အခန်း (၈၉) ကောင်းမှုပြုပြီး အကျိုးမမျှော်နဲ့ ဆိုတာဒါမျိုးလား
တစ်ချိန်တည်းမှာပင် ပြန်လည်မွေးဖွားခြင်း နတ်ဘုရားမှန်က ပြသခဲ့တဲ့အတိုင်း ကူဟန်ဟာ သားရဲလှိုင်းလုံးကြီးကို ဖြတ်ကျော်ပြီး သားရဲအမြောက်အမြားကို သတ်ဖြတ်နေသည်။
ဒီသားရဲတွေဟာ အသိစိတ်လွတ်နေပြီး စူးလင်ယွဲ့ပေးထားတဲ့ တံဆိပ်ရဲ့ ဖိနှိပ်မှုစွမ်းအားက လျော့နည်းသွားပေမဲ့ ကူဟန်ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့တင် ဒီသားရဲတွေကို သတ်ဖို့က သူ့အတွက် မခက်ခဲပါဘူး။ သူ့ကို စိတ်ပျက်မိစေတာကတော့ ယဲ့ချင်းယွမ်ဆိုတဲ့ ကောင်ပါပဲ။
အဲဒီကောင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ကြက်ပေါက်လေးတစ်ကောင်လို အားနည်းလှပေမဲ့ ဒီလို သားရဲတွေ သောင်းကျန်းနေတဲ့ကြားထဲမှာ အမြဲတမ်း တိုက်ဆိုင်မှုတွေနဲ့ အန္တရာယ်ကနေ ကံကောင်းထောက်မစွာ လွတ်မြောက်နေတာပါ။ သူ့ရဲ့ ကံကောင်းမှုကတော့ တကယ်ကို ပြောမပြတတ်အောင်ပါပဲ။
ဝုန်း
အဲဒီအချိန်မှာပဲ သူ့အနားကနေ ပြင်းထန်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်က ရူးသွပ်နေတဲ့ သားရဲတွေနဲ့ အသည်းအသန် တိုက်ခိုက်နေပုံရသည်။ မူလကတော့ ဂူဟန်ဟာ သူများကိစ္စထဲ ဝင်မပါချင်ပါဘူး။ ဒါပေမဲ့ အဲဒီနေရာက ထွက်ပေါ်နေတဲ့ စွမ်းအားလှိုင်းတွေက သစ်ရွက်နီဂိုဏ်းနဲ့ ဆက်စပ်နေသလို ခံစားရတာကြောင့် သူ ရပ်တန့်လိုက်သည်။
မိစ္ဆာမလေးဟွာကျဲယုက သူ့ကို ကူညီခဲ့ဖူးရုံတင်မကဘဲ လျှို့ဝှက်နယ်မြေထဲမှာ တွေ့သမျှ ဟုန်ယဲ့ဂိုဏ်းက တပည့်တွေဟာ ဟွာကျဲယုရဲ့ ညွှန်ကြားချက်အရ သူ့ကို ကူညီဖို့ အမြဲ ကမ်းလှမ်းခဲ့ကြသည်။ သူတို့က တကယ်တမ်း သူ့ကို အများကြီး မကူညီနိုင်ခဲ့ပေမဲ့ သူတို့အပေါ် ကူဟန်ရဲ့ အမြင်ကတော့ တော်တော်လေး ကောင်းပါတယ်။ ယဲ့ချင်းယွမ်ကလည်း အဲဒီဘက်ကို ဦးတည်နေတာ ဖြစ်နိုင်တာကြောင့် ကူဟန်ဟာ သစ်ရွက်နီဂိုဏ်းကလူတွေကို ကူညီဖို့ ဆုံးဖြတ်လိုက်သည်။
အခြားတစ်ဖက်မှာတော့ ယဲ့ချင်းယွမ်ဟာ နဂါးအမွေအနှစ်ဆီကို အပြေးသွားနေရင်း ပေါက်ကွဲသံကို ကြားလိုက်ရသည်။ မိန်းကလေးအချို့ရဲ့ အော်ဟစ်သံကိုလည်း သူ ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
"တစ်ယောက်ယောက် သားရဲတွေနဲ့ တိုက်နေတာလား" သူဟာ အခြေအနေကို သွားကြည့်ချင်နေသည်။ ဖြစ်နိုင်ရင် "သူရဲကောင်းက အလှလေးကို ကယ်တင်ခြင်း" ဆိုတဲ့ ဇာတ်ကွက်မျိုးနဲ့ အလှလေးတစ်ယောက်နဲ့ ဆုံချင်နေတာပါ။
"ဘယ်အချိန်ရှိနေပြီလဲ"
ဆရာပိုင်ရဲ့ အသံက သူ့စိတ်ထဲမှာ ဟိန်းထွက်လာသည် "သူများကိစ္စ ဝင်မပါနဲ့ ငါ့ရဲ့ အခုရှိတဲ့ အစွမ်းက မင်းတစ်ယောက်တည်းကိုပဲ ကာကွယ်ပေးနိုင်တာ။ အရေးကြီးဆုံးက နဂါးအမွေအနှစ်ဆီသွားပြီး နဂါးဘုရင်နဲ့ စာချုပ်ချုပ်ဖို့ပဲ။ အဲဒါပြီးမှ မင်း လူအများကြီးကို ကယ်နိုင်မှာ"
ယဲ့ချင်းယွမ်လည်း စိတ်လျှော့လိုက်သည်။ ဟုတ်ပါတယ် သူ နဂါးဘုရင်ကို ပိုင်ဆိုင်သွားရင် လူအများကြီးကို ကယ်နိုင်တဲ့ "ကယ်တင်ရှင်" ဖြစ်လာမှာပါ။ ဒီဘေးဒုက္ခက သူ့ကြောင့် စတာဆိုပေမဲ့ ယဲ့ချင်းယွမ်ရဲ့ ထူးဆန်းတဲ့ အတွေးအခေါ်အရတော့ သူက ကယ်တင်ရှင်ပဲ ဖြစ်ရပါမယ်။
ဝုန်း
မီးတောက်တွေနဲ့ ဖုန်မှုန့်တွေကြားမှာ သားရဲအလောင်းတွေ မြေပေါ်ကို ပြုတ်ကျနေသည်။ ဒီတိုက်ပွဲက အရမ်းကို ပြင်းထန်ပြီး နေရာအနှံ့မှာ သွေးတွေ အူတွေနဲ့ ပြည့်နှက်နေလေသည်။
သစ်ရွက်နီဂိုဏ်းက တပည့်တွေနဲ့ အခြားဂိုဏ်းက တပည့်အချို့ဟာ သားရဲလှိုင်းလုံးကြီးကို အသည်းအသန် ခုခံနေကြသည်။ အဲဒီအထဲမှာ အထင်ရှားဆုံးကတော့ လက်ထဲမှာ ဓားတစ်စင်းကို ကိုင်ထားတဲ့ အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်ပါ။
အမှန်တော့ သူမဟာ အနီရောင်ဝတ်စုံ ဝတ်ထားတာလို့တောင် ထင်ရသည်။ ဘာလို့လဲဆိုတော့ သူမရဲ့ ဖြူစင်တဲ့ ဝတ်စုံဟာ သားရဲသွေးတွေ သူမရဲ့ သွေးတွေနဲ့ ရဲရဲနီနေလို့ပါပဲ။ သူမရဲ့ ဓားဟာလည်း သားရဲတွေ အများကြီး သတ်ခဲ့ရလို့ အသွားတွေ တုံးကုန်ပါပြီ။
"အစ်မကြီး မုန့်ယင်ရွှယ်"
ကျွန်မကို ဒီမှာပဲ ထားခဲ့ပါတော့ ကျွန်မ တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး ကျွန်မကို သားရဲတွေအတွက် အစာအဖြစ် သုံးပြီး အစ်မကြီးတို့ လွတ်အောင် ပြေးကြပါ။
သစ်ရွက်နီဂိုဏ်းက တပည့်မလေးတစ်ယောက်က အားနည်းစွာ ပြောလိုက်သည်။ သူမရဲ့ လက်တစ်ဖက်က ပြတ်နေပြီး ခြေထောက်တစ်ဖက်လည်း မရှိတော့ပါဘူး။
"မရဘူး ငါ မင်းကို အတူတူ ပြန်ခေါ်သွားမယ် မင်းကို ကာကွယ်ပေးမယ်လို့ ဆရာ့ကို ငါ ကတိပေးခဲ့တယ်"
မုန့်ယင်ရွှယ်က သူမရဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဆက်တိုက်ဖို့ ပြင်လိုက်သည်။
အဲဒီအချိန်မှာပဲ...
"အားလုံးပဲသားရဲတွေ နည်းနည်း လျော့သွားပြီ ငါ သားရဲတွေကို ဆွဲခေါ်သွားပေးမယ် မင်းတို့ အမြန်ပြေးကြတော့"
*ယဲ့ချင်းယွမ်ရုတ်တရက် ပေါ်လာသည်။ သူက "မတရားတာ မြင်ရင် မကူညီဘဲ မနေနိုင်တဲ့ မဟာလူသား" စိတ်ဓာတ်နဲ့ လမ်းကြောင်းပြောင်းပြီး လာခဲ့တာပါ။ တကယ်တမ်းမှာတော့ မုန့်ယင်ရွှယ်ရဲ့ အလှကို မြင်ပြီး သူကူညီချင်သွားတာပါ။
မုန့်ယင်ရွှယ်ဟာ သွေးတွေ စွန်းပေနေပေမဲ့ သူမရဲ့ အလှက စစ်မြေပြင်က နတ်ဘုရားမတစ်ပါးလို ဆွဲဆောင်မှု ရှိနေသည်။ ယဲ့ချင်းယွမ်က သားရဲအချို့ကို ဆွဲခေါ်သွားပြီး "ကောင်းမှုပြုပြီး အကျိုးမမျှော်နဲ့" ဆိုတဲ့ ပုံစံမျိုးနဲ့ ပြေးထွက်သွားသည်။
ဒါပေမဲ့ မုန့်ယင်ရွှယ်နဲ့ အခြားလူတွေကတော့ မှင်သက်သွားကြသည်။ ဟုတ်ပါတယ် ဒီကောင်က သူတို့ကို ဝိုင်းထားတဲ့ သားရဲအချို့ကို ဆွဲခေါ်သွားတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီကောင်ရဲ့ နောက်မှာ ပါလာတဲ့ သားရဲအုပ်ကြီးက သူတို့ဆီမှာ ရှိတာထက် ဆယ်ဆလောက် ပိုများပြီး ပိုကြောက်စရာကောင်းနေတာပါ။
ဒါက ကူညီတာ မဟုတ်ပါဘူး။ သူတို့ကို သေတွင်းထဲ အတင်းတွန်းပို့လိုက်တာပါ။
"ယဲ့ချင်းယွမ်... အဲဒါ ယဲ့ချင်းယွမ်ပဲ"
ထိုက်ရွှမ် မြတ်သောမြေက ဝမ်ထိန်က အော်ဟစ်ဆဲဆိုလိုက်သည်။
"မင်း... မင်းလို ကောင်မွေးတာထက် ခွေးမွေးတာကမှ မြတ်ဦးမယ်"
မင်းကြောင့် ဒီသားရဲတွေ သောင်းကျန်းကုန်တာ အခုလည်း သားရဲအုပ်ကြီးကို ငါတို့ဆီ တမင် ဆွဲခေါ်လာတယ်ပေါ့လေ မင်းကို ငါ သေသွားရင်တောင် သရဲခြောက်ဦးမယ်။