အခန်း (၉၅) တောင်ပေါင်းသောင်းခြောက်ထောင် ကျော်ဖြတ်ပြီးမှ နဂါးအကြေးခွံတစ်ခွံပဲ ရတယ်
ထိုအချိန်တွင် ကူဟန်ကို စောင့်ကြည့်နေသော နဂါးမျိုးနွယ်စုမှ ပညာရှင်ကြီးသည် တစ်စုံတစ်ခုကို အတည်ပြုလိုက်နိုင်သလိုမျိုး သူ၏ ကြီးမားလှသော မျက်လုံးအစုံမှာ ကျုံ့သွားသည်။
သူ၏ စိတ်ထဲတွင် မိုးကြိုးပေါင်း ထောင်သောင်းချီ ပေါက်ကွဲသွားသလို ခံစားလိုက်ရပြီး သူ၏ ဝိညာဉ်မှာ တုန်ခါသွားကာ ကြီးမားလှသော နဂါးကိုယ်ထည်ကြီးမှာ အနောက်သို့ အနည်းငယ် ဆုတ်သွားမိသည်။ ကူဟန်၏ လက်ပေါ်တွင် ထွင်းထုထားသော အထူးအမှတ်အသားကို မြင်လိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ ထိန်းမနိုင်သိမ်းမရသော တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ အဲဒီလအေးမြ မိစ္ဆာဘိုးဘေးက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပညာရှင်ပေါင်းများစွာရဲ့ ဖိနှိပ်မှုကို ခံရပြီး ရှုံးနိမ့်သွားခဲ့တာ မဟုတ်ဘူးလား"
"ဘာလို့... ဘာလို့ မင်းလို လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သူမ ချန်ထားခဲ့တဲ့ အထူးအမှတ်အသား ရှိနေရတာလဲ" နဂါးကြီး၏ ထိတ်လန့်တကြား အော်ဟစ်သံနှင့်အတူ အခြားနဂါးများလည်း ကူဟန်၏ လက်ပေါ်မှ အမှတ်အသားကို သတိပြုမိသွားကြသည်။
အစောပိုင်းက သူတို့သည် ကူဟန်ဆီမှ ဘယ်မိစ္ဆာဘိုးဘေးရဲ့ အငွေ့အသက်လဲဆိုသည်ကို စပ်စုနေခဲ့ကြခြင်းဖြစ်သည်။ ယခု အဖြေပေါ်လာသောအခါ ထိုသူမှာ သူတို့ စိတ်ကူးနှင့်တောင် မမှန်းရဲသော စူလင်းယွီဖြစ်နေသည်။
သူမသည် မိစ္ဆာဘိုးဘေးများထဲတွင်မှ ဘိုးဘေးဟု ခေါ်ရမည့်သူ ဖြစ်သည်။ ရှေးဟောင်းခေတ်ကာလကို ပြန်တွေးကြည့်လျှင် သူမ၏ အစွမ်းသည် အခြား မိစ္ဆာဘိုးဘေးအားလုံးထက် သာလွန်ခဲ့သည်။ နဂါးမျိုးနွယ်စုထဲမှ အစွမ်းထက်ဆုံးသူသည် သူတော်စင်အဆင့်သို့ တစ်ဝက်ခြေလှမ်း ရောက်နေပြီဖြစ်သော်လည်း ဧကရာဇ်အဆင့်ကို ကျော်လွန်သည်ဟု သတင်းကြီးသော စူလင်ယွီနှင့် ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှသည်။
သူမ ချန်ထားခဲ့သော အမှတ်အသားလေး တစ်ခုတည်းကပင် သူတို့ကို ဖိနှိပ်ရန် လုံလောက်လှသည်။ အကယ်၍ ဤဒဏ္ဍာရီလာ မိစ္ဆာဘိုးဘေးမကြီးသာ လုံးဝ ကျဆုံးမသွားသေးဘဲ ဤအမှတ်အသားမှတစ်ဆင့် ကိုယ်ထည်အစစ်ကို စေလွှတ်လိုက်မည်ဆိုပါက သူတို့ မျှော်လင့်နေသော မျိုးနွယ်စု ပြန်လည်နိုးထရေးထက် သူတို့ရဲ့ နဂါးအရိုးတွေ စွပ်ပြုတ်အလုပ်ခံရဖို့က ပိုသေချာနေသည်။
နဂါးပညာရှင်များစွာသည် တစ်ကိုယ်လုံး တုန်ရင်လာပြီး ခေါင်းများကို အစွမ်းကုန် ငုံ့လိုက်ကြသည်။ အောက်က လူသားကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး မလိုအပ်ဘဲ ဘေးဒုက္ခ မဖိတ်ခေါ်မိစေရန် သူတို့ အလွန် သတိထားနေကြသည်။
နဂါးအားလုံးက သူတို့၏ ဦးခေါင်းများကို ညွှတ်ကာ ရိုသေစွာ ဆိုကြသည် "ကျွန်ုပ်တို့ နဂါးမျိုးနွယ်စုက သင့်ကို အရိုအသေပေးပါတယ် လေးစားအပ်တဲ့ အရှင်သခင်"
ခေါင်းလောင်းသံကြီးကဲ့သို့ ကျယ်လောင်လှသော အသံများသည် အရိုအသေပေးမှုများနှင့်အတူ ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေသည်။ ဤမြင်ကွင်းသည် ကူဟန် မျှော်လင့်ထားသည့်အတိုင်း ဖြစ်သော်လည်း မျှော်လင့်ထားသည်ထက် ပို၍ ခမ်းနားနေသည်။ စူလင်ယွီ၏ အမှတ်အသားက မည်မျှ အစွမ်းထက်သည်ကို သူ ကောင်းကောင်း သိလိုက်ပြီဖြစ်သည်။
"အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။"
ဂူဟန်က ပြုံးလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။ "မင်းတို့ကို မိနစ် ၃၀ အချိန်ပေးမယ် မင်းတို့ မျိုးနွယ်စုရဲ့ ရတနာတွေနဲ့ ပိုင်ဆိုင်မှု အားလုံးကို သိမ်းကြ။"
"ဒီနေ့ကစပြီး မင်းတို့အားလုံး ငါ့ရဲ့နဂါးဖြူနန်းဆောင်ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာရမယ်။" ဒါကို ကြားလိုက်ရတဲ့အခါ နဂါးကြီးတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ခေါင်းပေါ်မှာ မေးခွန်းသင်္ကေတတွေ အများကြီး ပေါ်လာပါတယ်။ ဒါက... အတင်းအဓမ္မ သိမ်းသွင်းလိုက်တာလား။
ဒါပေမဲ့ သူတို့က ကူဟန်ရဲ့ အပြုံးကို မြင်လိုက်ရတဲ့အပြင် သူ့လက်က အမှတ်အသားက တုန်ခါလာတာကို တွေ့လိုက်ရသည်။ အမှတ်အသားထဲကနေ မြီးကိုးစေး မြေခွေးပုံရိပ်ကြီးတစ်ခုဟာ ဟင်းလင်းပြင်ကို ဖျက်ဆီးပြီး ဆင်းသက်လာတော့မလို ထွက်ပေါ်လာတဲ့အခါမှာတော့ "အရှင်သခင်ရဲ့ အမိန့်ကို နာခံပါ့မယ်"
နဂါးအားလုံးဟာ ဘာမှ မငြင်းရဲဘဲ ဒူးထောက် အရှုံးပေးလိုက်ကြပါတော့သည်။ တိုက်လို့ မနိုင်ရင်တော့ ပူးပေါင်းလိုက်တာ အကောင်းဆုံးပဲ မဟုတ်လား။
နဂါးအမွေအနှစ် ပြင်ပ၌ယဲ့ချင်းယွမ်ဟာ မျက်မှောင်ကြုတ်ပြီး ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း စိုးရိမ်နေသည်။ ဆရာပိုင် ဘာလို့ အထဲမှာ အစပိုင်းကပဲ ဆူညံသွားပြီး အခု ဘာသံမှ မထွက်တော့တာလဲ။ ဟိုကောင်က အထဲက နဂါးတွေနဲ့ သဘောတူညီမှု ရသွားတာတော့ မဟုတ်ပါဘူးနော်။
"စိတ်အေးအေးထားပါ ချင်းယွမ်" ဆရာပိုင်က ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည် "ဟိုကောင်မှာ နဂါးအမှတ်အသား မရှိဘူး။ သူ ဘယ်လောက်ပဲ တော်တော် အထဲက နဂါးတွေရဲ့ အသိအမှတ်ပြုမှုကို မရနိုင်ပါဘူး"
ဟိန်း
စကားပင် မဆုံးသေးမီမှာပင် နဂါးကမ္ဘာရဲ့ အနက်ရှိုင်းဆုံးဆီကနေ မြေကမ္ဘာကို တုန်ခါစေတဲ့ နဂါးဟိန်းသံကြီးတွေ ပေါက်ကွဲထွက်လာသည်။ ကျောက်ဆောင်တွေ ပြိုကျပြီး မဟာနဂါး အရှိန်အဝါတွေဟာ ပင်လယ်လှိုင်းလုံးကြီးတွေလို ဟင်းလင်းပြင်ထဲကနေ အပြင်ဘက်ကို လျှံထွက်လာသည်။
"တွေ့လား ဟိုကောင် နဂါးမျိုးနွယ်စုကို ဒေါသထွက်အောင် လုပ်မိပြီထင်တယ်။ သူ အခု ပြဿနာတက်နေပြီ" ဆရာပိုင်က ထပ်ပြောသည်။
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာတော့ ဟင်းလင်းပြင်ကြီး တစ်ခုလုံး ပြိုကျသွားပြီး ကြီးမားလှတဲ့ နဂါးကြီးတွေဟာ နဂါးအရှိန်အဝါတွေနဲ့အတူ လျှို့ဝှက်နယ်မြေရဲ့ အကာအကွယ်ကို အတင်းဖျက်ဆီးပြီး အပြင်ဘက်ကို ပျံထွက်သွားကြတော့သည်။
နဂါးတွေဟာ သူတို့ရဲ့ နေရပ်ကို စွန့်ခွာမသွားခင်မှာ ရုပ်တုတစ်ခုလို မှင်သက်နေတဲ့ ယဲ့ချင်းယွမ်ကို မြင်လိုက်ကြသည်။ သူတို့ဟာ ယဲ့ချင်းယွမ်ဆီက အမှတ်အသားကို ကြည့်ပြီး သူဟာ မုန်တိုင်းနဂါးဘုရင် ရွေးချယ်ထားတဲ့ "ကံပါလာသူ" ဖြစ်မှန်း သိလိုက်သည်။
ယဲ့ချင်းယွမ်မှာ ကောင်းကင်ကို စိန်ခေါ်နိုင်တဲ့ "ရွှေနဂါးကံကြမ္မာ" ရှိနေပေမဲ့ ကူဟန်ရဲ့ ကံကြမ္မာက ပိုပြီး ထူးခြားနေတဲ့အပြင် အင်အားအကြီးဆုံး မိစ္ဆာဘိုးဘေးမကြီးရဲ့ အကာအကွယ်ကိုပါ ရထားတာပါ။ နှိုင်းယှဉ်ကြည့်ရင်တော့ ယဲ့ချင်းယွမ်က ရှုံးနိမ့်သူသာ ဖြစ်ပါတယ်။
"ဒါ... ဒါက"
နဂါးတွေ ကောင်းကင်ယံမှာ ပျောက်ကွယ်သွားတာကို ကြည့်ရင်း ယဲ့ချင်းယွမ် တစ်ယောက် ကြောင်အသွားသည်။ နဂါးအမှတ်အသား မရှိရင် အသိအမှတ်ပြုမှု မရဘူးဆို သူက နဂါးမျိုးနွယ်စုကို ဦးဆောင်မယ့် ကံပါလာသူဆို အခုတော့ သူ့ရဲ့ ကံကောင်းမှုတွေက သူ့ရှေ့တင် လွင့်ထွက်သွားပြီလား။
သူဟာ အစွန့်ပစ်ခံလိုက်ရတာလား သူ ဒီလောက် ပင်ပင်ပန်းပန်း ကြိုးစားခဲ့တာ နောက်ဆုံးမှာ ဘာမှ မရဘူးလား သူ့ရဲ့ စိတ်ဓာတ်တွေဟာ အကြီးအကျယ် ပြိုလဲသွားသည်။
"တောက် အဲဒီကောင်"
ယဲ့ချင်းယွမ် တစ်ယောက် ဆဲတော့မယ့် အချိန်မှာတင် ကောင်းကင်ကနေ အဖြူရောင် အရာတစ်ခု ဝဲကျလာပြီး သူ့မျက်နှာကို ဗြုန်းခနဲ လာမှန်သည်။ သူ လန့်ပြီး ဖမ်းကြည့်လိုက်တဲ့အခါ အဲဒါက ဖြူဖွေးတောက်ပနေတဲ့ နဂါးအကြေးခွံတစ်ခုပါ။
"ဒါ... ဒါက ဘာအဓိပ္ပာယ်လဲ"
"ဖြစ်နိုင်တာကတော့ ဟိုနဂါးတွေက မင်းကို သနားလို့ နှစ်သိမ့်တဲ့အနေနဲ့ ပေးခဲ့တာ ဖြစ်မှာပါ" ဆရာပိုင်ရဲ့ ရှင်းပြချက်က ပိုဆိုးသွားသည်။
ယဲ့ချင်းယွမ်ဟာ မျက်လုံးတွေ ပြာသွားပြီး သွေးအန်မတတ် ခံစားလိုက်ရသည်။ တောင်ပေါင်း သောင်းခြောက်ထောင် ကျော်ဖြတ်ပြီး အမွေအနှစ် လာရှာတာ နောက်ဆုံးတော့ နဂါးအကြေးခွံ တစ်ခုတည်းနဲ့တင် ပြီးသွားတာလား။