အခန်း (၃) ရှင်းပြမနေပါနဲ့တော့.. ပိုရှင်းပြလေ အပြစ်ဒဏ်ကျဖူးတဲ့ ပြစ်မှုဟောင်းရှိသူနဲ့ ပိုတူလေပဲ
လိုက်ဖ်လွှင့်သည့် အခန်းထဲရှိ ကြည့်ရှုသူ အနည်းငယ်မှာ လုံးဝ ဆွံ့အအံ့ဩသွားကြသည်။
မရေမရာဖြစ်နေသော မှတ်ချက်အချို့သည် စာမျက်နှာပေါ်တွင် စတင်ပေါ်ထွက်လာ၏။
{ငါတော့ ရာဇဝတ်မှု ကျူးလွန်နေတဲ့ အခင်းဖြစ်ပွားရာနေရာကို ကြည့်နေရပြီလို့ သံသယဝင်မိတယ်... လိုက်ဖ်လွှင့်တဲ့သူက လူတစ်ယောက်ကို မြှုပ်နေတာ... သူ အလောင်းမြှုပ်နေတာ သေချာတယ်…}
{ကြည့်ရတာ ကြောက်စရာကောင်းပေမဲ့ ဆက်ကြည့်ချင်နေတယ်... လိုက်ဖ်လွှင့်တဲ့သူက ဘာတွေလုပ်နေတာလဲ…}
{သူက သတ္တိအရမ်းရှိလွန်းတယ်... အမူအရာကလည်း မောက်မာလွန်းတယ်…}
စူးစမ်းလိုစိတ်မှာ လူတို့၏ သဘာဝဖြစ်သည်။
ပိုမိုထိတ်လန့်ဖွယ်ကောင်းပြီး ချောက်ချားဖွယ်ရာ စိမ့်တက်လေလေ.. လူတို့၏ အာရုံစိုက်မှုကို ပိုမိုဆွဲဆောင်နိုင်လေလေ ဖြစ်သည်။
မှားယွင်းရောက်ရှိလာသော ကြည့်ရှုသူအနည်းငယ်မှာ တစ်ဝက်သေမတတ် ထိတ်လန့်နေကြသော်လည်း သူတို့၏ လက်ချောင်းများမှာမူ လိုက်ဖ်မှ ထွက်မသွားဘဲ အခြားအုပ်စုများဆီသို့ပင် ထိုလိုက်ဖ်ကို မျှဝေလိုက်ကြသည်။
"ညီအစ်ကိုတို့.. မြန်မြန်လာကြည့်ကြပါဦး... လူတစ်ယောက်က အလောင်းမြှုပ်တာကို လိုက်ဖ်လွှင့်နေတယ်..."
"တကယ်လား... အဲဒီလောက်တောင် အခြေအနေပြင်းထန်တာလား... ငါသွားကြည့်လိုက်ဦးမယ်..."
"ဟေ့ရောင်.. လေထုကတော့ ကြောက်စရာကြီး.. အခုပဲ သွားကြည့်လိုက်တော့..."
တစ်ယောက်မှ တစ်ဆယ်.. တစ်ဆယ်မှ တစ်ရာသို့ သတင်းစကား ပျံ့နှံ့သွားခဲ့သည်။
မိနစ်ပိုင်းအတွင်းမှာပင် လုရီ၏ လိုက်ဖ်ခန်းထဲရှိ ကြည့်ရှုသူ အရေအတွက်သည် တဖြည်းဖြည်း မြင့်တက်လာခဲ့၏။
ကြည့်ရှုသူ - ၂၀ ဦး...
ကြည့်ရှုသူ - ၅၀ ဦး...
မှတ်ချက်များမှာလည်း ကျဲပါးရာမှ ချက်ချင်း စည်းကားလာခဲ့သည်။
{ဒီမှာ တစ်ယောက်ယောက်က အလောင်းမြှုပ်တာကို လိုက်ဖ်လွှင့်နေတယ်လို့ ကြားလို့... တကယ်လား…}
{ဟာ... ဒီနောက်ခံသီချင်းက ငါ့ကို သေးထွက်မတတ် ကြောက်လန့်စေတယ်... ဒီဝတ်စုံနဲ့ဆို လိုက်ဖ်လွှင့်တဲ့သူက ပရိုကြေးစားပဲ မဟုတ်ဘူးလား…}
{ဒီလောက် ကျွမ်းကျင်နေပုံအရဆို... ထောင်ထဲမှာ အနည်းဆုံး သုံးကြိမ်လောက် မဝင်ဖူးဘူးဆိုရင် ငါတော့ မယုံဘူး}
{ဒီခေတ် လူငယ်တွေက သတ္တိ အရမ်းရှိတာပဲ ဒါကိုတောင် လိုက်ဖ်လွှင့်ရဲကြတယ်ပေါ့…}
{ငါအခုမှ ရောက်တာ ..အဲဒီအိတ်ထဲမှာ အတိအကျ ဘာတွေရှိနေတာလဲ... ဘာလို့ အဲဒီလောက် မသင်္ကာစရာ ဖြစ်နေရတာလဲ…}
{ငါက စတည်းက ရောက်နေတာ.. အထဲမှာ ရွှံ့တွေတွေပါ…}
{ဘာရွှံ့လဲ... ဘယ်သူက ညနက်သန်းခေါင် မိုးကာအင်္ကျီဝတ်ပြီး ရွှံ့တူးဖို့ တောင်ပေါ်သွားမှာလဲ... ဘယ်သူ့ကို လာလိမ်နေတာလဲ…}
အခင်းဖြစ်ပွားရာနေရာတွင် လုရီသည် စတန်းပေါ်ရှိ ဖုန်းစခရင်ကို နောက်ဆုံးတွင် လှည့်ကြည့်လိုက်၏။
ပေါ်ထွက်လာသော မှတ်ချက်များနှင့် တိုးတက်လာသော ကြည့်ရှုသူ အရေအတွက်ကို မြင်သောအခါ နှာခေါင်းစည်းအောက်မှ သူ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
သူတို့ ငါးစာဟပ်လိုက်ပြီ။
ကြည့်ရှုသူများသည် စိတ်လှုပ်ရှားဖွယ်ရာများကို မြင်တွေ့ချင်မှတော့ သူက အကောင်းဆုံး စိတ်လှုပ်ရှားမှုကို ပေးဆောင်ရမည်ဖြစ်သည်။
လူများလေလေ.. သူက ပိုမိုပီပြင်အောင် သရုပ်ဆောင်ရလေလေ ဖြစ်၏။
လုရီသည် တိတ်ဆိတ်စွာပင် ရှိနေခဲ့သည်။
သူသည် မတ်တပ်ထရပ်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ မြေကြီးများ ပြည့်နှက်နေသော မသင်္ကာဖွယ်ရာ အနက်ရောင် အိတ်ကြီးကို စိုက်ကြည့်လိုက်၏။
မိုးရေများသည် သူ၏ မိုးကာအင်္ကျီပေါ်သို့ တောက်လျှောက် ကျရောက်နေခဲ့သည်။
ရုတ်တရက်..
သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး အိတ်၏ အပေါ်ဘက်ရှိ ကြိုးကို ဆွဲယူကာ ဂျွတ်ခနဲ အသံထွက်သည်အထိ တင်းကျပ်စွာ စည်းလိုက်သည်။
ထို့နောက် ခါးကို ကိုင်းလိုက်ပြီး လက်နှစ်ဖက်ဖြင့် အိတ်၏ အဆုံးတစ်ဖက်ကို ဆုပ်ကိုင်ကာ လည်ချောင်းထဲမှ တိုးညင်းသော ဟိန်းသံကို ထုတ်ဖော်လျက် ရုတ်တရက် အားစိုက်လိုက်သည်။
ပေါင်ချိန်များစွာ လေးလံသော စိုစွတ်သည့် မြေကြီးအိတ်ကြီးကို သူ၏ သန်မာသော အားဖြင့် ဆွဲမြှောက်လိုက်၏။
အိတ်၏ အောက်ခြေသည် ကျောက်ခဲများနှင့် ရွှံ့နွံများ ပြည့်နှက်နေသော ကြမ်းပြင်နှင့် ပွတ်တိုက်သွားပြီး စူးရှသော အသံများ ထွက်ပေါ်လာခဲ့သည်။
သူသည် ထိုလေးလံပြီး ပိန်းပိန်းမှောင်နေသော အိတ်ကို မြက်ခင်းပြင် အစွန်းဘက်သို့ တစ်လှမ်းချင်း ဆွဲခေါ်သွားခဲ့၏။
လိုက်ဖ်ကြည့်ရှုသူများသည် ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ လုံးဝ ရူးသွပ်သွားကြတော့သည်။
{ဟာ... ဟာ... ဟာ... သူ ရွှေ့လိုက်ပြီ... သူ အဲဒါကို ဆွဲခေါ်သွားပြီ…}
{အဲဒီအသံက... ငါ့ဦးနှောက်ကိုပင် စိမ့်သွားစေတယ်…}
{မင်း အဲဒါကို ဘယ်ယူသွားတာလဲ.. လိုက်ဖ်လွှင့်သူ... အလောင်းမြှုပ်ဖို့ နေရာရှာနေတာလား…}
{ငါကြည့်လေလေ.. လိုက်ဖ်လွှင့်သူဆီက လူသတ်ချင်တဲ့ အငွေ့အသက်တွေကို ပိုခံစားရလေလေပဲ…}
{ရဲတပ်ဖွဲ့တို့ရေ.. မြန်မြန်လာကြပါတော့... နောက်ကျသွားရင် မမီဘဲ ရှိနေပါလိမ့်မယ်…}
အွန်လိုင်းကြည့်ရှုသူ အရေအတွက်သည် ၃၀၀ ကျော်အထိ သွားခဲ့ပြီ ဖြစ်သည်။
ကြည့်ရှုသူ အားလုံးသည် ဒီထိတ်လန့်ဖွယ်ရာ စိတ္တဇဆန်သော မြင်ကွင်းကြောင့် စခရင်မှ မျက်လုံးမခွာနိုင်ဘဲ အရေးကြီးသော သက်သေအချို့ လွတ်သွားမည်ကို စိုးရိမ်၍ အသက်ပင် ရှူမဝဖြစ်နေကြတော့သည်။
သို့သော် လုရီသည် မရပ်တန့်ခဲ့ပေ။
သူသည် အိတ်ကို ၁၂ မီတာခန့် ဆွဲခေါ်သွားခဲ့ပြီး ပျက်စီးနေသော အဆောက်အအုံ အကြွင်းအကျန်များနှင့်ပင် တမင်တကာ တိုက်ခိုက်လိုက်သေးသည်။
{ဟာ... သူ ဘာလုပ်နေတာလဲ... အလောင်းကို ဖျက်ဆီးနေတာလား…}
{လွန်လွန်းတယ်... အထဲမှာ ရှိတာကို ချေမွဖို့ ကြိုးစားနေတာလား…}
{ငါ ဆက်မကြည့်နိုင်တော့ဘူး... ဒေါသတွေကို ပုံချနေတာ... ဒါဟာ သေချာပေါက် ဒေါသထွက်မှုကို ပုံချနေတာပဲ…}
{လူမဆန်လိုက်တာ…}
နောက်တစ်စက္ကန့်တွင်..
လုရီသည် ကင်မရာရှေ့တွင် ရပ်လိုက်ပြီး မောဟိုက်နေလေသည်။
သူသည် လက်ထဲမှ စစ်သုံး ဂေါ်ပြားကို ရုတ်တရက် မြှောက်လိုက်ပြီး ရွှံ့များ ပေကျံနေသော ဂေါ်ပြား၏ နောက်ကျောဖြင့် မြေပြင်ပေါ်ရှိ အိတ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
"ဘုန်း..."
"ဘုန်း... ဘုန်း... ဘုန်း..."
ဆက်တိုက် ပြင်းထန်စွာ ရိုက်နှက်လိုက်ခြင်း ဖြစ်သည်။
ရိုက်ချက်တိုင်းတွင် မြေကြီး၏ တုန်ခါမှု ပါဝင်နေပြီး အိတ်သည် ပုံသဏ္ဌာန် ပျက်ယွင်းသွားခဲ့သော်လည်း ပေါက်ထွက်မသွားခဲ့ပေ။
လိုက်ဖ်ခန်းထဲရှိ လူတိုင်း ဆွံ့အသွားကြတော့သည်။
{ပြီးပြီ.. ပြီးပြီ..မသေရင်တောင် အခုတော့ အပိုင်းပိုင်း အစစ ဖြစ်သွားပြီ။}
{သူက သေ.. မသေ စစ်ဆေးနေတာလား…}
{ရဲခေါ်ကြပါ... ငါ ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးပြီ... ဒါက အရမ်းအတင့်ရဲလွန်းတယ်…}
{ရိုက်မနေပါနဲ့တော့... ကျေးဇူးပြုပြီး ရိုက်မနေပါနဲ့တော့... စခရင်ကနေတစ်ဆင့် နာကျင်မှုကို ခံစားရတယ်…}
{ခင်ဗျား လုပ်နေတာ ဥပဒေနဲ့ မကင်းဘူး... စခရင်ရှော့ရိုက်ပြီးပြီ.. တိုင်ကြားပြီးပြီ.. အင်တာနက် ရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြားပြီးပြီ…}
လူတိုင်း၏ အာရုံကြောများ အမြင့်ဆုံးအထိ တင်းမာနေစဉ် လုရီသည် နောက်ထပ် ရက်စက်သော စစ်ဆင်ရေးတစ်ခုကို ပြုလုပ်တော့မည်ဟု ထင်မှတ်ထားကြသည်။
လုရီသည် ရုတ်တရက် ရပ်တန့်လိုက်သည်။
သူသည် ဂေါ်ပြားကို မှီလိုက်ပြီး သူ၏ ရင်ဘတ်သည် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။
ထို့နောက် သူသည် နောက်ဆုံးတွင် စကားပြောလိုက်တော့သည်။
နှာခေါင်းစည်း ကြောင့် သြရှနေသော သူ၏ အသံသည် ပြင်းထန်သော လှုပ်ရှားမှုကြောင့် ခပ်တိုးတိုး ဖြစ်နေပြီး ပတ်ဝန်းကျင်မှ လေနှင့် မိုးသံတို့နှင့် ပေါင်းစပ်လိုက်သောအခါ ပိုမိုစိတ်မသက်မသာ ခံစားရစေသည်။
"မြင်ကြရဲ့လား"
လုရီသည် အကောင်းအတိုင်း ရှိနေသေးသော ကြမ်းပြင်ပေါ်မှ အိတ်ကို လက်ညှိုးထိုးပြလိုက်ပြီး ကင်မရာကို စိုက်ကြည့်လိုက်၏ -
"ဒါဟာ... လုံခြုံမှု ခံစားချက်ပဲ"
လိုက်ဖ်ခန်းထဲရှိ မှတ်ချက်များသည် တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
{...ဘာလား}
{ဘာစိတ္တဇဆန်တဲ့ 'လုံခြုံမှု ခံစားချက်' လဲ…}
{လူတစ်ယောက်ကို သတ်ပြီးရင်တော့ လုံခြုံမှု ခံစားချက် ရတာပေါ့.. မဟုတ်ဘူးလား…}
{အစ်ကိုကြီး.. စကားမပြောပါနဲ့တော့ ခင်ဗျား စကားပိုပြောလေ.. ငါ ပိုကြောက်လေပဲ... ငါ့ဘီရိုကြီးတောင် လှုပ်သွားပြီ…}
လုရီသည် မှတ်ချက်များကို လုံးဝ မကြည့်ခဲ့ပေ။ သူသည် ဆောင့်ကြောင်ထိုင်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ အိတ်၏ မျက်နှာပြင်ကို ဖြည်းဖြည်းချင်း သုတ်လိုက်၏။
"လူအများစုက... အမှိုက်အမျိုးမျိုးကို စွန့်ပစ်တဲ့အခါ ဘာကို အကြောက်ဆုံးလဲ"
လုရီ၏ အသံသည် ကြောက်စရာကောင်းစွာ ထွက်ပေါ်လာခဲ့သည်။
"သူတို့က အိတ်ပြဲသွားမှာကို ကြောက်ကြတယ်"
"သူတို့က လမ်းခုလတ်မှာ အရည်တွေ ယိုစိမ့်ထွက်လာမှာကို ကြောက်ကြတယ်"
"သူတို့က အနံ့ဆိုးတွေ ထွက်လာပြီး ယင်ကောင်တွေ လာမှာကို.. ဒါမှမဟုတ် ယင်ကောင်နဲ့ ကြွက်တွေ အနံ့ရသွားမှာကို ကြောက်ကြတယ်"
ထိုစကားများကို ကြားရသောအခါ စခရင်ရှေ့မှ ကြည့်ရှုသူများသည် ခြေဖဝါးမှသည် ဦးခေါင်းအထိ အေးစိမ့်သွားသည်ကို သာ ခံစားလိုက်ရ၏။
ဒီစကားလုံးများက...
ငါတို့ အခမဲ့ နားထောင်လို့ ရတဲ့ စကားလုံးများ ဟုတ်ရဲ့လား။
ဒါဟာ လူသတ်အလောင်းဖျောက်ရာမှာ အတွေ့အကြုံရှိတဲ့သူတစ်ယောက်ရဲ့ စကားပဲ မဟုတ်ပါလား။
သို့သော်လည်း လုရီသည် သူ၏ ထင်မြင်ချက်များကို ဆက်လက် ထုတ်ဖော်ပြောဆိုခဲ့သည်။
"ဒါပေမဲ့ ငါ့လက်ထဲက ဒီအမှိုက်အိတ်နဲ့ဆိုရင်တော့ ခင်ဗျားတို့ စိတ်အေးအေးထားလို့ ရပါတယ်"
"စိတ်အေးအေးထားပါ အားလုံးပဲ..ဒီအိတ်ကို မာကျောသိပ်သည်းဆမြင့် ပိုလီအက်သလင်း နဲ့ ပြုလုပ်ထားတာဖြစ်ပြီး အလွှာငါးလွှာ ထူထဲအောင် ပြုလုပ်ထားတဲ့အပြင် နာနိုအဆင့် ပေါက်ကွဲမှုဒဏ်ခံ နည်းပညာ ပါဝင်ပါတယ်"
"စောစောက ခင်ဗျားတို့ မြင်ခဲ့တဲ့အတိုင်းပါပဲ- ကျောက်ခဲပုံတွေ.. မြက်ခင်းတွေ.. ဂေါ်ပြားနဲ့ ပြင်းထန်စွာ ရိုက်နှက်မှုတွေ စတာတွေကို ခံနိုင်ရည်ရှိပြီး မပျက်စီးဘဲ ရှိနေခဲ့တာပါ"
လုရီသည် ကင်မရာဘက်သို့ ပိုမိုနီးကပ်စွာ တိုးလိုက်ပြီး သူ၏ လေသံကို အလေးပေးလိုက်သည်။
"အထဲမှာ ဘာပဲထည့်ထည့်.. ဒါဟာ လုံးဝ ယိုစိမ့်မှု မရှိဘူး.. အလင်းပေါက်မှု မရှိဘူး.. အနံ့အသက်လည်း မထွက်ပါဘူး"
သူသည် ပြောရင်းဖြင့် ကြမ်းပြင်ပေါ်မှ မြေကြီးတစ်ဆုပ်ကို ယူကာ အိတ်ပေါ်သို့ ပြင်းထန်စွာ ပွတ်သပ်လိုက်ပြီးနောက် ခပ်ပြင်းပြင်း ပြန်သုတ်လိုက်ရာ အိတ်၏ ပြောင်လက်နေသော အနက်ရောင် မျက်နှာပြင် ပေါ်ထွက်လာခဲ့သည်။
"လုံးဝ လုံခြုံစွာ ပိတ်ဆို့ထားပြီး တစ်စက်မျှ ယိုစိမ့်မှု မရှိပါဘူး"
"အထဲမှာ စမီးဖိုချောင်သုံး အမှိုက်တွေ ဒါမှမဟုတ် အရည်ပစ္စည်းတွေ ပေါင်ချိန် ရာနဲ့ချီ ပါဝင်နေရင်တောင် အိတ်ဝကို တင်းကျပ်စွာ စည်းထားသရွေ့ မည်သည့် ပိုးမွှားမှ အနံ့ရရှိနိုင်မည် မဟုတ်ပါဘူး"
ထိုအချိန်မှသာ လိုက်ဖ်ခန်းထဲရှိ ကြည့်ရှုသူများသည် ရုတ်တရက် သဘောပေါက်သွားကြတော့သည်။
နေဦး...
ဒီလေသံ... ဒီဝေါဟာရတွေ... ဒီရင်းနှီးနေတဲ့ အရောင်းမြှင့်တင်ရေး စကားပြောပုံစံ...
{ဟာ…}
{ဒီကောင်... လိုက်ဖ်လွှင့် ပစ္စည်းရောင်းနေတာလား…}
{ဒါ ကြော်ငြာကြီးလား…}
မှတ်ချက်များမှာ ရူးသွပ်စွာ ပေါက်ကွဲသွားခဲ့တော့သည်။
{မဖြစ်နိုင်တာ…}
{အရည်ပစ္စည်းတွေဟုတ်လား... ခင်ဗျား သွေးကို ပြောချင်တာ မဟုတ်ဘူးလား…}
{လိုက်ဖ်လွှင့်သူ.. ရှင်းပြမနေပါနဲ့တော့ ပိုရှင်းပြလေ.. ခင်ဗျားက ပစ်ဒဏ်ကျဖူးတဲ့ ပြစ်မှုဟောင်းရှိသူနဲ့ ပိုတူလေပဲ…}
{မဟုတ်ဘူးလေ... အစ်ကိုကြီး.. ခင်ဗျားက ညနက်သန်းခေါင်.. ကျင်းတူးတာ.. နှဲသံတွေနဲ့ ဒီလောက် ပြင်ဆင်ထားတာ အမှိုက်အိတ် ရောင်းဖို့အတွက်ပဲလား…}
{ဒီစကားလုံးတွေလည်း မဟုတ်သေးဘူး... ဘယ်သူက အရည်မယိုစိမ့်ဘူး.. အနံ့မထွက်ဘူးဆိုတာကို အဓိကထားပြီး အမှိုက်အိတ် ရောင်းလို့လဲ…}
လုရီသည် မတ်တပ်ထရပ်လိုက်ပြီး လေးလံသော အိတ်ကို ပြန်လည်မြှောက်ပြကာ ဆုတံဆိပ်တစ်ခုကို ပြသနေသကဲ့သို့ လှုပ်ခါပြလိုက်ပြန်သည်။
"ဒါကြောင့် ဘော်ဒါတို့ရေ"
"ဘယ်လို အမှိုက်မျိုးပဲဖြစ်ဖြစ် လုံးဝ လုံခြုံစွာ ပိတ်ဆို့နိုင်ပါတယ်"
"ဒါကို ပိုင်ဆိုင်လိုက်တာနဲ့ လုံးဝ သန့်ရှင်းမှုကို ပိုင်ဆိုင်လိုက်ရတာပါပဲ"
"အခုပဲ မှာယူလိုက်ပါ.. ၉၉၈ မဟုတ်ပါဘူး.. ၉၈ လည်း မဟုတ်ပါဘူး..."
လုရီသည် ဖုန်းကို ထုတ်ယူလိုက်ပြီး စခရင်ပေါ်တွင် လက်ချောင်းများကို မြန်ဆန်စွာ လှုပ်ရှားလိုက်၏။
"အပိုဆောင်း အရွယ်အစားကြီး ထူထဲသော စက်မှုဇုန်သုံး အမှိုက်အိတ်.. တစ်လိပ်ကို နှစ်ယွမ်ပဲ ကျသင့်မှာပါ"
"သုံး.. နှစ်.. တစ်.. လင့်ခ် တင်လိုက်ပြီ..."