အခန်း (၁) သန့်ရှင်းရေးသမား၏ လက်ဆောင်
ဟန်ကျိုးမြို့…
Brilliant အနုပညာအေဂျင်စီ…
"ဖုန်း..."
စာချုပ်ဖျက်သိမ်းသည့် စာရွက်စာတမ်းဖိုင်ကို စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။
"လုရီ... လက်မှတ်ထိုးလိုက်တော့"
ဥက္ကဋ္ဌ ဝမ်ပိုင်ချွမ်းသည် ဆုံလည် ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်ရင်း ရုပ်ဆိုးလှသည့် ဟန်ဆောင်အပြုံးကြီးဖြင့် ပြောလိုက်သည်။ "မင်းက ငါတို့အေဂျင်စီရဲ့ စီးပွားရေးပုံစံကို မနှစ်သက်ဘဲ တာဝန်ကျေလွန်းနေမှတော့ သဘောတူညီမှုယူပြီး လမ်းခွဲကြတာပေါ့"
လုရီသည် စားပွဲပေါ်မှ စာချုပ်ကို ကြည့်လိုက် နေရင်း သူ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ယှက်နွယ်နေလေသည်။
ကူးပြောင်းလာသူတစ်ယောက်အနေဖြင့်...
လွန်ခဲ့သော သုံးလက သူသည် ဒီအပြိုင်ကမ္ဘာသစ်ဆီသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။
သူက ယခင်ဘဝကအတိုင်း ရုပ်ရှင်ရိုက်ကူးရေးဌာနမှ ထိပ်တန်းကျောင်းသားတစ်ဦး ဖြစ်သည်။
သူသည် အခြားသော ဖျော်ဖြေရေးကမ္ဘာဆီ ကူးပြောင်းသူများကဲ့သို့ ရုပ်ရှင်များရိုက်.. ဆုကြီးများဆွတ်ခူးပြီး ချမ်းသာလှပသော မိန်းမချောလေးကို ယူဆောင်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် လက်တွေ့ဘဝက သူ့ပါးကို ခပ်ဖြင်းဖြင်း ဖြတ်ရိုက်လိုက်သည်။
ဒီကမ္ဘာ၏ ဖျော်ဖြေရေးလုပ်ငန်းသည် လွန်စွာဖွံ့ဖြိုးတိုးတက်နေပြီး အဆက်အသွယ်နှင့် အရင်းအနှီးမရှိသော သူ့လို ဒါရိုက်တာပေါက်စတစ်ယောက်အတွက် ဗီဒီယိုတိုများပင် ရိုက်ကူးခွင့်မရခဲ့ပေ။
ဝမ်းစာအတွက် သူသည် ဒီအေဂျင်စီသို့ ဝင်ရောက်ကာ တိုက်ရိုက်ထုတ်လွှင့် ပစ္စည်းရောင်းချသူ ဖြစ်လာခဲ့ရသည်။
ဒီအေဂျင်စီက ဒီလောက်အထိ ယုတ်မာနေမှန်း မည်သူသိမည်နည်း။
"ဥက္ကဋ္ဌဝမ်... စာချုပ်ကို ကျွန်တော် ဖျက်ပေးနိုင်ပါတယ်"
လုရီသည် ခေါင်းကိုမော့ကာ ရင်ထဲမှ ဒေါသကို ထိန်းချုပ်ရင်း ပြောလိုက်သည်။
"ဒါပေမဲ့ သုံးလစာ လစာနဲ့ ယခင်ကော်မရှင် စုစုပေါင်း သုံးသောင်းနှစ်ထောင်ကိုတော့ ရှင်းပေးရမှာ မဟုတ်ဘူးလား"
ထိုစကားကို ကြားသောအခါ ဝမ်ပိုင်ချွမ်းသည် ကမ္ဘာပေါ်တွင် အခွီရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ပြုမူလိုက်သည်။
"လစာဟုတ်လား"
ဝမ်ပိုင်ချွမ်းသည် ချက်ချင်းမတ်မတ်ထိုင်လိုက်ပြီး လုရီအား သရော်သည့်မျက်လုံးဖြင့် စိုက်ကြည့်လိုက်ပြီး.. "လုရီ... မင်းမှာ ငါ့ဆီက လစာတောင်းရဲတဲ့ သတ္တိရှိသေးတယ်ပေါ့..."
"ငါက မင်းကို အလှကုန်ပစ္စည်းတွေ ရောင်းခိုင်းတော့ မင်းက ပါဝင်တဲ့ ဓာတုဗေဒ ပစ္စည်းတွေကို သုတေသနလုပ်ပြတယ်.. မုန့်တွေ ရောင်းခိုင်းတော့ အာဟာရဓာတ် ပါဝင်မှုကို ရှင်းပြနေတယ်"
"ဘေးအခန်းက မိန်းကလေးတွေဆို ခြေအိတ်အနက်ရောင် ဝတ်ပြီး ကြည့်ရှုသူတွေကို 'ကိုကို' လို့ ခေါ်ပြီး မိုက်ခရိုဖုန်းကို လျှာနဲ့လျက်ပြတာလေ မင်းကျတော့ ဘာလုပ်လဲ..."
"ငါက မင်းကို တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ပရိသတ်နဲ့ ရိုမန့်တစ်ဆန်ဆန် လုပ်ခိုင်းတော့ မင်းက လိမ်လည်လှည့်ဖြားမှု တားဆီးရေး အသိပညာတွေကို သွားဆွေးနွေးနေတယ်..."
"အုပ်စုလိုက် လိုက်ဖ်လွှင့်တာလည်း မလုပ်ဘူး... မိန်းမအဝတ် ဝတ်ပြီး လိုက်ဖ်လွှင့်တာလည်း မလုပ်ဘူး... ပရိသတ်အချင်းချင်း လုပ်တဲ့ Fan-service တောင် မင်းက ငြင်းပယ်ခဲ့တယ် မဟုတ်လား"
ဝမ်ပိုင်ချွမ်းသည် ပြောရင်းပြောရင်း ပိုမိုဒေါသထွက်လာကာ သူ၏ လက်ညှိုးသည် လုရီ၏ နှာခေါင်းကို ထိလုမတတ် ဖြစ်သွားပြီး တံတွေးများ ဘက်ပေါင်းစုံသို့ စင်သွားသည်။
"ဘေးစတူဒီယိုအခန်းက 'ထျန်းထျန်း' ဆိုတဲ့ ကောင်မလေးကို သွားကြည့်လိုက်.. သူ့ရဲ့ တစ်ညတာ ဝင်ငွေက မင်းရဲ့ လွန်ခဲ့တဲ့ သုံးလစလုံး ဝင်ငွေထက် ပိုများတယ်"
"မင်းရဲ့ လိုက်ဖ်ရောင်းအားက စတူဒီယိုအခန်း ငှားခတောင် မကာမိဘူး... အေဂျင်စီအတွက် ပိုက်ဆံမရှာပေးနိုင်တဲ့အပြင် ငါ့ရဲ့ ပရိုမိုးရှင်းနေရာတွေကိုပါ လေလွင့်စေခဲ့တယ်"
ဝမ်ပိုင်ချွမ်းက "ထျန်းထျန်း" အကြောင်း ပြောလိုက်သောအခါ လုရီ၏ မျက်လုံးထဲမှ စက်ဆုပ်ရွံရှာမှုများမှာ ပိုမိုပြင်းထန်လာခဲ့၏။
လွန်ခဲ့သည့်အပတ်က လုရီသည် နမူနာပစ္စည်းများယူရန် ကုမ္ပဏီသို့ ပြန်လာစဉ် ထိုနှစ်ဦး၏ "နက်ရှိုင်းသော စီးပွားရေး ဖလှယ်မှု" ပြုလုပ်နေသည်ကို အမှတ်မထင် တွေ့ရှိခဲ့ရသည်။
ထိုမိန်းမသည် ဘာမှမလုပ်တတ်ဘဲ အေဂျင်စီ၏ အကောင်းဆုံး နေရာများကို အဘယ်ကြောင့် ရရှိနေသနည်းဆိုသည်မှာ ဆန်းကြယ်မှု မရှိတော့ပေ။
တစ်နည်းအားဖြင့် Brilliant အေဂျင်စီဆိုသည်မှာ MCN အမည်ခံထားသည့် အထက်တန်းစား ဖ** အေဂျင်စီတစ်ခုမျှသာ ဖြစ်သည်။
လုရီသည် မျက်ခုံးကို တွန့်လိုက်ပြီး ငြင်းခုံလိုက်သည်။ "ကျွန်တော်က ပစ္စည်းလာရောင်းတာ.. အသားလာရောင်းတာ မဟုတ်ဘူး..ခင်ဗျားတို့ ပစ္စည်းတွေက တရားဝင် လိုင်စင်မရှိတဲ့ အတုအပတွေချည်းပဲ..အဲဒါတွေကို ရောင်းလို့ ရပါ့မလား"
"အလုပ်က အလုပ်ပါ.. ဒါပေမဲ့ ကျွန်တော့်မှာ မူဝါဒရှိတယ်"
"မူဝါဒဟုတ်လား"
ဝမ်ပိုင်ချွမ်းက လှောင်ပြုံးပြုံးကာ မတ်တပ်ထရပ်ပြီး ရုံးခန်း၏ ထောင့်တစ်နေရာသို့ လျှောက်သွား၍ အနက်ရောင် အိတ်ကြီးတစ်ခုကို ကန်ထုတ်လိုက်သည်။
"ဒီလောကမှာ ဆင်းရဲတာဟာ ရာဇဝတ်မှုပဲကွ... ရုပ်ရှင်ရိုက်ကူးရေးဌာန ဟုတ်လား... မင်းက သူတောင်းစားဌာနက လာတာထက်တောင် ဆိုးသေးတယ်"
ဝမ်ပိုင်ချွမ်းသည် ထောင့်ရှိ အိတ်ကြီးကို လက်ညှိုးထိုးပြကာ မျက်လုံးထဲတွင် မည်သည့် ကရုဏာမျှ မရှိဘဲ ပြောလိုက်၏။
"လစာလိုချင်တယ်ဟုတ်လား... မရှိဘူး"
"ကုမ္ပဏီက မင်းကို ကင်မရာရှေ့ ထွက်ခွင့်ပေးထားတာကို ကျေးဇူးမဆပ်ဘဲ ပိုက်ဆံလာတောင်းနေတယ်ပေါ့..."
"ဒါပေမဲ့... ငါက စာနာစိတ်မရှိတဲ့သူ တစ်ယောက် မဟုတ်ပါဘူး..အဲဒီမှာ ပစ္စည်းတွေ တွေ့တယ်မဟုတ်လား"
"ဒါက စတိုခန်းထဲမှာ သောင်တင်နေတဲ့ အရွယ်အစားကြီး.. ထူထဲတဲ့ အနက်ရောင် စက်မှုဇုန်သုံး အမှိုက်အိတ်တွေပဲ"
"ဝယ်တုန်းက ဝယ်စျေးက တစ်လိပ်ကို လေးယွမ်.. ခုတော့ မင်းအတွက် နှစ်ယွမ်နဲ့ တွက်ပေးမယ်.. စတိုခန်းထဲမှာ အလိပ်ပေါင်း ၁၅,၀၀၀ ရှိတယ်.. မင်းရဲ့ လစာ သုံးသောင်းနှစ်ထောင်နဲ့ ကွက်တိပဲ"
လုရီသည် ဖုန်တက်နေသော အိတ်များကို ကြည့်ကာ ဒေါသထွက်လွန်း၍ ရယ်မောလိုက်ရတော့သည်။
နှစ်ပေါင်းများစွာ မရောင်းရဘဲ သောင်တင်နေသော အမှိုက်အိတ်များကို သုံးပြီး လစာနှင့် ခေတ္တခုနှိမ်ပေးမည်တဲ့လား။
ဒီ ဝမ်ပိုင်ချွမ်း ဆိုသည့်ကောင်သည် လမ်းဘေး ဓာတ်တိုင်ပေါ် မှ ဆွဲကြိုးချသတ်သင့်သည့် အရင်းရှင်စစ်စစ် ဖြစ်သည်။
"ဘယ်လိုလဲ... မလိုချင်ဘူးလား"
ဝမ်ပိုင်ချွမ်းသည် လုရီ၏ တွန့်ဆုတ်နေမှုကို မြင်သောအခါ သရော်လိုက်၏။ "မလိုချင်ရင်လည်း ရတယ်.. ချက်ချင်း ထွက်သွား.. တစ်ပြားမှ မရဘူး... မင်း လုပ်ငန်းခွင်ဆိုင်ရာ ရဲစခန်းမှာ သွားတိုင်လို့ရတယ်.. ဒါပေမဲ့ ငါ့မှာ မင်းနဲ့ အချိန်ဖြုန်းဖို့ ဥပဒေအကြံပေးတွေ အများကြီးရှိတယ်ဆိုတာ မမေ့နဲ့..တစ်နှစ်.. ခွဲနှစ်လောက် ဆွဲထားဖို့ဆိုတာ ငါ့အတွက် အဆန်းမဟုတ်ဘူး"
ခြိမ်းခြောက်မှု…
ဒါက…
ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်မှု ဖြစ်သည်။
လုရီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်သီးများကို တင်းတင်းဆုပ်ထားလိုက်၏။
ကူးပြောင်းလာသူတစ်ယောက်၏ ဂုဏ်သိက္ခာကြောင့် ထိုအမှိုက်အိတ်များကို ဝမ်ပိုင်ချွမ်း၏ မျက်နှာပေါ်သို့ ရိုက်ချလိုက်ချင်စိတ် ပေါ်ပေါက်သွားသည်။
ဒီကောင်က ဘာလို့ ဒီလောက်တောင် ယုတ်မာရတာလဲ။
သို့သော် သူ၏ အိတ်ကပ်ထဲမှ ကျန်ရှိသော ပိုက်ဆံပမာဏက သူ့ကို တည်ငြိမ်သွားစေခဲ့သည်။
ဒီကမ္ဘာမှာ ပိုက်ဆံမရှိရင် တကယ်ပဲ ငတ်သေနိုင်သည်မဟုတ်ပါလား။
"ကောင်းပြီ"
လုရီသည် ထိုအမှိုက်အိတ်များကို ကြည့်လိုက်ပြီး တစ်စက္ကန့်မျှပင် ဆက်မနေချင်တော့ပေ။
ဘဝနှစ်ခုလုံးကို ဖြတ်သန်းခဲ့ပြီးဖြစ်သဖြင့် အကြောင်းပြချက် ပေးနေခြင်းက အသုံးမဝင်ကြောင်း သူနားလည်ထားသည်။
မည်သည့်နေရာတွင်မဆို ပိုက်ဆံရှာနိုင်ခြင်းကသာ အရေးအကြီးဆုံးဖြစ်ပေသည်
လုရီသည် ပိုမိုတွန့်ဆုတ်မနေတော့ဘဲ အိတ်များကို ဆွဲကာ တံခါးပြင်ပသို့ ထွက်ခွာသွားတော့သည်။
"ယူသွား.. ယူသွား... ကြည့်ရတာနဲ့တင် စိတ်ရှုပ်စရာကောင်းတယ်"
ဝမ်ပိုင်ချွမ်းသည် လုရီ၏ ထွက်ခွာသွားသော နောက်ကျောကို ကြည့်ကာ ယင်ကောင်ကို မောင်းထုတ်သကဲ့သို့ လက်ယက်ပြလိုက်သည်။
"မြန်မြန်လုပ်.. ကောင်မလေးအသစ်နဲ့ အင်တာဗျူးတာကို မနှောင့်ယှက်နဲ့..သူက မင်းထက်အများကြီး ပိုလိမ္မာတယ်"
...
နာရီဝက်ခန့် ကြာပြီးနောက်။
ဟန်ကျိုးမြို့ပြင်ရှိ မှောင်မည်းပြီး စိုစွတ်သော အခန်းငယ်တစ်ခုအတွင်း။
ပြင်ပတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး မိုးကြိုးများ ထိန်းမနိုင်သိမ်းမရ ခြိမ်းခြောက်နေ၏။
လုရီသည် ရေစိုကြွက်စုတ်ကဲ့သို့ ရေရွှဲနေပြီး လေးလံသော အမှိုက်အိတ်များကို အခန်းထဲသို့ ခက်ခက်ခဲခဲ ဆွဲသွင်းလိုက်ရသည်။
"ဟူး..."
သူသည် ကြမ်းပြင်ပေါ်သို့ ပစ်ထိုင်လိုက်ပြီး အနက်ရောင်အိတ်များ ပြည့်နှက်နေသော အခန်းကို ကြည့်ကာ မိမိအတ္တကိုပင် လှောင်ရယ်လိုက်မိသည်။
"သုံးလစာ လစာကို စက်မှုဇုန်သုံး အမှိုက်စွန့်ပစ်အိတ်တွေနဲ့ လဲလိုက်ရတယ်ပေါ့ ငါ့ရဲ့ သုံးလစာ လုပ်အားခက ဘာမှမဟုတ်တော့ဘူးပေါ့"
"ကူးပြောင်းလာပြီးမှ ဒီလိုအခြေအနေမျိုး ရောက်ရတာ ဝတ္ထုထဲက ကူးပြောင်းတဲ့စီနီယာတွေကို တကယ်မျက်နှာပျက်စရာပဲ"
"ဒီလောက် အမှိုက်အိတ်တွေ အများကြီးကို ဘယ်တော့မှ သုံးလို့ ကုန်မှာလဲ"
သူသည် အိတ်တစ်ထုပ်ကို ပေါ့ပါးစွာ ဖြတ်ထုတ်လိုက်၏။
ပြောရလျှင် ဒီအိတ်များ၏ အရည်အသွေးကတော့... အမှန်ပင်။
ကြီးမားသည်.. ထူထဲသည်.. လုံးဝအနက်ရောင်ဖြစ်ပြီး မည်သည့် အညစ်အကြေးမျှ မပါရှိပေ။
ဖြန့်လိုက်ပါက လူတစ်ယောက်စာပင် ဆန့်၏။
သို့သော် ပြဿနာမှာ... ဒါကို မည်သူက ဝယ်မည်နည်း။
ယခုခေတ်တွင် အမှိုက်အိတ် အခု ၁၀၀ ကို ၉.၉ ယွမ်ဖြင့် အိမ်အရောက်ပို့ပေးနေပြီး အမှိုက်ပုံးပင် လက်ဆောင်ပေးသေးသည်။
ဝမ်ပိုင်ချွမ်း၏ အမှိုက်အိတ်က စက်ရုံထုတ်စျေးတင် ၄ ယွမ် ရှိသည်။ မည်သည့် ငတုံးက ဝယ်မည်နည်း။
လုရီသည် ဖုန်းကို ထုတ်ယူကာ လက်ကျန်ငွေကို စစ်ဆေးလိုက်၏။
ရာဂဏန်းအနည်းငယ်သာ ကျန်တော့သည်။
လုရီသည် သက်ပြင်းချလိုက်ပြီး ဝမ်းဗိုက်ကလည်း မသနားမညှာတာ အသံမြည်လာခဲ့သည်။
သူသည် ဗိုက်ကို လှည့်စားရန် ရေနွေးနွေးလေး သောက်မည်အလုပ်...
အေးစက်စက် စက်ရုပ်ဆန်သော အသံတစ်ခုသည် သူ၏ ဦးနှောက်အတွင်း၌ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။
【ဒင်... အိမ်ရှင်၏ ဒေါသအဆင့်သည် အမြင့်ဆုံးသို့ ရောက်ရှိသွားကြောင်းနှင့် လွန်စွာဆင်းရဲဒုက္ခရောက်နေကြောင်း စစ်ဆေးတွေ့ရှိရပါသည်...】
【လိုအပ်ချက်များ ပြည့်စုံပါသည်... စူပါအကြမ်းစား ရောင်းချရေး စနစ်ကို စတင်ချိတ်ဆက်နေပါပြီ...】
【ချိတ်ဆက်မှု အောင်မြင်ပါသည်...】
လုရီသည် ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီး သူ၏ မှိန်ဖျော့နေသော မျက်လုံးများသည် မီးသီးနှစ်လုံးကဲ့သို့ ချက်ချင်း လင်းလက်သွားခဲ့သည်။
စနစ် ပေါ်လာပြီလား..
နောက်ကျတာက မလာတာထက်တော့ သာပါသေးသည်။
လုရီသည် သူ၏ ဝမ်းဗိုက်ထဲတွင် ချက်ချင်း ပြည့်စုံသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဒါဟာ စိတ်ဓာတ်ရေးရာ အာဟာရပင်..
"စူပါအကြမ်းစားရောင်းချရေး စနစ်ဟုတ်လား"
"စနစ်လေး.. ဘာလုပ်ဆောင်ချက်တွေ ရှိလဲ... ငါ့ဆီကို သန်းရာဂဏန်း လွှဲပေးလို့ရလား... သို့မဟုတ် ဝမ်ပိုင်ချွမ်းရဲ့ ပိုက်ဆံတွေကို ငါ့ကတ်ထဲ ပြောင်းပေးလို့ ရမလား" လုရီသည် စိတ်ကူးယဉ် မေးလိုက်သည်။
【စနစ်သည် အိမ်ရှင်အား အင်တာနက်တစ်ခွင်တွင် အကြမ်းဆုံး အရောင်းဘုရင်ဖြစ်လာစေရန် ကူညီပေးရန် ရည်ရွယ်ပါသည်။】
【စနစ်မှ ထုတ်ပြန်သော ရောင်းချရေး တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် အိမ်ရှင်သည် ငွေကြေးဆုလာဘ်များ.. ခန္ဓာကိုယ် ပိုမိုသန်မာလာမှုများနှင့် နတ်ဘုရားအဆင့် ကျွမ်းကျင်မှုများကို ရရှိနိုင်ပါသည်။】
【မှတ်ချက်- စနစ်သည် သာမန်ဆန်မှုကို ငြင်းပယ်ပါသည်... ဟန်ဆောင်မှုများကို ငြင်းပယ်ပါသည်... ကျေးဇူးပြု၍ တီထွင်ဆန်းသစ်သော အတွေးအခေါ်များကို အသုံးပြု၍ ကုန်ပစ္စည်းများ၏ မသိသေးသော ဘက်ခြမ်းကို ဖော်ထုတ်ပါ...】
သာမန်ဆန်မှုကို ငြင်းပယ်တယ်...
မသိသေးသော ဘက်ခြမ်းကို ဖော်ထုတ်ရမည်တဲ့...
လုရီသည် ကြမ်းပြင်ပေါ်ရှိ အနက်ရောင် အမှိုက်အိတ်များကို ကြည့်ကာ စိတ်ကူးထဲတွင် နက်ရှိုင်းစွာ စဉ်းစားလိုက်၏။
【ဒင်... အသစ်ဝင်ရောက်သူ တာဝန်ကို ထုတ်ပြန်လိုက်ပါပြီ...】
【တာဝန်အမည်- သန့်ရှင်းရေးသမား၏ လက်ဆောင်】
【တာဝန်ရည်မှန်းချက်- ၂၄ နာရီအတွင်း အခန်းထဲရှိ အရွယ်အစားကြီး အမှိုက်အိတ် ၃,၀၀၀ ကို ရောင်းချရန်။】
【တာဝန်ဆုလာဘ်- ကျွမ်းကျင်မှုတစ်ခု။】
【ကျရှုံးပါက အပြစ်ဒဏ်- စနစ် ပျက်ပြယ်သွားမည်ဖြစ်ပြီး အိမ်ရှင်သည် ဘဝတစ်ဝက်စာ ဆင်းရဲဒုက္ခရောက်မည် ထို့အပြင် လွန်ခဲ့သော ၅ နှစ်အတွင်း အိမ်ရှင်၏ ရှာဖွေမှုမှတ်တမ်းများ.. ဝှက်ထားသော လေ့လာရေးပစ္စည်းများနှင့် ညဉ့်နက်ပိုင်း အင်တာနက်ရှာဖွေမှုမှတ်တမ်းများကို အလိုအလျောက် ထုတ်ယူ၍ ပင်မ Group များအားလုံးသို့ ပေးပို့မည်ဖြစ်သည်။】
တာဝန်ကို ဖတ်ပြီးနောက် လုရီသည် တိတ်ဆိတ်သွားခဲ့၏။
အမှိုက်အိတ် ရောင်းရမည်ဟုတ်လား။
အိတ်ပေါင်း ၃,၀၀၀ တောင်မှလား။
သူသည် သန့်ရှင်းသော ဘဝဖြင့် နေထိုင်ခဲ့သူဖြစ်သဖြင့် မည်သည့် အင်တာနက်ရှာဖွေမှုမှတ်တမ်းများ ရှိနိုင်မည်နည်း။
ဒါပေမဲ့ အမှန်ပင် ရောင်းရမည်ဖြစ်သည်။
သို့သော် သူသည် ရိုးရာနည်းလမ်းအတိုင်း ရောင်းချပါက "မိသားစုတို့ရေ.. ဒီအိတ်တွေက အရမ်းခိုင်တယ်.. အမှိုက်တွေ အများကြီး ဆန့်တယ်.. ၉.၉ ပါ..."
ဒါကတော့ သေလမ်းကို သွားနေခြင်းပင်။
သူ့လည်ချောင်း ကွဲမတတ် အော်ဟစ်လျှင်ပင် ရိုးရိုးအိတ်များထက် စျေးများစွာကြီးသော ဒီလို စက်မှုဇုန်သုံး အမှိုက်များကို မည်သူမျှ ဝယ်မည်မဟုတ်ပေ။
"ကုန်ပစ္စည်းရဲ့ မသိသေးတဲ့ ဘက်ခြမ်းကို ဖော်ထုတ်ရမယ်..."
လုရီသည် တိုးတိုးလေး မေတ္တာရပ်ခံရင်း အမှိုက်အိတ်၏ ကြမ်းတမ်းသော မျက်နှာပြင်ကို လက်ဖြင့် ခပ်ဖွဖွ ပွတ်သပ်လိုက်၏။
ရုပ်ရှင်ရိုက်ကူးရေး ကျောင်းသားတစ်ဦးအနေဖြင့် ရုပ်ရှင်ဇာတ်ဝင်ခန်းပေါင်းများစွာသည် သူ၏ ဦးနှောက်အတွင်း၌ ချက်ချင်း ရိုက်ခတ်သွားခဲ့သည်။
မှောင်မည်းပြီး မိုးရွာနေသော ညတစ်ည။
မှောင်မဲနေသော တောအုပ်...
မိုးကာအင်္ကျီဝတ်ထားသော အမျိုးသားတစ်ဦး..
ဂေါ်ပြားတစ်ခု..
ပြီးတော့... တစ်ခုခုထည့်ထားသည့် အနက်ရောင် အိတ်ကြီးတစ်အိတ်။
လုရီ၏ မျက်လုံးများသည် ပိုမိုလင်းလက်လာခဲ့ပြီး သာမန်မဟုတ်သော အပြုံးတစ်ပွင့်သည် သူ၏ နှုတ်ခမ်းထောင့်တွင် ဖြည်းဖြည်းချင်း တွဲခိုလာခဲ့၏။
စနစ်က ရိုးရိုးလမ်းကြောင်းက မရဘူးဆိုမှတော့...
ဆန်းကြယ်တဲ့ လမ်းကြောင်းကို သွားတာပေါ့။
ဒီခေတ်မှာ ကြည့်ရှုသူတွေ မမြင်ဖူးတာ ဘာရှိသနည်း။
မိန်းမချောလေးတွေ ကတာတွေနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ ရန်ဖြစ်မှုတွေကို ငြီးငွေ့နေကြပြီ ဖြစ်သည်။
သူတို့ လိုအပ်နေတာက စိတ်လှုပ်ရှားမှု ဖြစ်သည်။
ရင်ခုန်သံများ ဖြစ်သည်။
ဥပဒေရဲ့ နယ်နိမိတ်တွေကို မရမက စိန်ခေါ်ရာကနေ ရရှိတဲ့ စိတ်လှုပ်ရှားမှုမျိုး။
သူကတော့ ဒီအခြေအနေ ရောက်နေပြီဖြစ်လို့ ဆုံးရှုံးစရာ ဘာမှမရှိတော့ပေ။
လုရီသည် မတ်တပ်ထရပ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ရူးသွပ်သော အလင်းရောင်များ တောက်ပါးနေ၏။
"ဒီလိုမှတော့..."
"ငါက မင်းတို့ကို 'အပြင်မှာ တကယ်ကြုံတွေ့နေရသလို ခံစားရစေမဲ့ live stream ဆိုတာ ဘာလဲဆိုတာ ပြပေးမယ်"