အခန်း (၉၃) သော့ခတ်ထားလိုက်တာက ပိုပြီးစိတ်အေးရစေတယ်
နူးညံ့ပျော့ပျောင်းသော်လည်း အေးစက်လှသော မိန်းကလေးတစ်ဦး၏အသံသည် ဟိန်းထွက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို တင်းကြပ်လေးလံသွားစေသည်။
အလယ်ပိုင်းတိုက်ကြီးတွင် အလွန်မြင့်မြတ်သော အဆင့်အတန်းရှိသည့် မြင့်မြတ်နယ်မြေမှ အကြီးအကဲတစ်ဦးပင်လျှင် ထိုမမြင်ရသော ဖိအားအောက်တွင် တစ်ကိုယ်လုံးတုန်ရင်နေပြီး ခေါင်းကို ပို၍ငုံ့ထားမိသည် တစ်ခွန်းမှပင် ပြန်မပြောရဲချေ။
သူသည် မြင့်မြတ်နယ်မြေမှ အကြီးအကဲဖြစ်သော်လည်း "ပျံသန်းနတ်ဘုရားနန်းဆောင်"ဟူသော နာမည်၏ အဓိပ္ပာယ်ကို ကောင်းကောင်းသိသည်။ ထိုနေရာမှ ပညာရှင်များသာ ရောက်လာလျှင် လျှို့ဝှက်နယ်မြေ၏ အကာအကွယ်ကို ဖျက်ဆီးပစ်ရန်မှာ မခက်ခဲလှပေ။ အထူးသဖြင့် ထိုနန်းဆောင်မှ နတ်ဘုရားမသည် အမြဲတမ်း ပြတ်သားရက်စက်ပြီး နောက်ဆက်တွဲကို ဘယ်သောအခါမှ ထည့်မတွက်တတ်သူဖြစ်သည်။
ခဏအကြာတွင် သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။
"ငါမင်းကို သတိထားကြည့်ခိုင်းထားတဲ့ ဓားရှာဖွေရေးဂိုဏ်းက ကူဟန်ရဲ့ သတင်းရော ရပြီလား"
ထိုအသံကို ကြားလိုက်ရချိန်တွင် အကြီးအကဲ၏ ခန္ဓာကိုယ်သည် ပို၍တုန်ရင်လာပြီး ရေခဲတွင်းထဲ ကျသွားသလို ခံစားလိုက်ရသည်။
"သတင်းပို့ပါတယ်နတ်ဘုရားမရှားပင်းလီ... အခုထိတော့"
သူသည် စကားပင် မဆုံးနိုင်အောင် ထစ်ငေါ့နေမိသည်။ အကယ်၍ နတ်ဘုရားမသာ စိတ်ဆိုးသွားပါက သူ့ခန္ဓာကိုယ်သည် ပြာဖြစ်သွားနိုင်သည် မဟုတ်လား။ အခြေအနေများ တင်းမာနေစဉ်မှာပင် သူသည် သတင်းတစ်ခုကို ရရှိလိုက်ပြီး အပျော်ကြီး ပျော်သွားကာ အမြန်လျှောက်တင်လိုက်သည်။
"နတ်ဘုရားမရှာပင်းလီကို သတင်းပို့ပါတယ် အခုလေးတင် နယ်မြေထဲက ထွက်လာတဲ့ ကျင့်ကြံသူတွေဆီက သတင်းရပါတယ်။ သူတို့က သခင်လေးကူဟန်ကို နယ်မြေထဲမှာ တွေ့ခဲ့တယ်လို့ ပြောပါတယ်။ သူ ဘာအန္တရာယ်မှ မရှိပါဘူး"
"ဒါ့အပြင် လျှို့ဝှက်နယ်မြေ ကမောက်ကမဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း သူတို့ သတင်းယူလာကြပါတယ်"
အကြီးအကဲသည် ယဲ့ချင်းယွမ်ကြောင့် သားရဲများသောင်းကျန်းရသည့် အဖြစ်မှန်ကို တစ်လုံးမကျန် သတင်းပို့လိုက်သည်။ ရှားပင်းလီသည် လျှို့ဝှက်နယ်မြေ အပြောင်းအလဲကို စိုးစဉ်းမျှ စိတ်မဝင်စားပေ။ သူမ၏ အာရုံအားလုံးသည် ကူဟန်ဆီမှာသာ ရှိသည်။
သို့သော် ကူဟန်သည် နယ်မြေထဲတွင် သားရဲများကို သတ်ဖြတ်ကာ ဟုန်ယဲ့ဂိုဏ်းမှ မုန့်ယင်ရွှယ်ကို ကယ်တင်ခဲ့သည်ဟူသော သတင်းကို ကြားလိုက်ရချိန်တွင် သူမ၏ လှပသော မျက်ခုံးတန်းလေးများမှာ တွန့်ချိုးသွားသည်။
သူမသည် မိန်းကလေးတစ်ဦးဖြစ်သည့်အတွက် အခြားမိန်းကလေးတစ်ဦး၏ အတွေးကို ကောင်းကောင်းသိသည်။ အန္တရာယ်ကြားမှ ကယ်တင်ခြင်းခံရသည့် ဇာတ်လမ်းသည် ရိုးအိနေသော်လည်း မိန်းကလေးတစ်ဦး၏ နှလုံးသားကို လှုပ်ခတ်ရန် လုံလောက်သည် မဟုတ်ပါလား။
ကူဟန်... ကူဟန်... ငါက အပြင်မှာ မင်းအတွက် စိုးရိမ်နေရတာ မင်းကတော့ အထဲမှာ အလှလေးတွေကို လိုက်ကယ်နေတာပေါ့။ သူမ၏ ရင်ထဲတွင် မနာလိုစိတ်များ တဟုန်ထိုး မြင့်တက်လာသည်။
ငယ်စဉ်ကတည်းက သူမသည် ပိုင်စိုးလိုစိတ် အလွန်ပြင်းထန်သူဖြစ်သည်။ ကူဟန်၏ နူးညံ့မှုနှင့် ကြင်နာမှုများသည် သူမတစ်ဦးတည်းအတွက်သာ ဖြစ်ရမည် အခြားသူ မည်သူမျှ မပိုင်ဆိုင်စေရ။
သူမ၏ နှုတ်ခမ်းအစုံသည် ထူးဆန်းသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ "တကယ်တော့ မင်း တစ်လောကလုံးကို စိုးမိုးနေတာကို ကြည့်နေရတာထက် မင်းကို ငါ့ဘေးနားမှာပဲ မြဲမြဲမြံမြံ သော့ခတ်ထားရတာကို ပိုသဘောကျတယ်"
တစ်ချိန်တည်းမှာပင် လျှို့ဝှက်နယ်မြေအတွင်း၌
"နဂါးအမွေအနှစ် နောက်ဆုံးတော့ ရှာတွေ့ပြီ"
ယခင်က တွေ့ခဲ့သော အမွေအနှစ်ထက် ဤနေရာက ပို၍ ကြီးကျယ်ခမ်းနားလှသည်။ ယဲ့ချင်းယွမ်သည် ထီပေါက်သလိုမျိုး အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
"အခုတော့ ဟိုအဘိုးကြီးပေးထားတဲ့ အမှတ်အသားကို သုံးပြီး တံခါးကိုဖွင့် အထဲမှာရှိတဲ့ နဂါးဘုရင်နဲ့ စာချုပ်ချုပ်လိုက်ရုံပဲ။ အဲဒါဆိုရင် ငါဟာ လူပေါင်းများစွာကို ကယ်တင်တဲ့ သူရဲကောင်းကြီးဖြစ်ပြီ"
ယဲ့ချင်းယွမ်သည် ကြီးမားလှသော တောင်ကြီးဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ထုံးတမ်းစဉ်လာအတိုင်း ရှေးဟောင်းကြေးနီတံခါးကြီးကို ခေါ်ယူလိုက်ပြီးနောက် သူ၏ ရင်ဘတ်မှ နဂါးဘုရင်အမှတ်အသားကို အသုံးပြုကာ တံခါးပေါ် လက်တင်လိုက်သည်။
ချက်ချင်းဆိုသလို ရေလှိုင်းများကဲ့သို့ စွမ်းအားများ ပြန့်နှက်သွားပြီး တံခါးကြီး ပွင့်သွားကာ ဟင်းလင်းပြင်ဝင်ပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ အထဲမှ ထွက်ပေါ်လာသော နဂါးအရှိန်အဝါနှင့် ဟိန်းသံကြီးကြောင့် ယဲ့ချင်းယွမ်၏ ဝိညာဉ်ပင် တုန်ခါသွားရသည်။ သူသည် အထဲသို့ ဝင်ရန် ခြေလှမ်းပြင်လိုက်စဉ် "ချင်းယွမ် အမြန်ရှောင် တစ်ယောက်ယောက် ခိုးတိုက်ခိုက်နေတယ်"
ဆရာပိုင်သတိမပေးခင်မှာပင် ယဲ့ချင်းယွမ်သည် ပြင်းထန်သော လေပွေလှိုင်းတစ်ခု သူ့ဆီ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ သူသည် ကျောပေါ်မှ အနက်ရောင်ဓားကြီးကို ဆွဲထုတ်ကာ အမြန်ကာကွယ်လိုက်သည်။
ဝုန်း
မမြင်ရသော လေလှိုင်းဖြစ်သော်လည်း ယခင်က တွေ့ခဲ့သော သားရဲကြီးများ၏ တိုက်ခိုက်မှုထက် ဆယ်ဆမက ပိုမိုအားကောင်းလှသည်။ ယဲ့ချင်းယွမ်၏ ခြေထောက်များသည် မြေကြီးထဲသို့ နစ်ဝင်သွားပြီး အရိုးများပင် ကျိုးအက်လုမတတ် ခံစားလိုက်ရသည်။
"ဘယ်ကကောင်လဲ ခိုးတိုက်ခိုက်ရုံပဲ သိတာလား သတ္တိရှိရင် ရှေ့ထွက်ခဲ့လေ"
ယဲ့ချင်းယွမ်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် ရန်သူက မည်သူမှန်း သိလိုသောကြောင့် တမင် ရန်စစကား ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သူမျှ ပြန်မဖြေချေ။
"ချင်းယွမ်"
ထိုအချိန်တွင် ဆရာပိုင်၏ စိတ်ပျက်အားလျော့သော အသံ ထွက်ပေါ်လာသည်။
"ငါ ပြောချင်တာက အဲဒီလူက မင်းကို ခိုးတိုက်ခိုက်ပြီး လမ်းကြောင်းလွှဲထားတဲ့အချိန်မှာ သူက မင်းထက် အရင်ဦးအောင် နဂါးဘုရင်ရှိတဲ့ ကမ္ဘာထဲကို ဝင်သွားပြီ"