အခန်း (၆) ငါ တကယ်ပဲ မှားသွားခဲ့တာလား
မျှော်လင့်မထားသော အလှည့်အပြောင်းကြောင့် စောင့်ကြည့်နေကြသည့် တပည့်များသာမက မူဗိုင်လင်းကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။
အခြေအနေများ ဤမျှအထိ ဆိုးရွားသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ သူတို့၏ အစ်ကိုကြီးသည် မိစ္ဆာချုပ်နှောင်ရာ မျှော်စင်ထဲသို့ ကိုယ့်သဘောဖြင့် ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ရုံသာမက ဆရာမပေးထားသော ဓားကိုပင် ပြန်အပ်ခဲ့သည်။
ကျွေးမွေးပြုစုခဲ့သော ကျေးဇူးများကို ပြန်ဆပ်ပြီးလျှင် တစ်ယောက်နှင့်တစ်ယောက် ဘာမှမပတ်သက်တော့ရန် ကတိဆိုသွားခဲ့သည်။
ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဆရာနှင့် တပည့်အဖြစ်မှ အပြတ်အသတ် လမ်းခွဲလိုက်ခြင်းပင် မဟုတ်ပါလား။
ခန်းမ၏ အလယ်ဗဟို ပလ္လင်ပေါ်တွင် ထိုင်နေသော အေးစက်လှပသည့် အမျိုးသမီးကို လူတိုင်းက မသိမသာ ခိုးကြည့်လိုက်ကြသည်။ သူမ၏ မျက်ဝန်းထဲမှ ဒေါသနှင့် စိတ်ပျက်မှုများမှာ ပျောက်ကွယ်သွားပြီး အစားထိုးဝင်ရောက်လာသည်မှာ မယုံကြည်နိုင်မှုများပင် ဖြစ်သည်။
သို့သော် ထိုမယုံကြည်နိုင်မှုမှာ မကြာမီမှာပင် ထိတ်လန့်တုန်လှုပ်မှုနှင့် ဝေခွဲမရဖြစ်မှုများအဖြစ် ပြောင်းလဲသွားသည်။
သူမသည် သူမ၏ တပည့်ကို အမှားဝန်ခံစေချင်ရုံသာ ဖြစ်သည်။ သူမ ထင်ထားသည့်အတိုင်းလည်း အမှားဝန်ခံလာခဲ့သည်။ သို့သော် ထိုအချိန်တွင် သူမ၏ ရင်ဘတ်ထဲသို့ အပ်များဖြင့် ထိုးဆိုက်လိုက်သကဲ့သို့ နာကျင်မှုနှင့် ထိန်းမရသော ထိတ်လန့်မှုများက သူမကို ဝါးမြိုသွားခဲ့သည်။
အထူးသဖြင့် ခန်းမအလယ်တွင် စိုက်ဝင်နေသော အဖြူရောင်ဓားကို ကြည့်ရင်း အတိတ်က အမှတ်ရစရာများမှာ သူမ၏ စိတ်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာပြီး အသက်ရှူရကျပ်စေသည်။
ကူဟန်သည် စတင်ချိန်မှ အဆုံးထိ အလွန်ပင် တည်ငြိမ်နေခဲ့သည်။ သူ၏ အမူအရာမှာ သူတစ်ပါးကို သေတွင်းထဲ ပစ်ထားခဲ့သူ၏ ပုံစံမျိုး လုံးဝမဟုတ်ပေ။ မူဗိုင်လင်း၏ မျက်ဝန်းထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ပေါ်လာသည်။
"ငါ... ငါ တကယ်ပဲ မှားသွားခဲ့တာလား ငါ့တပည့်ကို တကယ်ပဲ အထင်လွဲခဲ့တာလား"
သို့သော် အခြားသော တပည့်များ၏ သက်သေထွက်ဆိုချက်များက ခိုင်မာနေခဲ့သည်မဟုတ်ပါလား? ပြီးတော့ အရင်က ကူဟန်က ဒီလိုလူမျိုး မဟုတ်ခဲ့ပါဘူး။
"တကယ်ကြီးလား အစ်ကိုကြီး ကူဟန်က တကယ်ပဲ အဲဒီလိုလူမျိုးလား ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ကို ဂရုမစိုက်ဘဲ ထွက်ပြေးခဲ့တယ်ဆိုတာလေ"
"ဒါက ဂိုဏ်းရဲ့ စည်းကမ်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာပဲ။ သေဒဏ်တောင် ပေးလို့ရတဲ့ ပြစ်မှုပဲ"
"နောက်ကွယ်မှာ တခြားအကြောင်းအရင်း ရှိနေနိုင်မလား အစ်ကိုကြီး ကူဟန်က ဒီလိုလူမျိုး မဟုတ်တာ လူတိုင်းသိတာပဲ"
"ဗိုင်လင်းတောင်ထိပ်က နတ်သမီးလေးတွေ ကိုယ်တိုင်ကလည်း ဒီကိစ္စက အမှန်ပဲလို့ ဝန်ခံထားတာပဲ.ဘယ်လိုလုပ် အမှားဖြစ်နိုင်မှာလဲ"
တပည့်များက အမျိုးမျိုး ဝေဖန်နေကြသော်လည်း ကူဟန်က မိစ္ဆာချုပ်နှောင်ရာ မျှော်စင်ထဲဝင်ရန်နှင့် ဆရာနှင့် လမ်းခွဲရန် ဆုံးဖြတ်ချက်ချလိုက်သောအခါ ခန်းမအပြင်ဘက်ရှိ လူအုပ်ကြီးမှာ ချက်ချင်း တိတ်ဆိတ်သွားသည်။
အဖြူရောင် ဝတ်စုံနှင့် လူရိပ်မှာ ခန်းမထဲမှ ထွက်လာသောအခါ လူအုပ်ကြီးက သူ့အလိုလို လမ်းဖယ်ပေးလိုက်ကြသည်။
အစပိုင်းတွင် လူတိုင်းက ကူဟန်သည် အစ်ကိုကြီးတစ်ယောက်၏ တာဝန်ကို မကျေပွန်ခဲ့ဘဲ သူရဲဘောကြောင်စွာ ထွက်ပြေးခဲ့သည်ဟု ထင်ခဲ့ကြသည်။
သို့သော် ကူဟန်က ဤမျှအထိ ပြတ်သားစွာဖြင့် သေတွင်းဖြစ်သော မျှော်စင်ထဲသို့ ဝင်ရန် ရွေးချယ်လိုက်သောအခါ သူတို့၏ အတွေးများမှာ ဝေခွဲမရ ဖြစ်လာကြသည်။
"ငါတို့ အစ်ကိုကြီးကို အထင်လွဲခဲ့တာများလား"
သို့သော် ကူဟန်ကမူ ဘေးပတ်ဝန်းကျင်ကလူများ ဘာတွေးသည်ကို လုံးဝ ဂရုမစိုက်ပေ။ သူသည် ဤဂိုဏ်းငယ်လေးတွင် ထာဝရ နေထိုင်မည့်သူ မဟုတ်သဖြင့် တခြားလူများ၏ အထင်အမြင်ကို ဂရုစိုက်နေစရာ မလိုတော့ပေ။
"အစ်ကိုကြီး"
ထိုစဉ် သာယာနာပျော်ဖွယ်ကောင်းသော အမျိုးသမီး အသံတိုးတိုးလေး ထွက်ပေါ်လာသည်။ ကူဟန်၏ အင်္ကျီလက်စကို တစ်စုံတစ်ဦးက ဆွဲလိုက်သည်ကို သူ ခံစားလိုက်ရသည်။
သို့သော် သူသည် နောက်လှည့်မကြည့်ဘဲ အင်္ကျီလက်စကို ဆတ်ခနဲ ခါထုတ်လိုက်ရာ ထိုအမျိုးသမီးငယ်လေးမှာ ယိုင်လဲသွားခဲ့သည်။
သူသည် မကြည့်ဘဲနှင့်ပင် သူမမှာ သူ၏ အခြားသော ညီမငယ်ဖြစ်သည့် လော့ဘတ်ဇူဖြစ်မှန်း သိသည်။
ဤညီမငယ်မှာလည်း ဖြစ်ပျက်ခဲ့သည့် အသေးစိတ် အကြောင်းအရာကို မသိဘဲနှင့် ဇာတ်လိုက်များဖြစ်သော ယဲ့ချင်းယွမ်နှင့် လျိုယုရန် တို့ဘက်မှ ရပ်တည်ခဲ့သူ ဖြစ်သည်။ သူမသည် ဂိုဏ်းသားများအားလုံး ကူဟန်အပေါ် အထင်လွဲအောင် သွယ်ဝိုက်ပြီး သတင်းများ ဖြန့်ခဲ့သူလည်း ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြင်နာစွာ ဂရုစိုက်ခဲ့သမျှမှာ ဂိုဏ်းထဲရောက်တာ (၂) လခွဲပဲ ရှိသေးသည့် ညီလေးတစ်ယောက်ကို မယှဉ်နိုင်ခဲ့ပေ။ ဤကဲ့သို့သော ညီမငယ်မျိုးနှင့် အမြန်ဆုံး လမ်းခွဲနိုင်ခြင်းကသာ သူ၏ လွတ်မြောက်မှု ဖြစ်သည်။
"အစ်ကိုကြီး"
သူမကို လုံးဝ လျစ်လျူရှုပြီး ထွက်ခွာသွားသော အစ်ကိုကြီး၏ ကျောပြင်ကို ကြည့်ရင်း လော့ဘတ်ဇူ၏ မျက်ဝန်းများ နီမြန်းလာသည်။ သူမ၏ အမှတ်တရထဲတွင် အစ်ကိုကြီးသည် အမြဲတမ်း ကြင်နာတတ်သူ ဖြစ်သည်။ သို့သော် ယနေ့တွင်မူ အစ်ကိုကြီးသည် ရေခဲတုံးတစ်ခုကဲ့သို့ အေးစက်နေခဲ့သည်။
"ညီမလေး"
ချူးယိုဝေက လူအုပ်ကြားမှ တိုးထွက်လာပြီး လော့ဘတ်ဇူကို တွဲလိုက်သည်။ သူမတို့အားလုံးမှာ ကူဟန်ကို ပစ်ပယ်ပြီး ဇာတ်လိုက်ဘက်မှ ယုံကြည်ခဲ့ကြသူများ ဖြစ်သည်။ ယခုမှ ကူဟန်က သူတို့ကို သူစိမ်းများသဖွယ် ဆက်ဆံသွားသောအခါ သူတို့၏ ရင်ထဲတွင် ထိတ်လန့်မှုများ စတင် ခံစားလာရသည်။
နေဝင်ဆည်းဆာ အချိန်တွင် အဖြူရောင်ဝတ်စုံနှင့် လူရိပ်မှာ မိစ္ဆာချုပ်နှောင်ရာ မျှော်စင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။ သူ၏ အရိပ်မှာ မြေပြင်ပေါ်တွင် အဝေးကြီးအထိ ရှည်လျားနေသည်။ တစ်ယောက်တည်း ဖြစ်သော်လည်း သူ၏ ကျောပြင်မှာ မတ်မတ်ရှိနေဆဲပင်။
ဤကိစ္စမှာ ဂိုဏ်းတစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး အခြားတောင်ထိပ်မှ အရှင်သခင်များနှင့် ဂိုဏ်းချုပ်ကြီးကိုပင် ထိတ်လန့်သွားစေခဲ့သည်။
"မူဗိုင်လင်း ဒီကိစ္စကို သေသေချာချာ မစုံစမ်းရသေးဘဲနဲ့ မင်းရဲ့ တပည့်ကို အခုလို ပြစ်ဒဏ်ပေးလိုက်တာက စိတ်လိုက်မာန်ပါ လုပ်ရာမကျဘူးလား" ဟု စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက ဒေါသတကြီး ပြောလိုက်သည်။
"မိစ္ဆာချုပ်နှောင်ရာ မျှော်စင်ဆိုတာ ဘာလဲဆိုတာ မင်းသိရဲ့လား ငယ်ရွယ်တဲ့ ကျင့်ကြံသူတစ်ယောက်အတွက် အဲဒီထဲဝင်တာက သေတာနဲ့ အတူတူပဲ"
"ဒါ့အပြင် ကူဟန်ရဲ့ ပါရမီက အံ့မခန်းပဲ။ ဒီလောက်အသက်ငယ်ငယ်နဲ့ ဝိညာဉ်နန်းတော် အဆင့် (၄) ကို ရောက်နေပြီ။
ငါတို့ဂိုဏ်းရဲ့ မျိုးဆက်သစ်တွေထဲမှာ သူက ထိပ်တန်းပဲ အကယ်၍ သူသာ အထဲမှာ သေသွားခဲ့ရင် ငါတို့ဂိုဏ်းအတွက် ဘယ်လောက် ဆုံးရှုံးမလဲဆိုတာ မင်း သိရဲ့လား"