ပန်းတွေဝေနေတဲ့မုန်တိုင်း
(၁)
နွေမီးတောက်တို့ကြွေကျ
ဝေမြတဲ့နံနက်မှာ
နေလရဲ့အက္ခရာအကြောင်း*
"ဟေ့ကောင် လင်းခင် ၊ နောက်နှစ်ကျငါတို့Bခန်းထဲကလူတွေ မင်းတို့အခန်းထဲကိုပြောင်းလာမှာ အဲ့ဒါမင်းသိပြီးပြီလား"
ကျနော့်ကိုရကောက်က လှမ်းမေးတာပါ။ ဒီကောင်ကကျနော်နဲ့အိမ်နီးနားချင်း ၊ မင်းကိုကောက်ရထားလို့ ရကောက်လို့ခေါ်တာဖြစ်ကြောင်း ကျနော်တို့ သူငယ်ချင်းတွေစတိုင်း ဒေါသူပုန်ထတတ်တဲ့ကောင်။ရဲလေးကိုရကောက်လို့လူသိတဲ့ခေတ်ဆိုတော့ ရဲလေးလို့များခေါ်လိုက်ရင်တော့ နွားပြာကြီးအောက်သွားမရှိသလိုဖြီးနေပြန်ရော။
ကျနော့်ပြန်အဖြေကိုမစောင့်တော့ပဲသူကပဲတစ်ဆက်တည်း
"ဇွန်တို့ အုပ်စုပါ တစ်ပါတည်းဆို ဘယ်လောက်ကောင်းမလဲကွာ၊ မဟုတ်ရင် ငါတော့လွမ်းနေရတော့မှာ"
အထက်တန်းကျောင်းသားတစ်ယောက်ဟာ လွမ်းတတ်နေပြီကောလို့မတွေးလိုက်ပါနဲ့။ သကောင့်သားက
ထို ဇွန်ဂျူလိုင်ကို လူမှန်းသိတတ်စအရွယ် မူကြိုလောက်ကတည်းက ကြိတ်ကြိုက်နေတာရယ်။ ဖွင့်ပြောပါလို့ သူငယ်ချင်းတွေက ဝိုင်းဘေကြရင်လည်း ခွေးအကြီးလှည်းနင်းသလို ခေါင်းကြီးငုံ့လို့ အချိန်အတန်ကြာမှ အသံမပွင့်တပွင့်နဲ့ " ဇွန်ကလေးငါ့ကိုစိတ်ဆိုးသွားရင်ငါမနေတတ်ပါဘူးကွာ " လို့ အမြဲပြောရှာတယ်။
ရကောက်ညွှန်းတဲ့ဇွန်တို့အုပ်စုလို့ဆိုလိုက်တဲ့အထဲမယ်
ဇွန်ဂျူလိုင်အပြင် တခြားမိန်းကလေးနှစ်ယောက်ရှိသေးတယ်။ မယ်ယွန်းလဲ့ဝေရယ် နောက်ပြီး ကျနော်အသက်ရှင်သန်သမျှကာလပတ်လုံး ဖတ်ရှုလို့မရနိုင်တော့မယ့်အက္ခရာကို သယ်ဆောင်လာခဲ့တဲ့ သွန်းမြူ ဆိုတဲ့ကောင်မလေးရယ်ပေါ့။
အဲ့ဒီအချိန်ကတော့ဖြင့် ကျနော်ဟာ ဘဝထဲကို
ပန်းတွေဝေနေတဲ့မုန်တိုင်း လာတော့မယ့်အကြောင်းအား
မသိလိုက်မသိဘာသာပဲနေမိခဲ့ပါတယ်။
*နေလရဲ့အက္ခရာဆိုသည်မှာ ဆရာတာရာမင်းဝေ၏ ကျွန်တော်နဲ့ ကြယ်ကြွေသတို့သမီး စာအုပ်ထဲမှ (အချစ်ဆိုတာ နေနဲ့လမှာ ပန်းဘာသာနဲ့ရေးထိုးထားတဲ့ အလျှို့ဝှက်ဆုံးအက္ခရာပဲ) ဆိုသည့် စာသားအားအစွဲပြု၍ အချစ်ဆိုသည့်စကားလုံးအားညွှန်းဆိုထားခြင်းဖြစ်ပါသည်။
(၂)
ကြယ်ကြွေတယ်ဆိုတာ
နတ်သမီးတွေနတ်သက်ကြွေလာတာတဲ့
အဲ့ဒီနတ်သမီးလေးဟာ ကျနော့်ရှေ့ကို
ကျောင်းခေါင်းလောင်းသံနဲ့အတူ တမုဟုချင်းရောက်ရှိလာခဲ့ပါတယ်။ ကျောင်းခန်းထဲသို့ချစ်သူလျှောက်လာရာ
လမ်းတစ်လျှောက်မှာ ပြတင်းတံခါးကိုဖြတ်ဝင်လာတဲ့လင်းရောင်ခြည်ဟာ
ခုနှစ်စိုင်ကွဲလို့ ပြေလွင့်ကြွေအက်နေခဲ့ပါရဲ့ ။ အဲ့ဒီလိုနဲ့တောက်ပခြင်းကိုအပိုင်စားရမယ့် စစ်တလင်းမှာ ကောင်းကင်တစ်ထောင်ကိုဖြာလင်းစေတဲ့ချစ်သူရဲ့အလှနဲ့ အလင်းအား မရှုမလှရှုံးနိမ့်စေခဲ့ပါတယ်။
" သားကြီး ဒါငါဟိုဘက်အခန်းမှာတုန်းက တူတူထိုင်တဲ့ကောင် ၊ ယောယံ တဲ့၊ မင်းတို့နှစ်ယောက်စလုံးငါ့ဘော်ဒါတွေချည်းဆိုတော့ သုံးယောက်အတူတူထိုင်ကြတာပေါ့ကွာ၊ ဖြစ်တယ်မလား၊ ဟေ့ကောင် လင်းခင် ငါပြောတာမကြားဘူးလား "
ကျနော်ဟာ ရကောက်ပြောသမျှ ဂရုမထားတော့ပဲ
မိမိရင်သွေးလေး လမ်းလျှောက်တတ်ခါစအချိန်ကို မြင်ရတဲ့မိဘလိုမျိုး ချစ်သူရဲ့ ခြေတစ်စုံလှုပ်ရှားပုံကို
မှင်သက်ငေးမောစွာ ကြည့်နေမိခဲ့ပါတယ်။ ချစ်သူရဲ့အလှမှာ ကျဆုံးသွားတဲ့အလင်းထက်ပိုပြီးမြန်စွာ
မေတ္တာအလံဖြူလေးလွှင့်မိခဲ့သူဟာ ကျနော်ပါ။
"အဲဒီတစ်ယောက်ကဘယ်သူလဲရကောက်၊ မင်းတို့အခန်းကပဲလား"
"အဲ့တာ သွန်းမြူလေ၊ ဇွန့်သူငယ်ချင်းအရင်းကြီး၊ သူ့မှာ သူငယ်ချင်းနှစ်ယောက်ရှိတဲ့အကြောင်း ငါမင်းကိုပြောတာ ခဏခဏပဲကို"
"အဲ့လောက်တော့လည်း မဟုတ်ရပါဘူးကွာ၊ မင်းငါ့ကိုပြောတာ ဇွန်ဂျူလိုင် ဘယ်လိုလှကြောင်း ဘယ်လိုချစ်ဖို့ကောင်းကြောင်း ဒါတွေချည်းပြောတာ တစ်ခါပြောတိုင်းသာ စီဒီတစ်ချက်
သွင်းထားမယ်ဆို တစ်နိုင်ငံလုံးတောင်လက်ကားဖြန့်လို့ရနေလောက်ပြီ"
ကျနော့်စကားကြားတဲ့ရကောက်ဟာ လက်ညိုးကိုပါးစပ်နဲ့တေ့ ရှုးရှုးရှဲရှဲတွေဖြစ်ပြပြီး
"လင်းခင်၊ တိုးတိုးပြောပါကွ၊ ဇွန်ကငါတို့မျက်စောင်းထိုးတစ်ခုံကျော်မှာထိုင်နေတာ သူကြားသွားရင်
ရှုပ်ကုန်လိမ့်မယ်၊ ဒုက္ခပါပဲကွာ၊ ကြားသွားပြီလားတောင်မသိဘူး"
"ကြားတော့လည်းဘာဖြစ်လဲကွာ ရကောက်ရာ၊
ချစ်ရတဲ့လူစိတ်ဆိုးရင်တော့လည်း ချော့ရုံရှိတာပေါ့ကွာ မဟုတ်ဘူးလား၊ ဟားဟား”
ဇွန်ဂျူလိုင်ဟာကျနော်တို့ပြောနေသမျှကို ကြားပုံပေါ်ပါတယ်။ သေနာတွေလို့ သူခပ်ရေးရေးပြုံးပြီး ပါးစပ်ကရေရွတ်လိုက်တာကို ကျနော်မြင်လိုက်မိပါရဲ့။ ဒါပေမယ့် အရာအားလုံးဟာအဆင်သင့်မဖြစ်သေးတာလား ဒါမှမဟုတ် နောက်ကျနေပြီလားဆိုတာ ကျနော်မသိခဲ့ရိုးအမှန်ပါ။
ကျောင်းတော်ကြီးစတင်အသက်ဝင်လာသောဇွန်လတွင် မိုးစက်များမှာ ညွှန်ရာမလွဲလှိုင်လှိုင်သည်း၍ ရွက်သစ်တို့ကို ပွင့်ဝေစေခြင်းဖြင့် အသက်ဓာတ်တို့အားတည်စေခြင်း
အမှုကိုပြုလေပါရဲ့။ ကျနော့်စိတ်အာရုံတွင်မူကား
ချစ်သူ့ဦးရေဆံပယ်ထက်တွင် မိုးမခစေရန်အလို့ငှာ ကောင်းကင်ထံသို့ အမျက်ဒေါသံလွှမ်းသည့် ကြိုးတပ်တူရိယာဖြင့် အာဏာမှော်စက်တို့ကို သက်ဝင်စေ၍
ပုန်ထသော လျှပ်စီးတို့ကို မီးခစေခဲ့လေပြီ။
(၃)
ကျောင်းဖွင့်ပြီးတစ်လအကြာခန့် လပတ်စာမေးပွဲစစ်ဆေးရန်ရက်ပိုင်းအလို။
ရကောက်ကဘောလုံးကစားရတာအင်မတန်ခုံမင်တဲ့ကောင်။ ကျနော်နဲ့ ယောယံကတော့ စစ်တုရင်ထိုးတာနဲ့
ဒိုတာဆိုတဲ့ဂိမ်းဆော့တာကိုပဲပိုပြီးအာရုံရောက်တယ်။
ကိုယ်လက်လှုပ်ရှား အားကစားဆိုရင် ခွေးရေကြောက်သလိုကြောက်တဲ့သူတွေပေါ့လေ။ ပုံမှန်မုန့်စားဆင်းချိန်တွေထဲကတစ်ရက်မှာတော့ ရကောက်ဟာ ကျနော့်ထံအမောတကောနဲ့ရောက်လာခဲ့ပါတယ်။
"လင်းခင်၊ မင်းဆီမယ် အရင်အပတ်မန်းဒေးက အင်္ဂလိပ်စာကို နုတ်ထ်ထုတ်ထားတာရှိတယ်မလား၊ ငါဇွန့်ကိုကူးပေးချင်လို့ကွာ ကူညီပါ၊ ဇွန်ကငါ့ဆီအကူအညီတောင်းတာရှားတယ်ဟ၊ ပြန်လို့မင်းတို့ ဂိမ်းဆိုင်ဝင်ရင်လည်းငါမင်းတို့အိမ်တွေကို ကြည့်ပြောပေးထားပါ့မယ်ကွာ နော်"
"မင်းဆီမှာ မရှိလို့လား၊ မင်းလက်ရေးငါ့ထက်တောင်လှတာပဲဥစ္စာ"
"ငါတို့သုံးယောက်ထဲမှာ မင်းတစ်ယောက်ပဲအဲ့စာတွေလိုက်လိုက်မှတ်လိုက် နုတ်ထ်ထုတ်လိုက် လုပ်တာလေကွာ၊ ပြီးတော့ မင်းမှတ်ထားတာတွေက ရှင်းတယ် ငါတို့လိုရှုပ်ရှပ်မနေဘူး"
"အေးပါ ပေးဆိုလည်းငါပေးလိုက်ပါမယ်၊ ဒါပေမယ့် အဲ့ဒီနေ့ကမင်းဇွန်ကနေ့တစ်ပိုင်းပဲကျောင်းပျက်တာပါ၊ အင်္ဂလိပ်စာအချိန်တော့သူမှီသားပဲ"
ပြီးခဲ့တဲ့အပတ် တင်္နလာနေ့တုန်းက ဇွန်ဂျူလိုင်က ကျောင်းနေ့တစ်ပိုင်းပျက်ခဲ့တယ်။ အဲ့ဒီနေ့မနက်ပိုင်းက ရကောက် ကြက်ကြီးလည်လိမ်ထားသလိုဖြစ်နေရတဲ့မနက်ခင်းလေးပေါ့လေ။ သွန်းမြူနဲ့ မယ်ယွန်းလဲ့ဝေကတော့ လုံးလုံးကျောင်းပျက်ခဲ့ပါတယ်။ ချစ်သူ့မျက်နှာမတွေ့ရတဲ့ ကျနော့်ရဲ့ရက်မှာ နဂါးခေါင်းဟာ ရင်ဘတ်ဘက် တည့်တည့်လှည့်ပြီး လွမ်းဝေနေတဲ့မီးတောက်နဲ့ သတိရခြင်းသင်္ကေတကို နှလုံးသားမှာချန်ရစ်သွန်းမှုတ်သွားခဲ့သလိုပါ။
“အေး သူကတစ်ဝက်ပဲမှီလိုက်လို့ သေချာ နုတ်ထ်မထုတ်လိုက်ရဘူးတဲ့၊ တကယ်အဲ့စာကိုလိုတာကသူမဟုတ်ဘူးသားကြီးရ၊ သွန်းမြူ လိုတာ သူဖျားနေလို့ကျောင်းမလာဖြစ်ပဲစာတွေလွတ်ကုန်ပြီး
စိတ်ညစ်နေတယ်ဆိုလားပဲ”
“ဟင်”
ချစ်သူနာမကျန်းဖြစ်နေသည်တဲ့။ ကျနော့်ရဲ့ရင်ဟာ ဂျစ်ဆောတစ်ခုလို အပိုင်းပိုင်းအစအစဖြစ်လို့ အသိနောက်ကျတဲ့ မိမိကိုယ်ကိုသာ အပြစ်ဖို့မိပါတော့တယ်။ ဘာကောင်မှရယ်မဟုတ်ပါဘူး။ ချစ်သူ့ဝေဒနာကို မိမိလက်နဲ့ ဆယ်ယူပြီး ရင်ဘတ်ထဲဝှက်ထားချင်မိတဲ့ကောင်ပါ။
ချစ်သူ နေကောင်းပါစေ။ ကျနော်ဖျားနာပါစေ။ ကျနော့်အသက်ဓာတ်များ ချစ်သူရရှိပါစေ။
သွန်းမြူနေမကောင်းတာမှန်းမသိပဲ သူ့အမေနဲ့ခရီးထွက်သွားတယ်လို့ပဲသိထားခဲ့တာ သွန်းမြူကအရင်ကလည်းခွင့်ခဏခဏယူတယ်လို့ ရကောက်ကပြောတယ်။ ကျနော်ကိုယ်တိုင် ချက်ချင်းထပြီး သူ့အိမ်သွားလိုက်ချင်ပေမယ့် ဒီအတန်းထဲမှာ ကျနော့်ရဲ့တည်ရှိမှုကိုတောင်မသိတဲ့သူ့အတွက် ကျနော့်ရဲ့သတင်းမေးမှု ဟာ အတော်လေးကြောင်စီစီနိုင်လိမ့်မယ်လို့စိတ်ထဲထင်မိတယ်။ အဲ့ဒါနဲ့ပဲ ရကောက်ကိုပဲ ကျနော့်စာအုပ်ပေးလိုက်ပြီး ..
“ဒီမှာနုတ်ထ်၊ တကယ်လို့မင်းဇွန် ကူးဖို့အချိန်လိုတယ်ဆိုလည်း ဒီစာအုပ်အိမ်ယူသွားချေ ရတယ် လို့ပြောလိုက်၊ ပြီးတော့သူ့သူငယ်ချင်းလည်းနေကောင်းပါစေလို့ပြောလိုက်ဦး”
“အေးပါ၊ စတီဖင်ဟော့ကင်းရေ ကျေးဇူးပါကွာ”
“မင်းမေတစ်တီတူးကို စတီဖင်ဟော့ကင်းလား မအေပေး”
မုန်းတဲ့လူကို ဥပေက္ခာပြုရတာနဲ့ ချစ်တဲ့လူကို မသိကျိုးနွံနေပြရတာမှာ မည်သည်ကပိုပင်ပန်းတယ်ထင်ပါသလဲ။ ချစ်သူကို
ဥပေက္ခာပြုရသည်မှာ ဆူးပေါင်းတစ်သိန်းအသည်းစိုင်ကိုထိုးစိုက်ခြေဆုပ်
လိုက်သကဲ့သို့ စိတ်နှလုံးဗုန်းဗုန်ုးလဲကြေကွဲရသေ၏။
(၄)
လပတ်စာမေးပွဲစတင်ကာ တွက်စာဖြေဆိုရန်နေ့ သို့ပင်ရောက်လေပြီ။ ထိုအသက်အရွယ်၌ သင်္ချာပုစ္ဆာ ဖြေဆိုရန်နေ့များသည် ကျနော့်အတွက် ပေါင်ချိန်၏ခွေးခေါင်းဖြတ်စက်တွင် လည်စင်းခံနေရသောနေ့များအတိုင်းပင်။
ထို့အစား ကျနော်သည် ချစ်သူ့အတွက် ပူပန်ခြင်းဝေဒနာအား နေမထိထိုင်မသာဖြစ်ခြင်းခံစားနေရလေရဲ့။ ချစ်သူကျောင်းပျက်ထားသောအတွက်ကြောင့်လည်းကောင်း၊ သူ့မျက်နှာကလေး ဖြူဖပ်ဖြူရော် ဖြစ်နေသောကြောင့်လည်းကောင်း ဖြစ်တန်ရာ၏။ ဖြေဆိုရာတွင် ခုံနံပါတ်အရစီထားသည်ဖြစ်ရာ ကျနော့်ဘေးတွင် ချစ်သူရှိနေသည်၊ ဝန်ခံပါတယ်။ ကျနော့်ဘဝတွင် ရွှေရောင်လှိုင်းတံပိုးအတွန့်အလိမ်များ
ထစေ ခဲ့သော လိပ်ပြာမကလေးနှင့် မိုးသက်မုန်တိုင်းတစ်ခုကိုဖြတ်သန်းရမည်ဆိုပါက
လည်း ဤခရီးနီးပါသည်ဟုဆိုကာမျက်လုံးစုံမှိတ်လို့ မျောပါသွားဦိးမှာပါ။
ချစ်သူသိပ်မဖြေနိုင်ပါ၊ မေးခွန်းစာရွက် အားဟိုလှန်ဒီလှန်လုပ်လို့နေပါတယ်။ အကြံကုန်လို့ဂဠုန်များဆားချက်သော်ငြား ကျနော်သည် အစကတည်းက အကြံများစွာဖြင့် စာမေးပွဲတွင် အကြံအဖန်လုပ်ရန် ကြံလာသူ၊ ထိုအကြံအဖန်များထဲမှ အောင်မှတ်ရစေသော ပုစ္ဆာများမှတ်ထားသည့်ပေတံလေးအားနှစ်ခြမ်းခွာ၍သူ့ဘက်သို့ပို့ပေးလိုက်ပါတယ်။ အစပိုင်းတွင် နှစ်ခြမ်းခွဲထားသောပေတံအားကြည့်၍ ကြောင်စီစီဖြစ်နေသော်လည်းပဲ တင်္ဂဒလေးအတွင်းပင် ကျနော့်အားကျေးဇူးတင်သည်လား အားနာသည်လား မသိရသော အပြုံးမျိုးဖြင့်ပြုံးပြပါတော့တယ်။ ထိုအပြုံးအား အဓိပ္ပာယ်ဖွင့်ဆိုရလျှင် မည်သည့်အဓိပ္ပာယ်မှမရှိနိုင်ပါ။ ကျနော်မဖွင့်ဆိုတတ်ခြင်းဆိုလျှင် ပိုမှန်ပါလိမ့်မယ်။ သိစိတ်အားကျော်လွန်၍ ကျားကုတ်ကျားခဲမှတ်ထားသော ကဗျာအတိုအစကလေးများဖြင့်လည်းယှဉ်နိုင်ခြင်းမစွမ်းသာတော့ပါ။ ကျနော်ဟာ စစ်မြေပြင်မှာ ပန်းနဲ့ပေါက်ခံရ၍ ကျဆုံးသွားလိုသော အလယ်ခေတ်နှောင်းသံချပ်ဝတ်တပ်သားတစ်ဦးအဖြစ်သာ ရှိလို့နေပါတယ်။
စာမေးပွဲပြီးနောက်အိမ်ပြန်လမ်းတွင် ကျနော်နှင့်ယောယံသည် နောက်ဘာသာများအတွက်လည်းစိတ်မပူပါ။ ဒိုတာခုတ်ရန်သာ စိတ်ကူးရှိကြ၍ ဂိမ်းဆိုင်ဘက်သို့ခြေဦးလှည့်ကြ၏၊ ရကောက်မှာ ဂိမ်းဆော့လေ့မရှိ၍ အိမ်၌စာပြန်လုပ်ရန် အစောကြီးထွက်သွားလေပြီ။ ထိုသို့သွားနေစဉ်အတွင်း ကျနော့်နာမည်အားခပ်ဝေးဝေးမှလှမ်းခေါ်ခြင်းကို
ကြားလိုက်ရာ အိမ်မှလာလေပြီဟုထင်၍ ခေါင်းထဲတွင် ရှိသမျှ ဉာဏ်အားညှစ်ထုတ်၍ မည်သို့ ရိုးသားသည့်ဆင်ခြေအားပေးရန် ကလိမ်ကျစွာအလျင်အမြန်အလုပ်လုပ်ရပါတော့တယ်၊
“ယောယံအိမ်မှာဝင်ယူစရာစာအုပ်ကလေးရှိလို့ပါ”
ဟုအရိုးသားဆုံးပြုံးပြ၍ပြောရန် ခေါင်းလှည့်လိုက်လေရာ ချစ်သူအားတွေ့ရ၏။
“ကျေးဇူးတင်ပါတယ်ဟာ ၊ရော့ဒီမှာ ပေတံ”
ဟု လှမ်းပေးသည်အားကြည့်လိုက်ရာ နှင်းများကဲ့သို့ဖွေးဖွေးဖြူနေလျက် ပန်း ပန်းထု ထုထားသည့် လက်ချောင်းသွယ်ကလေးများအား မြင်လိုက်ရကာ ထိုလက်ကလေးအား ကမ္ဘာကြီးနှင့် နေမထိမချင်းရင်ဘတ်ထဲတွင် အပ်ထားစေချင်မိပါရဲ့။ဒါပေမယ့် ရယ်ကျဲကျဲဖြင့်
“အဲ့ပေတံကတစ်ခါပဲသုံးလို့ရတာဟ၊ တကယ်ကျေးဇူးတင်ချင်ကျောင်းရောက်မှ မုန့်ဝယ်ကျွေးပေါ့”
“ရပါ့ရှင်”
ဟူ၍ ပြန်ဖြေကာ လှည့်ထွက်သွားသည်မှာ ကြယ်တာရာများအား နင်းဖြတ်လျှောက်သွားသည့် နတ်သမီးအား ဘဝ၏ကံကောင်းမှုများအားလုံး ပေါင်းစုလိုက်ကာ မိုက်ကန်းရဲတင်းစွာဖြင့် ဖူးမော်ကြည့်မိလေသည့် လူသားအဖြစ် တွေဝေ ငေးမောစွာ တုံဏှိဘာဝေ ဖြစ်ကျန်ရစ်ခဲ့ရပါတယ်။
(၅)
တစ်ယောက်ယောက်ကိုချစ်မိဖို့ရာ နက္ခတ်တွေလိုမယ်ဆို ကြယ်တွေကို မင်းနဲ့အနီးဆုံးမှာ ဖြာဝေကြဲပြန့် စေချင်ခဲ့ရုံသာ…
စာမေးပွဲပြီးသော်ငြား မပျော်နိုင်ပဲ ချစ်သူနှင့်တွေ့ရန်သာ ဇောကပ်နေသော ကျနော်သည်
ရက်အနည်းငယ်မျှပင် နှစ်ပေါင်းတစ်သောင်းအကြာရှိ၏ ဟု အထင်ရောက်နေသည်။ ရကောက်တို့နှင့် အတူရှိနေပေမယ့် လေထန်ကုန်းရဲ့ စကားဝိုင်းတွင် ကျနော်မပါပါ။ ရုတ်တရက် ကျနောိ့ထံတွင် အတွေးတချို့ဝင်လာ၍
“ရကောက် မင်းသွန်းမြူအကြောင်းသိထားတာရှိလား”
“ဆိုင်းမဆင့် ဗုံမဆင့် ဘယ်လိုလဲ လင်းခင်ရ၊ ငါတို့အခန်းရဲ့ အချောဆုံးလေးကို ကြိတ်ကြွေနေပြီထင်တယ် ဟဲဟဲ”
ရကောက် စနောက်ပြီးပြောလိုက်သော်လည်း ကျနော်မှ
“ လူတစ်ယောက်က တစ်ယောက်အပေါ် မှာမေတ္တာရှိတာက နတ်သခင်တို့ရဲ့ကောင်းချီးကို ရလိုက်သလိုပါပဲကွာ၊ ငါသူ့အကြောင်းတွေးတိုင်း အေးချမ်းနေတော့တာ”
ရကောက်တင်မက လေထန်ကုန်းဝိုင်းကလေးတွင်ရှိသော အပေါင်းအသင်းများအားလုံး ကြောင်စီစီဖြင့် ကျနော့်အားကြည့်လေကြတော့၏။
“အဟမ်း၊ လင်းခင်တစ်ယောက် ဒီအဆင့်ထိ ကျွမ်းသွားပြီမယ်မှန်းတောင် ငါမသိလိုက်ရပါလားကွ”
ရကောက်တစ်ယောက် ချောင်းဟန့်၍ အပြုံးတုံ့တုံ့ဖြင့်
ထိုစကားအားပြောလိုက်ခြင်းဖြစ်သည်။ပြီးတော့ ဒီကောင် ကျနော့်ကို အထူးအဆန်း စီပီဇီးရိုး သတ္တဝါတစ်ကောင်လို ကြည့်နေတယ်ဆိုတာ ကျနော် သိပါတယ်။ သို့သော် ချစ်သူကို ချစ်ပါသည်ဟု ဝန်ခံရတာ ကျနော့်အတွက် ဂုဏ်ယူဖို့ကောင်းလွန်းနေပါတယ်။
“အေးကွာ၊ ငါချစ်မိသွားတယ်၊ ဘယ်သူစိမ်းတစ်ယောက်ကိုမှ မပေးဖူးတဲ့မေတ္တာမျိုးနဲ့ ငါချစ်မိနေတယ်၊ အဲ့ဒါမို့လို့လည်း မင်းကိုမေးတာပေါ့ကွာ၊ သူ့အကြောင်းကို ငါပိုသိချင်တယ် ရကောက်၊ သူနဲ့ပတ်သက်ရင် ကောင်းကောင်းဆိုးဆိုး ခါးခါးချိုချို အကုန်ပဲသိချင်နေတာ “
“ငါကတော့ သူ့အကြောင်းတွေ သေချာမသိဘူးကွ၊ အဲ.. ဇွန်ကတော့ သိလောက်မယ်၊ သူတို့ပေါင်းတာကြာပြီဆိုတော့ သေချာတယ် ဇွန်သိလောက်မယ်၊ ငါဇွန့်ကိုမေးပေးမယ်”
ရကောက် ခဏလောက် စဉ်းစားသလိုမျိုးလုပ်နေပြီးနောက်တော့
“ ပြဿနာက ငါဇွန်နဲ့ ဘယ်လိုသီးသန့်တွေ့ရမလဲမသိဘူးဖြစ်နေတယ်၊ မင်းသိတဲ့အတိုင်းပဲ ငါတို့ အရင်နွေက ဇွန်ကလေးက ငါ့ကိုစိတ်ဆိုးထားတယ်လေကွာ”
ပြောနေရင်း အသံလေးတိမ်သွားတဲ့ ရကောက်ကိုကြည့်ရင်း ကျနော် မပြုံးပဲ မနေနိုင်တော့ပါ။ ရကောက် ဇွန့်အား ချစ်ရေးဆိုသည်မှာ သည်တစ်ခါတည်းမှ မဟုတ်ပဲ။ ဖွင့်ပြောတိုင်းလည်း ဟိုကစိတ်ဆိုးပြီး မခေါ်မပြောဖြစိသွားတာချညိးပဲ။ အချိန်တစ်ခုရောက်ရင်တော့ မေ့မေ့ပျောက်ပျောက်ဖြစ်ချငိယောင်ဆောင်ကြပြီး ပြန်ခေါ်သွားကြပြန်ရော။
ကျနော်က
“ ဒီလိုလုပ်၊ မင်းနဲ့ဇွန် စကားပြောလို့ရအောင် ငါလုပ်ပေးမယ်။ မင်းက သွန်းမြူအကြောင်း မေးပေး သူသိသလောက်ပေါ့ကွာ၊ ငါမေးမှန်းလည်းသိသာအောင်မမေးနဲ့ဦးနော် လဒူ၊ မင်းက ဇွန့်ရှေ့ရောက်သွားရင် ခွေးအကြီးလှည်းနင်းသွားသလိုပဲ၊ ဘာအသံမှကိုထွက်တယ် မရှိတော့ဘူး “
“ မင်းကလည်းကွာ ကူလည်းညီရဦးမယ်၊ အပြောအဆိုကလည်းခံရသေးတယ်၊ တယ်မနှိပ်ပါဘူးကွာ “
မောင်မင်းကြီးသား ဈေးကိုင်လေပြီ။
“ ငါ့ကိုကူညီစမ်းပါကွာ၊ မင်းဇွန်ကလေးနဲ့လည်းနှစ်ယောက်တည်းပြောရမယ်၊ ပြီးရင် လက်ကီးစထရိုက် လည်းတစ်ဗူး ဝယ်တိုက်မယ် ဟုတ်ပြီလား “
“ တကယ်နော် ကိုယ့်လူ၊ ပြီးမှ မုန်လာဥမလုပ်နဲ့ “
“ငါကဘယ်တုန်းကကတိမတည်လို့လဲ ပြောဦး”
“အေးကွာ အဲ့ဒါဆို မင်းစလိုက်တော့၊ ငါ့ဘက်က ဘယ်လိုမေးရမလဲ ငါတွေးထားလိုက်မယ်၊ ဟီး ဇွန်လေးနဲ့တွေ့ရတော့မယ်ကွာ”
အံ့ပါရဲ့၊ ဒီကောင် ဇွန်ကလေးကို ချစ်ပုံများတော့ ရိုမီယိုဘက်က မြေးမြစ်များလား အောက်မေ့ရတယ်။
“အိုကေ၊ ရကောက် ကျေးဇူးကွာ သားကြီး”
ကျနော့်အတွက် ဇွန်နဲ့ ရကောက် နှစ်ယောက်ဆုံရန်လုပ်ရမည်ကား သိပ်မခက်ခဲပါ။ ချစ်သူအကြောင်းသိရမည်ဆိုသည်ကား နောက်တစ်ဘာသာ ဖြစ်သွားလေပြီ။ ရင်ခုန်နှုန်းများ မြန်နေပြီမဟုတ်ပါလော။
(၆)
“ဇွန်ဂျူလိုင်”
ဇွန် တစ်ယောက် စိတ်ရှုပ်စွာနဲ့ခေါင်းလှည့်လို့လာပါတယ်။
“ဘာပြောမလို့လဲ၊ လင်းခင်”
အင်းလေ၊ သူ့မှာအရမ်းအလုပ်ရှုပ်ရတဲ့အတင်းတုပ်နေရတာကိုမှ ကျနော်က သွားခေါ်မိသည်ကိုး။
“ ငါပြောစရာရှိလို့ ခဏလောက် အပြင်လိုက်ခဲ့ပါလား၊ အရေးကြီးလို့ပါ “
ကျနော်ကကျောင်းမှာ ဘယ်မိန်းကလေးနဲ့မှအရောတဝင်မရှိလှဘူးဆိုပေမယ့်
ရကောက်ကျေးဇူးနဲ့ ချစ်သူတို့ရဲ့အဖွဲ့ကလေးနဲ့ ခင်ခင်မင်မင်တော့ ရှိနေခဲ့သေးတယ်။
ဇွန်က ခေါင်းတကုတ်ကုတ်နဲ့
“နင်ဘာတွေအရေးကြီးနေတာလဲ ၊ အထဲမှာပြောလည်း
ရတာပဲကို”
“ နင် ရကောက်နဲ့ရန်ဖြစ်ထားတယ်မလား “
ဇွန့်မျက်နှာ ရှုတည်တည်ကြီးဖြစ်သွားပြီး
“ အဲ့ဒါ နင်နဲ့ဘာဆိုင်လို့လဲ၊ ဟိုသေနာကလည်း လျှောက်ဖွာနေတယ်”
“ ငါနဲ့တော့ မဆိုင်ဘူးပေါ့ဟာ၊ ဒါပေမယ့် နင်သိပါတယ်၊ သူ့ဆီမှာ နင်ပဲရှိတယ်ဆိုတာကို၊ သူဘယ်လောက်စိတ်မကောင်းဖြစ်နေတယ်ဆိုတာလည်း နင်အသိဆုံးမလား၊ ငါက ငါ့ကောင်ကြီး မရှုနိုင် မကယ်နိုင် ဖြစ်နေတာ မကြည့်ရက်ရုံတစ်ခုပါပဲ။ သူက နင့်ကိုတောင်းပန်ဖို့ အမြဲအဆင်သင့်ဖြစ်နေတာပါ၊ သူ့ကိုနင့်ဆီလာတွေ့ဖို့ အခွင့်အရေးလေးတစ်ခုပဲ သူလိုချငိတာပါ၊ အဲ့လောက်တော့ လမ်းလေးဖွင့်ပေးလိုက်ပါ ဇွန်ရာ။ “
“ ငါသိပါတယ်။ ဒါပေမယ့် နင့်ယောက်ဖ ဘာအမှားလုပ်ထားလည်းရော နင်သိရဲ့လား။ အဲ့ဒီတုန်းက ငါနဲ့အမေအပြင်ကပြန်လာတာကို အူယားဖားရာ နှုတ်ဆက်ပြီး အမေ တဲ့လေ အဲ့လိုကြီးခေါ်သွားတယ်၊ ငါကမျက်နှာ ဘယ်နားသွားထားရမလဲ ၊ပြော “
ခွေးသားလေးကတော့ တယ်နိပ်လိုက်လေ၊ လုပ်ချလိုက်ပဟ လို့သာ စိတ်ထဲကကျိန်ဆဲနိုငိပါတော့တယ်။
ဒါပေမယ့် မိမိရဲ့ အရေးကိစ္စလေးမှာလည်း ရှိသေးတယ်မဟုတ်ပါလား။
“ ဟုတ်တယ်၊ ဒီကောင့်အလွန်ပေါ့ဇွန်ရာ။ ငါလက်ခံတယ်၊ နင်စိတ်ဆိုးတာလည်းမမှားဘူး။ တွေ့မှ နားပန်းတွေဘာတွေ ကျင်းလိုက်စမ်းပါဟာ၊ နင်မတွေ့ပဲထားတော့မှ ဒီကောင့်မှာ ထမရထိုင်မရနဲ့ နင်လည်းအခဲမကြေဘူးမလား။ တီးချပလိုက် အားပေးတယ်။ “
အဲ့ဒီလို သာသာထိုးထိုးလေး မြှောက်ကော်ပေးတော့ခါမှပဲ ဇွန်ဘက်လည်း အင်တင်တင်နဲ့ သဘောတူသွားတော့တယ်။
ရကောက်ကို ချက်ချင်းမပြောသေးပဲ ညနေကျောင်းဆင်းခါမှ ဆုံနေကျ လက်ဖက်ရည်ဆိုင်ကိုလာဖို့ချိန်းလိုက်တယ်။ကျနော်
လက်ဖက်ရည်ဆိုင်ရောက်တဲ့အချိန်ကျ အိုင်ယာလန်ထီပေါက်ထားသည့်မျက်နှာပေးဖြင့် ရကောက်ရှေ့ လက်ကီးစထရိုက်စ် စီးကရက်တစ်ဗူးပစ်ချပြီး
“ဒီတစ်ဝိုင်းတော့ မင်းရှင်းလိုက်ကွာ၊ ဖြစ်တယ်မလား”
ဆိုတော့ ရကောက်ခမျာ ပါးစပ်ကြီး နားရွက်တက်ချိတ်ပြီး
“ဦးလေး၊ နောက်ထပ် လက်ဖက်ရည်တစ်ခွက်နဲ့ ရူဘီတစ်ပွဲချပေးစမ်းပါဗျာ “
လို့ အကျယ်ကြီးထပြောတယ်။
“ဟီး ဘယ်လိုလဲကွ၊ အဆင်ပြေခဲ့ရဲ့လား”
“အဆင်ကတော့ပြေပါတယ်၊ ဒါပေမယ့် လက်သည်ကြီးပဲအားကိုးလို့တော့မရဘူး အကိုရေ ညစ်အားလေးလည်းသုံးဦးမှကွ”
“အဆင်ပြေရင်ကိုရနေပါပြီကွာ၊ မင်းတို့ကိစ္စလည်းငါမမေ့ပါဘူး တစ်ခါတည်း ငါအကုန်မေးလာခဲ့မယ်၊”
“ရပါတယ်၊ မင်းကို သူက အရင် ကစားကွင်းနေရာမှာပဲ တွေ့ဖို့ချိန်းလိုက်တယ်၊ ငါ့ကိစ္စကအေးဆေးပါကွာ၊ မင်းတို့သာအဆင်ပြေအောင် အရင်တောင်းပန်ဦး။ မင်းလုပ်ပုံကလည်း ဟုတ်မှမဟုတ်တာ၊ ရိုက်ပေါက်တွေချည်းပဲ။”
“အဲ့လိုတော့လည်းအမြဲမဟုတ်ပါဘူးကွာ ၊ ငါကကူပေးချင်တာတွေ ပိုနီးစပ်ချင်တာမျိုးလေးတွေဖြစ်နေရုံပါကွာ တစ်ခါတစ်လေကျ စိတ်လှုပ်ရှားလွန်တာမျိုးဖြစ်ရုံလောက်ပဲ ဟီးဟီး “
“ဖြစ်ရမယ် ၊မောင်မင်းကြီးသား ကဲ ပြန်အဆင်ပြေအောင်လုပ်ပြီးရင်လည်း အချိုးပြေအောင်နေဦးကွ သိလား၊ ဒါနဲ့ ယောယံရောမလာဘူးလား ဒီနေ့”
“မင်းပါးပါး ဒိုတာသွားခုတ်နေတယ်၊ မင်းကိုပါလွှတ်လိုက်တဲ့”
“အေးအေး အဲ့ဒါဆိုငါသွားပြီနော်”
“အိုကေပါ”
(၇)
“အဲ့မှာ liquid ဆော့ပြသွားတာတွေ့လား၊ miracle juggက လန်ပြန်နေတာပဲ”
“Moogy က venom ကို pickလို့ပါကွာ miracle က ကံကိုကောင်းလွန်းတာ double damageကြီး တန်းတွေ့ရတယ်လို့ force staffကလည်းတွန်းလိုက်တာမှ ကွက်တိပဲ “
နေ့လည်စာစားချိန်မှာ the international 7 (dota2)အကြောင်းကျနော်နဲ့ယောယံငြင်းခုန်နေကြတာပါ
အဲ့အချ်န်မှာရကောက်က အူယားဖားယားအခန်းထဲပြေးဝင်လာခဲ့တယ်။
“နေ့တစ်ပိုင်းတောင်ကျောင်းပျက်ပြီး ဘယ်တွေသဝေထိုးနေတာလဲကွ… …ဟင်”
ကျနော်ရကောက်ကိုမေးနေတုန်း ဇွန်ဂျူလိုင်ပါအခန်းထဲဝင်လာတာတွေ့လိုက်ရတာပါ။
အမှန်ဆိုရကောက်ကနေ့တစ်ပိုင်းကျောင်းပျက်နေကြပါ၊ ဒီကောင်က ဘောလုံးက်ု ကျောင်းရဲ့လက်ရွေးစင်အသင်းအတွက်ရော မြို့နယ်အသင်းအတွက်ပါ ဝင်ကစားပေးနေတဲ့ အတော်လေးထူးချွန်တဲ့ကောင်ရယ်ပါ၊ အထက်တန်းဘဝအစလည်းဖြစ်ပြန် ကျောင်းရဲ့လက်ရွေးစင်လည်းဖြစ်ထားတဲ့ငနဲသားအတွက် နေ့တစ်ပိုင်းကျောင်းပျက်တဲ့ကိစ္စမှာဆရာတွေက
ခွင့်ပြုပေးထားပါတယ်။ ဒါပေမယ့် ဇွန်ဂျူလိုင်ပါတစ်ပါတည်းနေ့တစ်ပိုင်းပျက်သည်မှာ
တော့ တစ်ကဏ္ဍဖြစ်သွားလေပြီ။
ကျနော်မှ ရကောက်အား
“သားကြီး၊ မင်းဇွန်ဂျူလိုင်နဲ့သွားတွေ့နေတာလား”
“အေး၊ သွားတွေ့တယ်တော့မဟုတ်ဘူးကွ၊ ဇွန်က ငါနဲ့လာတွေ့တာရယ်။ ငါ ထရိန်နင်ဆင်းတဲ့ ကွင်းနားရောက်လာတာ”
“ ဟင် မိုးကြိုးတွေလည်းပွတ်ကုန်ပါဦးမယ်ကွာ။ မဖြစ်နိုင်တာကြီး”
“တကယ်ပါဆိုကွာ၊ ငါလည်းအစကကြောင်သွားတာ မငိးပြောထားလို့ ငါ့ဆီကတောင်းပန်စကားယူဖို့ရောက်လာတာတဲ့”
ဇွန်ဂျူလိုင်ကိုကျနော်လှည့်ကြည့်မိလိုက်သောအခါ
မြောက်အရပ်နှင့် ဓူဝံကြယ် တစ်သားတည်းကျနေသကဲ့သို့ပင် ရကောက်ရှိရာအရပ်၌ ဇွန်ဂျူလိုင်၏မျက်လုံးကလေးများတဖိတ်ဖိတ်လက်နေသည်ကိုမြင်လေတော့၏။ ထိုအကြည့်များကို ကျနော် ကောင်းကောင်းသိပါတယ်လေ။
ချစ်သူကိုကျနော်ကြည့်နေကြ အကြင်နာဝှက်
မျက်ဝန်းများပင်မဟုတ်ပါလော။
ရကောက်အား ခပ်တည်တည်ဖြင့်
“မင်းတို့တွဲနေပြီလား” ဟုတိုက်ရိုက်ပင်မေးလိုက်ရာ
ယောယံရော ရကောက်ပါ မျက်လုံးအပြူးသားနဲ့ဖြစ်ကုန်တယ်။
ရကောက်က အထစ်ထစ်အငေါ့ငေါ့နဲ့
“ မဟုတ်ပါဘူးကွာ၊ ငါကသူအခြေအနေကောင်းနေတယ်ထင်လို့
ပြော.. ဖွင့်ပြောလိုက်မိတာပါဟ။ ဒါနဲ့နေပါဦး မင်းကဘယ်လိုရိပ်မိတာလဲ။ အဆင့်တွေပါကျော်ပြီးသိနေတာ တစ်ခုခုတော့မဟုတ်သေးဘူး။ “
“ အင်း မျက်လုံးတွေကလိမ်လို့မရဘူးလေ”
တုံဏှိဘာဝေနဲ့ပဲ ကျနော်ပြန်ပြောလိုက်မိတယ်။
နှစ်ကောင်သား ကြောင်စီစီနဲ့ ဘာလဲဟ ဆိုတဲ့အကြည့်တွေနဲ့ပေါ့လေ။
“ မင်း သွန်းမြူအကြောင်းရော မေးခဲ့လိုက်သေးလား “
“ အေး၊ သူကမင်းကိုတိုက်ရိုက်ပြောချင်တယ်တဲ့ “
“ ဟေ “
ဒီတစ်ခေါက်ကြောင်သွားသည်မှာ ကျနော်ဖြစ်သည်။ ကိုယ့်ဘာသာနည်းနည်းကို့ရိုးကားယားဖြစ်နေတယ်လို့တောင် ထင်မိသွားတယ်။ ချစ်သူအကြောင်းကို သူ့သူငယ်ချင်းဆီမှ တိုက်ရိုက်သိရတော့မည်ဆိုတော့ ရင်ခုန်သွားတာဖြစ်လိမ့်မယ်။ အင်း.. အဲ့လိုပဲဖြစ်ပါလိမ့်မယ်။
ဘယ်နတ်သခင်ရဲ့ဖန်ဆင်းမှုမှ
ယိုစီးဖိတ်ကျလာရပါလဲ ချစ်သူ
မင်းကိုဖန်ဆင်းရတာနဲ့တင်
ပန်းဆယ့်တစ်မျိူးဖြစ်သွားရပြီ။
(၈)
ဇွန်ဂျူလိုင် ကျနော့်အား ချစ်သူအကြောင်းပြောပြမည်ဆိုသည့်ရက်မှ အခုထိ သတင်းမထူးသေးပါ။ ကျောင်းတက်လို့ကြည့်လိုက်ပြန်ရင်လည်း ဇွန်ဂျူလိုင်နားမှာ သူ့သူငယ်ချင်းတစ်ယောက်မဟုတ်တစ်ယောက်ရှိနေ
တော့ကာ မေးဖို့အခွင့်မသာ၊ ကျနော်အတင်းသွားမေးလို့စိတ်ခုပြီး မပြောပြပြန်ဘူးဆိုရင်ပြဿနာ၊ လာပြောပြနိုးနိုး နဲ့မျှော်ရသည်မှာ ချယ်ရီကပ် ငုံဆေးပြားကြော်ညာသည့် သစ်ကုလားအုတ်ကြီးကဲ့သို့ပင်ဖြစ်နေပြီလားမသိတော့။
ရက်သတ္တပတ်တစ်ခုအကြာ ကျောင်းမုန့်စားဆင်းချိန်တစ်ခုမှာ ကျနော်၊ ယောယံနဲ့ ရကောက်တို့ သုံးယောက်သား စကားကောင်းနေခဲ့တယ်။ ထူးထူးခြားခြား ရကောက် ဘောလုံးမကန်တဲ့နေ့တွေထဲကတစ်ရက်ပေါ့။ စကားပြောနေရင်းနဲ့ ရကောက်ရဲ့အကြည့်က ကျနော်တို့စကားဝိုင်းမယ်မရှိတော့ဘူး။ အဲ့ဒါနဲ့ ကျနော်က ယောယံကို
“ မင်း ရေဒါတွေ ဘယ်လိုအလုပ်လုပ်သလဲ သိလား” လို့ဆိုင်းမဆင့်ဗုံမဆင့်မေးလိုက်တယ်။
“ ရေဒါဆိုတာ သူသတ်မှတ်ထားတဲ့အကွာဝေးအတွင်း ဝင်လာတဲ့အရာတွေကိုသိနိုင်တဲ့ စောင့်ကြည့်ရေးကိရိယာမဟုတ်လားဟ။ ရေဒါတွေကသိပ်စျေးကြီးတယ်တော့ကြားဖူးတယ်။ မင်းကဘာလုပ်ဖို့တုန်း”
“အင်း မင်းလူသားရေဒါရောမြင်ဖူးလား”
“ဟင် လူသားရေဒါဆိုတာရှိလို့လားဟ မကြားဖူးပါဘူးကွာ မင်းဟာကလည်း”
“ အေးလူသားရေဒါက မြန်မာမှာရှိတာကွ ။ ပိုပြီးတိတိကျကျပြောရရင်မင်းရှေ့မှာရှိနေတဲ့သတ္တဝါပဲ”
ယောယံလည်းရကောက်ကိုကြည့်ပြီး
“ အေးကွ ဟုတ်သားပဲ” ဆိုပြီး ရယ်ပါတော့တယ်။
ရကောက်လည်းအဲ့တော့မှစပ်ဖြီးဖြီးနဲ့
“မင်းတို့ကလည်းကွာ ငါဒီအချိန်လေးကြည့်ရတာကွ။ သူ့ကိုကလည်းအမြဲမြင်ရတယ်မရှိဘူး။ “
ယောယံက
“မင်းတို့ကျူရှင်အတူတူပဲဆို မတွေ့ကြဘူးလား”
“တွေ့တော့တွေ့ရတယ်ကွ။ ဟီး မြင်ရတာ မဝဘူးကွာ”
“မြင်ရတာမဝရင်လည်း ငုံထားလိုက် ကိုယ့်လူရေ”
လို့ယောယံကစိတ်ပေါက်ပေါက်နဲ့ပြောလိုက်တယ်။
သူတို့နှစ်ယောက်အချီအချပြောနေတုန်း ကျနော်လည်းဇွန်ဂျူလိုင်ဘက်ကိုလှည့်ကြည့်မိလိုက်ပါတယ်။
ဇွန်ဂျူလိုင်တစ်ယောက် ကျနော့်ဆီက ရသလောက်များထွက်ပြေးဖို့စဉ်းစားထားတယ်များမသိနိုင်ဘူး။ အခုလည်းကျနော်နဲ့မျက်နှာချင်းဆိုင်မိတာနဲ့ လှည့်ထွက်သွားတော့တာပဲလေ။ ကျနော်ကပဲမနေနိုင်ရတဲ့လူပေမို့ ရှေ့မျက်နှာနောက်ထားလို့ လိုက်မေးရပါတော့တယ်။
“ဇွန်ဂျူလိုင် နေပါဦးဟ။ ငါ့တွေ့တိုင်းနင်ရှောင်နေတာ ဘာများဖြစ်လို့လဲ။ သွန်းမြူအကြောင်းလေးငါတကယ်သိချင်လို့ပါဟာ”
ဇွန်ဂျူလိုင်မှ စဉ်းစားရကြပ်နေသောပုံဖြင့်မရဲတရဲ
“လင်းခင်၊ ငါတို့လည်း နင်သွန်းမြူကိုကြိုက်နေတာသိတယ်၊ ဒါပေမယ့်ဟာ”
“ဒါပေမယ့်ကဘာလဲ မြန်မာကားထဲကလိုသူ့အကိုကြီးက ငါ့ကိုမျက်မုန်းကျိုးနေတာမလို့လား။”
“ဟယ် သူ့မှာအကိုရှိတာနင်သိပြီးသားလား”
“….”
ပြောမိတဲ့ပါးစပ်ကိုအပ်နဲ့သာချုပ်ထားဖို့ကောင်းတော့တယ်။
“အဲ့လိုကြီးမှန်နေတော့လည်း မပျော်တော့ဘူး။ မဟုတ်သေးပါဘူးဟာ ငါသူ့ကိုဖွင့်လည်းမပြောဖူးဘူး သူ့အနားတောင် ငါမကပ်ပါဘူး။ သူ့အက်ုကဘယ်ကဘယ်လိုသိသွားရတာလဲ”
“ကိုယ်တော်ချောရေ၊ ငါပြောတာလည်းဆုံးအောင်နားထောင်ဦးလေ။ သူ့မှာအကိုရှိတာတော့ဟုတ်တယ်၊ နင်သဘောကျနေတာကိုတော့ သူ့အကိုကမသိပါဘူးဟ။
ဒါပေမယ့် ငါပြောတဲ့ပြဿနာဆိုတာက သူ့အကိုပဲ။ “
“သူ့အကိုခွင့်ပြုချက်ရမှ ငါကသူ့ကိုသဘောကျရမှာလား ဇွန်ဂျူလိုင်ရာ။”
“ နင်စကားဖြတ်ဖြတ်ပြောနေရင် ငါမပြောပြတော့ဘူး။ “
“ပြောပါဟ။ ငါမပြောတော့ဘူးနော်။ “
“နင်ငဖြူတို့ကိုသိတယ်မလား။ နင်တို့နဲ့မတည့်တဲငဖြူကောင်လေ”
ငဖြူဆိုတာ မောင်မောင်ဖြူဆိုတဲ့ကောင်ရဲ့အိမ်နာမည် ရပ်ကွက်နာမည်ပေါ့ဗျာ။ ကျနော့်အတွက်တော့ငယ်ပေါင်းဖြစ်ခဲ့ပေမယ့် ကြီးဖော်မဖြစ်ခဲ့တဲ့ဘော်ဒါတွေထဲကတစ်ယောက်ပေါ့။
ကျနော်ကလူကောင်းတစ်ယောက်တော့မဟုတ်ပေမယ့်
ဒီကောင်ကတော့အမှန်တကယ်ကိုရပ်ကွက်ချဉ်ဖတ်ပါ။
ဘောလုံးကန်တာမျိူးမှာလည်းညစ်တယ်။
ဂိမ်းဆော့တော့လည်းညစ်တယ်။ အဲ့ဒီလိုဆိုလို့လည်းငဖြူဟာ
သက်တူရွယ်တူချငိးအပေါင်းအသင်းမရှား။ လူတွေဟာတူရာတူရာသာစုတတ်ကြတာမဟုတ်ပါလား။
သူနဲ့အကျင့်တူတဲ့လူငယ်တွေနဲ့ရပ်ကွက်တွေကျော်ခွပြီးအပေါင်းအသင်းဖြစ်နေကြလေရဲ့။
တစ်ယောက်တည်းရှိတုန်းကကလိမ်ကျရုံသာတတ်တဲ့ငဖြူဟာ အခုများတော့ အုပ်စုဖွဲ့ပြီးလည်း အနိုင်ကျင့်တတ်၊ ဆေးရောင်း(ဖြန့်)တတ်တယ်လို့လည်း သတင်းထွက်လိုက်နဲ့ ရပ်ကွက်ထဲမယ်
ကြီးသူရှောင် ငယ်သူကြောက်တဲ့ ဖိုးကဇော်လေးတို့အုပ်စုဖြစ်မှန်းမသိဖြစ်နေတော့တာပါပဲ ကျနော်ကတော့ငဖြူ့အမူအကျင့်တွေကိုမကြိုက်တဲ့အတွက်ပေါင်းဖြစ်ခဲ့တာကြာပါပြီ။
“အင်း ငဖြူကိုသိတယ်လေ။ ဘာဖြစ်လို့လဲ။”
“သွန်းမြူအကိုက ငဖြူတို့အဖွဲ့ရဲ့အကိုကြီးဟ။ အတိအကျတော့ငါမသိပေမယ့် ငါကသွန်းမြူအိမ်စာသွားလုပ်နေကြဆိုတော့ ညနေပိုင်းလောက်ဆို ငဖြူတို့ကသွန်းမြူအိမ်ရှေ့ရောက်လာပြီး သွန်းမြူအကိုကိုလာခေါ်ကြတာပဲ။ သူ့အကိုနာမည်က
ဆောင်းဝေတဲ့။”
“ဆယ်တန်း နှစ်နှစ်ကျထားတဲ့ ကိုဆောငိးဝေလား”
“ဟုတ်တယ်။ နင်နဲ့အသိလား။”
“သိတယ်။ သူကငါတို့ရပ်ကွက်ထဲမှာ ဂိမ်းလာလာဆော့နေကြပဲ။ ပြီးတော့ငါနဲ့လည်းပြဿနာတက်ထားသေးတယ်။”
“ဟယ်”
ကိုဆောင်းဝေက ယောယံတို့ရပ်ကွက်က စီနီယာဒိုတာကစားသမားပါ။ ဒိုတာဆော့တဲ့လူအချင်းချင်းဆို ရပ်ကွက်မပြောနဲ့၊ မြို့နယ်တောင်ကျော်ပြီးသိကြတာမလို့ ကိုဆောင်းဝေလို လက်ရည်ရှိတဲ့ကစားသမားတစ်ယောက်ကို ကျနော့်အနေနဲ့သိပါတယ်။ ပိုသိတာကသူကဂ်မ်းကစားတာကောင်းပေမယ့် နှလုံးရည်က ဇီးရိုးပါ။ ညစ်ပြီးဆော့တာတွေ အနိုင်ကျင့်တာတွေ အကုန်လုံးအထင်းသားမြင်ခဲ့ဖူးနေပါတယ်။
အရင်နွေရာသီမှာပဲ ကျနော်တို့ဂိမ်းဆိုင်မှာ ချိန်းပွဲဆော့ရင်း ကလိမ်ကျပြီးကစားတဲ့အတွက် ကျနော်တို့ရပ်ကွက်ဆိုင်ကကစားသမားတွေနဲ့(ကျနော်အပါအဝင်) ရန်အကြီးအကျယ်ဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်လည်း ကျနော်တို့ရပ်ကွက်ထဲကိုလာတာမတွေ့ရတော့ပါဘူး။
ဆိုတော့ကာ
ချစိသူရဲ့အကိုဟာရန်သူတစ်ပိုင်းဖြစ်နေတယ်
ဆိုတာကတော့သတင်းကောင်းမဟုတ်ခဲ့ဘူးပေါ့လေ။
“လင်းခင်၊ ငါပြောမယ့်ပြဿာနာက သွန်းမြူအကိုကလေ သူ့ညီမကို အတော်ချစ်တယ်လို့ပဲပြောရမလားပဲ။ ငဖြူတို့လိုတေလေကောင်တွေတောင် သွန်းမြူကိုစကားမပြောရဲဘူး။ ပြီးတော့ သွန်းမြူကလည်းသူ့အကိုကိုချစ်တယ်။ သူ့အကိုစကားဆိုအရမ်းကြီးလွန်ဆန်တာငါမမြင်ဖူးဘူး။
နင်နဲ့ကမတည့်ဘူးဆိုတော့ နင်ဘယ်လိုဆက်မှာတုန်း။
စတောင်မစရသေးဘူး။ ဆုံးနေပြီ နင့်ကိစ္စက”
“တစ်နည်းနည်းနဲ့အဆင်ပြေသွားမယ်လို့ ငါယုံတယ်။
ဒီကိစ္စလေးနဲ့တော့ ငါနောက်မတွန့်နိုင်ဘူး ဇွန်ဂျူလိုင်ရာ။”
“အေးပါ။ ဖိုက်တင်း အကူအညီလိုရင်လည်းပြော၊ ငါတတ်နိုင်တာဆိုကူညီပေးမယ်။ မယ်ယွန်းရောပဲ ကူညီပေးလိမ့်မယ်။”
“ကျေးဇူးပါဟာ။ မုန့်စားချိန်တောင်ကုန်ပြီပဲ။ ငါသွားတော့မယ်”
“အေး အေး”
ချစ်သူ ဆီလာရမယ့် လမ်းမှာအခက်အခဲတွေကအကိုင်းအခက်လိုဖြာဝေနေလည်း ဂရုအမှုမရှိနိုင်ခဲ့ပါ။
ချစ်သူက botacceli angel ။ အရာရာတိုင်းကအဆင်ပြေသွားမှာပါလို့
လာပြောပေးနေတဲ့နတ်သခင်ပဲ။
ချစ်ခြင်းမေတ္တာကဘယ်လိုအလုပ်လုပ်သလဲဆိုတာ
ရှင်းပြခွင့်ပြုပါ။ သို့မှသာ နတ်သခင်တွေလည်းနားဒုက္ခသက်သာကြရမယ်မဟုတ်လား။
(၉)
ဆင်စွယ်ရောင်ပန်းလက်ဖဝါးလေးအားအပ်ရနိုးနိုး၊ နက်မှင်ဖြာဝဲနေသောဆံနွယ်ခက်လွင်တို့အား
နမ်းရှိုက်ရနိုးနိုးဖြင့်
စက္ကန့်ပေါင်းအသင်္ချေတိုင်အောင်
ကျနော်စောင့်စားနိုင်စွမ်းမရှိတော့ပါ။
ချစ်သူ့ထံပါး အလျင်သွား၍ ခိုနားမှေးစက်လိုသည့်လူငယ်တစ်ယောက်ပါပေ။
ကမ္ဘာသုံးရည်းစားစကားအား ချစ်သူ့ဘာသာအဖြစ်ပြန်ဆို၍ခံစားချက်တို့ကို
ထုတိဖော်ပြောဆိုလိုက်တော့မည်ဟုသဓိဠာန်ချမှတ်လိုက်ရပါပြီ။
ချစ်သူကိုချစ်တဲ့အကြောင်းများဖွင့်ပြောဖို့ရာ ကျနော်ဆုံးဖြတိထားပါတယ်။ သို့သော်ငြား မည်သို့မည်ပုံလုပ်ရမည်လို့တော့ မကြံစည်ရသေးတာတကယ်အတွေးခက်လှပါတယ်။
ကျောင်းတက်တဲ့ဒီကြားထဲမယ်သာ ချစ်သူနဲ့မရင်းနှီးထားဘူးဆိုရင် ကျနော့်အတွက်အတော်ခက်ခဲမယ့် နွေရာသီပုစ္ဆာတစ်ပုဒ်ဖြစ်နေခဲ့မှာပါ။
ကျနော်တို့နဲ့ချစ်သူတို့အဖွဲ့ရဲ့ကျောင်းထိုင်ခုံတို့ဟာ ဘယိနတ်သခင်ကများကြည်စယ်နောက်ပြောင်ခဲ့လည်းမသိပေမယ့် တစ်ကျောင်းလုံးမယ် မိန်းကလေးနဲ့ယောင်္ကျားလေးတို့ရဲ့ခုံချင်းရှေ့နောက်ကပ်နေတာဟာ ကျနော်တို့တစ်ခန်းတည်း တိတိကျကျဆို ကျနော်တို့တစ်ဖွဲ့တည်းသာရှိနေခဲ့ပါတယ်။ အထက်တန်းကျောင်းသား၊သူတွေဖြစ်တဲ့အလျောက် အတန်းမှာ ဆရာ မဝင်နိုင်တဲ့အချ်န်၊ ခွငိ့ယူထားတဲ့အချိန်များမှာ ကျနော့်အတွက်တော့ နိဗ္ဗာန်ကိုအရှင်လတ်လတ်ရောက်နေတဲ့အချိန်ပါပဲ။ တခြားအခန်းဖော်တွေ စကားရေမျှင်မပြတ်ဖောင်ဖွဲ့နေချ်န်မှာ ကျနော်တို့အဖွဲ့ကလေးသာ ကိုယ်ထူကိုယ်ထတီးဝိုင်းကလေးလိုအမြဲဖြစ်နေခဲ့ပါတယ်။ ဒီလိုလေးသာသူငယ်ချင်းတွေနဲ့အတူဆိုနေရမယ် ကျနော့်လက်ပတ်နာရီလေးမှာ လက်တံတွေမပါပါစေနဲ့လို့တောင်ဆုတောင်းမိတယ်။ ခဏလေးဖြစိဖြစ်ရပ်နေရင်တောင် ဒါဟာဆုလာဒ်တစ်ခုလိုပါပဲ။ သိပ်ချစ်ရတဲ့ချစ်သူရယ်၊ ခင်မင်ရတဲ့သူငယ်ချင်းတွေရယ် ပြည့်စုံပါပြီ။
အဲ့သလို အခိုက်အတန့်တွေနဲ့ ကျနော်နဲ့ချစ်သူဟာ သူငယ်ချင်းအဖြစ်နဲ့ပိုပြီးနီးစပ်လာခဲ့ပါတယ်။
ဒီအနေအထားတစ်ခုကနေ ပျောက်ပြယ်မသွားချင်ပေမယ့်လည်း ဒီထပ်ပိုပြီးလည်းစောင့်ဆိုင်းနိုင်စွမ်းမရှိတော့ပါဘူး။
မကြာခင်မှာပဲနွေဦးရာသီရောက်ရှိပါတော့မယ်။ ကျနော့်ရဲ့ချစ်ခြင်းမေတ္တာသည်လည်း သည်နွေဦးနှင့်အတူ ရောက်ရှိလာတဲ့ လေပြေညင်းကဲ့သို့
ချစ်သူအပေါ်သက်ရောက်မှုရှိပါစေလို့ဆုတောင်းမိပါတယ်။
နွေရာသီကျောင်းပိတ်ဖို့ရာ တစ်လအလို
“သွန်းမြူရေခဏစောင့် ငါတံမြက်စည်းသိမ်းပြီးရင်သွားမယ်”
ဇွန်ဂျူလိုင်ကချစ်သူကိုပြောလိုက်တာပါ။
ပုံမှန်အားဖြင့် ကျောင်းချိန်က နေ့လည်ထိပဲရှိပေမယ့် ဒီကနေ့တော့ ကျောင်းမှာပြိုင်ပွဲတစ်ခုရှိလို့ ဗော်လန်တီယာအဖြစ်ကူလုပ်ပေးရာကနေညနေထိဖြစ်သွားတယ်။ ရကောကိကတော့ ထုံးစံအတိုငိးဘောလုံးသွားကန်နေပြီး ကျနော်၊ယောယံနဲ့ချစိသူတို့အဖွဲ့သာကျန်ခဲ့တာပါ။
ဒီနေ့လို့ကျနော်ယတိပြတ်ဆုံးဖြတ်ထားပါတယ်။
အလွမ်းမှင်စက်တို့ခြစ်ဆွဲ၍မေတ္တာအနားကွပ်ထားသည့်
အကြင်နာသဝဏ်လွှာကိုချစ်သူ့လက်ဖဝါးထံအပ်ရန်အသင့်ဖြစ်လို့နေပါပြီ။
ကျနော်ဇွန်ဂျူလိုင်ကိုလာခဲ့ပါဦးလို့အချက်ပြလိုက်ပါတယ်။ ဇွန်ဂျူလိုင်က ကျနော့်အနားလာပြီး
“လင်းခင် ဘာပြောမလို့လဲ”
“ဒီနေ့ပဲဇွန်၊ ငါသွန်းမြူကိုပေးစရာရှိလို့ အဲ့ဒါနင်တို့နည်းနည်းလောက်ကြည့်ရှောင်ပေး..”
စကားပင်မဆုံးလိုက် ဇွန်ဂျုလိုင်က မပူပါနဲ့ဆိုသည့်မျက်နှာပေးနှင့်
“စိတ်ချလိုက်”
“…”
လက်မပါထောင်ပြသွားတာပါ။ ဘယ်အချိန်ကတည်းက အောင်သွယ်တော်ဖြစ်ချင်နေရှာလည်းမသိဘူး။
ယောယံကိုပါတစ်ခါတည်းကြိုညှိထားခဲ့လိုက်ပါတယ်။
ဒါတောင်ဘာအမှားအယွင်းရှိဦးမလဲဆိုပြီး တထိတ်ထိတ်ရယ်ပါပဲ။
ခဏနေကျောင်းကထွက်ကြတော့ ယောယံနဲ့မယ်ယွန်းလဲ့ဝေတို့ကရှေ့ဆုံးကနေလျှောက်နေပြီး ဇွန်ဂျူလိုင်နဲ့ ချစ်သူကနောက်ကပ်ရပ်လျှောက်နေပါတယ်။
ကျနော်ကတော့ခပ်လှမ်းလှမ်းကနေစက်ဘီးလေးတွန်းပြီးလိုက်နေခဲ့တာပါ။
ကျောငိးကနေအစဉ်လိုက်စီလိုက်မယ်ဆို ချစ်သူ၊မယ်ယွန်းလဲ့ဝေနဲ့ယောယံတို့ကတစ်ရပ်ကွက်၊ပြီးတော့ ဇွန်ဂျူလိုင်၊ရကောက်နဲ့ ကျနော်တို့ ရပ်ကွက်ဆိုပြီးလာပါတယ်။ ဆိုတော့ကာ
ကျနော့်ဆီမယ် ချစ်သူ့အနားစာသွားပေးဖို့ရာ အချိန်အများကြီးမရပါဘူး။
ကျနော်လှုပ်ရှားရမယ့်အချိန်ရောက်လာပါပြီ။ လေလေးတချွန်ချွန် ဟိုကြည့်ဒီကြည့်လုပ်ရင်း
စက်ဘီးဘဲလ်ကိုနှစ်ချက်တီးလိုက်တယ်။
ယောယံကမယ်ယွန်းလဲ့ဝေကိုစက်ဘီးပေါ်တင်ပြီးထွက်သွားတယ်။
ဇွန်ဂျူလိုင်ကတော့မည်သို့မည်ပုံလုပ်လိုက်သည်မသိ ချစိသူအားတစ်ယောက်တည်း ချန်ထားရစ်ခဲ့ပါတယ်။
ကျနော့်အတွကိတော့ ဒီအခွင့်အရေးဟာ ဝန်ဒီဝန်ကာရဲ့ ချောကလက်စက်ရုံကို ရွှေရောင်လက်မှတ်ကိုင်ပြီး ဝင်ခွင့်ရလိုက်သလိုပါ။
ချစိသူအနားကိုစက်ဘီးလေးအမြန်တွန်းပြီးသွားလိုက်တယ်။ ပြီးတော့လှမ်းခေါ်လိုက်တယ်။
“သွန်းမြူ”
ချစ်သူဟာ ကျနော့်ဘက်ခေါင်းလှည့်ကြည့်လာပါတယ်။
နှလုံးအိမ်ရဲကဆုန်ပေါက်နေတဲ့စည်းချက်တို့
လျော့ပြေသွားစေတဲ့မျက်ဝန်းရစ်သမ်နဲ့ရယ်ပါ။
“သွန်းမြူ ငါနင့်ကိုပြောစရာရှိလို့”
ချစ်သူမှပြုံးလျက်သာ
“ဘာပြောမလို့လဲ၊ လင်းခင်ရဲ့ ပြောလေ ရပါတယ်”
ချိုမြိန်လွန်းလှပါတယ် ချစ်သူ။ ချစ်သူနဲ့တွေ့ရှိချ်န်ကို ဘယ်နတ်သခင်ကမှ မိုးမှောင်ကြီး ချမပစ်လိုက်ဘူးဆိုတာ ကျနော်ယုံကြည်လိုက်ပါပြီ။ ကြည်လင်ဖြူစွေးနေတဲ့အပြာရောင်ကောင်းကင်ထက်မယ် မာန်လျော့စပြုလာတဲ့ နေမင်းကြီးဟာ သူ့အင်ပါယာရဲ့ကျရှုံးမှုအရှိန်အဝါကို တတ်နိုင်သမျှ ကွန့်မြူးလို့ အဲ့ဒီအချိန်အခိုက်အတန့်လေးရဲ့ ပုဇွန်ဆီရောင်ညနေခင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
“ငါနင့်ကိုသဘောကျတယ် ၊ ပြီးတော့ လေးလေးနက်နက်ချစ်တယ်။”
“ဒါပေမယ့် ငါတို့က…”
“ငါတို့ကသူငယ်ချင်းတွေ ငါသိတယ်။ သူငယ်ချင်းတွေမဖြစ်ချင်ကတည်းကငါချစ်ခဲ့တာပါ။ ငါ့က်ုစိတ်ဆိုးတာဖြစ်ဖြစ် သဘောကျတာဖြစ်ဖြစ် နင်စိတ်ကြိုက်ရွေးလို့ရပါတယ်။ ဒါပေမယ့်လေ ဒီစာလေးကိုဖတ်ပြီးမှဆုံးဖြတိပါနော်။ အဲ့ဒီလောကိတော့ မျက်နှာသာပေးမယ်မလား။”
“အင်း”
ချစ်သူဟာ တစ်ခဏအံ့ဩသွားသည်မှလွဲ၍ ပြုံးလျက်သာရှိနေပါသေးတယ်။
“ဒါငါ့နှလုံးသားတစ်ခုလုံးနဲ့ရေးထားတဲ့စာပါ။ နင်ဖတ်မယ်လို့ယုံကြည်တယ်။”
“ ငါဖတ်မှာပါ။ လင်းခင် နင်ဒီလောက်စကားတတ်မှန်း ငါမသိဘူးရော”
ထိုအချိန်မှာပဲ ဇွန်ဂျူလိုင်ပြန်ရောက်လာပြီး
“သွန်းမြူရေ သွားကြရအောငိ၊ ဆောရီးနည်းနည်းကြာသွားတယ်။ အော်.. လင်းခင်ရှိနေတာပဲ”
“အေး ဟုတ်တယ်။ နင်တို့သွားနှင့်လေ ငါသွားစရာလေးရှိသေးလို့ သွားပြီနော် သွန်းမြူ တာ့တာ”
ချစ်သူဟာခေါင်းလေးငြိမ့်လို့နှုတ်ဆက်ပြပါတယ်။
ပန်းချီကားတစ်ချပ်နဲ့တူတဲ့ညနေခင်းဟာ အဲ့ဒီလိုနဲ့ပြီးဆုံးသွားခဲ့ပါတယိ။
နွေဦးကိုရောက်ဖို့ရာ ပူလင်းပြင်းထန်လှတဲ့ လျှပ်စီးအထပ်ထပ်၊ ဆွေးမှောင်ပိန်းပိတ်နေတဲ့ တိမ်အထူထူတို့ကို နတ်သခင်ဟာ လက်ဝှေ့ရမ်းလို့ဖယ်ရှားလိုက်တယ်။ မြေမှုန်ရေမွှားတို့အပေါ် အလင်းမျှင်တန်းတို့ ဖြာဆင်းလာပြီးနောက် မင်းကိုတွေ့ရပါပြီချစ်သူ။
ချစိသူဟာ ကျနော့်ရဲ့နွေဦးပါပဲ။
(၁၀)
အတန်းတင်စာမေးပွဲဖြေဆိုရရန် ရက်သိပ်မလိုတော့ပေ။
သို့ပေမယ့် ချစ်သူအား ဖွင့်ဟဝန်ခံပြီးသည့်နောက်
ရင်ခုန်စိတ်လှုပ်ရှားသဖြင့်ဘာကိုမျှအာရုံစိုက်မရသည်မှာတော့အမှန်။ ကျနော့်မှာ စာထဲလည်းအာရုံစိုက်မရ၊ ဘာလုပ်လုပ် တစ်ခုခုလိုနေသလိုပဲအမြဲဖြစ်နေတော့တာ။ စာလည်းလုပ်မရမယ့်အတူတူ ဒီအချိန်ဆို လေထန်ကုန်းမှာရှိတဲ့ ရကောက်တို့ဆီသွားထိုင်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။
လေထန်ကုန်းရောက်တော့ ရကောက်က သူ့ဘော်ဒါတွေနဲ့စကားကောင်းနေတာတွေ့တယ်။
ရကောက်က ကျနော့်ကိုမြင်မြင်ချင်းပဲ
“ဘုရားဖြစ်မယ့်အုတ်နီခဲကြီး စာမလုပ်ပဲ ဒီကိုဘယ်လိုရောက်လာသလဲ၊ ပြောစမ်းပါဦး “
ရကောက်အမေးကိုချက်ချင်းမဖြေသေးပဲ
“ဦးလေး ရူဘီတစ်ပွဲလောက်”
ပြီးတော့မှ
“ ငါစာလုပ်ဖို့မပြောနဲ့၊ ဘာမှလုပ်လို့မရပါဘူးကွာ”
ရကောက်ကရယ်လျက်ပင်
“ဒိန်းတလိန်းနတ် ဖမ်းစားထားပြီပေါ့ ဟုတ်လား”
“ဘာလဲကွာ၊ မြန်မာကားထဲကဒိုင်ကြောင်တွေ”
“ဘာဖြစ်ဖြစ် တပည့်ကြီး၊ ဆရာ့ဆီလာတာ မှန်သွားတယ်။ တပည့်ကြီးအတွက်နည်းလမ်းကောင်း ဆရာ့ဆီရှိတယ်၊ လိုချင်လားတပည့်ကြီး “
“ဘာနည်းလမ်းလဲကွာ”
“နိုး နိုး အဲ့လိုမရဘူးလေ၊ ဆရာ့ကိုလေးလေးစားစားဆက်ဆံမှ ဆရာကပြောပြမှာပေါ့ တပည့်ကြီးရဲ့ “
“တော်တော် စျေးကိုင်တဲ့ကောင်ပဲ၊ ကဲဆရာကြီး ဘာနည်းလမ်းရှိလဲမစပါဦး။ ပေါက်ကရပြောရင်တော့ ဗိန္ဓောဆရာဘဝပြောင်းပစ်လိုက်မယ်။”
“ဒီလိုလေ သေချာနားထောငိ တပည့်ကြီး၊ ဇွန်ကလေးက မနက်က ဆရာ့က်ု လာပြောသွားတယ်။ ညနေကျရင် ကန်ဘောင်ကို တပည့်ကြီးပါလိုက်ခဲ့ဖို့ သွန်းမြူကမှာသွားတယ်တဲ့။”
ချစ်သူကိုဖွင့်ပြောပြီးကတည်းကပင် ကြောက်ရွံ့မှုတမျိူးမျိုးကြောင့်
မြောက်ဝင်ရိုးစွန်းမှာနှစ်အတန်ကြာပိတ်မိနေခဲ့သလိုမျိူး နှလုံးအိမ်တစ်ခုလုံး အေးခဲစေးကပ်နေခဲ့ရာမှ အခုတော့ နွေဦး လေပြည်လေး စီးဝင်တိုက်ခတ်လာ၍ သာယာဖွယ်နေ့ရက်တို့ဆောင်ကျဉ်းလာပြီလေလား
သို့မဟုတ် မုန်တိုင်းလေပွှေသည်နှလုံးအိမ်အားပွတ်တိုက်စုတ်ဖြဲတော့မည်လားကို ဝေခွဲမရတော့သဖြင့် ပို၍ပင် နေမထိထိုင်မသာဖြစ်နေရပါပြီ။
ထိုင်နေလို့လည်းဘာမှဖြစ်လာမှမဟုတ်ချေ။ချက်ချင်းဆိုသလိုပဲ ကျနော်မတ်တပ်ထရပ်လိုက်ပြီး
“သွားကြမယ်။ ရကောက်”
ရကောက်မှပြူးတူးကြောင်တောင်ကြည့်ပြီး
“တပည့်ကြီးက မြန်မာစကားသိပ်နားမလည်ဘူးထင်တယ်။ နေ့လည်၁ နာရီဆိုတာ ညနေမဟုတ်ဘူးကွ။ ဘာလဲ ကန်ဘောင်ကို ယောင်္ကျားလေးနှစ်ယောက်သွားထိုင်ဖို့လား။”
ကျနော်လည်း ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး
“ကိုယ့်ဘာသာကိုတောင်မရွှိုင်းတော့ဘူးလား။ အဲ့ဒီဂုတ်ပြဲနေတဲ့ဘောလုံးဂျာစီလေးနဲ့ပဲသွားတွေ့မယ်လို့တွေးထားတာတော့မဟုတ်ဘူးမလား။”
အဲ့ဒီတော့မှပဲ ရကောက်လည်း ကိုယ့်အောက်ဖစ်ထ်ကို ငုံ့ကြည့်ကာ
“ငါတို့အဝတ်အစားလဲပြီး ဘယ်ချိန်ပြန်ဆုံကြမလဲ “
“တုံးလိုက်တဲ့ကောင်၊ ခေါင်းသုံးဆိုဂျွမ်းပဲထိုးနေတာကိုး။ ကောင်မလေးကိုလက်ဗလာနဲ့သွားတွေ့တာကောင်းတယ်ထင်နေလား။ ဒီမှာ ငါ့အိမ်နဲ့မင်းအိမ်မှာ အင်္ကျီဝင်လဲပြီးရင် လက်ဆောင်လေးသွားဝယ်ကြမယ်။ ပြီးတာနဲ့ကန်ဘောင်ကို သူတို့ထပ်အရင်ခပ်စောစောလေးရောကိအောင်သွားထိုင်ကြတာပေါ့။ ဒိတ်လုပ်တယ်ဆိုတာ ဒီလိုမျိုးကွ။”
“အင်း မင်းကရည်းစားတွေထည်လဲတွဲပြီး ဒိတ်လုပ်ဖူးရှာတာကိုး။”
“မင်းဒီအစီအစဉ်အတိုင်းလိုက်ခဲ့မလား။ ဝေဖန်လေကန်ရေးလုပ်ပြီး နေခဲ့မလား။”
“အေးပါကွာ၊ မင်းပဲဆရာကြီးလုပ်ပါတော့။ ဦးလေးရေ ရှင်းမယ်ဗျာ။”
အဲ့ဒီလိုနဲ့ကျနော်နဲ့ရကောက်တို့ အဝတ်အစားကိုယ်စီလဲပြီး ဖန်စီဆိုင်လေးတစ်ဆိုင်မှာ ရကောက်က ဇွန်ဂျူလိုင်အတွက် ဝက်ဝံအမွှေးပွ အသေးစားသော့ချိတ်ကလေးရယ် ကျနော်က ချစ်သူအတွက် ဝေလငါးပုံစံ သော့ချိတ်ကလေးရယ် ဝယ်ခဲ့ပါတယ်။ ရကောက်က ကျနော့်ကိုမေးသေးတယ်။ ဝေလငါးပုံစံသော့ချိတ်က ဘာအဓိပ္ပာယ်လဲတဲ့။ “ကိုယ်မင်းကိုဝေလငါးလောက်ချစ်ပါတယ်” လို့ရည်ရွယ်ပြီးပေးဖို့လုပ်ထားတာလို့ပြောလိုက်တယ်။ အဲ့ဒါဆို ငါကဝက်ဝံဆိုတော့နည်းနည်းအကောင်သေးသွားမလားဆိုပြီး ကြောင်တောင်တောင်က လာလုပ်သေးတယ်။ ပြီးတော့ ကျနော်တို့နှစ်ယောက် ကန်ဘောင်ကို ခပ်စောစောပဲရောက်သွားကြပြီး
စီးကရက်တစ်လိပ်စီထုတ်သောက်နေလိုက်ကြတယ်။
ညနေ လေးနာရီလောက်မှာတော့ ချစ်သူနဲ့ ဇွန်ဂျူလိုင်တို့ ကန်ဘောင်ကိုရောက်လာခဲ့ကြတယ်။
ဇွန်ဂျူလိုင်ကကျနော့်ကို ရယ်ကျဲကျဲနဲ့ နှုတ်ဆက်ပြီးတော့ ရကောက်က မင်းတို့အေးဆေးစကားပြောကြပေါ့ဆိုပြီး နှစ်ယောက်သားထွက်သွားကြတယ်။
ချစ်သူတစ်ယောက်ကျနော်ရှိရာကို လှပသေသပ်စွာရွေ့လာပုံမှာ ဝေကာဝေရဲ့အနှေးပြကွက်များသကဲ့သို့
ကျနော့်အမြင်အာရုံထဲစွဲထင်နေလျက်ရှိပါရဲ့။
ဘေးတွင်ဝင်ထိုင်ပြီးနောက် ကျနော်ဘာမှမပြောနိုင်သေးပဲရှိနေစဉ် ချစ်သူမှ
“ လင်းခင် ဒီမှာ နင်ရေးထားတဲ့စာ ငါ့ကိုဖတ်ပြ “
“အင်း။ နင် မဖတ်ရသးဘူးလား သွန်းမြူ “
“ဖတ်ပြီးသွားပြီ။ ဒါပေမယ့် နင်ဖတ်ပြတာကြားချင်လို့ ၊ အဲ့ဒါကြောင့် ဒီနေ့ နင့်ကိုတွေ့ဖ်ု့ပြောလိုက်တာ”
“အဲ့ဒါဆိုငါဖတ်ပြီနော်။”
ချောင်းတစ်ချက်ရှင်းပြီး ချစ်သူမျက်နှာရိပ်ကိုလှမ်းကြည့်မိသည့်ခဏတွင် သူ့အကြည့်အားမြင်မိသည့်ခဏ ရင်များလှိုက်ဖိုလွန်း၍ တည်ငြိမ်အောင်ပြန်ကြိုးစားယူကာ စာအားစဖတ်လိုက်ပါတော့တယ်။
“ ချစ်သူအားချစ်မိသောအခါ
ချစ်သူကိုချစ်ရတယ်ဆိုတာ နတ်သခင်တို့ရဲ့
အဆုံးစွန်သောကောင်းချီးပေးမှုလို့ ယူဆထားပါတယ်။
ချစ်သူဟာ ပြတင်းတံခါးနားမှာထိုင်
ရင်တော့ဖြင့် ပြတင်းတံခါးကိုဖြတ်လို့ ကျလာမယ့်
အလင်းစိုင်ဟာ နွေးထွေးလင်းဝေသော်ငြား ချစ်သူ့
တည်ရှိမှုနဲ့ယှဉ်ရင်ကား တောက်ပခြင်းကို အပိုင်စားရ
မယ့် စစ်တလင်းမှာ ချစ်သူ့မျက်ဝန်းကို မရှုမလှ ရှုံးနိမ့်ရ
မှာဖြစ်တယ်လို့ ကျနော်ယုံကြည်မိပါတယ်။
ပုဇွန်ဆီရောင်ညနေခင်းတို့ရဲ့ အလှတရားဟာလည်း
ချစ်သူရဲ့ အပြုံးချိုချိုအောက်မှာ ငြိမ်ဝပ်မှေးစက်ရ
မယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။
အဲ့ဒီလို ယုံကြည်မှုတွေနဲ့ ကျနော့်ရဲ့ ဘာသာတရားကို
တည်ဆောက်ခဲ့တာပေါ့။
မေတ္တာတရားသက်သက်ပဲရှိတဲ့ အဲ့ဒီဘာသာမှာ
ကိုးကွယ်သူဟာ ကျနော်ပါ။
ဘုရားသခင်က ချစ်သူပါ။
အဲ့ဒီဘုရားသခင်လေး ရှိရင်တော့ဖြင့် ဘယ်လို
ယုတ်ကန်းညစ်စုတ်တဲ့ နတ်ဆိုးသခင်တို့ရဲ့
သွေးဆောင်ဖျားယောင်းမှုကိုမှ မဖိတ်မတုန်တော့ပဲ
ဘဝရဲ့ လေနီကြမ်းတို့ကို ချစ်သူ့မျက်နှာကလေးအား
မြင်လွှာယောင်တမ်းကာ ချစ်ခြငိးဍီကာတို့ကို ဖွဲ့ကျူး
ရင်း အသက်ရှင်တတ်လာပါလိမ့်မယ်။
ထို့အပြင် မှော်ဆရာတစ်ယောက်လို မန္တာန်အတတ်တို့ကို
ကျွမ်းကျင်လိမ္မာတဲ့ ချစ်သူဟာ ကျနော့်နှလုံးသားကို
သစ္စာမီးတောက်တို့ဖြင့်မငြိမ်းတမ်း ရွတ်ဖတ်တည်စေသွားခဲ့ပါတယ်။
ကျနော်ရဲ့ တစ်ခုတည်းသော တန်ပြန်မန္တာန်ဟာ
" ချစ်သူ့မနက်ဖြန်တိုင်းမှာ ပန်းရောင် သန်းနေပါစေ "
တဲ့။ ချည်နှောင်ခြင်းထပ် မြတ်နိုးရခြင်းကိုသာ
ပိုမက်မောတဲ့ ကျနော် ဆောင်းလေပြေရဲ့ တိမ်လွှာမျဉ်း
ကောက်တို့မယ် ချစ်သူရှိရာအရပ်အား လက်ညှိုးညွှန်ပြ
လို့ နတ်သခင်တို့ရဲ့ အမျက်ဒေါသကို တမုဟုချင်း
တုန်ဝါးဖျော့အေးစေခဲ့ပါတယ်။
လွမ်းရောင်သမ်းတဲ့ ပန်းရောင် နှုတ်ခမ်း တစ်စုံကို ကမ္ဘာ
တစ်ဝက်ခြားပြီးမက်မောနေရတာဟာ ဘာကြောင့်ပါ
လဲ။ ပွင့်ဖတ်လေးတွေလိုလှုပ်ရှားနေတဲ့ ချစ်သူက သူ့ရဲ့
အလေးချိန်ထက်ပိုကြီးမားတဲ့ ဆွဲငင်မှုမျိုးနဲ့ ကျနော်ရဲ့
နှလုံးသားကို ဆွဲငင်ခဲ့ပါရဲ့။
အဲ့ဒီလိုနဲ့ကျနော့်အချစ်တွေကို မင်းမြင်နိုင်မယ်ဆိုရင်
မင်းရဲ့ခံစားချက်တွေကိုရော ဖုံးကွယ်ထားဦးမလားဆို
တာ သိချင်ပါသေးတယ်။
ချစ်သူကို ချစ်မိတဲ့အခါ ချစ်ခြင်းမေတ္တာဟာ ချစ်သူရဲ့
ရုပ်ပြပုံလွှာတစ်ချပ်ကို နတ်သခင်တစ်ပါးလို
မှတ်ယူပြီးကိုးကွယ်မိတယ်ဆိုတာကိုချစ်သူ သိပါလေစ ။ “
စာကိုဖတ်ပြီးပြီးချင်းမှာပဲ ချစ်သူကိုမော့ကြည့်မိလိုက်တဲ့စက္ကန့်ပိုင်းလေးအတွင်း
လွမ်းရောင်သမ်းတဲ့ ပန်းရောင်နှုတ်ခမ်းတစ်စုံပိုင်ရှင်လေးဟာ မျက်စိစုံမှတိလို့
သူ့ရဲ့ နှုတိခမ်းဖူးတစ်စုံနဲ့ ကျနော့်နှုတ်ခမ်းတွေကို အလျင်အမြန်ထိကပ်သွားစေခဲ့တာပါ။ ကျနော့်အတွက်တော့ လောကရဲ့ အချိူမြိန်ဆုံးစက္ကန့်တွေကို ပိုင်ဆိုင်ခဲ့ဖူးပါပြီ။
နှုတ်ခမ်းချင်းခွါပြီးနောက် ချစ်သူဟာမျက်ဝန်းအစုံကို ရှက်ဖူးဝေစွာဖြင့်
ဖွင့်ဟကြည့်လိုက်ပါတယ်။
“လင်းခင်...”
ဒီအခိုက်အတန့်လေးမှာပဲ စကားလုံးတွေမသုံးတော့ပဲချစ်သူအတွက်အချိမြိန်ဆုံးမိနစ်တချို့ပြန်ပေးဖို့ရာ
ကျနော်ဆုံးဖြတ်လိုက်ပြီး နှုတ်ခမ်းဖြင့်မွတ်သိပ်စွာထိကပ်နမ်းရှိုက်လိုက်မိတယ်။
အချိန်နတ်ဘုရားChronos ရဲ့နံရိုးတွေကို သွင်သွင်မြည်အောင်ရိုက်ချိုးပြီး
ဒီအချိန်အခိုက်အတန့်တစ်ခုလုံးကိုဟန့်တားထားချငိမိရဲ့။
ဒါပေမယ့်အချိန်တွေဟာဆက်သွားနေခဲ့တယ်။ ကျနော်တို့နှုတ်ခမ်းချင်းခွါပြီးနောက်
အကြည့်ချင်းဖလှယ်ကြပြီး ခဏအတော်ကြာအောင်တိတ်ဆိတ်စွာ ကြည်နူးရီဝေခဲ့ကြတယ်။
ငှက်လေးတွေရဲ့တစာစာအသံတွေ၊ သစ်ရွက်တို့ရေပေါ်ကျရာမှထွက်လာတဲ့ဖျောက်ဆိပ်သံတွေ၊အစရှိသဖြင့် အသံမျိူးစုံဟာ အဲ့အချိန်လေးအတွင်းမှာတော့ ရပ်တန့်မှင်သက်သွားကြသလိုပါ။ ချစ်သူရဲ့ အသက်ရူသံညင်းညင်းလေးဟာ ကျနောိ့ နှလုံးအိမ်တစ်ခုလုံးကို ဆူပွက်ကော့လန်စေခဲ့တယ်။
ပြီးတော့ ဒီစကားတွေကို တစ်လုံးတစ်ပါဒချင်း ဖွင့်ဟထုတ်ပြောမိခဲံ့တယ်။
“သွန်း ၊ ကိုယ် မင်းကိုချစ်တယ် “
ချစ်သူဟာ ကျနော့်ပုခုံးပေါ်ခေါင်းမှီတင်လိုက်ပြီး အလိုချင်ရဆုံးသောတောင်းဆုကိုအဖြေပေးလိုက်ပါတော့တယ်။
မိုးမှုန်စက်ပြောက်များကျ၍ ဥတုဝဿာန်ကျရောက်လျှင်၊ ဆောင်းနှင်းမြူဝေဖြစ်၍ ဥတုဟေမာန်ကျရောက်လျှင်၊ နေခြည်ဖြာ၍ အလင်းမျှငိတန်းတို့ပေါများသည့် ဥတုဂိမာန် ကျရောက်လျှင် မည်သည့် ဥတုသုံးလီအဖြာဖြာ၌မဆို အသက်ဗူးကလေးကို စောင့်ရှောက်နိုင်သည့်
ခွန်အားများ ပေးသနားတော်မူပါ နတ်သခင်တို့။