အခန်း (၄) အေးစက်ရက်စက်သည့် ဆက်တိုက်လူသတ်သမားကြီး...
မကြာမီ..
လိုက်ဖ်လွှင့်သည့် အခန်း၏ အောက်ဘက်ညာဘက်ထောင့်တွင် တောက်ပသော "စျေးဝယ်လှည်းအဝါရောင်လေး" ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
အခန်းထဲရှိ ကြည့်ရှုသူ သုံးရာကျော်တို့သည် 【အပိုဆောင်း အရွယ်အစားကြီး ထူထဲသော စက်မှုဇုန်သုံး အမှိုက်အိတ်】 ဟု အမည်တပ်ထားသည့် ကုန်ပစ္စည်းလင့်ခ်ကို စိုက်ကြည့်ရင်း တစ်ပြိုင်နက်တည်း နက်ရှိုင်းစွာ စဉ်းစားခန်း ဝင်သွားကြလေသည်။
ဒီကောင် တကယ်လုပ်နေတာလား..
တကယ်ကြီး ပစ္စည်းလာရောင်းနေတာပဲ…
{ဟာ... ငါ နှိပ်ကြည့်လိုက်တာ တကယ်ပဲ အမှိုက်အိတ်ကြီး ဖြစ်နေတယ်... အတုအပလည်း မဟုတ်ဘူး…}
{ဒီလိုက်ဖ်လွှင့်တဲ့သူက အတော်လေး ရက်စက်တဲ့ကောင်ပဲ... ပစ္စည်းရောင်းဖို့အတွက်နဲ့ အသက်ကိုပင် စွန့်စားပြီး တောထဲမှာ စိတ်ဝေဒနာရှင် လူသတ်သမားလို ဟန်ဆောင်နေတာလား…}
{ဒါပေမဲ့ ငါကတော့ ဒါ သရုပ်ဆောင်နေတာ မဟုတ်ဘူးလို့ ခံစားရတုန်းပဲ…}
{စိတ်ပညာကျွမ်းကျင်သူတွေ ဘယ်ရောက်ကုန်ပြီလဲ... ငါတော့ ဆက်မကြည့်နိုင်တော့ဘူး…}
{ဒါပေမဲ့ အမှန်အတိုင်း ပြောရရင်... စောစောက ဂေါ်ပြားနဲ့ ရူးရူးမူးမူး ရိုက်နှက်တာတောင် အိတ်က လုံးဝ မပြဲသွားဘူးနော်... အရည်အသွေးက တကယ်ကောင်းပုံရတယ်…}
ကြည့်ရှုသူများသည် လင့်ခ်ထဲမှ 【တစ်ထုပ်လျှင် နှစ်ယွမ်】 ဆိုသည့် မယုံနိုင်စရာ စျေးနှုန်းကို ကြည့်လိုက်ပြီး စောစောက တွေ့မြင်ခဲ့ရသည့် ပေါက်ကွဲမှုဒဏ်ခံ.. ယိုစိမ့်မှုဒဏ်ခံ.. မြှုပ်နှံမှုနှင့် ဆွဲခေါ်မှု စမ်းသပ်ချက်များကို ပြန်လည်သတိရလိုက်ကြသည်။
ဒီအရည်အသွေးသည် သာမန်မဟုတ်တော့ဘဲ ပုံမှန်ထက် လွန်ကဲနေသည့် အခြေအနေ ဖြစ်၏။
ဒီလိုက်ဖ်ခန်းသည် စျေးအသက်သာဆုံး မဟုတ်နိုင်သော်လည်း.. ဖျော်ဖြေမှုတော့ အပြည့်ရှိသည်။
စိတ္တဇဆန်သည့် အရောင်းမြှင့်တင်ရေး လေထုနှင့်ပေါင်းစပ်လိုက်သောအခါ ဖျော်ဖြေမှုတန်ဖိုးမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
လူအများအပြားသည် စိတ်ကူးထဲတွင် လွင့်ပါးသွားသကဲ့သို့ စိတ္တဇဆန်စွာဖြင့် လက်ဝယ်ယူရန် ခလုတ်ကို တိုက်ရိုက် နှိပ်လိုက်ကြတော့သည်။
{ငါ တစ်ထုပ် ဝယ်လိုက်ပြီ... ညနက်သန်းခေါင်မှာ လိုက်ဖ်လွှင့်သူပေးတဲ့ ထိတ်လန့်မှုအတွက် 'လက်မှတ်ခ' အဖြစ် ပေးလိုက်မယ်…}
{ငါ့ရဲ့ ကြောင်လေး အမှိုက်က အရမ်းအနံ့ဆိုးတာ.. ဒါဆိုရင်တော့ အဆင်ပြေသွားပြီ…}
{ဝယ်မယ်.. ဝယ်မယ်... ဒီအရောင်းစကားက သည်းထိတ်ရင်ဖို ရုပ်ရှင်ကြည့်ရတာထက်တောင် ပိုစိတ်လှုပ်ရှားဖို့ ကောင်းသေးတယ်... ငါ့အဆောင်မှာသုံးဖို့ အတွက် ဝယ်လိုက်ပြီ…}
{မှာလိုက်ပြီ... ဘယ်ကပဲဝယ်ဝယ် အတူတူပါပဲ.. ဒီပွဲက တကယ်စိတ်လှုပ်ရှားဖို့ ကောင်းတယ်…}
{အမှန်အတိုင်းပြောရရင် ဒီဇာတ်ညွှန်းကို ဘယ်သူစဉ်းစားမိတာလဲ…}
နောက်ကွယ်မှ အမှာအချက်အလက်များသည် ရူးသွပ်စွာ တိုးတက်လာခဲ့သည်။
လုရီသည် အရောင်းစာရင်းများ စတင်တိုးတက်လာသည်ကို ကြည့်ကာ နှာခေါင်းစည်းအောက်မှ သူ၏ နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်မိသည်။
အောင်မြင်သွားခဲ့ပြီ။
"【Ruirui's Mom】 ရဲ့ မှာယူမှုအတွက် ကျေးဇူးတင်ပါတယ်...
【Little Tang Go To Bed Early】 ရဲ့ အားပေးမှုအတွက်လည်း ကျေးဇူးပါ...
"ကျေးဇူးတင်ပါတယ်..."
လုရီသည် အခွင့်အရေးကို အရယူကာ အကန့်အသတ်များကို ပိုမိုတွန်းအားပေးရန် အခြားသော အရောင်းနည်းဗျူဟာများကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။
လိုက်ဖ်လွှင့်သည့် ကုမ္ပဏီတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသဖြင့် လုရီသည် ဇာတ်ညွှန်းများနှင့် အရှိန်အဟုန်ကို အလွန်ရင်းနှီးပြီးသား ဖြစ်သည်။
...
တစ်ချိန်တည်းမှာပင် ဟန်ကျိုးမြို့ ရှိ ရဲစခန်းတွင်။
ရဲတပ်ဖွဲ့တွင် လုပ်သက် နှစ်သုံးဆယ်ရှိပြီဖြစ်သော ရဲအရာရှိကြီး ချင်းကျန်းကော့ သည် သူ၏ ရေနွေးဘူးကို ကိုင်ဆောင်ကာ မိုးကြိုးနှင့် မိုးရွာသွန်းမှုများကြားတွင် ညဂျူတီကို ဖြတ်သန်းရန် ပြင်ဆင်နေခဲ့သည်။
သူသည် အငြိမ်းစားယူရန် တစ်နှစ်ခွဲခန့်သာ လိုတော့၏။ ဒီနှစ်သုံးဆယ်အတွင်း သူသည် ရက်စက်သော ခိုးဆိုးလုနှိုက်များကို ဖမ်းဆီးခဲ့ပြီး ဒုစရိုက်သမားများကို တိုက်ခိုက်ခဲ့ဖူးသဖြင့် မည်သည့် မုန်တိုင်းကိုမျှ မကြုံဖူးသည် မရှိပေ။
ဒီကမ္ဘာပေါ်တွင် သူ့ကို ထိတ်လန့်စေနိုင်မည့် ရာဇဝတ်မှု နည်းလမ်းမရှိတော့ဟု သူယုံကြည်ထားသည်။
လွန်ခဲ့သော နှစ်မိနစ်ခန့်အထိ ဖြစ်၏။
အရေးပေါ်ဌာနသို့ လာရောက်သော ဖုန်းခေါ်ဆိုမှုများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
"မြို့ အနောက်ဘက်စွန်က စွန့်ပစ်ထားတဲ့ အဆောက်အအုံမှာ လူသတ်မှု ဖြစ်နေပါတယ်... တစ်ယောက်ယောက်က အလောင်းမြှုပ်တာကို လိုက်ဖ်လွှင့်နေပါတယ်..."
"အရာရှိတို့ရေ.. မြန်မြန်လုပ်ကြပါ... သံသယရှိသူက အနက်ရောင် မိုးကာအင်္ကျီ ဝတ်ထားပြီး ဂေါ်ပြားကို ကိုင်ထားပါတယ်.. အလောင်းကိုလည်း အနက်ရောင် အိတ်ကြီးထဲ ထည့်ထားပြီးပါပြီ..."
"သူက ရဲတင်းလွန်းပါတယ်... နာရေး နှဲသံတွေကိုပါ ဖွင့်ထားပါသေးတယ်..."
ငါးမိနစ်အတွင်းမှာပင် နေရာအနှံ့အပြားမှ အရေးပေါ် ဖုန်းခေါ်ဆိုမှုများစွာ ရောက်ရှိလာခဲ့ပြီး အချို့သူများသည် လိုက်ဖ်၏ စခရင်မှတ်တမ်းများကို အင်တာနက် ရဲတပ်ဖွဲ့ထံ ပေးပို့ခဲ့ကြသည်။
ဌာနတွင်း လေထုသည် ချက်ချင်း ရေခဲမှတ်အထိ အေးစိမ့်သွားခဲ့၏။
သတင်းပို့ချက်ကို ကြားလိုက်ရသောအခါ ချင်းကျန်းကော့၏ လက်ထဲမှ ရေနွေးဘူးသည် တုန်လှုပ်သွားပြီး စားပွဲပေါ်သို့ ရေနွေးများ ဖိတ်စဉ်ကျသွားခဲ့သည်။
"လူသတ်ပြီး အလောင်းဖျောက်တာကို လိုက်ဖ်လွှင့်နေတယ်ဟုတ်လား..."
ချင်းကျန်းကော့သည် အေးစက်သော အသက်ကို ရှူသွင်းလိုက်ရပြီး သူ၏ နှစ်သုံးဆယ်ကျော် ရဲအရာရှိ ဗီဇကြောင့် ဦးနှောက်ပါ စိမ့်သွားခဲ့ရသည်။
ရဲတင်းလှချည်လား..
လွန်စွာမှကို ရဲတင်းလွန်းလှသည်။
ဒီခေတ် ရာဇဝတ်သားများသည် ဒီလောက်အထိ ရဲတင်းလာကြပြီလား..
ရာဇဝတ်မှု ကျူးလွန်ပြီးနောက် ထွက်မပြေးသည့်အပြင် ရဲတပ်ဖွဲ့ကို စိန်ခေါ်ရန် တစ်နိုင်ငံလုံးသို့ လိုက်ဖ်လွှင့်ပြနေကြသည်ပေါ့…
"မြန်မြန်... အထူးလှည့်ကင်း ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်... အားလုံး နှိမ်နင်းရေး ပစ္စည်းတွေယူပြီး ချက်ချင်း ထွက်ခွာကြ..."
ချင်းကျန်းကော့သည် သူ၏ ရဲဦးထုပ်ကို ဆွဲယူကာ ခေါင်းပေါ်သို့ ခပ်ပြင်းပြင်း ဆောင်းလိုက်ပြီး မျက်နှာမှာ ပြာနှမ်းနေခဲ့သည်။
"သံသယရှိသူက အလွန်အန္တရာယ်များတယ်.. လက်နက်ပါဝင်နိုင်တယ်.. ဆိုးရွားတဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေနိုင်တယ်... အားလုံးပဲ.. ငါတို့ အခင်းဖြစ်ပွားရာနေရာကို အမြန်ဆုံး ထိန်းချုပ်ရမယ်..."
ရဲကားအများအပြားသည် စူးရှသော ဥဩသံများကို စွဲကင်းစွာ မြည်ဟိန်းစေလျက်.. ရောင်စုံ မီးရောင်များသည် မိုးရေပြင်ကို ထိုးဖောက်ကာ မြို့အနောက်ဘက်ရှိ စွန့်ပစ်ထားသော အဆောက်အအုံဆီသို့ မြှားတစ်စင်းအလား မြန်ဆန်စွာ ထွက်ခွာသွားကြတော့သည်။
လမ်းတစ်လျှောက်တွင် ချင်းကျန်းကော့၏ ရင်ဘတ်သည် တင်းကြပ်နေခဲ့သည်။
အင်တာနက် ရဲတပ်ဖွဲ့မှ ပေးပို့လာသော လိုက်ဖ်ပုံများကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် ရာဇဝတ်သား၏ ပုံသဏ္ဌာန်ကို ခန့်မှန်းလိုက်မိသည်။
"ကျွမ်းကျင်တဲ့ နည်းလမ်းတွေ.. အလွန်သန်မာတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု... ဒါဟာ သေချာပေါက် သွေးအေးစက်ရက်စက်တဲ့ ကွင်းဆက်လူသတ်သမားပဲ..."
ပြီးတော့ ဒီလိုက်ဖ်လွှင့်သည့် ပလက်ဖောင်းများသည်လည်း ဒီလို ဆိုးရွားသော အကြောင်းအရာများကို ပိတ်ပင်ခြင်း မရှိဘဲ ပိုမိုဆိုးရွားအောင် ပြုလုပ်နေကြသည်။
...
စွန့်ပစ်ထားသော အဆောက်အအုံတွင် လုရီသည် မြင့်တက်လာသော အရောင်းစာရင်းများကို ကြည့်ကာ ရေငါးကြိမ်ခံနိုင်ရည် စမ်းသပ်ရန် အခြားအမှိုက်အိတ်တစ်ခုကို ထုတ်ယူတော့မည် ဖြစ်သည်။
ထိုစဉ်မှာပင်။
"ဝူး... ဝူး... ဝူး..."
နီးကပ်လာသော ဥဩသံများသည် မှောင်မည်းနေသော လွင်ပြင်အတွင်း ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
နီပြာရောင် မီးရောင်များသည် မိုးရေများကို ထိုးဖောက်ကာ စိတ္တဇဆန်သော စွန့်ပစ်အဆောက်အအုံကို လင်းထိန်သွားစေပြီး လုရီ၏ ဖြူလျော့နေသော မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ထို့နောက် ချက်ချင်းဆိုသလို ရှုပ်ထွေးပြီး မြန်ဆန်သော ခြေသံများနှင့်အတူ စူးရှသော ဓာတ်မီးရောင်များ ရောက်ရှိလာခဲ့တော့သည်။
"ဟေ့လူ... လက်နက်ကို ချလိုက်... မလှုပ်နဲ့..."
ကျယ်လောင်သော အော်ဟစ်သံသည် အဆောက်အအုံပျက် အပျက်အစီးများပေါ်မှတစ်ဆင့် မိုက်ခရိုဖုန်းမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။
လိုက်ဖ်အခန်းသည် တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ရူးသွပ်စွာ ပေါက်ကွဲသွားခဲ့သည်။
{...ဝိုး}
{ဟာ... ရဲတွေ တကယ် ရောက်လာတာပဲ…}
{ဘယ်သူ ရဲတိုင်လိုက်တာလဲ... ဟာသပဲ.. သူတို့ တကယ်ကြီး အရာရှိတွေကို ခေါ်လာခဲ့တာလား…}
{ရုပ်ရှင်ကားကြီးပဲ... ဒါဟာ သေချာပေါက် ရုပ်ရှင်အဆင့်မီ လက်ရာပဲ…}
{သူတို့ မြန်မြန် ရောက်လာကြတာပဲ... တစ်ယောက်ယောက်က တကယ် ရဲတိုင်လိုက်တာပဲ…}
{တုံ့ပြန်မှု အရှိန်အဟုန်ကတော့ရှယ်ပဲ... သူတို့ရဲ့ လုံခြုံရေး အသိစိတ်က အရမ်းသန်မာတာပဲ.. အရာရှိတွေကလည်း အပြည့်အစုံ ပြင်ဆင်လာကြတာပဲ…}
ရဲတပ်ဖွဲ့၏ ရုတ်တရက် ရောက်ရှိလာမှုနှင့် လင်းထိန်နေသော မီးရောင်များကို ကြည့်ကာ လုရီသည် လုံးဝ ဆွံ့အသွားခဲ့ရသည်။
လူတွေ အများကြီး ပါလား..
ငါက ဘယ်သူလဲ..
ငါ ဘယ်ရောက်နေတာလဲ..
ငါက အမှိုက်အိတ် လာရောင်းတာ မဟုတ်ဘူးလား…
မင်းတို့ တကယ်ကြီး ရဲတိုင်လိုက်ကြတာလား..
ငါ့အကောင့် အပိတ်မခံရပါဘူးနော်..
ထို့နောက် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ လူတိုင်း၏ အံ့ဩနေသော မျက်လုံးများအောက်တွင်...
ဂျောက်...
စစ်သုံး ဂေါ်ပြားသည် သူ၏ လက်ထဲမှ ကြမ်းပြင်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
သူသည် လက်နှစ်ဖက်ကို အမြန်မြှောက်လိုက်ပြီး အလွန်ပင် ကျွမ်းကျင်စွာဖြင့် အော်ဟစ်လိုက်၏။
"အရာရှိတို့... မပစ်ပါနဲ့... ကျွန်တော်က ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားပါ..."
လှုပ်ရှားမှု အစဉ်လိုက်သည် စီးဆင်းနေသော ရေကဲ့သို့ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ၀.၅ စက္ကန့်ပင် မကြာခဲ့ပေ။
မှတ်ချက်များသည် ရူးသွပ်စွာ ရယ်မောလိုက်ကြ၏။
{ဘာ 'ဥပဒေလိုက်နာတဲ့ နိုင်ငံသား' လဲ... ငါးနှစ်လောက် လေ့ကျင့်မှု မရှိဘေ ဒီလောက် ကျွမ်းကျင်မှာ မဟုတ်ဘူး…}
{ငါ သေတော့မယ်.. အဲဒီ တုံ့ပြန်မှုကတော့..သူ အရင်က 'အထဲ' မရောက်ဖူးဘူးဆိုတာ သရဲတောင် ယုံမှာ မဟုတ်ဘူး…}
{ပြီးပြီ.. ပြီးပြီ.. သူ အခုတော့ အခမဲ့ ထမင်း သွားစားရတော့မယ်... တိုက်ရိုက် ဖမ်းဆီးမှုကြီးပဲ…}
{ဘယ်သူ တိုင်လိုက်တာလဲ... ဟာသပဲ.. ငါ သေတော့မယ်…}
{လိုက်ဖ်လွှင့်သူ.. လိုက်ဖ်လွှင့်သူ.. ငါ့အမှိုက်အိတ်ကို ပို့ပေးဦးမှာလား…}
အခင်းဖြစ်ပွားရာနေရာတွင် ချင်းကျန်းကော့သည် သူ၏ တပ်ဖွဲ့နှင့်အတူ ချက်ချင်း ပြေးဝင်လာခဲ့ပြီး သံသယရှိသူ၏ ပူးပေါင်းဆောင်ရွက်မှုကို မြင်သောအခါ သူလည်း ခေတ္တမျှ ဆွံ့အသွားခဲ့ရသည်။
သို့သော် သူသည် သတိကို လုံးဝ လျှော့မထားခဲ့ပေ။
သူ၏ ဘေးပတ်ဝန်းကျင်မှ လူအများအပြားသည် လုရီကို ချက်ချင်း ဝိုင်းရံလိုက်ကြတော့သည်။
ချင်းကျန်းကော့၏ မျက်လုံးများသည် လင်းယုန်ကဲ့သို့ ထက်မြက်နေပြီး လုရီ၏ ဘေးရှိ ဖောင်းကားနေသော အနက်ရောင် အိတ်ကြီးကို စိုက်ကြည့်လိုက်သည်။
"ငြိမ်ငြိမ်နေ... ဒီညနက်သန်းခေါင်မှာ ဘာလုပ်နေတာလဲ... အိတ်ထဲမှာ ဘာတွေ ရှိနေတာလဲ..."
ချင်းကျန်းကော့သည် ခါးမှ ပစ္စည်းများကို တင်းကျပ်စွာ ကိုင်ထားရင်း အော်ဟစ် မေးမြန်းလိုက်၏။
လုရီသည် မတရားခံရလွန်း၍ ငိုပင် ငိုချင်သွားခဲ့သည် - "ဟို... အရာရှိ.. ကျွန်တော်က လိုက်ဖ်လွှင့် ပစ္စည်းရောင်းနေတာပါ... ကျွန်တော် တကယ်ပဲ အမှိုက်အိတ် ရောင်းနေတာပါ..."
"ပစ္စည်းရောင်းနေတာဟုတ်လား..."
ချင်းကျန်းကော့က သရော်လိုက်ပြီး စိတ္တဇဆန်သော ပတ်ဝန်းကျင်.. အဝေးမှ ထွက်ပေါ်နေဆဲ ဖြစ်သော နှဲသံနှင့် ရွှံ့များ ပေကျံနေသော ဂေါ်ပြားကို ဝှေ့ကြည့်လိုက်၏။
ထိုဝတ်စုံ.. ထို ရာဇဝတ်မှု ကျူးလွန်သည့် ကိရိယာများ။
ပြီးတော့ ရှေ့မှ အမှိုက်အိတ်။
‘ဒါကို ပစ္စည်းရောင်းတယ်လို့ မင်းက ပြောနေတာလား’
ဘယ်သူက ပစ္စည်းရောင်းရင်း လူသတ်မှု အခင်းဖြစ်ပွားရာနေရာ ပုံစံမျိုး ဖန်တီးလို့လဲ။
"ရှောင်လျူ.. သတိထား... အိတ်ကို ဖွင့်ပြီး အလောင်းကို စစ်ဆေး..အဲ... အိတ်ထဲကို စစ်ဆေးလိုက်..."
ရဲအရာရှိငယ်တစ်ဦးသည် တံတွေးကို ခက်ခဲစွာ မြိုချလိုက်ပြီး လက်အိတ်အဖြူများကို ဝတ်ဆင်ကာ အနက်ရောင် အိတ်ဆီသို့ သတိထား၍ တိုးကပ်သွားခဲ့လေသည်။
လိုက်ဖ်ခန်းထဲရှိ ကြည့်ရှုသူ ရာပေါင်းများစွာတို့သည် အသက်ကို အောင့်ထားကြပြီး ရင်တထိတ်ထိတ် ဖြစ်နေကြသည်။
ရဲအရာရှိငယ်၏ လက်များသည် အနည်းငယ် တုန်ယင်နေပြီး တင်းကျပ်စွာ စည်းထားသော ကြိုးကို ဖြည်းဖြည်းချင်း ဖြည်လိုက်သည်။
ရှပ်...
အိတ်ဝသည် ရုတ်တရက် ပွင့်ထွက်သွားခဲ့ပြီး အားကောင်းသော ဓာတ်မီးရောင် အများအပြားသည် အတွင်းသို့ ချက်ချင်း လင်းထိန်သွားခဲ့ကြသည်...
ပတ်ဝန်းကျင်မှ ရဲအရာရှိများသည် ၎င်းတို့၏ ပစ္စည်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အဆိုးရွားဆုံး အခြေအနေအတွက် ပြင်ဆင်ထားကြသည်။
သို့သော်လည်း...
နောက်တစ်စက္ကန့်တွင် လေထုသည် အေးခဲသွားခဲ့သည်။
မအီမသာ ဖြစ်စရာ သွေးအနံ့လည်း မရှိသလို.. အစိတ်အပိုင်းများ ပျက်စီးနေခြင်းလည်း မရှိပေ။
ဓာတ်မီးများ၏ မှိန်ဖျော့သော အလင်းရောင်အောက်တွင်.. အရွယ်အစားကြီးမားသော အနက်ရောင် အိတ်အတွင်း၌ ရှိနေသည်မှာ... စိုစွတ်ပြီး မြေကြီးအနံ့ ထွက်နေသော အနက်ရောင် ရွှံ့နွံပုံကြီး သာ ဖြစ်သည်။
ရဲအရာရှိကြီး "..."
ရဲအရာရှိငယ် "...."
လက်နက်အပြည့်အစုံ ပါရှိသော ရဲအရာရှိများ "..."
အေးစက်သော ညလေပြေ တိုက်ခတ်သွားခဲ့ပြီး မိုးသည် တဖွဲဖွဲသို့ လျော့ပါးသွားခဲ့၏။ စပီကာမှ ထွက်ပေါ်နေဆဲ ဖြစ်သော နှဲသံ၏ "တီ-ဒါ-တီ" အသံနှင့်အတူ အခင်းဖြစ်ပွားရာ နေရာသည် အလွန်ပင် စိတ်ရုပ်ဆိုးဖွယ်ကောင်း စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။
ချင်းကျန်းကော့သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းနောက်တွင် တင်ကာ အပြစ်မဲ့စွာ မျက်လုံးမှိတ်နေသော လုရီကို လှည့်ကြည့်လိုက်မိသည်။
သူ၏ နှုတ်ခမ်းသည် ရူးသွပ်စွာ တုန်ယင်လာခဲ့သည်။
ဒီကောင် တကယ်ကြီး ပစ္စည်းလာရောင်းတာလား..
ဒါပေမဲ့ ဒီကောင်က လူကောင်းတစ်ယောက်နဲ့ လုံးဝ မတူဘူး..
"မင်း စိတ်မနှံ့ဘူးလား..."
"ညနက်သန်းခေါင်မှာ လူသတ်သမားလို ဝတ်ဆင်ထားပြီးတော့..."
"ဒီလို လူသူကင်းမဲ့တဲ့ တောအုပ်ထဲကို ရွှံ့နဲ့ ကစားဖို့ လာတာပေါ့လေ..."
"မင်း တကယ်ကြီး ပစ္စည်းလာရောင်းနေတာလား..."