အခန်း (၃၇) သူက သန့်စင်သောခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားတာလား
ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်းလုံး ရောက်လာကြပြီ ။
သတင်းမှာ လီစီဖန် ထင်မှတ်ထားသည်ထက် ပို၍ပင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည် ။
"သခင်လေးချန် ၊ နောက်ဖေးတောင်မှာ အစီအရင်တစ်ခု ရှိပါတယ် ။ အကယ်၍ သခင်လေးအနေနဲ့ ဒီလူတွေရဲ့ နှောင့်ယှက်မှုကို မခံချင်ဘူးဆိုရင် သခင်လေးနဲ့ မင်းသမီးလေးကို ချင်းချန်ဂိုဏ်းကနေ ဝေးရာကို ပို့ဆောင်ပေးဖို့ ကျွန်တော် ချက်ချင်း အမိန့်ပေးလို့ ရပါတယ်" ဟု လီစီဖန်က အမှန်အတိုင်း အကြံပြုလိုက်သည် ။
"သူတို့နဲ့ တွေ့တာက ပြဿနာမရှိပါဘူး ၊ မဟုတ်ရင် သူတို့က ငါ့မိန်းမရဲ့ ကျင့်ကြံခြင်းကို လာနှောင့်ယှက်နေဦးမယ်"
ချန်ချင်းသည် လူများများလာလေလေ ၊ သန်မာသူများပါလေလေ ပို၍ပင် သဘောကျမိသည် ။ ဤနည်းဖြင့် ရှယွီချင်း၏ ကျင့်ကြံခြင်းကို ကာကွယ်ပေးခြင်းမှ ရရှိမည့် ဇနီးကို အလိုလိုက်ခြင်း ဆုလာဘ်များ၏ အရည်အသွေးမှာလည်း ဆတိုး မြင့်တက်လာမည် မဟုတ်ပါလော ။
မသေနိုင်သော ခန္ဓာကိုယ် နှင့်အတူ နှစ်တစ်သောင်းသက်တမ်းရှိ ငရဲနဂါးကိုပါ ပိုင်ဆိုင်ထားသဖြင့် ချန်ချင်းသည် ဝူမင်းဆက်လေး၏ ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်းကို လုံးဝ ထည့်မတွက်ပေ ။
'ဒီကောင်က ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်းကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ဘယ်ကနေ ဒီလောက် ယုံကြည်မှုတွေ ရနေတာလဲ ။ လာတဲ့လူတွေက ဆယ်ဂိုဏ်းတင်မကဘူးဆိုတာ သူ မသိဘူးလား'
ဂိုဏ်းချုပ် စန်းကျိသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ရှိရုံမျှနှင့် ချန်ချင်း၏ မောက်မာမှုကို မထောက်ကူနိုင်ဟု ယူဆထားသည် ။
ချန်ချင်းသည် ဂိုဏ်းချုပ် စန်းကျိ၏ ဘေးမှ ဖြတ်သွားစဉ် ရုတ်တရက် ရပ်တန့်ကာ သတိပေးလိုက်သည် ။ "ဂိုဏ်းချုပ်စန်း ၊ ကျွန်တော် စောစောက ပြောခဲ့တာကို သေချာ စဉ်းစားပါဦး ။ အချို့သော အခွင့်အရေးတွေက တစ်ခါ လက်လွတ်သွားရင် တကယ်ပဲ ဆုံးရှုံးသွားတတ်တယ်"
"..." ဂိုဏ်းချုပ် စန်းကျိမှာ ဘာမှ ပြန်မပြောသော်လည်း ရင်ထဲတွင်မူ ချန်ချင်း၏ စကားများကို အတော်ပင် အထင်သေးနေမိသည် ။
ခန့်ညားထည်ဝါလှသော ကောင်းကင်ဓားဂိုဏ်းမှာ ချန်ချင်းကဲ့သို့သော သူတစ်ဦးထံတွင် သစ္စာခံခစားမှ ရှင်သန်နိုင်မည့် အခြေအနေသို့ ရောက်ရှိနေပြီဟု သူ မယုံကြည်ပေ ။
ချန်ချင်း ထွက်ခွာသွားသည်ကို မြင်သောအခါ ဂိုဏ်းချုပ် စန်းကျိမှာလည်း အမြန် လိုက်ပါသွားသည် ။
ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော ချန်ချင်းသည် အင်အားစုအသီးသီးကို မည်သို့ ယှဉ်ပြိုင်မည်နည်း ဆိုသည်ကို သူ မြင်လိုလှသည် ။
ကျောက်ထျန်းယိုနှင့် လီစီဖန်တို့မှာလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်... ။
သူတို့ ကျင့်စဉ်နန်းဆောင်၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည် ။
ချန်ချင်း မော့ကြည့်လိုက်ရာ ချင်းချန်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ပျံသန်းနေသော ဓားများနှင့် သင်္ဘောများစွာမှာ နေရောင်ပင် မမြင်ရတော့ဘဲ အလင်းရောင် ကွယ်ပျောက်လုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသည် ။ မြင်ကွင်းမှာ ကြီးကျယ်ခမ်းနားလှပြီး ကမ္ဘာပျက်ကိန်း ဆိုက်နေသကဲ့သို့ ပြင်းထန်သော ဖိအားများကို ပေးစွမ်းနေသည် ။
ကံကောင်းထောက်မစွာဖြင့် လီစီဖန်သည် ထိုလူများ လာရောက်ရသည့် ရည်ရွယ်ချက်ကို ကြိုတင်သိရှိထားသဖြင့်သာ ၊ မဟုတ်ပါက မနက်ဖြန်သည် ချင်းချန်ဂိုဏ်း၏ နာရေးနေ့ဟု သူ တကယ်ပင် ထင်မှတ်သွားနိုင်ပေသည် ။
"အို ။ ဂိုဏ်းချုပ်စန်း မဟုတ်လား ။ ခင်ဗျားကတော့ အရင်အတိုင်း ခိုးကြောင်ခိုးဝှက် လုပ်ရတာကို ဝါသနာပါတုန်းပဲ" သင်္ဘောဦးတွင် ရပ်နေသော အဘိုးအိုတစ်ဦးက အောက်ရှိ လူအုပ်ကို ငုံ့ကြည့်ရင်း ဂိုဏ်းချုပ် စန်းကျိကို မြင်သွားသောအခါ လှောင်ပြောင်လိုက်သည် ။
"..." ဂိုဏ်းချုပ် စန်းကျိက သူ့ကို ပြန်လည် တုံ့ပြန်ရန်ပင် ပျင်းရိနေပြီး သူ၏ အာရုံအားလုံးမှာ ချန်ချင်းအပေါ်၌သာ ရှိနေသည် ။
ထိုအဘိုးအိုမှာလည်း ဂိုဏ်းချုပ် စန်းကျိနှင့် အချိန်ဖြုန်းနေရန် မရည်ရွယ်ပေ ။ သူသည် ချန်ချင်း၏ အရှိန်အဝါကို အာရုံခံမိပြီးနောက် အံ့အားသင့်စွာ ရေရွတ်လိုက်သည် ။ "ဒီလောက် ငယ်ငယ်လေးနဲ့ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကို ရောက်နေတာလား ၊ ပါရမီရှင် ၊ တုနှိုင်းမဲ့ ပါရမီရှင်ပဲ"
ဤစကားကို ကြားလိုက်ရသည်နှင့် အင်အားစုအသီးသီးမှ ဂိုဏ်းချုပ်များမှာ အလင်းတန်းများအဖြစ် ပြောင်းလဲကာ သူတို့၏ အခန်းများထဲမှ ထွက်ပေါ်လာပြီး သင်္ဘောဦးတွင် ချက်ချင်း ပေါ်လာကြတော့သည် ။
သူတို့ မလာမီက ချန်ချင်းနှင့် အခြား အမျိုးသမီးတစ်ဦးတွင် ထိပ်တန်းပါရမီ ရှိကြောင်းသာ သိရှိခဲ့ကြသော်လည်း အသက် တစ်ဆယ့်ရှစ်နှစ်အရွယ် ချန်ချင်းမှာ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကိုမူ မကြားခဲ့ရပေ ။
သူတို့၏ ဆုံးဖြတ်ချက်မှာ ပိုမို ခိုင်မာသွားသည် - ဘာပဲဖြစ်ဖြစ် ချန်ချင်းကို မိမိတို့အင်အားစုထဲသို့ မရမက ဆွဲသွင်းရမည် ။
ဤသို့ တွေးတောသူများ ပိုမိုများပြားလာသဖြင့် လေထုထဲတွင် ယမ်းနံ့များမှာ အလွန်တရာ ပြင်းထန်လာတော့သည် ။
"ဒီလူကို ငါတို့ ဟောက်ယန်ဂိုဏ်း က လိုချင်တယ်"
"ဟောက်ယန်ဂိုဏ်းက သတ္တိ တော်တော်ရှိတာပဲ ၊ ငါတို့ ထျန်းရွှေဂိုဏ်း ဆီက လူကို လာလုရဲတယ်လား"
"ဒီကလေးရဲ့ ပါရမီက ထူးခြားလွန်းတယ် ။ ဟောက်ယန်ဂိုဏ်းကော ထျန်းရွှေဂိုဏ်းကောက သူ့ကို လမ်းပြပေးဖို့ ငါတို့ ကျိန့်ဟိုင်ဂိုဏ်း လောက် အရည်အချင်း မရှိပါဘူး"
"စကားအပိုတွေ ပြောမနေနဲ့ ။ မကျေနပ်ရင် ငါနဲ့ အရင် တိုက်ကြည့်လိုက် ။ ငါ့ကို အနိုင်ယူနိုင်မှ လူလုတဲ့အကြောင်း ဆက်ပြောမယ်"
...
လေထုမှာ ပိုမို တင်းမာလာသည် ။ မိမိတို့၏ အကြီးအကဲများနှင့် ဂိုဏ်းချုပ်အဆင့် ပုဂ္ဂိုလ်များ ဓားထုတ်လိုက်သည်ကို မြင်သောအခါ လိုက်ပါလာသော တပည့်များမှာလည်း လက်နက်များကို အသီးသီး ထုတ်လိုက်ကြပြီး တိုက်ခိုက်ရန် အမိန့်ကိုသာ စောင့်နေကြတော့သည် ။
အောက်ခြေတွင် များစွာသော အင်အားစုများနှင့် ပညာရှင်များမှာ မိမိအား သိမ်းသွင်းရန်အတွက် မျက်နှာဖုံးများ ချွတ်ကာ အသည်းအသန် အငြင်းပွားနေကြသည်ကို မြင်ရသည်မှာ ချန်ချင်းအတွက် အတော်ပင် ကျေနပ်စရာ ကောင်းလှသည် ။
သို့သော်လည်း အဓိကအချက်ကို ပြန်ပြောရလျှင် ချန်ချင်းသည် ဤအင်အားစုများထဲမှ တစ်ခုကိုမျှ အထင်မကြီးပေ ။
အကယ်၍ သူတို့ကသာ မိမိထံတွင် လာရောက် ခစားမည်ဆိုလျှင်တော့ လက်ခံနိုင်စရာ ရှိပေသည် ။
ယဉ်ကျေးစွာ ပြောရလျှင် ခစားခြင်းဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောရလျှင်မူ ခွေးတစ်ကောင်ကဲ့သို့ အသုံးတော်ခံရခြင်းနှင့် မခြားနားပေ ။
ဤသို့ တွေးတောရင်း ချန်ချင်း၏ စိတ်ထဲတွင် ရဲတင်းလှသော အကြံတစ်ခု ပေါ်လာသည် ။
ထို့ကြောင့် သူက ပြောလိုက်သည် ။ "ခင်ဗျားတို့အားလုံး ဒီလောက် ခက်ခဲနေကြရင် ကျွန်တော့်ရဲ့ အကြံပြုချက်ကို နားထောင်ကြည့်မလား"
"အို ။ ဘယ်လို ထူးခြားတဲ့ အကြံဉာဏ်မျိုး ရှိလို့လဲ" တစ်စုံတစ်ယောက်က စိတ်ဝင်တစားနှင့် စူးစမ်းစွာ မေးမြန်းလိုက်သည် ။
နောက်တစ်ခဏတွင် လူတိုင်း၏ အကြည့်မှာ ချန်ချင်းအပေါ်သို့ ကျရောက်သွားသည် ။
"ဒီလောက် ခက်ခဲနေကြရင် ခင်ဗျားတို့အားလုံး ကောင်းကင်ဘုံ ကျိန်ဆိုမှု ပြုလုပ်ပြီး ကျွန်တော့်ထံမှာ သစ္စာခံခစားလိုက်ကြရင် ဘယ်လိုလဲ" ချန်ချင်းက သူ၏ အကောင်းဆုံးဟု ယူဆသော အဖြေကို ထုတ်ပေးလိုက်သည် ။
ဤစကားများ ထွက်ပေါ်လာသည်နှင့် မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည် ။ နေရာတွင် လူသောင်းချီ ရှိနေစေကာမူ ညသန်းခေါင်ယံ သင်္ချိုင်းကုန်းကဲ့သို့ တိတ်ဆိတ်သွားတော့သည် ။
ချန်ချင်း၏ ထူးခြားသော အကြံဉာဏ်မှာ အင်အားစု အားလုံးက သူ့ထံတွင် ဦးညွှတ် သစ္စာခံရန် ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ ။
ဤလူငယ်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသူဟု ခေါ်ရမလား သို့မဟုတ် မိုက်မဲသူဟု ခေါ်ရမလား သူတို့ မဝေခွဲနိုင်ကြတော့ပေ ။
ဘေးနားရှိ ဂိုဏ်းချုပ် စန်းကျိမှာလည်း သက်ပြင်းချကာ ခေါင်းယမ်းလိုက်မိသည် ၊ ချန်ချင်းမှာ မောက်မာလွန်းလှသည်ဟု သူ ခံစားရသည် ။ အဘယ်ကြောင့်ဆိုသော် သူ၏ အစပြုမှုမှာ မြင့်မားလွန်းပြီး ကျင့်ကြံခြင်းလမ်းစဉ်မှာလည်း ချောမွေ့လွန်းခဲ့သဖြင့် သူသည် ရောဂါတစ်ခုအလား ဘဝင်မြင့်နေခြင်း ဖြစ်သည် ။
လူ့အထက်တွင် လူရှိပြီး ကောင်းကင်အထက်တွင် ကောင်းကင်ရှိသည်ဟူသော အခြေခံဥပဒေသကို သူ လုံးဝ နားမလည်ပေ ။
"မောက်မာလိုက်တာ ။ မင်းက တို့တွေကို ခစားခိုင်းတယ် ဟုတ်လား ။ မင်းရဲ့ ပါရမီက မြင့်တယ်ဆိုပေမဲ့ အခုအချိန်မှာတော့ အဲဒီလို လုပ်နိုင်စွမ်း မင်းမှာ မရှိသေးဘူး"
"ဂိုဏ်းထဲ ရောက်သွားရင်တော့ သူ့ရဲ့ စိတ်ဓာတ်ကို သေချာ ပြန်လည် ပြုပြင်ပေးရမယ် ။ ဒီလောက် မောက်မာနေရင် ပြဿနာ တက်ဖို့ လွယ်ကူလိမ့်မယ်"
"ထူးခြားတဲ့ အကြံဉာဏ် ပေးမယ်ဆိုလို့ စောင့်နားထောင်တာ အလကားပဲ"
...
မည်သူမျှ ချန်ချင်း၏ စကားကို အတည်မယူကြဘဲ သူသည် စိတ်ဖောက်ပြန်၍ ရူးကြောင်ကြောင် စကားများ ပြောနေသည်ဟုသာ ထင်မြင်ကြသည် ။
ချန်ချင်းသည် ဤသို့ ဖြစ်လာမည်ကို မျှော်လင့်ထားပြီးသား ဖြစ်သည် ။
သန်မာသူကိုသာ အလေးထားသော ဤခေတ်ကာလတွင် စကားလုံးသက်သက်နှင့် မည်သို့ လုံလောက်ပါမည်နည်း ။
သူသည် သူ၏ သန့်စင်သော ခန္ဓာကိုယ် ကို အသက်သွင်းလိုက်သည် ။
သောင်းချီသော ဓားသခင် သန့်စင်သော ခန္ဓာကိုယ် အာနိသင် ပြလာသည်နှင့်အမျှ ဓားအသိစိတ် များမှာ ရေကြီးမှုအလား တိုးထွက်လာတော့သည် ။
သောင်းချီသော ဓားသခင် သန့်စင်သော ခန္ဓာကိုယ်နှင့် ပေါင်းစည်းပြီးနောက် ချန်ချင်းသည် လောကရှိ နတ်ဘုရားဓား အားလုံးကို မိမိ၏ အလိုရှိရာ အသုံးချနိုင်သော နတ်ဘုရားစွမ်းရည် တစ်ခုကိုပါ နိုးထလာစေခဲ့သည် ။
စိတ်ကူးတစ်ခုနှင့်တင် ။
ကောင်းကင်ဓားဂိုဏ်းမှ လူများသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ပထမဆုံး သတိပြုမိကြသည် ။ သူတို့၏ ခါးတွင် ချိတ်ဆွဲထားသော ဓားအိမ်ထဲမှ ဓားရှည်များမှာ ရုတ်တရက် လှုပ်ရှားလာပြီး ငြိမ်သက်ခြင်း မရှိတော့ပေ ။
"ဟေး ။ ငါ့ဓား"
သူတို့ တုံ့ပြန်ရန် မစွမ်းသာမီမှာပင် ထိုဓားများသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး ပျံသန်းသွားကြတော့သည် ။
ထို့နောက်တွင် ပိုမိုများပြားလှသော ဓားများမှာ ထိန်းချုပ်၍ မရဘဲ ဓားအိမ်ထဲမှ ထွက်လာကြပြီး ချွင်းချက်မရှိဘဲ အားလုံးမှာ ချန်ချင်းရှိရာသို့ ပျံသန်းသွားကြသည် ။
ချန်ချင်းသည် ပျံသန်းနေသော ဓားတစ်လက်ပေါ်သို့ နင်းလိုက်ပြီး ပေတစ်ရာခန့် အမြင့်သို့ တိုက်ရိုက် ပျံတက်လိုက်သည် ။ သူ၏ နောက်ကျောဘက်တွင် ဓားသောင်းချီတို့မှာ လေထဲတွင် ဝဲပျံနေကြပြီး ကောင်းကင်ယံကို ဖုံးလွှမ်းထားသော ကြီးမားလှသော ဓားတံတိုင်းကြီးတစ်ခုကို ဖြစ်ပေါ်စေသည် ။ ဓားသွားများမှာ အောက်သို့ ဖြည်းညှင်းစွာ နှိမ့်ချလိုက်ပြီး အင်အားစုအသီးသီးအပေါ်သို့ အာရုံစိုက်လိုက်ကြသည် ။
မိမိတို့၏ ဓားများကို သူတစ်ပါးက အသုံးချပြီး မိမိတို့ကိုယ်တိုင်အား ပြန်လည် ချိန်ရွယ်ခံထားရသည်ကို မြင်တွေ့ရသောအခါ ထိုဓားကျင့်ကြံသူများမှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်သွားကြသည် ။
ထိုစဉ်မှာပင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည် ။ "သန့်စင်တဲ့ ခန္ဓာကိုယ် ။ ဒါက ဓားခရီးလမ်းရဲ့ နံပါတ်တစ် သန့်စင်တဲ့ ခန္ဓာကိုယ် ဖြစ်တဲ့ သောင်းချီသော ဓားသခင် သန့်စင်တဲ့ ခန္ဓာကိုယ်ပဲ"
"ဘာ ။ သူ... သူက ကောင်းကင်အဆင့် အထွတ်အထိပ် ဝိညာဉ်အမြုတေတင် မကဘဲ သန့်စင်တဲ့ ခန္ဓာကိုယ်ကိုပါ နိုးထလာစေတာလား"
"ကောင်းကင်ဘုံက သူ့အပေါ်မှာ တကယ်ကို မျက်နှာသာ ပေးလွန်းတာပဲ"
"မနာလိုလိုက်တာ ။ တကယ် မနာလို ဖြစ်မိတယ်"
အခြားသူများ၏ မနာလိုခြင်းကို ခံယူနေကြသော ဂိုဏ်းအသီးသီးမှ ပါရမီရှင်များပင်လျှင် ချန်ချင်းမှာ ကောင်းကင်အဆင့် အထွတ်အထိပ် လျှပ်စီး ဝိညာဉ်အမြုတေ ပိုင်ဆိုင်ထားရုံသာမက ဓားခရီးလမ်း၏ နံပါတ်တစ် သန့်စင်သော ခန္ဓာကိုယ်ကိုပါ နိုးထထားကြောင်း သိရှိသွားကြပြီးနောက် မနာလိုစိတ်များ လှိုက်တက်လာကြတော့သည် ။ သူတို့၏ တာအိုနှလုံးသား မှာပင် ပြိုလဲလုနီးပါး ဖြစ်သွားရသည် ။
ချန်ချင်း ပိုင်ဆိုင်ထားသော ပါရမီမှာ ထိုပါရမီရှင်များအပေါ်သို့ ဖိနှိပ်ထားရာ သူတို့မှာ အသက်ရှူရန်ပင် ခက်ခဲနေကြပြီး မမြင်ရသော ကြီးမားလှသော လက်တစ်ဖက်က သူတို့၏ လည်ပင်းကို ညှစ်ထားသကဲ့သို့ ခံစားနေကြရသည် ။
"ဒီအရည်အချင်းတွေက လုံလောက်ပြီလား" ချန်ချင်းက လူအုပ်ကြီးအား မေးမြန်းလိုက်သည် ။
အချို့မှာ တိတ်ဆိတ်နေကြပြီး အချို့မှာမူ စကားလုံးများပင် ထစ်နေကာ စာကြောင်းအပြည့်အစုံ မပြောနိုင်ကြတော့ပေ ။
လက်ရှိ အခြေအနေတွင် အကယ်၍ သူတို့က ချန်ချင်းမှာ အရည်အချင်း မရှိဘူးဟု အမှန်တကယ် ခံစားနေရစေကာမူ သူ့အား စော်ကားမိပြီး အငြိုးအတေး ထားရှိခြင်းကို ကြောက်ရွံ့သဖြင့် ထုတ်ပြောဝံ့ကြမည် မဟုတ်ပေ ။
'သန့်စင်တဲ့ ခန္ဓာကိုယ်နဲ့တင် မလုံလောက်သေးဘူးလား'
ချန်ချင်းသည် မူလက သူ၏ နောက်ဆုံးဝှက်ဖဲဖြစ်သော ငရဲနဂါးကို စောစောစီးစီး မထုတ်ဖော်လိုသော်လည်း ယခုမူ မြှားမှာ လေးကြိုးပေါ်သို့ ရောက်နေပြီဖြစ်ရာ ပစ်လွှတ်ရန်မှတစ်ပါး အခြားမရှိတော့ပေ ။
သူသည် အင်အားစု တစ်ဒါဇင်ခန့်ကို အောင်နိုင်ရန် လက်တစ်လုံးအလိုသာ လိုတော့သည် ။ ဤအချိန်တွင် သူ မည်သို့ လက်လျှော့နိုင်ပါမည်နည်း ။
သားကို စတေးမှ ကျားကို ဖမ်းနိုင်မည် မဟုတ်ပါလော ။ ချန်ချင်းသည် ဤအင်အားစုများကို စောစောစီးစီး အောင်နိုင်ရန် ၊ အခြေအနေကို အဆုံးသတ်ရန်နှင့် သူ၏ ဇနီးကို အလိုလိုက်ခြင်း ဆုလာဘ်များကို ရယူရန်သာ မျှော်လင့်နေတော့သည် ။