ခန်း ကိစ္စကော...” သူမက ကြောင်သံလောက်သာ ရှိသော အသံဖြင့် တိုးတိုးလေး မေးလိုက်သည်၊၊
“ကိုယ်က လူတွေကို အတင်းအကျပ် လုပ်ရတာ မကြိုက်ဘူး၊ တကယ်လို့ မင်းက ကိုယ်နဲ့အတူ မင်္ဂလာဆောင် အိပ်ခန်းထဲ ဝင်ချင်တယ်ဆိုရင်တော့ အခုချက်ချင်း စလို့ရပါတယ်”
ဤစကားကို ကြားသောအခါ ရှယွီချင်းသည် ဗီဇအရပင် အနောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး “ကျေးဇူးတင်ပါတယ် သခင်လေးချန်၊ ကျွန်မကို အချိန်နည်းနည်းလောက် ထပ်ပေးပါဦး”
ချန်ချင်းသည် ဤအရာကို မအံ့သြဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်၊၊ “သီးသန့်နေရာမှာ ကိုယ့်ကို ဘယ်လိုပဲ ခေါ်ခေါ် ကိစ္စမရှိပေမယ့် အပြင်မှာတော့ ကိုယ့်ကို ခင်ပွန်းလို့ ခေါ်တာ အကောင်းဆုံးပဲ၊ ဒါမှ မင်းနဲ့ ကိုယ့်အတွက် ပြဿနာတွေ အများကြီးကို ရှောင်နိုင်မှာ”
“ကောင်းပါပြီ” ရှယွီချင်းက ခေါင်းညိတ် သဘောတူလိုက်သည်၊၊
ချန်ချင်း ပြောသည်မှာ အမှန်ဖြစ်စေ၊ မဖြစ်စေ ရှယွီချင်းအတွက်မူ အချိန်ဆွဲနိုင်သမျှ ဆွဲထားနိုင်ခြင်းက အမြတ်ပင် ဖြစ်သည်၊၊
သူမသည် နန်းတွင်းထဲတွင် အပြောင်းအလဲများ အမြန်ဆုံး ဖြစ်လာရန် ဥပမာ- ချန်မိသားစု ပြိုလဲသွားရန် မျှော်လင့်နေမိသည်၊၊
ထို့ပြင် သူမ၏ ဖုန်းအစ်ကိုသည် ကတိပေးထားသည့်အတိုင်း မင်္ဂလာရှိသော ရောင်စုံတိမ်တိုက်များကို စီးနင်းကာ သူမကို လာရောက် ကယ်တင်လိမ့်မည်ဟု ပိုမို မျှော်လင့်နေမိတော့သည်၊၊