အခန်း (၉၈) လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်တွေကို အပိုင်းပိုင်း တောက်ဖြတ်ပစ်ရမယ်
တစ်ချိန်တည်းမှာပင် အလယ်ပိုင်းတိုက်ကြီး လျှို့ဝှက်နယ်မြေကနေ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ မြောက်ပိုင်း လွင်ပြင်တောင်တန်းဆီ၌။
"တောက် မိစ္ဆာဂိုဏ်းက ကောင်တွေ မင်းတို့မှာ သတ္တိရှိရင် ငါ့ကို သတ်လိုက်ကြစမ်း"
"ငါ့အစ်ကို ချင်းယွမ်က နတ်ဘုရားဂိုဏ်းထဲ ရောက်နေပြီ။ သူ တစ်နေ့ နတ်ဘုရားအဖြစ် တက်လှမ်းနိုင်တဲ့အခါ မင်းတို့ကို သေချာပေါက် လက်စားချေလိမ့်မယ်"
နုနယ်ပေမဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ရှိတဲ့ လူငယ်လေးတစ်ယောက်ရဲ့ အော်ဟစ်သံ ထွက်ပေါ်လာသည်။
"မှန်တယ် ငါတို့နှစ်ယောက်ကို သတ်ရင်လည်း ဘာဖြစ်လဲ အစ်ကိုချင်းယွမ် ရှိသရွေ့ ငါတို့ချန်းဖုန်းယဲ့ မိသားစုကတော့ မျိုးတုန်းသွားမှာ မဟုတ်ဘူး"
သူ့ဘေးက မိန်းကလေးငယ်လေးကလည်း မလျှော့သော ဇွဲနဲ့ ထပ်လောင်း ပြောဆိုလိုက်သည်။
"အော်... ဟုတ်လား"
ဟန်မုန့်ယောင်ရဲ့ သွေးရောင်လွှမ်းနေတဲ့ မျက်လုံးတွေထဲမှာ ဘာခံစားချက်မှ မရှိပါဘူး။ သူမဟာ အဖမ်းခံထားရတဲ့ ကလေးနှစ်ယောက်ကို အေးစက်စွာ ကြည့်နေသည်။ ဒီနှစ်ယောက်ဟာ သူမရဲ့ သခင် (ကူဟန်) ရှာခိုင်းထားတဲ့ သူတွေပါပဲ။
သူတို့မှာ ကျင့်စဉ်အစွမ်း မရှိသလောက်ပါပဲ။ ဒါပေမဲ့ ဘယ်ကမှန်းမသိတဲ့ အကာအကွယ်တစ်ခုကြောင့် သူတို့ဟာ ရွှံ့ထဲက ငါးရှည့်တွေလို မြောက်ပိုင်းတောင်တန်းထဲမှာ ပုန်းရှောင်နေနိုင်ခဲ့တာပါ။ သူတို့ကို ရှာတွေ့ဖို့ တော်တော်လေး အားစိုက်ခဲ့ရသည်။
"မင်းတို့ရဲ့ ပါးစပ်တွေက ဒီလောက်တောင် မာနေမှတော့ တစ်ယောက်ယောက် သူတို့ပါးကို ရိုက်စမ်း။ ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ မနားတမ်း ရိုက်နေလိုက်။"
ဟန်မုန့်ယောင်ဟာ အသက်ငယ်ပေမဲ့ မိစ္ဆာဂိုဏ်းရဲ့ သခင်မတစ်ယောက် ဖြစ်လာမယ့် အရည်အချင်းတွေ ရှိနေပါတယ်။ ဒီကာလအတွင်းမှာ သူမဟာ ညှဉ်းပန်းနှိပ်စက်တဲ့ နည်းလမ်းတွေကို ကောင်းကောင်း တတ်မြောက်သွားခဲ့ပါပြီ။
နယ်မြေရဲ့ ထွက်ပေါက်မှာတော့ အဝတ်အစားတွေ စုတ်ပြတ်သတ်နေတဲ့ လူတစ်ယောက်ဟာ ထွက်ပေါက်ကနေ ယိုင်တိုင်တိုင်နဲ့ ထွက်လာသည်။
"တောက် ဒီနယ်မြေထဲမှာ ဘာမှမရတဲ့အပြင် ငါ့ရဲ့ဝှက်ဖဲတွေကိုတောင် သုံးလိုက်ရသေးတယ်။"
ယဲ့ချင်းယွမ်ရဲ့ မျက်လုံးတွေက နီမြန်းနေပြီး သွားကြိတ်ရင်း ပြောလိုက်သည် "အရေးကြီးဆုံးဖြစ်တဲ့ နဂါးအမွေအနှစ်ကိုတောင် အဲဒီကောင်က ကြားဖြတ်လုသွားသည်။ အမှန်တရားကို သိရတဲ့နေ့ကျရင် သူ့ကို အဆပေါင်း တစ်ရာ ပြန်ပေးဆပ်စေရမယ်"
ယဲ့ချင်းယွမ် တစ်ယောက် ဒေါသထွက်လို့ မဆုံးသေးခင်မှာပဲ ဆရာပိုင်ရဲ့ အသံက စိတ်ထဲမှာ ပေါ်လာသည်။
"ချင်းယွမ် ငါမင်းကို ပြောစရာ အင်မတန် ဆိုးဝါးတဲ့ သတင်းတစ်ခု ရှိတယ်"
"မင်းရဲ့ ညီမလေးနဲ့ ဝမ်းကွဲညီမလေးကို ရန်သူတွေ ရှာတွေ့သွားပြီ။ ရန်သူတွေက အရမ်းများပြီး အားလည်းကြီးတယ်။ ငါ့ရဲ့ ကိုယ်ပွားက အစွမ်းအကန့်အသတ် ရှိတာမို့ သူတို့ကို ကယ်ဖို့ မတတ်နိုင်တော့ဘူး ငါ့ကိုယ်ပွားကို မဖျက်ဆီးခင်မှာ သူတို့ ပြောသွားတာက မင်း သူတို့ကို ကယ်ချင်ရင် မြောက်ပိုင်းတောင်တန်းဆီ ကိုယ်တိုင် လာခဲ့ရမယ်တဲ့"
ဒီစကားကို ကြားလိုက်ရတဲ့အခါ ယဲ့ချင်းယွမ်ရဲ့ ဦးနှောက်ထဲမှာ ဝေါခနဲ ဖြစ်သွားပြီး ဘာမှ မတွေးနိုင်တော့ပါဘူး။
"ဘာ... ဘာပြောလိုက်တာလဲ"
သူ့မျက်နှာဟာ စက္ကူလို ဖြူဖျော့သွားပြီး နှုတ်ခမ်းတွေ တုန်ရင်လာသည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ ငါ နယ်မြေထဲ မဝင်ခင်က လင်ရွှမ်ယွီက သူမရဲ့ မြင့်မြတ်နယ်မြေက လူတွေကို လွှတ်ပြီး ကယ်ပေးမယ်လို့ ကတိပေးထားတာလေ"
သူဟာ လင်ရွှမ်ယွီဆီ သွားပြီး ရှင်းချင်စိတ်တွေ ပေါက်လာသည်။
"ယဲ့ချင်းယွမ် ဓားရှာဖွေရေးဂိုဏ်းက ယဲ့ချင်းယွမ် ထွက်လာပြီ"
အဝေးကနေ အံ့သြတုန်လှုပ်သံကြီး ထွက်ပေါ်လာသည်။ ယဲ့ချင်းယွမ်ကတော့ သူ့ရဲ့ နယ်မြေထဲက စွမ်းဆောင်ရည်ကြောင့် အားလုံးက သူ့ကို ကြိုဆိုနေကြတယ်လို့ ထင်နေတာပါ။
"မြန်မြန် အားလုံး ဝိုင်းတိုက်ကြ ဒီကောင်ကို ဖမ်းစမ်း"
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ အရပ်မျက်နှာ အနှံ့အပြားကနေ ပြင်းထန်လှတဲ့ စွမ်းအားတွေက သူ့ဆီကို ဦးတည်လာပါတယ်။ ယဲ့ချင်းယွမ် ဘာမှမလုပ်နိုင်ခင်မှာတင် သူ့ကို အထူးစွမ်းအားတစ်ခုက ချုပ်နှောင်လိုက်ပါပြီ။
ဂိုဏ်းပေါင်းစုံက ပညာရှင်တွေဟာ ဒေါသတကြီးနဲ့ သူ့ရှီကို ဆင်းသက်လာကြသည်။ သူတို့ရဲ့ အကြည့်တွေက ယဲ့ချင်းယွမ်ကို အပိုင်းပိုင်း တောက်ဖြတ်ပစ်ချင်နေတဲ့ပုံပါပဲ။
"ယဲ့ချင်းယွမ် မင်းဟာ တကယ့်ကို ယုတ်မာတဲ့ဗီလိန်ပဲ ငါတို့ရဲ့ဝေ့ချင်းက မင်းကို သူငယ်ချင်းလို ဆက်ဆံခဲ့တာ မင်းကတော့ သူ့ကို ချောင်းမြောင်းသတ်ပြီး ပစ္စည်းလုတယ်ပေါ့လေ"
"ငါတို့ မြင့်မြတ်နယ်မြေက နတ်ဘုရားမလင်ရွှမ်ယွီကျဆုံးသွားတာလည်း မင်းနဲ့ ပတ်သက်နေတာ မဟုတ်လား အမှန်အတိုင်း ဝန်ခံစမ်း"
"မင်းက လူသားမျိုးနွယ် ဖြစ်ပြီး မိစ္ဆာတွေနဲ့ ပေါင်းတယ် သားရဲတွေကို ရူးသွပ်အောင်လုပ်ပြီး လူသားကျင့်ကြံသူတွေကို သတ်ခိုင်းတယ် မင်းက လူဖြစ်ရကျိုးတောင် မနပ်ဘူး"
"မင်းကြောင့် ငါတို့ဂိုဏ်းက လူတစ်ရာဝင်တာ ဆယ်ယောက်တောင် မကျန်တော့ဘူး မင်းကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မှ ကျေနပ်မယ်"
ယဲ့ချင်းယွမ် တစ်ယောက် မှင်သက်သွားသည်။ ဒါတွေက ဘာတွေလဲ? သူက လင်ရွှမ်ယွီကို သတ်တယ် မိစ္ဆာနဲ့ပေါင်းပြီး ဘေးဒုက္ခ ဖန်တီးတယ် သူ ဒါတွေ တစ်ခုမှ မလုပ်ခဲ့ပါဘူး။
"ဒါ... ဒါတွေက စွပ်စွဲချက်တွေပဲ မင်းတို့ ငါ့ကို တမင် သက်သက် အပြစ်ပုံချနေတာ" ယဲ့ချင်းယွမ်က အတင်းရုန်းကန်ရင်း ငြင်းဆိုလိုက်သည်။
"ယဲ့ချင်းယွမ်... သရုပ်ဆောင်မနေပါနဲ့တော့။"
အေးစက်တဲ့ လှောင်ရယ်သံနဲ့အတူ ထိုက်ရွှမ်မြင့်မြတ်နယ်မြေက ဝမ်ထိန်ရောက်လာသည်။ သူ့နောက်မှာတော့ ကူဟန် ကယ်ခဲ့တဲ့ တပည့်တွေနဲ့ မုန့်ယင်ရွှယ်တို့ ပါလာကြသည်။ သူတို့အားလုံးက သက်သေတွေပါပဲ။
"ယဲ့ချင်းယွမ်... မင်းကိုယ်ထဲက နဂါးဟိန်းသံ ထွက်လာပြီးမှ သားရဲတွေ ရူးသွပ်ကုန်တာကို ငါတို့ အကုန်မြင်လိုက်သည်။ မင်း နဂါးမျိုးနွယ်နဲ့ ပတ်သက်နေတာ မဟုတ်ဘူးလား"
ယဲ့ချင်းယွမ်ရဲ့ မျက်လုံးတွေ ပြာသွားသည်။ ဟုတ်တယ်... သူ့ကိုယ်ထဲက နဂါးသံ ထွက်လာတာ မှန်ပါတယ် ဒါပေမဲ့ အဲဒီအချိန်မှာ ဒီကောင်တွေ သေကုန်ပြီ မဟုတ်ဘူးလား ဘာလို့ အသက်ရှင်နေကြတာလဲ။
"အစ်ကိုကူဟန်သာ တရားမျှတစွာနဲ့ ငါတို့ကို မကယ်ခဲ့ရင် ငါတို့အားလုံး သားရဲတွေရဲ့ အစာ ဖြစ်နေလောက်ပြီ။" ဝမ်ထိန်က ပြောလိုက်သည်။
မုန့်ယင်ရွှယ်ရဲ့ မျက်လုံးထဲမှာလည်း ယဲ့ချင်းယွမ်အပေါ် ရွံရှာမှုတွေ ပြည့်နေပါတယ် "မင်းက ငါတို့ကို သက်သေဖျောက်ဖို့ သားရဲတွေကို ခေါ်ပြီး သတ်ခိုင်းတာလေ။ အစ်ကိုကူဟန်သာ မရှိရင် မင်းရဲ့ ယုတ်မာတဲ့ အစီအစဉ်က အောင်မြင်သွားမှာပဲ"