အခန်း (၈) မိစ္ဆာချုပ်နှောင်ရာ မျှော်စင်၏ (၁၉) ထပ်မြောက်
စနစ်၏ ကြေညာချက်ကြောင့် ကူဟန်လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ရှေ့က ဆုလာဘ်များမှာ အလွန်ကောင်းမွန်သော်လည်း နောက်ဆုံးမှ ပေးသည့် အထူးဆုလာဘ် "သော့တံ" တစ်ခုက ဘာကို ဆိုလိုတာနည်း နောက်ထပ် အထူးဆုလာဘ်များ ရဖို့က ကိုယ့်ကံတရားပေါ်မှာပဲ မူတည်နေတာလား။
"(၁၉) ထပ်မြောက် မိစ္ဆာချုပ်နှောင်ရာ မျှော်စင်"
ကူဟန်သည် အချက်အလက်များကို ပြန်လည်သုံးသပ်ကြည့်လိုက်သည်။ သူသိထားသမျှ ဤမျှော်စင်တွင် (၁၈) ထပ်သာ ရှိသည်။
သူကိုယ်တိုင်လည်း အရင်ဘဝက (၄) ထပ်မြောက်အထိသာ ရောက်ဖူးခဲ့သည်။ (၄) ထပ်မြောက်သို့ ရောက်ရန်ပင် အနည်းဆုံး ယူနီတီအဆင့် ကျင့်ကြံသူ ဖြစ်ရန် လိုအပ်သည်။ သူကဲ့သို့ ဝိညာဉ်နန်းတော်အဆင့်နှင့် ရောက်လာခြင်းမှာ ထူးခြားလှသည်။
[ဒေါင် မိတ်ဆွေသဖွယ် သတိပေးချက်: (၁၉) ထပ်မြောက်ဆိုသည်မှာ (၁၈) ထပ်၏ အပေါ်တွင် ရှိသည်မဟုတ်ဘဲ အရှင်သခင်၏ ခြေဖဝါးအောက်တည့်တည့်တွင် ရှိနေခြင်းဖြစ်ပါသည်။]
"ခြေဖဝါးအောက်မှာ"
သူသည် စနစ်၏ ညွှန်ကြားချက်အတိုင်း ရှာဖွေကြည့်ရာ ဖုန်မှုန့်နှင့် ရွှံ့များအောက်တွင် ဝှက်ထားသော သော့အိမ်တစ်ခုကို တွေ့လိုက်ရသည်။ သူသည် စနစ်မှရသော ကြေးဝါသော့တံကို ထည့်၍ လှည့်လိုက်သည်။
ဂလောက်
တိတ်ဆိတ်နေသော မျှော်စင်အတွင်း အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ထူးဆန်းသော အဖြစ်အပျက်များ စတင်လာသည်။
ဟုန်းဟုန်းတောက်နေသော မိစ္ဆာစွမ်းအားများမှာ ချက်ချင်း ငြိမ်သက်သွားပြီး မျှော်စင်နံရံရှိ ရှေးဟောင်း စာသားများမှာ အလင်းတောက်ပလာသည်။ တစ်မျှော်စင်လုံးမှာ အသက်ဝင်လာသကဲ့သို့ တုန်ခါလာပြီး အထက်ထပ်ရှိ မိစ္ဆာကြီးများပင် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
အပြင်လောကတွင် မျှော်စင်၏ ရုတ်တရက် တုန်ခါမှုကြောင့် ဂိုဏ်းတစ်ခုလုံး ပွက်လောရိုက်သွားသည်။ မိစ္ဆာကြီးများ တံဆိပ်ကို ဖျက်ဆီးပြီး ထွက်လာမည်ကို စိုးရိမ်သဖြင့် အဆင့်မြင့် အကြီးအကဲများက တံဆိပ်ကို ပိုမိုခိုင်မာအောင် ပြုလုပ်ရန် စီစဉ်ကြသည်။
"ဟန်အာ... ဟန်အာ အထဲမှာ ရှိနေသေးတယ်"
မူဗိုင်လင်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေမိသည်။ အကယ်၍ အကြီးအကဲများက တံဆိပ်ကို ထပ်မံ အင်အားဖြည့်လိုက်လျှင် မျှော်စင်ပြန်ပွင့်ရန် အချိန်အကြာကြီး စောင့်ရပေတော့မည်။ ကူဟန် အသက်ရှင်ဖို့ မျှော်လင့်ချက်မှာ လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။
"ဗိုင်လင်း အခုမှ ဘာတွေ လာလုပ်နေတာလဲ" ဂိုဏ်းချုပ်ကြီးက ဒေါသတကြီး ပြောလိုက်သည်။
"ဒါမင်းကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းပဲ မဟုတ်လား သူထွက်သွားတုန်းက ဘာလို့ မတားခဲ့တာလဲ အခုမှ နောင်တရနေတာက ဘာထူးမှာလဲ မင်းက ကလေးမဟုတ်တော့ဘူး ကိုယ်တိုင်ဆုံးဖြတ်ခဲ့တဲ့ လုပ်ရပ်အတွက် တာဝန်ယူရမယ်"
မူဗိုင်လင်းမှာ ဘာမှပြန်မပြောနိုင်ဘဲ မျက်ရည်ဝဲနေမိသည်။ သူမသည် ဆရာတစ်ယောက်အနေဖြင့် အလွန်ပင် တန်ဖိုးနည်းသော လုပ်ရပ်ကို လုပ်ခဲ့မိပြီ ဖြစ်သည်။
"အစ်ကိုကြီး"
လျိုယုရန်၊ ချူးယိုဝေ နှင့် အခြားသူများလည်း မျှော်စင်နားသို့ စုဝေးလာကြသည်။ အကြီးအကဲများ တံဆိပ်ကို အထပ်ထပ် ခတ်နေသည်ကို ကြည့်ရင်း သူတို့၏ရင်ထဲတွင် နောင်တများ စတင် စိမ့်ဝင်လာသည်။
အတိတ်ကို သူတို့ ပြန်သတိရလာကြသည်။ သူတို့ ငယ်စဉ်က အခြားတောင်ထိပ်မှ တပည့်များ၏ အနိုင်ကျင့်ခြင်းကို ခံရတိုင်း အစ်ကိုကြီး ကူဟန်မှာ ဓားတစ်လက်တည်းဖြင့် အခြားတောင်ထိပ်များသို့ တက်ကာ သူတို့အတွက် ရင်ဆိုင်ပေးခဲ့သည်။
အစ်ကိုကြီး၏ အဖြူရောင်ဝတ်စုံမှာ သွေးချင်းချင်းနီအောင် တိုက်ခိုက်ခဲ့ရသည်ကို သူတို့ မှတ်မိနေသေးသည်။
သူတို့ ကျင့်စဉ်အတွက် ဆေးဝါးများ လိုအပ်တိုင်းလည်း အစ်ကိုကြီးမှာ အသက်အန္တရာယ်ကို မမှုဘဲ လျှို့ဝှက်နယ်မြေများထဲ ဝင်ကာ ရှာဖွေပေးခဲ့သည်။ သူတို့အတွက် အကောင်းဆုံး ဆေးလုံးများရဖို့ ဆေးဖော်စပ်ခန်းထဲမှာ သုံးရက်သုံးညတိုင်တိုင် အပင်ပန်းခံ ဖော်စပ်ပေးခဲ့သည်။အခြားဂိုဏ်းသူများမှာ ထိုကဲ့သို့ အစ်ကိုကြီးမျိုး ရထားသည့် သူတို့ကို အမြဲတမ်း မနာလို ဖြစ်ခဲ့ကြသည်။
ဒါပေမဲ့... အခု သူတို့ ဘာလုပ်ခဲ့ကြတာလဲ သူတို့ကို အစစ်အမှန် ဂရုစိုက်ခဲ့သည့် အစ်ကိုကြီးကို ဘယ်သူမှ မယုံကြည်ပေးခဲ့ကြဘဲ သေတွင်းထဲသို့ တစ်ယောက်တည်း လွှတ်လိုက်မိပြီ။
"ညီမလေးတို့... စည်းကမ်းထိန်းသိမ်းရေး ခန်းမကို လိုက်ခဲ့ပါဦး အကြီးအကဲက မေးစရာရှိလို့ပါ"
စည်းကမ်းထိန်းသိမ်းရေး တပည့်များက သူတို့ကို အေးစက်စွာ လာခေါ်ကြသည်။
ယခင်က ကူဟန်ရှိစဉ်က အစ်ကိုကြီးကို အားနာသဖြင့် သူတို့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့သော်လည်း ယခုမူ အကြည့်များမှာ ရွံရှာမှုများ ပြည့်နှက်နေသည်။
"ငါ သိသားပဲ အစ်ကိုကြီးကူက မတရား အကွက်ဆင်ခံရတာ သူက အဲဒီလိုလူမျိုး မဟုတ်ဘူး"
"ကြားတာတော့ အစ်မကြီးလျိုယုရန်က သက်သေအမှားတွေ ပေးပြီး အစ်ကိုကြီးကို ထောင်ချောက်ဆင်လိုက်တာတဲ့ ရွံစရာကောင်းလိုက်တာ"
"အစ်ကိုကြီးကူက သူမအပေါ် ဘယ်လောက်ကောင်းခဲ့လဲ။ ကျေးဇူးကန်းလိုက်တာ"
ဝန်းကျင်ရှိ တပည့်များ၏ ကဲ့ရဲ့သံများကြောင့် လျိုယုရန်မျက်နှာ ဖြူလျော့သွားသည်။
သို့သော် သူမ၏ ရင်ထဲတွင်မူ "မောင်လေးယဲ့က ပြောတာပဲလေ သားရဲက အရင်တိုက်ခိုက်တာလို့။မောင်လေးယဲ့က ရိုးသားတဲ့သူပဲ သူငါ့ကို လိမ်မှာ မဟုတ်ပါဘူး" ဟု ဆက်လက် ယုံကြည်နေဆဲ ဖြစ်သည်။