အခန်း (၇၇) ဆယ်နှစ်စာ ကြွားခဲ့သမျှ ဘယ်သူမှမသိ
မြောက်ပင်လယ်ဒေသ အချိန်အတော်ကြာ စဉ်းစားဆင်ခြင်ပြီးနောက် မူပိုင်လင်ဟာ သူမရဲ့ဆရာဖြစ်သူထိုက်ရွှီဓားသခင်ရဲ့ လမ်းညွှန်မှုနဲ့အတူ ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်ရှိရာ နေရာကို အမြန်ဆုံး ရောက်ရှိလာခဲ့သည်။
ဒီရှေးဟောင်းကျောင်းတော်ဟာ မြို့တစ်မြို့ထက်စာရင် သမုဒ္ဒရာထဲမှာ ပေါလောပေါ်နေတဲ့ ကျွန်းတစ်ကျွန်းနဲ့ ပိုတူသည်။
အကာအကွယ် အစီအရင်ကြီးကြီးမားမား မရှိသလို ထင်ရပေမဲ့ အရပ်မျက်နှာအနှံ့ကနေ ထူးခြားတဲ့ အလင်းတန်းတွေ ထွက်ပေါ်နေပြီး ကျောင်းတော်အတွင်းကနေ ရွှေရောင်ဗုဒ္ဓအလင်းတန်းတွေက အချိန်နဲ့အမျှ လင်းလက်နေသည်။
ကျောင်းတော်ရဲ့ ဂေါပကရဟန်းတစ်ပါးရဲ့ လမ်းညွှန်မှုနဲ့အတူ ထိုက်ရွှီဓားသခင်နဲ့ မူပိုင်လင်တို့ဟာ ပင်မကျောင်းဆောင်ကြီးဆီကို ဝင်ရောက်လာကြသည်။
မကြာခင်မှာပဲ သူတို့ရှေ့မှာ ခန့်ညားထည်ဝါလှတဲ့ စေတီတော်ကြီးတစ်ဆူ ပေါ်လာပြီး အဲဒီစေတီတော်ကနေ လေးနက်လှတဲ့ ဗုဒ္ဓတရားတော်ရဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေသည်။
စေတီတော်ရှေ့မှာတော့ ရဟန်းအများအပြားဟာ တရားထိုင်တာ ပုတီးစိပ်တာတွေ လုပ်နေကြပြီး လောကီရေးရာ အပူအပင်တွေ ကင်းစင်နေတဲ့ ပုံစံမျိုး ရှိကြသည်။
"အမိတာဗုဒ္ဓ... ဒကာတော်လီ ဒီလောက်ဝေးတဲ့နေရာကနေ ဘယ်ကိစ္စနဲ့ အရောက်လာခဲ့တာလဲ"
စေတီတော်အောက်မှာ ရပ်နေတဲ့ ရှေးဟောင်းသင်္ကန်းဝတ် ကျောင်းထိုင်ဆရာတော်ဂူထောက ကရုဏာတရားအပြည့်နဲ့ မေးမြန်းလိုက်သည်။
"ဆရာတော်ဂူထော ကျွန်တော် ဒီနေ့ လာရတဲ့ အကြောင်းရင်းကတော့"
ထိုက်ရွှီဓားသခင်ဟာ ဘေးနားမှာရှိတဲ့ မူပိုင်လင်ကို ရှုပ်ထွေးတဲ့ အကြည့်နဲ့ ကြည့်ပြီးမှ ဆက်ပြောလိုက်သည် "တပည့်မလေးရဲ့တာအိုနှလုံးသားကို ပြုပြင်ဖို့ ကိစ္စ ဆွေးနွေးချင်လို့ပါ"
မူပိုင်လင်ဟာ သူမဆရာ ဘာတွေးနေလဲဆိုတာ မသိပါဘူး။ သူမရဲ့ မှေးမှိန်နေတဲ့ မျက်လုံးတွေဟာ အဲဒီအချိန်မှာ ဝင်းလက်သွားသည်။ ဒီကျောင်းတော်က ဆရာတော်ဂူထောဟာ တရားဓမ္မနဲ့ ပတ်သက်ရင် အလွန်နှံ့စပ်တယ်လို့ သူမ ကြားဖူးသည်။
ဒီမှာသာ တရားစာတွေ ရနိုင်ရင် ငါ့တပည့်လေး (ဂူဟန်) ရဲ့ ပျက်စီးနေတဲ့ စိတ်ဓာတ်ကို ပြုပြင်ပေးပြီး အရင်လို ပုံစံမျိုး ပြန်ဖြစ်အောင် လုပ်ပေးနိုင်မှာပဲ လို့ သူမက တွေးနေမိသည်။
ထိုက်ရွှီဓားသခင်ကတော့ မူပိုင်လင်ရဲ့ မျက်နှာအမူအယာ ပြောင်းလဲသွားတာကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူမဟာ တကယ်ပဲ စိတ်ရောဂါ အပြင်းအထန် ခံစားနေရတာပါ။
အခုအချိန်ထိ သူမဟာ ဂူဟန်အတွက်မဟုတ်ဘဲ မိမိကိုယ်ကိုယ် ကုသဖို့ လာတာဆိုတာကို သူမ ကိုယ်တိုင်တောင် မသိသေးပါဘူး။
အလယ်ပိုင်းတိုက်ကြီး လျှို့ဝှက်နယ်မြေအတွင်း၌
ဝုန်း
မြေပြင်တွေ တုန်ခါနေပြီး မိစ္ဆာတွေရဲ့ ဟိန်းဟောက်သံတွေက ဆူညံနေသည်။
"ပြေး... ပြေးကြ မိစ္ဆာအုပ်ကြီး လာနေပြီ"
ယဲ့ချင်းယွမ်ကြောင့် ဖြစ်ပေါ်လာတဲ့ မိစ္ဆာလှိုင်းလုံးကြီးဟာ အခြေအနေမှန်ကို မသိတဲ့ ကျင့်ကြံသူ အများအပြားကိုပါ ထိခိုက်စေသည်။
တောင်ပေါ်က လိမ့်ဆင်းလာတဲ့ နှင်းလုံးကြီးလိုပဲ ပြေးလွှားနေရတဲ့ လူအရေအတွက်ဟာ ပိုပိုများလာသည်။
"တောက် ဘာတွေ ဖြစ်နေတာလဲ"
"လျှို့ဝှက်နယ်မြေထဲ ရောက်တာ တစ်လတောင် မပြည့်သေးဘူး ဘာလို့ မိစ္ဆာလှိုင်းလုံးကြီး ဖြစ်နေရတာလဲ"
"ယဲ့ချင်းယွမ်လေ ဝမ်ကျန့်ဂိုဏ်းက အဲဒီလေကြီးတဲ့ကောင် ယဲ့ချင်းယွမ်က မိစ္ဆာတစ်ရာတောင်ကြားမှာ အစွမ်းပြချင်လို့ သွားတာ အခုတော့ အစွမ်းမပြနိုင်တဲ့အပြင် မိစ္ဆာတွေအကုန်လုံးကို ဒေါသထွက်အောင် လုပ်လိုက်ပြီ"
"မသေလို့ ပြန်တွေ့ရင်တော့ အဲဒီကောင်ကို သတ်ပစ်မယ်"
အသက်လုပြေးနေရတဲ့ ကျင့်ကြံသူ အများအပြားဟာ ယဲ့ချင်းယွမ်အပေါ် အကြီးအကျယ် နာကျည်းနေကြသည်။ ဒါဟာ ကူဟန်ကြိုတင် စီစဉ်ထားတဲ့အတိုင်းပါပဲ။
မူလဇာတ်လမ်းမှာ ယဲ့ချင်းယွမ်ဟာ ဒီတောင်ကြားမှာ အစွမ်းပြပြီး နာမည်ကျော်ခဲ့ပေမဲ့ အခုတော့ ကူဟန်ရဲ့ နှောင့်ယှက်မှုကြောင့် "ဆယ်နှစ်စာ ကြွားခဲ့သမျှ ဘယ်သူမှမသိ တစ်ရက်လေး အရှက်ကွဲတာနဲ့ တစ်ကမ္ဘာလုံးသိ" ဆိုသလို နာမည်ပျက်နဲ့ ကျော်ကြားသွားပါပြီ။
[ဒင် ပိုင်ရှင်၏ လုပ်ရပ်ကြောင့် ယဲ့ချင်းယွမ်အပေါ် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ ဒေါသထွက်နေကြပါသည်။ ဗီလိန်မှတ် ၅၀၀၊ ၅၀၀၊ ၇၀၀... အသီးသီး ရရှိပါသည်]
[ဒင် ဇာတ်လိုက်မများဖြစ်သော ချူယိုဝေ၊ လျိုရုယန် နှင့် လော့ပိုင်ကျိတို့၏ ယဲ့ချင်းယွမ်အပေါ် နှစ်သက်မှု အကြီးအကျယ် ကျဆင်းသွားပါသည်။ ဗီလိန်မှတ် ၃၀၀၀ ရရှိပါသည်]
ဂူဟန်ဟာ စနစ်ရဲ့ အကြောင်းကြားစာတွေကို နားထောင်ရင်း ကျေနပ်စွာ ပြုံးလိုက်သည်။အစီအစဉ်က အောင်မြင်ရုံတင်မက ဆုလာဘ်တွေပါ အများကြီး ရလိုက်တာပါ။
မလှမ်းမကမ်းရှိ နေရာတစ်ခု၌
"ချင်းယွမ်မောင်လေးက ဒီလောက်အထိ အပေါ်ယံဆန်ပြီး အခွင့်အရေးသမား ဖြစ်မယ်လို့ ငါ လုံးဝ မထင်ထားဘူး"
"ဒီနေ့တော့ ငါ မျက်စိပွင့်သွားပါပြီ"
လော့ပိုင်ကျိရဲ့ မျက်နှာမှာ ဒေါသနဲ့ စိတ်ပျက်မှုတွေ ပြည့်နှက်နေသည်။ ယဲ့ချင်းယွမ် အစွမ်းပြချင်လို့ မိစ္ဆာလှိုင်းလုံးကြီး ဖြစ်အောင် လုပ်လိုက်တဲ့ သတင်းဟာ သူမတို့ဆီကိုလည်း ရောက်လာခဲ့တာပါ။
သူမရဲ့ မောင်လေးဟာ ဒီလောက်အထိ လေလုံးထွားပြီး ကိုယ့်အရည်အချင်းကိုယ် မသိတဲ့သူဖြစ်နေမှန်း သူမ အရင်ကမသိခဲ့ပါဘူး။
လျိုရုယန်ကတော့ ဘာမှပြန်မပြောပေမဲ့ သူမရဲ့ မျက်လုံးထဲမှာလည်း စိတ်ပျက်မှုတွေ အထင်သားပါပဲ။ သူတို့ဟာ ယဲ့ချင်းယွမ်နဲ့ တစ်ဂိုဏ်းတည်းသား ဖြစ်ရတာကိုတောင် ရှက်နေကြပါပြီ။
"ထားလိုက်ပါ ယဲ့ချင်းယွမ် လုပ်ခဲ့တဲ့ ပြဿနာကို သူဘာသာသူ ဖြေရှင်းပါစေ။ ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်က ရှေးဟောင်းအမွေအနှစ်တွေကို ရှာဖို့ပဲ။ ဆရာ့ရဲ့ တရားနှလုံးသားကို ပြန်ပြုပြင်ပေးနိုင်မယ့် နည်းလမ်းကို ရှာဖို့က ပိုအရေးကြီးတယ်" လို့ လျိုရုယန်က ပြောလိုက်သည်။ သူတို့အတွက်တော့ ဆရာ့ကိစ္စက ပထမ ကျန်တာက ဒုတိယပါပဲ။
အလယ်ပိုင်းတိုက်ကြီး၏ နေရာတစ်ခု၌။
အသက်လုပြေးခဲ့ရတဲ့ တိုက်ပွဲအပြီးမှာတော့ ယဲ့ချင်းယွမ်နဲ့ လင်ရွှမ်ယွဲ့တို့ဟာ မြေပြင်ပေါ်မှာ ထိုင်ပြီး အမောတကော အသက်ရှူနေကြသည်။
သူတို့နှစ်ယောက်လုံးဟာ ဖုန်တထောင်းထောင်းနဲ့ အတော်လေးကို သနားစရာကောင်းတဲ့ ပုံစံ ဖြစ်နေသည်။
"ယဲ့ချင်းယွမ်"
လင်ရွှမ်ယွဲ့ဟာ အမောတကောနဲ့ အော်လိုက်ပါသည်။ သူမသာ အားရှိနေရင် ဒီလူ့ကို ပါးရိုက်ပစ်ချင်နေပါပြီ။
"တော်ပြီ တော်ကြစို့ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဒီမှာတင် ပြီးပြီ"
ယဲ့ချင်းယွမ်နောက်ကို လိုက်ခဲ့မိတဲ့ ပြီးခဲ့တဲ့ ရက်တွေမှာ သူမ ဘာမှမရခဲ့တဲ့အပြင် အခုဆိုရင် အသက်တောင် သေလုနီးပါး ဖြစ်ခဲ့ရပါပြီ။ သူမဟာ တကယ့်ကို ထိတ်လန့်သွားပြီး ယဲ့ချင်းယွမ်ဆိုတဲ့ လူကိုကြောက်တောင် ကြောက်သွားပါပြီ။