အခန်း ၃၈၄ ဒီလောကမှာ ရှင်သန်ဖို့ဆိုရင် အာဏာနဲ့ အဆက်အသွယ်ရှိဖို့ လိုတယ်
ကူဟန်က ထိုနေရာတွင် အေးအေးလူလူ ထိုင်ကာ လက်ဖက်ရည်သောက်နေဆဲ ဖြစ်သည်ကို မြင်ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။
ဘေးနားရှိ လူတစ်ယောက်က မနေနိုင်ဘဲ ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်သည်။ "တောက်... ကူဟန်။ မင်းက ယောက်ျားရင့်မကြီးဖြစ်ပြီး မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာ ပုန်းနေတာ ဘယ်လိုသတ္တိမျိုးလဲ"
"သတ္တိရှိရင် ထွက်လာပြီး ငါတို့နဲ့ တစ်ယောက်ချင်း ရင်ဆိုင်လိုက်လေ"
ထိုစကားကို ကြားသောအခါ ကူဟန်က နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွတ်ကာ ပြုံးလိုက်ပြီး "မင်းက တိုက်ခိုက်ရတာ အရမ်းတော်လို့လား"
"တိုက်ခိုက်နိုင်တော့ရော ဘာဖြစ်လဲ"
"ဒီလောကမှာ ရှင်သန်ဖို့ဆိုရင် အာဏာနဲ့ အဆက်အသွယ်ရှိဖို့ လိုအပ်တယ်"
"မင်းက ဘာကောင်မို့လို့လဲ"
ပြောဆိုသူမှာ စကားခေတ္တရပ်သွားပြီး မျက်နှာ ပျက်သွားသည်။ "ငါက နတ်ဘုရားအရှင်သခင် နယ်ပယ်ရဲ့... အထွတ်အထိပ်ပဲ။ လေစိမ်းမင်းဆက်ရဲ့ မြောက်ပိုင်းအုပ်ချုပ်ရေးမင်းသားရဲ့ သား ရဲလျန်ချန်ပဲ"
"ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မင်းနဲ့ အတူတူဖြစ်အောင် နှိမ်ချပေးမယ်။ မင်း ငါ့ကို အနိုင်တိုက်နိုင်ရင် ငါ အခုချက်ချင်း လေစိမ်းမင်းဆက်ရဲ့ လူတွေကို ခေါ်ပြီး ဆုတ်ခွာပေးမယ်"
ကူဟန်က လက်ဖက်ရည်ကို နောက်တစ်ငုံ သောက်လိုက်ပြီး ရဲလျန်ချန်ကို ဂရုမစိုက်သလို တစ်ချက် ကြည့်လိုက်သည်။ "ဘာမဟုတ်တဲ့ ကောင်ပါပဲလား"
"ဟန်ရှောင်း... မင်းကို ငါ ရွေးချယ်လိုက်ပြီ။ အခု အဲဒီကောင်စုတ်လေးရဲ့ ပြာတွေကို လေထဲ လွင့်ပစ်လိုက်စမ်း"
ထိုစကားကို ကြားရလျှင် ရဲလျန်ချန် တစ်ကိုယ်လုံး တုန်ရီသွားပြီး နဖူးတွင် အကြောအပြိုင်းပြိုင်း ထလာတော့သည်။
လေးစားရပါသော မြောက်ပိုင်းအုပ်ချုပ်ရေးမင်းသား၏ သားဖြစ်သူ ရဲလျန်ချန်မှာ မည်မျှ ထင်ပေါ်ကျော်ကြားသော သူဖြစ်သနည်း။
ယခုမူ လူအများအရှေ့တွင် မိမိထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသောသူတစ်ဦး၏ စော်ကားခြင်းကို ခံလိုက်ရသည်။
သို့သော် သူ ဒေါသကို မပေါက်ကွဲနိုင်ခင်မှာပင်...
ဟန်ရှောင်း ဓားဝိညာဉ်က စတင် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။
သူမက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဖျက်ဆီးခြင်းအရှိန်အဝါများ ပါဝင်သော ဓားစွမ်းအင် မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
ဒုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
လေစိမ်းမင်းဆက်၏ မြောက်ပိုင်းအုပ်ချုပ်ရေးမင်းသား၏ သားဖြစ်သူမှာ ထိုတိုက်ကွက်ကို တစ်ချက်မျှပင် မခံနိုင်ခဲ့ချေ။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ခုခံကာကွယ်ရေး တာအိုရတနာအမျိုးမျိုးမှာ ခဏချင်းအတွင်း အပိုင်းပိုင်းအစစ ကြေမွသွားပြီး ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ သွေးများ အန်ကာ နောက်သို့ လွင့်ထွက်သွားတော့သည်။
"ငါ့ရဲ့ ဓားဝိညာဉ်ကိုတောင် မနိုင်ဘဲနဲ့ ငါ့ကို တိုက်ချင်သေးတယ် ဟုတ်လား"
ကူဟန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး လမ်းဘေးက လူဖြတ်တစ်ယောက်လို ဖြစ်နေသော ရဲလျန်ချန်ကို လုံးဝ ဂရုမစိုက်တော့ပေ။
သူ့မျက်လုံးများက လူအုပ်ထဲသို့ ကူးပြောင်းကာ ရှာဖွေလိုက်သည်။
နောက်ဆုံးတွင် အကြည့်များက ယဲ့ချင်းယွမ်ထံသို့ ကျရောက်သွားသည်။
အရိပ်ထဲမှနေ၍ ချောင်းမြောင်းတိုက်ခိုက်ရန် ကြံရွယ်နေသော ယဲ့ချင်းယွမ်မှာ ကူဟန်၏ အကြည့်ကို ခံစားမိလိုက်သည်နှင့် တစ်ပြိုင်နက် ဦးရေပြားများ တင်းခနဲ ဖြစ်သွားသည်။
ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် သူ ချက်ချင်းပင် ဆုတ်ခွာချင်စိတ် ပေါ်လာသည်။
ဤအတောအတွင်း သူ့ကျင့်ကြံခြင်းအဆင့်က ထပ်မံ မြင့်တက်လာပြီး မဟာအထွတ်အထိပ်နယ်ပယ် အဆင့်သုံးသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း...
ကူဟန်နှင့် ရင်ဆိုင်လိုက်ရသည့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင်...
သူ့နှလုံးသားထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်လာဆဲပင်။
သို့သော် သူ လှည့်ပြေးရန် ပြင်လိုက်ရုံရှိသေးသည်။
ရွှင်လန်းသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
"ချစ်လှစွာသော ဂျူနီယာညီလေး ယဲ့ချင်းယွမ်... ငါတို့ ဓားမေးမြန်းခြင်းဂိုဏ်းမှာ လမ်းခွဲခဲ့ကြတာ တော်တော်ကြာသွားပြီပဲနော်"
"ဒီလက်သီးချက်ကို ငါ့ရဲ့ နှုတ်ဆက်ခြင်းလို့ သဘောထားပြီး သေချာလေး ဖမ်းရယူလိုက်စမ်းပါ"
ထိုစကားလုံးများက ယဲ့ချင်းယွမ်၏ ဝိညာဉ်ကို လွင့်စင်မတတ် ထိတ်လန့်သွားစေသည်။
ကူဟန်သည် စောစောက သူ့ထံမှ အတော်လှမ်းလှမ်းတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
မည်သို့ကြောင့် မျက်စိတစ်မှိတ်အတွင်း သူ့နောက်ကျောသို့ ရောက်ရှိလာရသနည်း။
သို့သော် သူ့မှာ တွေးတောနေရန် အချိန်မရှိတော့ပေ။
ထိုအသံနှင့်အတူ ကူဟန်၏ လှောင်ပြုံးသံ သန်းနေသော အသံအပြင် ဟာလာဟင်းလင်းပြင်ကိုပင် ဖြိုခွဲနိုင်သည့် ပြင်းထန်သော လက်သီးချက်တစ်ချက် ရောက်ရှိလာသည်။
ယဲ့ချင်းယွမ် ထိတ်လန့်သွားကာ သူ့ကျင့်ကြံခြင်းစွမ်းအားများကို အမြန်ဆုံး မြှင့်တင်လိုက်ပြီး နောက်ကျောမှ ရှေးဟောင်းဓားနက်ကြီးကို အမြန်ဆွဲထုတ်ကာ ရှေ့တွင် ကာကွယ်လိုက်သည်။
ဒုန်း...
သူ ကာကွယ်ရုံ ရှိသေးသည်။
ကူဟန်၏ လက်သီးစွမ်းအားက ရောက်ရှိလာပြီး ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ယဲ့ချင်းယွမ်သည် နတ်ဘုရားတောင်ကြီးတစ်လုံးဖြင့် တိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။
လက်ရိုးများဆီမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ဤစွမ်းအားကြောင့် ကြေမွသွားတော့မည့်အတိုင်း ခံစားရသည်။
ပြန်လည်တိုက်ခိုက်ရန် စွမ်းအားစုစည်းဖို့ နေနေသာသာ၊ သူသည် ထိုလက်သီးတစ်ချက်ကိုပင် မခုခံနိုင်ခဲ့ချေ။
အမြောက်ဆန်တစ်ခုကဲ့သို့ နောက်သို့ ပြင်းထန်စွာ လွင့်ထွက်သွားပြီး နန်းတော်တစ်ခုပြီးတစ်ခုကို ဖုန်မှုန့်အဖြစ် ပြိုလဲပျက်စီးသွားစေသည်။
စတုတ္ထမြောက် နန်းတော်ကို ကျော်လွန်ပြီး ပျံသန်းသွားချိန်တွင်...
ယဲ့ချင်းယွမ်သည် သူ့အမြင်အာရုံများ ဝေဝါးသွားပြီး နိယာမစွမ်းအားဖြင့် ဖွဲ့စည်းထားသော လက်ဝါးကြီးတစ်ခုက ဟာလာဟင်းလင်းပြင်ကို ဖြိုခွဲကာ သူ့ထံသို့ ထပ်မံ ရိုက်ချလာသည်ကို မြင်လိုက်ရသည်။
"ဆရာကြီးပိုင်... ကျွန်တော့်ကို ကူညီပါဦး"
ယဲ့ချင်းယွမ်က အသိစိတ်အရ အော်ဟစ်အကူအညီတောင်းလိုက်သည်။
ဤကဲ့သို့ အရေးကြုံချိန်တွင် သူသည် ဆရာကြီးပိုင်ကို ထပ်မံ သတိရမိခြင်း ဖြစ်သည်။
သို့သော် သူနှင့် ဆရာကြီးပိုင်မှာ လွန်ခဲ့သော အချိန်ကပင် လမ်းခွဲခဲ့ကြပြီး ဖြစ်သည်။
ဤအကြိမ်တွင် ဆရာကြီးပိုင်က လုံးဝ ဥပေက္ခာပြုထားလိုက်သည်။
"တောက်..."
သူ့အသိစိတ်ထဲရှိ ဆရာကြီးပိုင်က မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို သိလိုက်ရသဖြင့် ယဲ့ချင်းယွမ်၏ မျက်နှာက ချက်ချင်း ညိုမှောင်သွားသည်။
သူသည် နောက်သို့ လွင့်ထွက်နေစဉ်မှာပင် ခန္ဓာကိုယ်ကို အတင်းအကျပ် လွှဲလိုက်ပြီး စွမ်းအားအားလုံးကို ရှေးဟောင်းဓားကြီးထဲသို့ ထည့်သွင်းကာ မှောင်မိုက်သော ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
သို့သော် နောက်ထပ်ဖြစ်ပျက်လာသောအရာက ယဲ့ချင်းယွမ်ကို ဆွံ့အသွားစေသည်။
သူ အားကုန်ထုတ်သုံးထားသော မဟာအထွတ်အထိပ်နယ်ပယ် အဆင့်သုံး၏ စွမ်းအားပါဝင်သော ဓားအလင်းတန်းမှာ ကူဟန်၏ လက်ဝါးကြီးရှေ့တွင် သေးငယ်သော ရေလှိုင်းလေးတစ်ခုကဲ့သို့ ဖြစ်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နိယာမစွမ်းအားများကြောင့် အလွယ်တကူ ချေဖျက်ခြင်း ခံလိုက်ရသည်။
ယခုအချိန်တွင် ယဲ့ချင်းယွမ်မှာ ရှောင်တိမ်းရန် အချိန်မရှိတော့ဘဲ ထိုတိုက်ကွက်ကို တိုက်ရိုက် ရင်ဆိုင်ရန်သာ ရှိတော့သည်။
ဤအတောအတွင်း ထိုအမည်မသိ ဖြစ်တည်မှု၏ အကူအညီဖြင့်...
သူသည် အစွမ်းထက်သော ခန္ဓာကိုယ်အမျိုးအစားကို နိုးထစေခဲ့ပြီး ဖြစ်သဖြင့် သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ တူညီသော အဆင့်ရှိ မဟာအထွတ်အထိပ်နယ်ပယ် ကျင့်ကြံသူများထက် များစွာ သာလွန်သည်။
ဤအရာက ယဲ့ချင်းယွမ်ကို ယုံကြည်မှု အချို့ ရှိစေသည်။
သူက ကူဟန်၏ သာမန်လက်ဝါးရိုက်ချက်က သူ့ကို သိပ်ပြီး အန္တရာယ်မပေးနိုင်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် သူသည် ကူဟန်၏ စွမ်းအားကို လျှော့တွက်မိနေဆဲ ဖြစ်သည်။
ဂျွတ်...
ယဲ့ချင်းယွမ် ထုတ်ဖော်ထားသော နိယာမစွမ်းအား ခုခံမှုအလွှာမှာ ထိုလက်ဝါးရိုက်ချက်အောက်တွင် စက္ကူကဲ့သို့ လွယ်ကူစွာ ကြေမွ ပျက်စီးသွားသည်။
ကူဟန်၏ တိုက်ကွက်က ပြင်းထန်မြဲ ပြင်းထန်ဆဲဖြစ်ပြီး ယဲ့ချင်းယွမ်ကို ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်အောက်ခြေထဲသို့ ရိုက်ချလိုက်တော့သည်။
လက်ဝါးရိုက်ချက်ကြောင့် ဖြစ်ပေါ်လာသော နက်ရှိုင်းလှသည့် ကျင်းကြီးထဲမှ ဖုန်မှုန့်များနှင့် မီးခိုးများ အလိပ်လိုက် တက်လာသည်ကို ငုံ့ကြည့်ရင်း ကူဟန်က သတိမလွတ်ဘဲ နောက်ထပ် တိုက်ခိုက်ရန် ချက်ချင်း ပြင်ဆင်လိုက်သည်။
အခြားလူများ မသိသော်လည်း၊ ယဲ့ချင်းယွမ်သည် ထာဝရကံကြမ္မာစောင့်ရှောက်မှု ခံထားရသဖြင့် မည်မျှအသက်ပြင်းပြီး သတ်ရခက်ကြောင်း သူ အသိဆုံး ဖြစ်သည်။
..................
တစ်ချိန်တည်းမှာပင်။
ဤပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားနေချိန်၌...
ပျံဝဲနေသောမြို့တော်ထဲသို့ ခိုးဝင်လာခဲ့ကြသော လော့ပိုင်ကျိနှင့် သူမ၏အဖွဲ့သည်လည်း လှုပ်ရှားမှု စတင်လိုက်ပြီ ဖြစ်သည်။
"စီနီယာအစ်ကိုတို့... ခဏနေရင် ကျွန်မကို ကူညီပေးကြပါ။ ယဲ့ချင်းယွမ်မှာ အခြား အမည်မသိ အစွမ်းတွေ ရှိနေသေးလို့ သူက ခင်ဗျားတို့ ထင်သလောက် သတ်ရလွယ်တဲ့ကောင် မဟုတ်ဘူး"
"အားလုံးပဲ သတိထားကြပါ"
သူမ၏ အစီအစဉ်ကို နောက်တစ်ကြိမ် ထပ်မံ ပြောကြားပြီးနောက်...
လော့ပိုင်ကျိ၏ အကြည့်က လျူပိုင်ယဲ့ထံသို့ ထပ်မံ ကျရောက်သွားသည်။ "စီနီယာအစ်ကို လျူပိုင်ယဲ့... အစ်ကိုအနေနဲ့ မလိုအပ်တာတွေ မလုပ်ဖို့နဲ့ ကူဟန် စီနီယာအစ်ကို့အပေါ် ကိုယ့်သဘောနဲ့ကိုယ် အရေးယူတာမျိုး မလုပ်ဖို့ မျှော်လင့်ပါတယ်"
"ဒါမှမဟုတ်ရင် ကျွန်မ အစ်ကို့ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်သလို၊ ဆရာ့ဆီသွားပြီး တိုင်တန်းမှာပါ"
လော့ပိူင်းကျိ၏ မျက်လုံးများကို အဝတ်ဖြူတစ်ခုဖြင့် ဖုံးအုပ်ထားဆဲ ဖြစ်သည်။
သို့သော် သူမသည် အလွန်သိမ်မွေ့သော အထူးလှိုင်းတွဲများမှတစ်ဆင့် ဘေးပတ်ဝန်းကျင်ရှိ လူများ၏ ခံစားချက်ကို ခံစားသိရှိနိုင်သည်။
ပျံဝဲနေသောမြို့တော်ထဲသို့ ခိုးဝင်လာပြီးနောက်၊ အထူးသဖြင့် စီနီယာအစ်ကို ကူဟန်နှင့် တွေ့ဆုံပြီးချိန်မှစ၍...
လျူပိုင်ယဲ့သည် စီနီယာအစ်ကို ကူဟန်ထံသို့ ထူးဆန်းသော အကြည့်များ ခဏခဏ ပို့လွှတ်နေခဲ့ပြီး ထိုအကြည့်က စီနီယာအစ်ကို့ကို ရန်မူလိုသည့် ပုံစံမျိုး ဖြစ်နေသည်။
လျူပိုင်ယဲ့က ထိုစကားကို ပြန်မပြောဘဲ ပခုံးကိုသာ ဂရုမစိုက်သလို တွန့်ပြလိုက်သည်။
လော့ပိုင်ကျိက လျူပိုင်ယဲ့ကို နောက်ထပ်တစ်ကြိမ် အကဲခတ်သလို ကြည့်လိုက်သည်။
သူမသည် လျူရုရန်နှင့် ပူးပေါင်းကာ လှုပ်ရှားရန် အကောင်းဆုံးအချိန်ကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ပျံဝဲနေသောမြို့တော်က လုံးဝ ရုန်းရင်းဆန်ခတ် ဖြစ်နေပြီ ဖြစ်သည်။
စီနီယာအစ်ကို ကူဟန် ခေါ်ဆောင်လာသော အင်အားကြီး အဖွဲ့အစည်း သုံးခုမှ ပုဂ္ဂိုလ်ကြီး သုံးဦးအပြင်...
ဖေးရှန်းနန်းတော်အတွင်းမှ မတူညီသော အုပ်စုများဖြစ်သည့် ရှာပင်းလီနှင့် ရှာရွှေရန်တို့သည်လည်း ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
အခြားသော မင်းဆက်များမှ အင်အားကြီး ပုဂ္ဂိုလ်အချို့လည်း ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
တိုက်ပွဲအခြေအနေက လုံးဝကို ရှုပ်ထွေးပွေလီနေပြီ ဖြစ်သည်။
ဤအကြိမ်တွင် သူတို့၏ တာဝန်က အလွန်အရေးကြီးသည်။
အောင်မြင်ရန်သာ လိုအပ်ပြီး ကျရှုံး၍ လုံးဝမဖြစ်ချေ။
..................