အခန်း (၅) ငါက ဘာလို့ တာဝန်ယူရမှာလဲ
ကူဟန်သည် အေးစက်စွာဖြင့် အကြည့်ကို လွှဲလိုက်ပြီး ဆရာမဖြစ်သူ မူဗိုင်လင်း၏ အကြည့်ကို တည့်တည့်ရင်ဆိုင်လိုက်သည်။
"ကျွန်တော် အစောက ပြောခဲ့သလိုပါပဲ ကျွန်တော်က စည်းကမ်းအတိုင်း လုပ်ဆောင်ခဲ့တာပါ။"
"အဲဒီအင်အားကြီး ယောင်သားရဲဆိုတာ သူတို့ဘာသာ သေတွင်းကို တိုးလို့ ဖြစ်လာတဲ့ ရလဒ်ပဲ။ စည်းကမ်းအရဆိုရင် သူတို့လုပ်ရပ်ရဲ့ နောက်ဆက်တွဲကို သူတို့ဘာသာ တာဝန်ယူရမှာပါ။"
"ကျွန်တော်က အစ်ကိုကြီး ဖြစ်နေရုံနဲ့ ဘာဖြစ်လို့ သူတို့အတွက် တာဝန်ခံပေးရမှာလဲ"
"သူတို့အသက်က အသက်ဆိုရင် ကျွန်တော့်အသက်ကရော အသက်မဟုတ်ဘူးလား"
"အစ်ကိုကြီး ဖြစ်နေလို့ပဲ စည်းကမ်းဖောက်ဖျက်တဲ့ ညီလေးနဲ့ ညီမလေးကို ကာကွယ်ဖို့ ကိုယ့်အသက်ကို စတေးပေးရမှာလား"
"ဒါဆိုရင် ဂိုဏ်းက စည်းကမ်းတွေ သတ်မှတ်ထားတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲတစ်ယောက်ယောက်က စည်းကမ်းဖောက်မယ် ဘာအကျိုးဆက်မှ မခံစားရဘူး။ ဒါပေမဲ့ အစ်ကိုကြီးဖြစ်တဲ့ ကျွန်တော်ကတော့ အကုန်လုံးအတွက် အဖိုးအခ ပေးရမယ်ဆိုတာ ဘာကြောင့်လဲ"
ကူဟန်၏ အသံမှာ ပြတ်သားပြီး စကားလုံးတိုင်းမှာ ပုလဲလုံးလေးများ မြေပေါ်ကျသံကဲ့သို့ ခန်းမအတွင်း ဟိန်းထွက်သွားသည်။ ခဏမျှ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး အချို့သော တပည့်များမှာလည်း "ငါတို့ အစ်ကိုကြီးအပေါ် မှားယွင်းစွာ အထင်လွဲခဲ့တာလား" ဟု စတင် သံသယဝင်လာကြသည်။
သို့သော် ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုနှင့်အတူ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
"တော်စမ်း ကူဟန် မင်း ဘယ်တုန်းက ဒီလောက်အထိ အရှက်မရှိဘဲ တာဝန်ရှောင်တတ်သွားတာလဲ"
"ဒီကိစ္စကို မင်းရဲ့ ညီမငယ်ယုရန်ကိုယ်တိုင် ဝန်ခံထားတာလေ ဘယ်လိုလုပ် အမှားဖြစ်နိုင်မှာလဲ ယုရန်က မင်းနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးလာတာ သူမက မင်းကို အပြစ်မရှိဘဲ အကွက်ဆင်မှာလား"
ပတ်ဝန်းကျင်မှာ ပြန်လည် တိတ်ဆိတ်သွားသည်။ ကူဟန်သည် သူ၏ဆရာမ၏ အေးစက်သော အကြည့်ကိုလည်းကောင်း ယဲ့ချင်းယွမ်၏ အောင်နိုင်သူအလား ပြုံးနေမှုကိုလည်းကောင်း ဂရုမစိုက်တော့ပေ။ ဤအချိန်တွင် သူသည် အလွန်အမင်း တည်ငြိမ်နေသော်လည်း ရင်ထဲတွင်မူ မိမိကိုယ်ကို သနားမိသည်။
ဤဘဝတွင်လည်း ဆရာမမှာ ယခင်အတိုင်းပင် သူ့အပေါ် စိတ်ပျက်စရာကောင်းနေဆဲပင်။ အရင်ဘဝတုန်းက သူ ဘာပဲလုပ်လုပ် ဘယ်လောက်ပဲ ရှင်းပြရှင်းပြ ဆရာမသည် ယဲ့ချင်းယွမ်ကိုသာ အမြဲယုံကြည်ခဲ့သည်။
သူ့ကို ဂိုဏ်းက နှင်ထုတ်ချိန် သို့မဟုတ် မိစ္ဆာချုပ်နှောင်ရာ မျှော်စင်ထဲ ပို့ဆောင်ချိန်တွင် ဆရာမ၏ မျက်ဝန်းထဲ၌ တွေ့ခဲ့ရသော အထင်အမြင်သေးမှုများကို သူ ယခုတိုင် မှတ်မိနေသေးသည်။
"ငါက ဆရာမရဲ့ ပထမဆုံး တပည့်ဖြစ်ပြီး အနားမှာ အကြာဆုံးနေခဲ့တာတောင်မှ ဂိုဏ်းထဲ ရောက်တာ (၂) လခွဲပဲ ရှိသေးတဲ့ ယဲ့ချင်းယွမ်ကို မယှဉ်နိုင်ဘူးလား"
မူဗိုင်လင်းသည် သက်ပြင်းချလိုက်ပြီး " ကူဟန် မင်း အခုထိ မင်းကိုယ်မင်း မမှားဘူးလို့ ထင်နေတုန်းလား" ဟု မေးလိုက်သည်။
သူမ စကားမဆုံးခင်မှာပင် ကူဟန်က အေးစက်သော လေသံဖြင့် ဖြတ်ပြောလိုက်သည်။ "ဆရာမက ကျွန်တော့်ကို မယုံကြည်မှတော့ ကျွန်တော် ဘယ်လောက်ပဲ ရှင်းပြရှင်းပြ အပိုပါပဲ။ အဲဒီလို ဖြစ်နေမှတော့ ကျွန်တော် မိစ္ဆာချုပ်နှောင်ရာ မျှော်စင်ထဲကို ဝင်ပြီး အပြစ်ဒဏ်ကို ခံယူပါ့မယ်။"
ရှင်းပြနေဖို့ အချိန်မရှိတော့ပေ။ ဘယ်သူမှ သူ့ကို ယုံကြည်ကြမည် မဟုတ်သည်ကို သူ သိသည်။ အချိန်ဖြုန်းနေမည့်အစား အမြန်ဆုံး အဆုံးသတ်လိုက်ခြင်းက ပိုကောင်းသည်။
ခန်းမတစ်ခုလုံးနှင့် အပြင်ဘက်တွင် စုဝေးနေသော တပည့်များမှာ မှင်သက်သွားကြသည်။ မိစ္ဆာချုပ်နှောင်ရာ မျှော်စင်ဆိုသည်မှာ ဂိုဏ်း၏ တားမြစ်နယ်မြေဖြစ်ပြီး ကြီးလေးသော ပြစ်မှုကျူးလွန်သူများကိုသာ ချုပ်နှောင်သည့် နေရာဖြစ်သည်။ ထိုနေရာသို့ ရောက်သူတိုင်းမှာ အသက်ရှင်ရန် အခွင့်အလမ်း မရှိသလောက်ပင်။
မူဗိုင်လင်းပင်လျှင် အံ့အားသင့်သွားသည်။ အရင်ကဆိုလျှင် ကူဟန်သည် ညီအစ်ကိုမောင်နှမများ ဒဏ်ရာအနည်းငယ်ရလျှင်ပင် သူ့မှာ တာဝန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမြဲတမ်း တောင်းပန်ပြီး တာဝန်ယူတတ်သူ ဖြစ်သည်။ ယခုမူ သူသည် လုံးဝ တခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
"အစ်ကိုကြီး... ဒီကိစ္စက မိစ္ဆာချုပ်နှောင်ရာ မျှော်စင်ထဲအထိ သွားရမယ့်အဆင့် မဟုတ်ပါဘူး" ယဲ့ချင်းယွမ်၏ နောက်ကွယ်တွင် ပုန်းနေသော လျိုယုရန်သည် အသံတိုးတိုးလေးဖြင့် ဝင်ပြောလိုက်သည်။
"ကျွန်မတို့ ဘာဒဏ်ရာမှ မရခဲ့တာပဲလေ ဆရာမ အစ်ကိုကြီးကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ"
ထိုစကားကြောင့် မူဗိုင်လင်း၏ ရင်ထဲတွင် ရှိနေသော သနားစိတ်များ ချက်ချင်း ပျောက်ကွယ်သွားပြီး ဒေါသများ ပိုမို ထွက်လာတော့သည်။
" ကူဟန် မင်း တော်တော်လေး ဆိုးသွမ်းနေပြီပဲ မင်းက အစ်ကိုကြီး ဖြစ်ပါလျက်နဲ့ မောင်လေး နဲ့ ညီမလေးမှာ ဒီလောက် ဒဏ်ရာအပြင်းအထန် ရနေတာကို အခုလိုမျိုး ဆရာမကို ပြန်ပြီး ဆန္ဒပြနေတာလား"
"မင်း တကယ်ပဲ မိစ္ဆာချုပ်နှောင်ရာ မျှော်စင်ထဲကို သွားချင်တာလား ကောင်းပြီ... သွားလိုက်"
ကူဟန်သည် ဘာမှပြန်မပြောဘဲ ခန်းမထဲမှ လှည့်ထွက်သွားခဲ့သည်။ သို့သော် သူ မထွက်ခွာမီ
ရွှပ်
သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းရောင် ဓားတစ်လက်မှာ ခန်းမ၏ အလယ်ဗဟို မြေပြင်ပေါ်သို့ စိုက်ဝင်သွားသည်။
"ဒီဓားနာမည်က ဗိုက်ရှောင်ပါ။ ဒါက ကျွန်တော့်အတွက် ဆရာမကိုယ်တိုင် သွန်းလုပ်ပေးခဲ့တဲ့ ဓားပါ။ ဒီနေ့ကစပြီး ဒီဓားကို ဆရာမဆီ ပြန်အပ်ပါတယ်"
"ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးတွေကို တစ်ဖြည်းဖြည်းချင်း ပြန်ဆပ်သွားပါ့မယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အကြွေးမတင်ကြတော့တဲ့အထိပေါ့။"