အခန်း ၂၅။ တည်ထောင်သူဘိုးဘေး ကိန်းအောင်းရာမှ ထွက်ပေါ်လာခြင်း။
ရေနဂါး ပုံရိပ်ယောင်မှာ အပြည့်အဝ ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ဂိုဏ်းချုပ် လူဝူယန့်သည် လေထဲသို့ ပျံတက်သွားပြီး နဂါးဦးခေါင်းထက်တွင် နေရာယူလိုက်သည်။
သူသည် လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီးနောက် လက်ညှိုးနှင့် လက်ခလယ်ကို ရှေ့သို့ ချိန်ရွယ်ကာ "ဖျက်ဆီးစမ်း" ဟု အမိန့်ပေးလိုက်သည်။
ထိုစကားတစ်ခွန်းနှင့်အတူ ရေနဂါးကြီးသည် ၎င်း၏ ကြီးမားလှသော ပါးစပ်ကြီးကို ဖွင့်ဟ၍ ကောင်းကင်နှင့် မြေပြင်ကို တုန်ဟည်းသွားစေသည့် ဟိန်းဟောက်သံကြီးကို ပြုလုပ်လျက် ချန်ချင်းနှင့် ရှယွီချင်းတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
တောင်တစ်တောင်ကဲ့သို့ ကြီးမားလှသော နဂါးကြီး၏ ခန္ဓာကိုယ်နှင့် အံ့မခန်း မြင်ကွင်းများကို တစ်ချက်တည်းနှင့် အကုန်မမြင်နိုင်လောက်အောင် ကြုံတွေ့လိုက်ရသောအခါ ရှယွီချင်းမှာ ယခင်က တစ်ခါမျှ မမြင်ဖူးသောကြောင့် မိမိကိုယ်ကိုယ် အားကိုးရာမဲ့ပြီး သေးငယ်လှသည်ဟုသာ ခံစားနေရသည်။
ထိုသို့နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ချန်ချင်းမှာမူ တည်ငြိမ်အေးဆေးနေပြီး ရှေ့တွင် တောင်ပြိုနေပါစေ တုန်လှုပ်ခြင်းမရှိသော ယုံကြည်ချက်မျိုး ထွက်ပေါ်နေသည်။ ဘာပဲဖြစ်ဖြစ် ဤဂိုဏ်းစောင့်စီရင်ထုံးမှာ သူ တတ်မြောက်ထားသော နဂါးထောင်ချောက်စီရင်ထုံးထက် အဆင့်အတန်း တစ်ခုမက နိမ့်ကျနေသောကြောင့်ပင်။
ချန်ချင်းသည် နဂါးထောင်ချောက်စီရင်ထုံးကို အထွတ်အထိပ် အဆင့်ထိ နားမလည်သေးသော်လည်း ဤဂိုဏ်းစောင့် ရေနဂါးကို ဖျက်ဆီးရန်အတွက်မူ လုံလောက်သည်ထက် ပိုနေပါသည်။
ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီးနောက် နဂါးထောင်ချောက်စီရင်ထုံးသည် ချက်ချင်းပင် လင်းထိန်ပြန့်ကားသွားကာ ရေနဂါးကြီးကို အတွင်းထဲ၌ ပိတ်လှောင်ထားသည့် ဆလင်ဒါပုံစံ လှောင်အိမ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် ဟင်းလင်းပြင်ထဲမှ ထူထဲလှသော သံကြိုးကြီးများ ထွက်ပေါ်လာပြီး ရေနဂါးကြီး၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ရစ်ပတ်လိုက်တော့သည်။
ရုတ်တရက် ထွက်ပေါ်လာသော စွမ်းအားကြီးနှင့်အတူ တောင်ပံနတ်နန်းဂိုဏ်း၏ ဂိုဏ်းစောင့်နဂါးကြီးမှာ အပိုင်းပိုင်းအပြတ်ပြတ် ဆွဲဖြဲခြင်းကို ခံလိုက်ရပြီး ပြန့်ကျဲသွားသော ဝိညာဉ်စွမ်းအားများအဖြစ် ကမ္ဘာလောကအတွင်းသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
"တိအဆင့်၊ တိအဆင့်စီရင်ထုံးပဲ။ မင်း... မင်းက တကယ်ပဲ တိအဆင့် စီရင်ထုံးဆရာ တစ်ယောက်လား" စီရင်ထုံး ပျက်စီးသွားသည်နှင့် လူဝူယန့်နှင့် အခြားသူများမှာ စွမ်းအားတုံ့ပြန်မှုကြောင့် သွေးများ အန်ထုတ်လိုက်ကြရပြီး ၎င်းတို့၏ မျက်နှာများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။
'တိအဆင့် စီရင်ထုံးဆရာ ဟုတ်လား?!'
ချန်ချင်းက စီရင်ထုံးကို အသုံးပြုကာ နဂါးကြီးကို အပိုင်းပိုင်းဖြတ်ပြီး စီရင်ထုံးကို အတင်းအကျပ် ဖျက်ဆီးပစ်လိုက်သည်ကို မြင်ရသည်မှာ ရှယွီချင်းအတွက် အံ့ဩထိတ်လန့်စရာ လုံလောက်နေပြီဖြစ်သော်လည်း ချန်ချင်းသည် ကျင့်ကြံခြင်း ပါရမီရှင်ဖြစ်ရုံသာမက စီရင်ထုံးများကိုပါ တတ်မြောက်ထားလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပေ။
လူဝူယန့် ပြောလိုက်သော "တိအဆင့် စီရင်ထုံးဆရာ" ဟူသော စကားကို ကြားလိုက်ရသောအခါ ရှယွီချင်း၏ နှလုံးသားမှာ ပို၍ပင် လှုပ်ခတ်သွားရသည်။
စီရင်ထုံးဆရာများတွင် ကျင့်ကြံသူများကဲ့သို့ ရှုပ်ထွေးသော အဆင့်သတ်မှတ်ချက်များ မရှိဘဲ ကောင်းကင်(ထျန်း)၊ မြေပြင် (တိ)၊ အနက်ရောင် (ရွှမ်) နှင့် အဝါရောင် (ဟွမ်) ဟူ၍ အဆင့်လေးဆင့်သာ ရှိသည်။
ထို့ပြင် စီရင်ထုံးဆရာများသည် တူညီသောအဆင့်ရှိ ကျင့်ကြံသူများထက် များစွာ ရှားပါးလှပြီး ၎င်းတို့၏ ပါရမီမှာလည်း ရှာဖွေရန် အလွန်ခက်ခဲသည်။ စီရင်ထုံးဆရာတစ်ဦးမှာ အင်အားစုအသီးသီးက အလုအယက် သိမ်းသွင်းလိုကြသော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။
ထူးချွန်သော ကျင့်ကြံခြင်း ပါရမီသာမက ထူးခြားဆန်းပြားသော စီရင်ထုံးပါရမီကိုပါ ပိုင်ဆိုင်ထားသည့် ချန်ချင်းကဲ့သို့သော ပါရမီရှင်မျိုးကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။
ဤကိစ္စသာ လူသိရှင်ကြား ဖြစ်သွားပါက ထိပ်တန်းဂိုဏ်းကြီးများမှာ ချန်ချင်းကို ရရှိရန်အတွက် အသေအလဲ တိုက်ခိုက်ကြလိမ့်မည်ဟု ရှယွီချင်း အခိုင်အမာ ယုံကြည်လိုက်သည်။
ချန်ချင်း၏ ပါရမီ၊ ဉာဏ်ပညာနှင့် ပါးနပ်မှုတို့ကြောင့် သူသည် နောင်တစ်ချိန်တွင် ပြိုင်ဘက်ကင်းသော အရှင်သခင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု သူမ ပို၍ပင် သေချာသွားမိသည်။
ရှယွီချင်းသည် တစ်ခုခုအပေါ် ဤမျှလောက်အထိ ယုံကြည်မှု ရှိခဲ့ဖူးခြင်း မရှိပေ။
"အရှုံးပေးပါတယ်၊ ကျွန်တော်တို့ အရှုံးပေးပါတယ်၊ လက်နက်ချပါတယ်။ အခုကစပြီး တောင်ပံနတ်နန်းဂိုဏ်းက သခင်လေးချန်ဆီမှာ လုံးဝ အညံ့ခံပါ့မယ်၊ ခွေးနဲ့ မြင်းလိုပဲ သခင်လေးခိုင်းသမျှ လုပ်ပါ့မယ်၊ ကျွန်တော်တို့ရဲ့ အသက်ကိုပဲ ချမ်းသာပေးဖို့ တောင်းပန်ပါတယ်" လူဝူယန့်သည် တိအဆင့် စီရင်ထုံးဆရာကို မယှဉ်နိုင်မှန်း သိလိုက်သဖြင့် ရင်ဘတ်ကို ဖိထားလျက် အလျှော့ပေးလိုက်တော့သည်။
"နောက်ကျသွားပြီ" ချန်ချင်းက ရိုးရှင်းသော စကားလေးလုံးကိုသာ ပြောလိုက်သည်။
သူ ယနေ့လာသည်မှာ လူဝူယန့် သို့မဟုတ် တောင်ပံနတ်နန်းဂိုဏ်းကို ချမ်းသာပေးရန် ရည်ရွယ်ချက် မရှိပေ။
ယခင်ပြောခဲ့ဖူးသလိုပင် ချန်ချင်းက သူတို့ကို အခွင့်အရေး ပေးခဲ့သော်လည်း သူတို့ကိုယ်တိုင်က တန်ဖိုးမထားခဲ့ကြခြင်းပင်။
ထိုသို့ဆိုလျှင် ချန်ချင်းအနေဖြင့် ရက်စက်ပြီး အမြစ်ပြတ် ရှင်းလင်းပစ်ခြင်းအတွက် အပြစ်တင်၍ မရနိုင်တော့ပေ။
"သခင်လေးချန်၊ နောင်တစ်ချိန် ပြန်ဆုံနိုင်ဖို့အတွက် လမ်းတစ်စတော့ ချန်ထားသင့်ပါတယ်၊ အကယ်၍ ကျွန်တော့်ကို မယုံကြည်ဘူးဆိုရင် သခင်လေးကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ကောင်းကင်တရား အဓိဋ္ဌာန် ပြုပါ့မယ်၊ ဘာလို့ ဒီလောက်တောင် ရက်စက်နေရတာလဲ" လူဝူယန့်သည် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ရင်း သူ၏ မျက်လုံးထဲတွင် ယုတ်မာသော အကြည့်တစ်ခု ဖြတ်ပြေးသွားသည်။
"အကယ်၍ မင်းမှာ ငါ့ကိုသတ်ဖို့ အခွင့်အရေးရှိခဲ့ရင် ငါက အသက်ချမ်းသာပေးဖို့ တောင်းပန်တာနဲ့ မင်း ငါ့ကို လွှတ်ပေးမှာလား"
"..." ချန်ချင်း၏ စကားတစ်ခွန်းက လူဝူယန့်ကို စွံ့အသွားစေသည်၊ အဖြေမှာတော့ မလွှတ်ပေးနိုင်ပါ ဟူ၍ပင် ဖြစ်သည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် လူဝူယန့်သည် စိတ်ကို တင်းထားလိုက်ပြီး လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်သည်။ သူက အသံကို မြှင့်၍ အော်ဟစ်လိုက်သည်မှာ "တောင်ပံနတ်နန်းဂိုဏ်းရဲ့ တစ်ဆယ့်ရှစ်ဆက်မြောက် ဂိုဏ်းချုပ် လူဝူယန့်က တည်ထောင်သူဘိုးဘေးကို ထွက်ပေါ်လာပြီး ငါတို့ရဲ့ တောင်ပံနတ်နန်းဂိုဏ်းကို ကယ်တင်ပေးဖို့ တောင်းဆိုပါတယ်"
ဤသို့သော ဇာတ်ကွက်မျိုးမှာ ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာသူ ချန်ချင်းအတွက် အလွန်ပင် ရိုးအိနေပြီဖြစ်သည်။
ဂိုဏ်းတစ်ခုတွင် ဖုံးကွယ်ထားသော ပညာရှင်ကြီးဖြစ်သည့် တည်ထောင်သူဘိုးဘေး ရှိနေခြင်းမှာ အလွန်ပင် ပုံမှန်ဖြစ်သော ကိစ္စဖြစ်သည်။
"အသုံးမကျတဲ့ အမှိုက်တစ်သိုက်" သေချာပေါက်ပင် ထို့နောက်တွင် ဟင်းလင်းပြင်ထဲမှ အိုမင်းသော်လည်း စွမ်းအားအပြည့်ရှိသော အသံတစ်ခု ပဲ့တင်ထပ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝတ်စုံရှည် ဝတ်ဆင်ထားသော လူရိပ်တစ်ခုသည် လူဝူယန့်၏ ဘေးတွင် ရုတ်တရက် ပေါ်လာသည်၊ ဆံပင်ဖြူ၊ မျက်ခုံးဖြူနှင့် မုတ်ဆိတ်ဖြူများဖြင့်...
"လူဝူယန့်က ဘိုးဘေးကို အရိုအသေပေးပါတယ်" လူဝူယန့်သည် အဘိုးအို တကယ်ပေါ်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ဒူးထောက် ဦးချလိုက်သည်။
အခြားသော တောင်ပံနတ်နန်းဂိုဏ်း တပည့်များကလည်း ဤသည်ကို မြင်သောအခါ လိုက်လုပ်ကြသည်မှာ " ဘိုးဘေးကို အရိုအသေပေးပါတယ်"
အဘိုးအို ပေါ်လာသည်ကို မြင်သောအခါ သူတို့၏ နှလုံးသားများမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားကြသည်။
"ကောင်းလိုက်တာ။ ဘိုးဘေးက ထွက်လာပြီ၊ ငါတို့ ကယ်တင်ခြင်းခံရပြီ"
"ဘိုးဘေးက မကွယ်လွန်သေးဘူးပဲ၊ ငါက အမြဲတမ်း ထင်နေခဲ့တာ..."
"ဘိုးဘေးက လှုပ်ရှားပြီဆိုရင် အဲဒီကလေးက စီရင်ထုံးဆရာ ဖြစ်နေရင်တောင် အလွယ်တကူပဲ အသတ်ခံရမှာ သေချာတယ်"
...
အခုတော့ သူတို့မှာ အားကိုးရာ ရှိသွားပြီဟု ယုံကြည်နေကြသည်။
သူတို့၏ မျက်နှာပေး ပြောင်းလဲမှုမှာ အလွန်ပင် လျင်မြန်လှသည်။
အဘိုးအိုက သူတို့နောက်ကွယ်တွင် ရှိနေပြီဖြစ်ရာ အရိပ်ရုပ်သေးနှင့် စီရင်ထုံးဆရာဖြစ်သူ ချန်ချင်းကို လုံးဝ ဂရုမစိုက်တော့ပေ။
"ဇနီးသည်၊ မြင်လား။ နောင်တစ်ချိန်မှာ ဒီလမ်းစဉ်ကို လျှောက်လှမ်းမယ်ဆိုရင် ရန်သူအပေါ် ဘယ်တော့မှ သနားကရုဏာ မထားရဘူး၊ မှတ်ထားပါ၊ ရန်သူအပေါ် ကြင်နာတာက မိမိကိုယ်ကိုယ် ရက်စက်တာပဲ" ချန်ချင်းက ရှယွီချင်းကို သတိပေးရန် ဤဥပမာကို အသုံးပြုလိုက်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ပွန်း၊ ကျွန်မ နားလည်ပါပြီ" ရှင်သန်နေသော ဥပမာတစ်ခုက သူမ၏ ရှေ့တွင် ရှိနေသဖြင့် ရှယွီချင်းက ငြင်းဆိုခြင်းမပြုဘဲ ချန်ချင်း၏ စေတနာကို လက်ခံလိုက်သည်။
"ဟင်း" ချန်ချင်းက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း ရှယွီချင်းကို စိုက်ကြည့်လိုက်သည်။
"ဘာလို့လဲ။ ကျွန်မမျက်နှာမှာ တစ်ခုခု ရှိနေလို့လား" သူတို့အကြည့်ချင်း ဆုံသွားသောအခါ ရှယွီချင်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"မဟုတ်ပါဘူး" ချန်ချင်းက ခေါင်းခါပြလိုက်ပြီး "ဇနီးသည်ရဲ့ 'ခင်ပွန်း' ဆိုတဲ့ အခေါ်အဝေါ်က ပိုပြီးတော့ ကျွမ်းကျင်လာသလို ခံစားရလို့ပါ" ဟု ဆိုလိုက်သည်။
သူ၏ စကားကြောင့် ရှယွီချင်းမှာ ပထမဦးစွာ ကြောင်အသွားပြီးနောက် သူမ၏ မျက်နှာလေးမှာ အရက်သောက်ထားသကဲ့သို့ နီမြန်းသွားကာ အကြည့်ကို လွှဲဖယ်လိုက်ရင်း "ရှင်... ရှင်ကလည်း မဟုတ်တာတွေ..." ဟု တိုးတိုးလေး ပြောလိုက်သည်။
"..." တောင်ပံနတ်နန်းဂိုဏ်း ဘိုးဘေး။
"..." လူဝူယန့်။
ဤနှစ်ယောက်သာမက တောင်ပံနတ်နန်းဂိုဏ်း တပည့်များကလည်း သူတို့၏ အဘိုးအို ကိန်းအောင်းရာမှ ထွက်ပေါ်လာချိန်မှာပင် ချန်ချင်းက သူ့ကို စနစ်တကျ မကြည့်ဘဲ ရှယွီချင်းနှင့် ကြည်နူးနေရန် အချိန်ရနေသေးသည်ကို လုံးဝ မထင်ထားခဲ့ကြပေ။
"ဒီကောင်က တကယ်ကို ရဲတင်းလွန်းတယ်။ ငါတို့ တောင်ပံနတ်နန်းဂိုဏ်းရဲ့ ဘိုးဘေးကို မျက်လုံးထဲတောင် မထည့်ဘူးပေါ့"
"ဟုတ်ပါ့၊ မောက်မာလိုက်တာ။ မောက်မာတဲ့သူတွေကို ငါမြင်ဖူးပေမဲ့ ဒီလောက်အထိ မောက်မာတဲ့သူမျိုး တစ်ခါမှ မမြင်ဖူးဘူး"
"သူ တကယ်ပဲ သတ္တိတွေ ကောင်းလွန်းနေတာပဲ၊ နောက်ကျရင်တော့ နှစ်ယောက်လုံး ခံရတော့မှာ"
"ဘိုးဘေး၊ ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ၊ ဒီလူမိုက်နှစ်ယောက်ကို မြန်မြန်သတ်ပေးပါ"
...
သတ်ဖြတ်ရန် အော်ဟစ်သံများမှာ မပြတ်မကွက် ထွက်ပေါ်လာသည်။
တောင်ပံနတ်နန်းဂိုဏ်း တပည့်များက ချန်ချင်းအပေါ် ဤမျှလောက်အထိ သတ်ဖြတ်လိုစိတ် ပြင်းထန်နေခြင်းမှာ အကြောင်းရှိပါသည်။
ချန်ချင်းက နဂါးထောင်ချောက်စီရင်ထုံးကို အသုံးပြု၍ ဂိုဏ်းစောင့်နဂါးကြီးကို သတ်လိုက်သောအခါ သူတို့မှာ စွမ်းအားတုံ့ပြန်မှုကြောင့် အနည်းဆုံး ကျင့်စဉ်အဆင့်ငယ် နှစ်ဆင့်ခန့် ကျဆင်းသွားကြရသည်။ သူတို့က သူ့ကို ဘယ်လိုလုပ် အာဃာတ မထားဘဲ နေနိုင်ပါမည်နည်း။
အကယ်၍ ချန်ချင်းသာ မသေဆုံးပါက ဤအာဃာတမှာ အမှန်တကယ်ပင် ပြေပျောက်ရန် ခက်ခဲလိမ့်မည်။
"ကောင်းပြီ၊ ကောင်းတဲ့ကလေးပဲ။ ဒီနေ့တော့ ဒီအဘိုးကြီးက မင်းကို တွေ့ပြီး မင်းမှာ ဘယ်လောက်အထိ စွမ်းရည်ရှိလဲဆိုတာ ကြည့်ရသေးတာပေါ့" ချန်ချင်း၏ ဂရုမစိုက်သော အမူအရာကြောင့် တောင်ပံနတ်နန်းဂိုဏ်း အဘိုးအိုမှာ မကျေမနပ် ဖြစ်နေပြီဖြစ်ရာ လူအများ၏ တိုက်တွန်းမှုနှင့်အတူ သူ၏ သတ်ဖြတ်လိုစိတ်မှာ အဟုန်ဖြင့် မြင့်တက်လာတော့သည်။
သူသည် သူ၏ ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် အထွတ်အထိပ် ခွန်အားကို ဘာမှမချန်ဘဲ လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။
"ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် အထွတ်အထိပ်လေးတင်ကို ဆူညံလိုက်တာ၊ သူကိုယ်သူ ဧကရာဇ်ကြီးလို့များ ထင်နေသလားပဲ" ချန်ချင်းက လှောင်ပြုံး ပြုံးလိုက်သည်။
ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် အထွတ်အထိပ်လေးတင်ကိုတဲ့...
"မင်း... မင်း သေချင်နေတာပဲ" အဘိုးအို၏ နှုတ်ခမ်းများမှာ တုန်ရီသွားကာ သူ၏ သတ်ဖြတ်လိုစိတ်မှာ ဆူပွက်လာတော့သည်။
ချန်ချင်းသည် စကားဆက်ပြောရန် စိတ်မဝင်စားတော့ပေ။ သူ၏ ခြေဖဝါးအောက်မှ အရိပ်လှိုင်းတံပိုးများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် လမင်းကို ဖုံးလွှမ်းသွားတော့သည်၊ မြင်ကွင်းမှာ ချက်ချင်းပင် မှောင်မိုက်သွားတော့သည်။
စိတ်အာရုံတစ်ချက်အတွင်းမှာပင် သူသည် ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးနှင့် ညီမျှသော အရိပ်ရုပ်သေးပေါင်း တစ်သောင်းကို ထုတ်လွှတ်လိုက်လေတော့သည်။