အခန်း ၄၇။ ကောင်းကင်အစီအရင်၊ ဒါ ငါပိုင်တဲ့အရာပဲ။
ချန်ချင်းသည် ကြောက်မက်ဖွယ်ကောင်းသော ထိုအဖိုးကြီး၏ အသံကို လျစ်လျူရှုထားလိုက်ပြီး လက်ချောင်းငါးချောင်းကို ဆုပ်ညှစ်လိုက်ရာ မြွေနက်၏ မြစိမ်းရောင်မျက်လုံးများမှာ ပေါက်ထွက်သွားပြီး ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။
"မင်း ဘယ်လိုတောင် ရဲရဲတင်းတင်း... ငါ အသေအချာ ပြုစုပျိုးထောင်ထားတဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ကို သတ်ရဲတာလဲ။" အဖိုးကြီးသည် သိသိသာသာပင် မကျေမနပ်ဖြစ်သွားပြီး သူ၏မျက်နှာထက်တွင် အမျက်ဒေါသများ လွှမ်းခြုံသွားတော့သည်။
သို့သော် သူသည် ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားသည်၊ ချန်ချင်းအနေဖြင့် ဤမျှအထိ ရန်လိုနေခြင်းမှာ ပုံမှန်ပင်ဖြစ်သည်ဟု သူတွေးတောမိသည်၊ ဤလောကတွင် မည်သူက အလိမ်ခံရသည်ကို နှစ်သက်မည်နည်း။
၎င်းမှာ ဝိညာဉ်တိရစ္ဆာန်တစ်ကောင်မျှသာဖြစ်သည်၊ အဆိုးဆုံးမှာ နောက်ပိုင်းတွင် နောက်တစ်ကောင် ထပ်မံမွေးမြူလိုက်ရုံသာ ရှိတော့သည်။
အဖိုးကြီး၏ လက်ရှိအတွေးမှာ ချန်ချင်းထံမှ အကျိုးအမြတ် မည်မျှအထိ ထုတ်ယူနိုင်မည်နည်း ဟူသည်ပင်။
ထို့ကြောင့် သူက ပြောလိုက်သည်မှာ။ "ကောင်လေး၊ မင်းဆီမှာရှိတဲ့ သက်ရှည်သီးကို ငါအတော်လေး စိတ်ဝင်စားတယ်။ အဲ့ဒါကို ငါ့လက်ထဲ အပ်လိုက်စမ်း။"
ချန်ချင်းမှာ သူ၏စကားကို ဂရုမစိုက်သည်ကို မြင်သောအခါ အဖိုးကြီးက ထပ်မံပြောကြားလိုက်သည်မှာ။ "မင်းက နှလုံးစားအဆိပ်ကို မိထားတာ။ ဒီအဆိပ်ကို ငါတစ်ယောက်တည်းပဲ ကုနိုင်တာ။ အကယ်၍ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးခန့်အချိန်အတွင်းမှာ မင်း အဆိပ်ဖြေဆေး မရဘူးဆိုရင် မင်းရဲ့ အူတွေပေါက်ထွက်ပြီး သေရလိမ့်မယ်။"
သူ့စကား၏ ရည်ရွယ်ချက်မှာ ချန်ချင်းကို သတိပေးရန်ဖြစ်သည်၊ ချန်ချင်း၏ အသက်မှာ သူ၏လက်ထဲတွင် ရှိနေကြောင်း သိစေရန်နှင့် အကယ်၍ အသက်ရှင်ချင်ပါက သူခိုင်းသမျှကို မငြင်းမဆန်ဘဲ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိစေရန် ဖြစ်သည်။
၎င်းကို ကြားလိုက်ရသောအခါ ရှယွီချင်းမှာ ခဏမျှ ထိတ်လန့်သွားရသည်။
ဤထျန်းယွမ်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်သည့် တည်နေရာရွှေ့ပြောင်းခြင်း အဝင်ဝမှာ တစ်ခုမက ရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်သူများမှာ သာမန်မဟုတ်ကြကြောင်း သိရှိထားသဖြင့် ချန်ချင်းမှာ ထိုအဖိုးကြီး၏ ယုတ်မာလှသော အဆိပ်ကြောင့် အမှန်တကယ် ထိခိုက်သွားမည်ကို သူမ စိုးရိမ်မိသည်။
ချန်ချင်းက ခပ်ဖွဖွရယ်လိုက်ကာ။ "မင်းက ကိုယ့်ကိုယ်ကိုယ် အတော်လေး ယုံကြည်မှု ရှိနေတာပဲ။"
အဖိုးကြီးက သူ၏အဆိပ်မှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ဆက်လက်ကြွားဝါခြင်းမပြုနိုင်မီမှာပင် ချန်ချင်းသည် လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ရာ မှင်ရောင်ကဲ့သို့ မည်းနက်နေသော အဆိပ်ငွေ့များမှာ သူ၏လက်ဖဝါးထဲတွင် အလုံးလိုက် စုစည်းလာတော့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ဖန်တီးရှင်တစ်ဦးအနေဖြင့် ချန်ချင်း၏လက်ထဲတွင် စုစည်းနေသော အမည်းရောင် အဆိပ်လုံးမှာ သူကိုယ်တိုင် အသုံးပြုခဲ့သည့် နှလုံးစားအဆိပ် ဖြစ်နေသည်ကို ထိုအဖိုးကြီး မည်သို့လျှင် မမှတ်မိဘဲ နေမည်နည်း။
"မင်း၊ မင်းကလည်း အဆိပ်ကျင့်ကြံသူလား။" ဤအချက်မှလွဲ၍ အဖိုးကြီးအနေဖြင့် အခြား ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်မျိုးကို မစဉ်းစားနိုင်တော့ပေ။
'ဒါဆို ကျွန်မရဲ့ခင်ပွန်းက အဆိပ်ကျင့်ကြံသူလည်း ဖြစ်နေတာလား။'
ယခုအချိန်မှသာ ရှယွီချင်းသည် ထိုအဖိုးကြီး ကောင်းကင်အထိ ချီးမွမ်းခဲ့သော နှလုံးစားအဆိပ်မှာ ချန်ချင်းအပေါ် အဘယ်ကြောင့် အကျိုးသက်ရောက်မှု မရှိခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားတော့သည်။
အံ့သြနေမိသလား။ လုံးဝမဟုတ်ပေ။ ချန်ချင်းတွင် မည်မျှပင် ထူးခြားသော ပါရမီများ ရှိနေပါစေ ရှယွီချင်းအနေဖြင့် ယခုအခါ အံ့သြမည်မဟုတ်တော့ပေ။
ယင်းအစား သူသည် အရာရာကို သိမြင်နိုင်စွမ်းရှိပြီး အရာရာကို လုပ်ဆောင်နိုင်စွမ်း ရှိရမည်ဟု သူမ ခံစားမိသည်၊ ဒါမှ သူဖြစ်သည်၊ ဒါမှသာ သူမနှင့် ထိုက်တန်သူ ဖြစ်ပေလိမ့်မည်။
(အယ်မတို့က အပြောင်းအလဲမြန်ချက်)
ရှယွီချင်း၏ မျက်လုံးထဲတွင် သူသည် ထိုကဲ့သို့သော ပုံရိပ်မျိုး ဖြစ်လာသည်ကို ချန်ချင်း လုံးဝ မသိရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် အဖိုးကြီးမှာမူ ချွေးစေးများ ပြန်လာကာ မျက်နှာတစ်ပြင်လုံးသို့ စီးကျနေတော့သည်။
သူ၏မျက်နှာထက်တွင် ယခင်ကကဲ့သို့ တည်ငြိမ်မှုမျိုး လုံးဝမရှိတော့ဘဲ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကာ တစ်ခါမျှ မခံစားဖူးသော ဖိအားမျိုးကို ခံစားနေရသည်။
ဤအတိုင်း ဆက်သွားနေပါက သက်ရှည်သီးကို ရယူရန် ဝေးစွ၊ သူ၏အသက်ကိုပင် ထိန်းသိမ်းထားနိုင်ပါဦးမလားဟု သူကောင်းစွာ သိရှိနေသည်။
'ငါ ဒီကလေးနှစ်ယောက်ကို အမြန်ဆုံး ရှင်းပစ်ရမယ်။'
ထိုသို့တွေးလိုက်ပြီးနောက် အဖိုးကြီးသည် အချိန်မဆွဲတော့ဘဲ သူ၏ညာဘက်လက်တွင် ကိုင်ဆောင်ထားသော မြွေခေါင်းတုတ်ကောက်အတွင်းသို့ သူ၏ ဝိညာဉ်စွမ်းအားများကို လောင်းထည့်လိုက်သည်။
သူသည် တုတ်ကောက်ကို မြှောက်ကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်တော့သည်။
ထို့နောက် မြေပြင်မှ တိုင်လုံးကြီးတစ်ခုကဲ့သို့ လေဆင်နှာမောင်းတစ်ခု ထွက်ပေါ်လာပြီး ဝုန်းခနဲ ပေါက်ကွဲသွားကာ အတွင်းမှ ခရမ်းရောင် မြွေကြီးတစ်ကောင်၏ ပုံရိပ်ယောင် ပေါ်ထွက်လာတော့သည်။
အဖိုးကြီးသည် သူ၏ဝိညာဉ်စွမ်းအားဖြင့် ထိုအဆိပ်မြွေကို ဖန်တီးလိုက်ကာ သူ၏တုတ်ကောက်ကို မြှောက်၍ ရှေ့သို့ ညွှန်ပြလိုက်သည်။
မြွေကြီး၏ ပုံရိပ်ယောင်မှာ ပါးစပ်ကြီးကို ဟလျက် ချန်ချင်းဆီသို့ ပြေးဝင်သွားတော့သည်။
သူ၏ အဆိပ်သောင်းချီ အထွဋ်အထိပ် နတ်ဘုရားခန္ဓာကို အားဖြည့်ပေးရန် ရရှိလာသော ဤအခွင့်အရေးကို ချန်ချင်းက သဘာဝအတိုင်းပင် ကြိုဆိုလိုက်သည်။
သူသည် ဟင်းလင်းပြင်နက်ကြီးတစ်ခုကဲ့သို့ လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ရာ မြွေကြီးပုံရိပ် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ၎င်းကို လုံးဝ မျိုချပစ်လိုက်တော့သည်။
"နတ်ဘုရား၊ နတ်ဘုရားခန္ဓာပဲ။ ပြီးတော့ ငါတို့ အဆိပ်ကျင့်ကြံသူတွေရဲ့ နံပါတ်တစ် နတ်ဘုရားခန္ဓာဖြစ်တဲ့ အဆိပ်သောင်းချီ နတ်ဘုရားခန္ဓာပဲ။" အဖိုးကြီးမှာ အလွန်အမင်း ထိတ်လန့်သွားရသည်။
ဒါက သူ ပိုင်ဆိုင်ချင်လွန်း၍ အိပ်မက်မက်ခဲ့ရသော ကောင်းကင်ဘုံမှ ဆုလာဘ်တစ်ခုပင် ဖြစ်သည်။
အဆိပ်သောင်းချီ နတ်ဘုရားခန္ဓာဆိုသည်မှာ အမှန်တကယ် မရှိဘဲ လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ကျင့်ကြံသူများ လုပ်ကြံပြောဆိုခဲ့သော လိမ်လည်မှုတစ်ခုသာ ဖြစ်သည်ဟု သူတစ်ချိန်က ယုံကြည်ခဲ့ဖူးသည်။
ယခုမူ သူ တောင့်တခဲ့သော ထိုနတ်ဘုရားခန္ဓာမှာ သူ၏မျက်စိရှေ့တွင် အမှန်တကယ် ပေါ်လာသောအခါ အဖိုးကြီးမှာ အနည်းငယ်မျှပင် မပြုံးနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏အသက်မှာ သေကံနီးနေပြီဖြစ်ကြောင်း သူကိုယ်တိုင် အသိဆုံး ဖြစ်နေသောကြောင့်ပင်။
ချန်ချင်းဘက်တွင်မူ ထိုအဆိပ်မြွေကို စုပ်ယူပြီးနောက် သူ၏ အဆိပ်သောင်းချီ နတ်ဘုရားခန္ဓာမှာ ပိုမိုအားကောင်းလာရုံတင်မကဘဲ ဤအဆိပ်အတတ်ပညာကိုလည်း သူ တစ်ဆက်တည်း တတ်မြောက်သွားခဲ့သည်။
သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လက်ဖဝါးအတွင်းမှ အဆိပ်မြွေပုံရိပ် ကိုးကောင် ထွက်ပေါ်လာပြီး လက်မောင်းခန့် အရွယ်အစားမှ ပေပေါင်းတစ်ရာကျော်ရှိသော ကြီးမားသည့် ခန္ဓာကိုယ်များအဖြစ်သို့ ကြီးထွားသွားကြကာ ပါးစပ်ကြီးများကို ဟလျက် အဖိုးကြီးကို ဝိုင်းရံထားလိုက်တော့သည်။
"..." အဖိုးကြီး၏ မျက်လုံးများမှာ ပြူးထွက်သွားကာ လက်သီးတစ်ပြင်လုံး ဝင်နိုင်လောက်အောင် ပါးစပ်ကြီးမှာ ဟလျက် ရှိနေပြီး ခြေထောက်များမှာလည်း ပျော့ခွေသွားကာ မြေကြီးပေါ်သို့ ဒူးထောက်ကျသွားတော့သည်။
ချန်ချင်းကမူ ထိုအရာများကို ဂရုမစိုက်ပေ၊ သူ စဉ်းစားရန်အတွက် အချိန်အပို မပေးတော့ပေ။
ဝုန်း။။
မြွေကိုးကောင်မှာ တစ်ပြိုင်နက်တည်း အမည်းရောင် အဆိပ်ငွေ့များကို မှုတ်ထုတ်လိုက်ရာ ၎င်းမှာ ရေတံခွန်ကြီးတစ်ခုကဲ့သို့ အဖိုးကြီးအပေါ်သို့ လွှမ်းခြုံသွားတော့သည်။
သာမန်အသွေးအသား ခန္ဓာကိုယ်တစ်ခုမှာ အဆပေါင်း သောင်းချီ၍ အားကောင်းအောင် ပြုလုပ်ထားသော ဤအဆိပ်ကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။
သူ၏ အသွေးအသားများမှာ လျင်မြန်စွာ အငွေ့ပျံသွားပြီး ဖြူဖွေးသော အရိုးစုကြီးသာ ကျန်ရစ်တော့သည်၊ နောက်ဆုံးတွင်မူ ထိုအရိုးများပင် မကျန်တော့ဘဲ လုံးဝ တိုက်စားခံလိုက်ရတော့သည်။
'တကယ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ သတ်ဖြတ်နည်းတွေပဲ။'
"ဂလု။" ရှယွီချင်းသည် ငေးကြည့်ရင်း တံတွေးတစ်ချက် မျိုချလိုက်မိသည်။
ချက်ချင်းဆိုသလိုပင် ချန်ချင်းသည် လက်ချောင်းငါးချောင်းကို ဆုပ်လိုက်ရာ ပေတစ်ရာကျော်ရှိသော အဆိပ်မြွေ ကိုးကောင်စလုံးမှာ ပျောက်ကွယ်သွားတော့သည်။
အရိပ်ရုပ်သေးမှာ အဖိုးကြီး၏ ပစ္စည်းများကို ယူဆောင်လာပြီး လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
၎င်းမှာ ဟင်းလင်းပြင်လက်စွပ် တစ်ခုပင် ဖြစ်သည်။
ချန်ချင်းသည် သူ၏ဝိညာဉ်အာရုံကို ထိုလက်စွပ်အတွင်းသို့ ထည့်ကြည့်လိုက်သောအခါ အနည်းငယ် အံ့အားသင့်သွားကာ။ "ဟိုး။ ဒီအဖိုးကြီးက ရတနာတွေ အတော်လေး လုယက်ထားတာပဲ။"
ခန့်မှန်းခြေအားဖြင့် ထိုအရင်းအမြစ်များမှာ သာမန်လူတစ်ယောက်အတွက် ဆယ်စုနှစ်တစ်ခုကျော် ကျင့်ကြံရန် လုံလောက်ပေလိမ့်မည်။
ချန်ချင်းသည် မတွန့်ဆုတ်ဘဲ ထိုလက်စွပ်ကို ရှယွီချင်းထံသို့ ကမ်းပေးလိုက်ကာ။ "ငါ့အတွက် ဒီပစ္စည်းတွေက အသုံးမဝင်ဘူး၊ ဇနီးသည်ပဲ ယူထားလိုက်ပါ။"
"ကျေးဇူးတင်ပါတယ် ခင်ပွန်း။" ရှယွီချင်းက လိမ္မာယဉ်ကျေးစွာပင် လက်ခံလိုက်သည်။
ချန်ချင်း ပြောသကဲ့သို့ပင် သူသည် ထိုပစ္စည်းများကို အမှန်တကယ် အသုံးမလိုပေ၊ ၎င်းတို့ကို ပေးလိုက်ခြင်းဖြင့် ဇနီးသည်ကို အလိုလိုက်ခြင်း ဆုလာဘ်များကို ရယူလိုက်ခြင်းက ပို၍ ကောင်းမွန်ပေသည်။
(ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်။ အိမ်ရှင်အား ကျပန်းဆုလာဘ်အဖြစ် အရိပ်ရုပ်သေး +၁၀၀၀၀ ကို ပေးအပ်သည့်အတွက် ဂုဏ်ယူပါသည်။)
ကံကောင်းထောက်မစွာဖြင့် ရဲ့ဖုန်းမှာ ကျင့်ကြံနေဆဲဖြစ်သဖြင့် အပြင်ဘက်တွင် ဖြစ်ပျက်သမျှကို မသိရှိပေ၊ မဟုတ်လျှင် ချန်ချင်းသည် သူ အလွန်ဂုဏ်ယူနေသော ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် အထွဋ်အထိပ် မသေမျိုးစစ်သည် တစ်သောင်းကို အလွယ်တကူ ထပ်မံရရှိသွားသည်ကို သိရှိပါက သူသည် ဧကန်မုချ မိမိဘဝကို သံယယဝင်ကာ သွေးအန်သွားပေလိမ့်မည်။
ထိုအဖိုးကြီးနှင့် ဖြစ်ပွားခဲ့သော ကိစ္စလေးမှာ သူတို့၏ ထျန်းယွမ်လျှို့ဝှက်နယ်မြေ စူးစမ်းလေ့လာမှုကို မထိခိုက်စေခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် တောအုပ်၏ ပိုမိုနက်ရှိုင်းသော နေရာသို့ ရောက်ရှိလာကြသည်။
"ဒါက... ဝိညာဉ်စမ်းရေကန်ပဲ။" ရှယွီချင်းက ရုတ်တရက် သတိပြုမိသွားကာ။ "လမ်းတစ်လျှောက်လုံးမှာ ဝိညာဉ်ချီတွေ ဘာလို့ ပိုပြီးသိပ်သည်းလာတာလဲဆိုတာ မဆန်းတော့ပါဘူး။"
"ဒါကလည်း လျှို့ဝှက်နယ်မြေရဲ့ အခွင့်အရေးတစ်ခု ဖြစ်မှာပဲ မဟုတ်လား။" ရှယွီချင်းသည် ချန်ချင်းကို လှည့်ကြည့်လိုက်သည်။
ချန်ချင်းက ပြောလိုက်သည်မှာ။ "ဒီဝိညာဉ်စမ်းရေကန်မှာ ကျင့်ကြံရင် မင်းရဲ့ ကျင့်ကြံမှုအရှိန်က ပြင်ပလောကထက် အနည်းဆုံး ငါးဆလောက် မြန်လိမ့်မယ်။"
"ငါးဆတောင် မြန်မှာလား။" ရှယွီချင်းမှာ အံ့အားသင့်သွားကာ။ "ဒါဆိုရင် ကျွန်မတို့..."
"ဇနီးသည် အရင်သွားနှင့်ပါ၊ ငါ ဒီနားမှာ အစီအရင်တစ်ခု အရင်လုပ်လိုက်ဦးမယ်။" ချန်ချင်းသည် သူ၏ဇနီးသည် ရေစိုနေသည်ကို အခြားသူများအား မမြင်စေချင်ပေ။
"ဟုတ်ကဲ့ပါ၊ ပင်ပန်းသွားပါပီ ခင်ပွန်း။"
ရှယွီချင်း ဝိညာဉ်စမ်းရေကန်အတွင်းသို့ ဝင်သွားသည်ကို မြင်တွေ့ပြီးနောက် ချန်ချင်းသည် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
ဟိန်းထွက်လာသော အသံနှင့်အတူ "အစီအရင်၊ ထွက်ပေါ်လာစမ်း။"
တိအဆင့် အဆင့်မြင့် အစီအရင်ဖြစ်သော "နဂါးထောင်ချောက်အစီအရင်" သည် ဆယ်မိုင်ခန့်ရှိသော ဧရိယာကို လျင်မြန်စွာ လွှမ်းခြုံသွားတော့သည်။
အရာရာ အဆင်ပြေပြီဟု အတည်ပြုပြီးနောက် ချန်ချင်းသည်လည်း သူ၏ဖိနပ်နှင့် ခြေအိတ်များကို ချွတ်လိုက်ကာ ဝိညာဉ်စမ်းရေကန်အတွင်းသို့ လှမ်းဝင်လိုက်သည်။
ကန်ရေမှာ မနက်လှဘဲ သူ၏ခြေကျင်းဝတ်ကို ဖုံးရုံမျှသာ ရှိသည်။
ချန်ချင်းသည် ဝိညာဉ်ချီစွမ်းအင် အရှိဆုံးဖြစ်သော ကန်၏ အလယ်ဗဟိုသို့ သွားကာ ရှယွီချင်းနှင့် မလှမ်းမကမ်းတွင် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။
ရှယွီချင်းသည် ငါးဆမြန်သော ကျင့်ကြံမှုအရှိန်ကို စိတ်ဝင်စားရုံတင်မကဘဲ ချန်ချင်းသည်လည်း ထိုနည်းတူပင် စိတ်ဝင်စားနေခြင်း ဖြစ်သည်။
ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ အမြဲတမ်း ရနိုင်သောအရာ မဟုတ်ပေ။
ပို၍ အရေးကြီးသည်မှာ သူ၏ ဉာဏ်အလင်းပွင့်နိုင်စွမ်း၊ များပြားလှသော နတ်ဘုရားခန္ဓာများနှင့် ကောင်းကင်အဆင့် ထိပ်တန်းဝိညာဉ်အမြုတေတို့ ပေါင်းစပ်လိုက်ပါက ချန်ချင်း ခံစားရမည့် ကျင့်ကြံမှုအရှိန်မှာ ငါးဆမကဘဲ ပိုမိုများပြားမည်မှာ ဧကန်မုချပင်။
သူသည် အချိန်မဆွဲတော့ဘဲ ကျင့်ကြံခြင်းအခြေအနေသို့ ချက်ချင်း ဝင်ရောက်လိုက်တော့သည်။
ကျင့်ကြံနေဆဲ...
နဂါးသောင်းချီ လှံသိုင်းကို ကျင့်ကြံနေဆဲ...
ကောင်းကင်အဆင့် ကျင့်စဉ်ကို ကျင့်ကြံနေဆဲ...
အာရုံများစွာကို တစ်ပြိုင်နက် ခွဲထားခြင်းမှာ အခြားသူများအတွက် ခက်ခဲသော်လည်း ချန်ချင်းအတွက်မူ အားစိုက်စရာမလိုဘဲ လွယ်ကူလှသည်။
မကြာမီမှာပင် ချန်ချင်းကို ဗဟိုပြု၍ စွမ်းအားကြီးသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ရှယွီချင်းသည် မျက်လုံးဖွင့်မကြည့်သော်လည်း သူမ၏မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားကာ။ 'ငါ့ခင်ပွန်းက ဒီလောက်တောင် မြန်မြန် အဆင့်တက်သွားတာလား။'
သူမသည် ရုတ်တရက် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်၊ ထိပ်တန်းပါရမီရှင်ဟု အမည်တွင်သော သူမပင်လျှင် ချန်ချင်း၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို ရင်ဆိုင်ရသောအခါ အားမလိုအားမရ ဖြစ်မိတော့သည်။
ရှယွီချင်း လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ချန်ချင်းကို အမီလိုက်နိုင်ရန် အစွမ်းကုန် ကြိုးစားကျင့်ကြံခြင်းသာ ဖြစ်သည်။
သူနှင့် ရင်ပေါင်တန်းနိုင်ရန် မဟုတ်လျှင်ပင် အနည်းဆုံးတော့ သူ၏ ကျောပြင်ကို မြင်နိုင်ရန်အတွက် ဖြစ်သည်။
အချိန်များမှာ တစ်စစ ကုန်ဆုံးသွားခဲ့သည်။
ချန်ချင်းသည် အဆင့်ငယ်သုံးခုကို ကျော်ဖြတ်ပြီးသွားခဲ့ပြီဖြစ်ရာ သူ၏ကျင့်ကြံမှုမှာ ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ရှယွီချင်း၏ တိုးတက်မှုမှာ အနည်းငယ် နှေးကွေးသော်လည်း သူမသည် ရွှေအမြုတေအဆင့်သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ရွှေအမြုတေအဆင့် ဒုတိယအဆင့်ကို ဆက်တိုက် တိုက်စစ်ဆင်နေတော့သည်။
သူတို့ဘက်တွင် အရာရာမှာ တည်ငြိမ်စွာ တိုးတက်နေတော့သည်။
တစ်ချိန်တည်းမှာပင် ထျန်းယွမ်လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်ရှိနေကြသော အခြားသူများသည် နဂါးထောင်ချောက်အစီအရင် တည်ရှိနေသည်ကို သတိပြုမိသွားကြသည်။
"အစီအရင်တစ်ခုပဲ။ ပြီးတော့ တိအဆင့် အဆင့်မြင့် အစီအရင် ဖြစ်နေတယ်။ အဆင့်မြင့် အစီအရင်ဆရာ တစ်ယောက်လည်း ထျန်းယွမ်လျှို့ဝှက်နယ်မြေထဲကို ဝင်လာတာပဲ။"
"တိအဆင့် အစီအရင်နဲ့ ကာကွယ်ထားတယ်ဆိုရင် အထဲမှာ ရှိနေတဲ့အရာက ထိပ်တန်း ရတနာတစ်ခု ဖြစ်ရမယ်။"
"ငါတို့ ဘာလုပ်ကြမလဲ။ သူတို့က ထိပ်တန်းရတနာကို ဒီအတိုင်း ယူသွားတာကိုပဲ ထိုင်ကြည့်နေကြမှာလား။"
ထိုအချိန်တွင် တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်မှာ။ "တိအဆင့် အစီအရင်က သန်မာတယ်ဆိုပေမယ့် ငါတို့မှာလည်း လူအင်အား အများကြီး ရှိတာပဲ။ ငါတို့အားလုံးက ဂိုဏ်းအသီးသီးက ပါရမီရှင် တပည့်တွေပဲလေ။ ငါတို့ အင်အားချင်း ပေါင်းပြီးတော့ အစီအရင်ကို ဖျက်ကြမလား။ ရတနာကို ရပြီဆိုမှ ငါတို့ အညီအမျှ ခွဲဝေကြတာပေါ့။"
အခြားသူများသည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ယောက်တည်းနှင့် အစီအရင်ကို ဖျက်ရန်မှာ မဖြစ်နိုင်သလောက် ရှိကြောင်း သိရှိကြသည်။
အင်အားချင်း ပေါင်းဖျက်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိသဖြင့် သူတို့မှာ တစ်ယောက်ပြီးတစ်ယောက် သဘောတူလိုက်ကြတော့သည်။
ဆယ်မိုင်အကွာမှ ထိုအသံများကို ဝိညာဉ်စမ်းရေကန်ထဲတွင် ကျင့်ကြံနေသော ချန်ချင်းသည် စကားလုံးတစ်လုံးမျှ မလွတ်စေဘဲ ကြားသိနေရသည်။
သူတို့က သေမင်းကို လာရောက် ဖိတ်ခေါ်နေကြသဖြင့် ချန်ချင်းသည်လည်း သူ၏ဓားကို အားဖြည့်ရန်အတွက် ထိုလူများ၏ အသွေးအသားများကို အသုံးပြုရန် ဝန်လေးနေမည် မဟုတ်ပေ။
သူ၏ ကြယ်ခုနစ်ပွင့်ဓားမှာ ကြယ်ခုနစ်လုံးစလုံး တောက်ပလာစေရန်အတွက် ခရီးလမ်း အတော်လေး လိုနေသေးသောကြောင့်ပင်။