အခန်း ၅၀။ နောက်ထပ်တစ်ပုလင်း။
(နှစ်ဆကျင့်ကြံမှုအတွေ့အကြုံထုပ်ကို အသုံးပြုရန် အတည်ပြုပါသည်။)
(လက်ရှိတွင် နှစ်ဆကျင့်ကြံမှုအတွေ့အကြုံထုပ်ကို အသုံးပြုနေပါသည်...)
(နှစ်ဆကျင့်ကြံမှုအတွေ့အကြုံထုပ်ကို အောင်မြင်စွာ အသုံးပြုပြီးပါပြီ။)
စနစ်၏အသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ချန်ချင်း၏ကျင့်ကြံမှုနယ်ပယ်သည် ခန္ဓာပေါင်းစည်းခြင်းအဆင့်၏ အထွဋ်အထိပ်သို့ ချက်ချင်းရောက်ရှိသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မဟာယနအဆင့်၏ အထွဋ်အထိပ်သို့ပါ တိုးတက်သွားတော့သည်။ (ဒုံးပျံတောင်လိုက်မမှီဘူး😑)
ဤနှစ်ဆကျင့်ကြံမှုအတွေ့အကြုံထုပ်သည် ချန်ချင်း၏ကျင့်ကြံမှုနယ်ပယ်ကို တစ်ကြိမ်တည်းနှင့် နယ်ပယ်ကြီးနှစ်ခုအထိ မြှင့်တင်ပေးခဲ့ခြင်းဖြစ်သည်။
၎င်းမှာ သာမန်အကျိုးအမြတ်မျိုးမဟုတ်ဘဲ အလွန်ကြီးမားလှသော အကျိုးကျေးဇူးပင် ဖြစ်သည်။
ရှယွီချင်း၏ သူ့အပေါ်ထားရှိသော သံယောဇဉ်ကို တိုးပွားစေရုံတင်မကဘဲ သူ၏ကျင့်ကြံမှုနယ်ပယ်ကိုလည်း သိသိသာသာ မြှင့်တင်နိုင်ခဲ့သဖြင့် တစ်ချက်ခုတ်ရုံဖြင့် နှစ်ချက်ပြတ်သွားခဲ့ခြင်းပင်။
ထို့နောက်တွင်မူ ချန်ချင်းသည် အရိပ်ရုပ်သေးက ထိုတပည့်များကို သတ်ဖြတ်စဉ်က ရရှိထားသော ဇနီးသည်ကို အလိုလိုက်ခြင်း ဆုလာဘ်များကို စစ်ဆေးရန် စနစ်သိုလှောင်ရုံကို ဖွင့်လိုက်သည်။
ပြီးခဲ့သည့်အကြိမ်က စစ်ဆေးခဲ့စဉ်က သူမှတ်မိသလောက်ဆိုလျှင် "နဂါးသွေး" ဟူသော စကားလုံးကို တွေ့ရှိခဲ့သည်။
ချန်ချင်းသည် ယခင်က ရှယွီချင်းအား စစ်မှန်သော ဖီးနစ်ခန္ဓာကို ပေးအပ်ခဲ့ဖူးသည်။ ၎င်းမှာ ဖီးနစ်သွေး မဟုတ်သော်လည်း နတ်သားရဲသွေးချင်း တူညီသောကြောင့် နဂါးသွေးကိုလည်း ရှယွီချင်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ရန် အသုံးပြုနိုင်ပေသည်။
၎င်းကို တွေးမိသောအခါ ချန်ချင်းသည် ဖန်ပုလင်းကြည်လေးအတွင်း ထည့်ထားသော၊ ရွှေရောင်အမျှင်တန်းလေးများ ဝေ့သီနေသည့် သွေးနီရောင်အရည်များ ပါဝင်သော နဂါးသွေးတစ်ပုလင်းကို ထုတ်ယူလိုက်သည်။
"ခင်ပွန်း၊ ဒါက ဘာလဲဟင်။" ရှယွီချင်းက ပုလင်းထဲတွင် အသာအယာ လှုပ်ခတ်နေသော ထိုအရည်ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"နဂါးသွေးပါ၊ ဒါကို မင်းရဲ့ စစ်မှန်သော ဖီးနစ်နတ်ဘုရားခန္ဓာကို မြှင့်တင်ဖို့ အသုံးပြုလို့ရတယ်။" ချန်ချင်းက ပြောရင်း နဂါးသွေးပုလင်းကို ကမ်းပေးလိုက်သည်။
ရှယွီချင်းသည် နဂါးသွေးပုလင်းကို လှမ်းယူလိုက်ပြီး အဖုံးကို ဖွင့်ကာ တစ်ငုံတည်းနှင့် ကုန်အောင် သောက်ရန် ပြင်လိုက်သည်။
"ဟေး။ ဒါက သောက်ရမှာမဟုတ်ဘူး၊ မင်း အဲ့ဒါကို စုပ်ယူပြီး အဆင့်မြှင့်တင်ရမှာ။" ချန်ချင်းက သူမကို အမြန်ပင် တားဆီးလိုက်ရသည်။
"အော်၊ ဟုတ်သားပဲ။" ရှယွီချင်းက ရှက်ကိုးရှက်ကန်းနှင့် ရယ်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် သူမသည် ချန်ချင်း၏ ညွှန်ကြားချက်အတိုင်း ဝိညာဉ်ချီကို စုပ်ယူသကဲ့သို့ ပုလင်းထဲမှ နဂါးသွေးများကို စုပ်ယူရန် စတင်လိုက်သည်။
ချန်ချင်း၏လက်ထဲတွင် နဂါးသွေးများ အတော်လေး ကျန်ရှိနေသေးသည်။ သူသည် ၎င်းတို့ကို အဆင့်မြှင့်တင်ရန် မလောသေးဘဲ နဂါးသွေးတစ်ပုလင်း ပေးအပ်လိုက်ခြင်းကြောင့် ရရှိလာသော ဆုလာဘ်ကို စနစ်စာမျက်နှာတွင် အရင်စစ်ဆေးလိုက်သည်။
(ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အား ကျပန်းဆုလာဘ်အဖြစ် အရိပ်ရုပ်သေး အဆင့်မြှင့်တင်ရေးကတ် +၁ ကို ပေးအပ်သည့်အတွက် ဂုဏ်ယူပါသည်။)
'အရိပ်ရုပ်သေးတွေကို အဆင့်မြှင့်လို့ ရသေးတာလား။'
ဒါက ချန်ချင်းအတွက် အနည်းငယ် မျှော်လင့်မထားသော အရာပင်။
'ဒါပေမဲ့ ကတ်တစ်ကတ်တည်းလား။ စနစ်၊ မင်းက နည်းနည်းတော့ ကပ်စေးမနှဲလွန်းဘူးလား။'
ချန်ချင်းသည် စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်မိသည်။
သူသည် သက်ပြင်းချလိုက်ကာ 'ထားပါတော့လေ၊ တစ်ကတ်က ဘာမှမရှိတာထက်စာရင် တော်ပါသေးတယ်။ ကံဆိုးတဲ့အချိန်ဆိုတာလည်း ရှိတတ်တာပဲ' ဟု မိမိကိုယ်ကိုယ် ဖြေသိမ့်လိုက်သည်။
ထို့နောက် သူသည် အရိပ်ရုပ်သေး အဆင့်မြှင့်တင်ရေးကတ်ကို အသုံးပြုရန် နှိပ်လိုက်သည်။
(လက်ရှိတွင် အရိပ်ရုပ်သေး အဆင့်မြှင့်တင်ရေးကတ်ကို အသုံးပြုနေပါသည်...)
(အရိပ်ရုပ်သေး အဆင့်မြှင့်တင်ရေးကတ်ကို အောင်မြင်စွာ အသုံးပြုပြီးပါပြီ။)
နောက်တစ်စက္ကန့်တွင် ချန်ချင်း၏ရှေ့ရှိ စနစ်စာမျက်နှာပေါ်၌ စာသားအချို့ ပေါ်လာတော့သည်။
သံချပ်ကာဝတ် အရိပ်ရုပ်သေး၊ လူသတ်သမား အရိပ်ရုပ်သေး၊ လေးသည်တော် အရိပ်ရုပ်သေး စသည်ဖြင့် အမျိုးအစားကွဲပြားသွားခဲ့သည်။
၎င်းတို့နောက်တွင် ဂဏန်းတန်းများ ပါရှိနေပြီး ၎င်းတို့ကို ပေါင်းလိုက်ပါက ချန်ချင်း လက်ရှိပိုင်ဆိုင်ထားသော အရိပ်ရုပ်သေး စုစုပေါင်း အရေအတွက်နှင့် အတူတူပင် ဖြစ်သည်။
'တစ်ဖွဲ့လုံးကို အဆင့်မြှင့်ပေးတာပဲ။'
ထိုအခါမှသာ ချန်ချင်းသည် စနစ်ကို အထင်မှားခဲ့မိကြောင်း သိလိုက်ရသည်။
အဆင့်မြှင့်တင်ရေးကတ်သည် အရိပ်ရုပ်သေးများ၏ တပ်ဖွဲ့အမျိုးအစားများကို ကျပန်းပြောင်းလဲပေးနိုင်ခြင်းဖြစ်သည်၊ သံချပ်ကာဝတ် အရိပ်ရုပ်သေးများမှာ ခံစစ်တွင် ကျွမ်းကျင်ပြီး လူသတ်သမား အရိပ်ရုပ်သေးများမှာ လျင်မြန်ရုံတင်မကဘဲ တိုက်ခိုက်မှုစွမ်းအားလည်း အလွန်မြင့်မားကြကာ လေးသည်တော် အရိပ်ရုပ်သေးများမှာမူ အဝေးတိုက်ခိုက်ရေးတွင် ထူးချွန်ကြသည်။
"မဆိုးဘူး၊ တကယ်ကို မဆိုးဘူး။" ချန်ချင်းသည် ဤဆုလာဘ်အပေါ် အလွန်ကျေနပ်မိသည်။
"ခင်ပွန်း။" ထိုစကားကို ကြားသောအခါ နဂါးသွေးများကို လုံးဝစုပ်ယူပြီးသွားသော ရှယွီချင်းက သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
"ငါ့ဇနီးသည်ရဲ့ ပါရမီက တကယ်ကို ထူးခြားတယ်လို့ ပြောနေတာပါ၊ နဂါးသွေးအားလုံးကို ဒီလောက်မြန်မြန် သုံးပီး အဆင့်မြှင့်နိုင်တာကိုး။" ချန်ချင်းက အမြန်ပင် ရှင်းပြလိုက်သည်။
ထို့နောက် သူက မေးလိုက်သည်မှာ။ "အခု ဘယ်လိုခံစားရလဲ။"
"ကျွန်မရဲ့ ခွန်အားတွေ အတော်လေး တိုးလာပြီး နတ်ဘုရားခန္ဓာမှာလည်း သိသိသာသာ ပြောင်းလဲမှုတွေ ဖြစ်သွားပြီ။" ရှယွီချင်းမှာ ကျင့်ကြံခြင်းလမ်းစဉ်တွင် အသစ်အစဖြစ်နေသေးသဖြင့် သူမ၏ ခံစားချက်ကို ဖော်ပြရန် စကားလုံးများစွာ မရှိပေ။
"ဒါဆိုရင် ကောင်းတာပေါ့၊ နောက်ထပ်တစ်ပုလင်း ထပ်ယူလိုက်ဦး။" ချန်ချင်းက နောက်ထပ် နဂါးသွေးတစ်ပုလင်းကို ထုတ်ပေးလိုက်သည်။
ဇနီးသည်ကို အလိုလိုက်ခြင်း ဆုလာဘ်များ ရယူနိုင်မည့် ဤအခွင့်အရေးကို သူ မည်သို့လျှင် လက်လွတ်ခံပါမည်နည်း။
"ဟင်။"
ရှယွီချင်းအတွက်မူ နဂါးဆိုသည်မှာ နတ်သားရဲများဖြစ်ကြပြီး အောက်ဘုံတွင် မျိုးသုဉ်းသွားသည်မှာ ကြာပြီဖြစ်သည်။
နဂါးတစ်ကောင်၏ တစ်ကိုယ်လုံးမှာ ရတနာများဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက နဂါးအကြေးခွံ တစ်ခုတည်းပင်လျှင် လေလံပွဲများတွင် ကောင်းကင်အထိ ဈေးကြီးပေးရကြောင်း ဒဏ္ဍာရီများအရ သိရှိထားသည်။
သို့သော် ချန်ချင်းကမူ နဂါးသွေးများကို ပုလင်းလိုက် အလွယ်တကူ ထုတ်ပေးနိုင်နေခြင်း ဖြစ်သည်။
ထိုအချိန်တွင် ရှယွီချင်းသည် ချင်ချန်ဂိုဏ်း၌ ချန်ချင်း နဂါးတစ်ကောင်ကို စီးကာ ကောင်းကင်သို့ ပျံတက်သွားသည့် ခန့်ညားထည်ဝါသော မြင်ကွင်းကို ရုတ်တရက် သတိရသွားသည်။
သူမသည် လက်ထဲရှိ နဂါးသွေးပုလင်းကို ဆုပ်ကိုင်ထားရင်း စမ်းတဝါးဝါး မေးမြန်းလိုက်သည်မှာ။ "ခင်ပွန်း၊ ဒီနဂါးသွေးတွေက ရှင်ရဲ့ အိမ်မွေးတိရစ္ဆာန်ဆီက ဟုတ်လား။"
'အိမ်မွေးတိရစ္ဆာန်လား။'
ရှယွီချင်းပြောသော အိမ်မွေးတိရစ္ဆာန်မှာ ငရဲနဂါး ဖြစ်ရမည်ဟု ချန်ချင်း ချက်ချင်းရိပ်မိလိုက်သည်။
ရှယွီချင်းက သူ့အတွက် အကြောင်းပြချက်တစ်ခု ရှာပေးပြီးဖြစ်ရာ ချန်ချင်းကလည်း လိုက်လျောညီထွေစွာပင် ပြောလိုက်သည်မှာ။ "မှန်တာပေါ့။ သူ့မှာ ဒီသွေးလေး နည်းနည်းပါးပါး လျော့သွားတာက ဘာမှမဖြစ်ပါဘူး၊ စိတ်ချလက်ချသာ သုံးပါ။ အကယ်၍ မလုံလောက်ရင် မင်းရဲ့ခင်ပွန်းက ထပ်ပြီး သွားထုတ်ပေးမယ်။"
ရှယွီချင်း အသေအချာ စဉ်းစားကြည့်လိုက်သည်။ ငရဲနဂါး၏ ခန္ဓာကိုယ်မှာ အလွန်ကြီးမားလှသဖြင့် သူမ၏လက်ထဲရှိ နဂါးသွေး အနည်းငယ် လျော့သွားခြင်းကြောင့် ဘာမျှဖြစ်မည်မဟုတ်ပေ။
"..." ငရဲနဂါးမှာမူ ဆွံ့အလျက်။
ချန်ချင်း၏ ကြိုးစားအားထုတ်မှုနှင့် သူမအပေါ်ထားရှိသော စေတနာများကို ပြန်လည်ပေးဆပ်နိုင်ရန်အတွက် ခွန်အားများ အမြန်ဆုံး တိုးတက်လာစေရန် ရှယွီချင်းသည် ခေါင်းညိတ်လိုက်ပြီး နဂါးသွေးများကို ထပ်မံစုပ်ယူကာ အဆင့်မြှင့်တင်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ရှယွီချင်း၏ စကားမှာ ချန်ချင်းအတွက် စိတ်ကူးတစ်ခု ရရှိစေခဲ့သည်။
'ငရဲနဂါးရဲ့ နဂါးသွေးက စနစ်ကပေးတဲ့ နဂါးသွေးထက် အရည်အသွေး ပိုမြင့်ရမယ် မဟုတ်လား။ အကယ်၍ ဒါက အမှန်ဆိုရင်တော့...'
ချန်ချင်းက တွေးတောမိသည်၊ ထာဝရနဂါး၊ ထာဝရနဂါး ဆိုမှတော့ သူသာ မသေဘူးဆိုရင် နဂါးသွေးတွေကို အလိုရှိသလောက် ရနိုင်မှာ မဟုတ်ဘူးလား။
သို့သော် သူ ပြန်လည်စဉ်းစားမိသည်မှာ၊ မသေဘူးဆိုပေမယ့် နဂါးသွေးတွေ အများကြီး ထုတ်ယူလိုက်ရင် သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်ကလည်း မလွဲမသွေ ကျဆင်းသွားပေလိမ့်မည်။
သူသည် ခေါင်းခါလိုက်ကာ ဆက်၍ မစဉ်းစားတော့ပေ။
ချန်ချင်းသည် ဇနီးသည်ကို အလိုလိုက်ခြင်း ဆုလာဘ်များကို စစ်ဆေးရန် စနစ်စာမျက်နှာကို ထပ်မံဖွင့်လိုက်သည်။
(ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အား ကျပန်းဆုလာဘ်အဖြစ် အရိပ်ရုပ်သေး +၂၀၀၀၀ ကို ပေးအပ်သည့်အတွက် ဂုဏ်ယူပါသည်။ မှတ်ချက် - ဤအရိပ်ရုပ်သေးအုပ်စုကို ကျပန်းတပ်ဖွဲ့အမျိုးအစားများအဖြစ် အလိုအလျောက် သတ်မှတ်ပေးပြီး ဖြစ်ပါသည်။)
'အရိပ်ရုပ်သေး နှစ်သောင်းတောင်လား။'
ဤအတိုင်းသာ ဆက်သွားနေပါက သူသည် မကြာမီမှာပင် အရိပ်ရုပ်သေးတပ်မတော်ကြီး တစ်ခုကို စုစည်းနိုင်တော့မည်ဟု ချန်ချင်း ခံစားလိုက်ရသည်။
ပို၍ အရေးကြီးသည်မှာ အဆင့်မြှင့်တင်ရေးကတ်သည် အရိပ်ရုပ်သေးများ၏ တပ်ဖွဲ့အမျိုးအစားများကို ပြောင်းလဲပေးရုံတင်မကဘဲ သူတို့၏ ကျင့်ကြံမှုနယ်ပယ်ကိုလည်း မြှင့်တင်ပေးခဲ့ကြောင်း သူ သတိပြုမိသွားခြင်းပင်။
ယခုအခါ အရိပ်ရုပ်သေးများ၏ ကျင့်ကြံမှုနယ်ပယ်မှာ နယ်ပယ်ကြီးတစ်ခုလုံး တိုးတက်သွားခဲ့ပြီး ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်၏ အထွဋ်အထိပ်မှ ဝိညာဉ်သန္ဓေတည်အဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
'ဝိညာဉ်သန္ဓေတည်အဆင့်မှာရှိတဲ့ အရုပ်သေး ငါးသောင်း၊ ပြီးတော့ ရာနှုန်းပြည့်လည်း သစ္စာရှိကြတယ်...'
အကယ်၍ ဤသတင်းသာ ပြင်ပသို့ ပေါက်ကြားသွားပါက ကမ္ဘာကြီး၊ မင်းဆက်အသီးသီးနှင့် အင်အားစုအသီးသီးတို့က သူ့ကို မည်သို့ မြင်ကြမည်ကို ချန်ချင်း စိတ်ကူးပင် မယဉ်နိုင်တော့ပေ။
သို့သော် သူသတိမထားမိသည်မှာ မကြာသေးမီကပင် ကံကြမ္မာ၏ ဇာတ်လိုက်ဖြစ်သူ ရဲ့ဖုန်းမှာ ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် အထွဋ်အထိပ်ရှိသော မသေမျိုးစစ်သည်တစ်ဦးကို ကံစမ်းရရှိခဲ့သဖြင့် သူသည် အနှိုင်းမဲ့ ဖြစ်သွားပြီဟု မိမိကိုယ်ကိုယ် ဂုဏ်ယူနေခဲ့ခြင်းပင်။
"ခင်ပွန်း..."
ရှယွီချင်း စကားမဆုံးသေးမီမှာပင် ချန်ချင်းက နောက်ထပ် နဂါးသွေးတစ်ပုလင်းကို ကမ်းပေးလိုက်ပြန်သည်။ "နောက်ထပ်တစ်ပုလင်း။ ဇနီးသည် အခု အဆင့်တက်တော့မှာကို ငါ မြင်နေရတယ်။"
ချန်ချင်းက လိမ်ပြောလိုက်ခြင်း ဖြစ်သည်။
သူ အမှန်တကယ် ဘာမျှ မမြင်ရသော်လည်း ဇနီးသည်ကို အလိုလိုက်ခြင်း ဆုလာဘ်များ ပိုမိုရရှိရန်အတွက်သာ ပြောလိုက်ခြင်းဖြစ်သည်။
"ဟုတ်ကဲ့။" ရှယွီချင်းက နဂါးသွေးပုလင်းကို လက်ခံလိုက်ပြီး သူ၏ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လိုက်တော့သည်။
(ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အား ကျပန်းဆုလာဘ်အဖြစ် သက်ရှည်သီး +၁၀၀ ကို ပေးအပ်သည့်အတွက် ဂုဏ်ယူပါသည်။)
"ခင်ပွန်း၊ ကျွန်မ..."
"နောက်ထပ်တစ်ပုလင်း။" ချန်ချင်းက ထပ်မံဖြတ်ပြောလိုက်ပြန်သည်။ "မင်း အဆင့်တက်ဖို့ နီးနေပြီ။"
"အင်း။"
...
ချန်ချင်းသည် ဇနီးသည်ကို အလိုလိုက်ခြင်း ဆုလာဘ်များကို တစ်ခုပြီးတစ်ခု ဆက်တိုက် ရရှိနေတော့သည်။
(ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အား ကျပန်းဆုလာဘ်အဖြစ် ဉာဏ်အလင်းရရှိမှု အကြိမ်ရေ +၁၀ ကို ပေးအပ်သည့်အတွက် ဂုဏ်ယူပါသည်။)
(ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အား ကျပန်းဆုလာဘ်အဖြစ် အထွဋ်အထိပ် နတ်ဘုရားခန္ဓာဖြစ်သော ဟင်းလင်းပြင်အချိန်ကာလ နတ်ဘုရားခန္ဓာ +၁ ကို ပေးအပ်သည့်အတွက် ဂုဏ်ယူပါသည်။ ခန္ဓာကိုယ်အမျိုးအစား သုံးထောင်တွင် အဆင့် ၆။)
'နောက်ထပ် နတ်ဘုရားခန္ဓာတစ်ခု၊ ပြီးတော့ အဆင့်ဆယ်ခုအတွင်းမှာရှိတဲ့ အထွဋ်အထိပ် နတ်ဘုရားခန္ဓာတစ်ခုပဲ။'
"အချိန်ကာလ" ဟူသော စကားလုံးကို ကြည့်ခြင်းအားဖြင့်ပင် ၎င်း၏ စွမ်းအားနှင့် အသုံးဝင်ပုံများကို ချန်ချင်း အလွယ်တကူ စိတ်ကူးယဉ်နိုင်ပါသည်။
သို့သော် မကြာမီမှာပင် သူ၏အာရုံမှာ ကျင့်ကြံနေသော ရှယွီချင်းထံသို့ မထိန်းချုပ်နိုင်ဘဲ ရောက်ရှိသွားတော့သည်။
သူမ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မည်သည့်သတိပေးချက်မျှ မရှိဘဲ ပြင်းထန်သော မီးတောက်များ ရုတ်တရက် တောက်လောင်လာသည်ကို သူ မြင်တွေ့လိုက်ရခြင်းပင်။