အခန်း (၂၂) အလှပဆုံး မျက်ဝန်းတွေအတွက် မင်းရဲ့ အသက် ငါ့ကိုပေးရမှာ မဟုတ်ဘူးလား
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကူဟန်သည် ဤမိန်းကလေးမှာ နောင်တစ်ချိန်တွင် လောကကြီးကို တုန်လှုပ်စေမည့် "သွေးလဆန်းမိစ္ဆာသခင်မ" ဟန်မုန့်ယောင်ဖြစ်ကြောင်း အသေအချာ အတည်ပြုနိုင်ခဲ့သည်။
"ဒီမိန်းကလေးကို ငါယူမယ်။"
ကူဟန်က ကျေနပ်အားရစွာ ပြုံးရင်း ပြောလိုက်သည်။
သို့သော် ပွဲစားဖြစ်သူက ကူဟန်၏ လမ်းကို ပိတ်ရပ်လိုက်ပြီး "သခင်လေး ဒီမိန်းကလေးက ကျင့်ကြံဖို့ ပါရမီလည်း မရှိသလို အသက်ကလည်း နည်းနည်းကြီးနေပြီ။ ပြီးတော့ သူ့ကို မြို့တော်ဝန်အိမ်တော်က အလှကြည့်ဖို့အတွက် ကြိုတင်မှာထားတာ ရှိပါတယ်ဗျ။"
ပွဲစားက ပြောပြောဆိုဆိုနှင့် လူမိုက်များကို ဟန်မုန့်ယောင်အား ဆွဲထုတ်သွားရန် အချက်ပြလိုက်သည်။
မူလဇာတ်လမ်းအရဆိုလျှင် ဟန်မုန့်ယောင်သည် မြို့တော်ဝန်အိမ်တော်သို့ အပို့ခံရစဉ် ထွက်ပြေးလွတ်မြောက်သွားပြီးမှ ကံကောင်းမှုများ ကြုံတွေ့ရကာ မိစ္ဆာသခင်မ ဖြစ်လာရခြင်းဖြစ်သည်။
ထိုစဉ် လူမိုက်တစ်ဦးက ဟန်မုန့်ယောင်ကို အတင်းဆွဲခေါ်ရန် ပြင်ရာ သူမသည် ကြောက်လန့်တုန်ရီသွားပြီး ကူဟန်ထံသို့ အတင်းပြေးဝင်ကာ ခြေသလုံးကို ဖက်ထားလိုက်သည်။
"သခင်လေး ကျေးဇူးပြုပြီး ကျွန်မကို ခေါ်သွားပေးပါ.မုန့်ယောင် တစ်သက်လုံး သခင်လေးရဲ့ ကျွန်အဖြစ် အစေခံပါ့မယ်"
ပွဲစားက ဟန်မုန့်ယောင်၏ ဆံပင်ကို ဆွဲကာ ဖယ်ရှားရန် ကြိုးစားသော်လည်း ကူဟန်၏ အေးစက်သော အသံကြောင့် ရပ်တန့်သွားသည်။
ကူဟန်သည် ဟန်မုန့်ယောင်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး သူမ၏ နီရဲသော မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။
"မင်း အခုလေးတင် ပြောလိုက်တာ ငါ့ရဲ့ကျွန်အဖြစ် တစ်သက်လုံးနေမယ် ဘာပဲဖြစ်ဖြစ် ငါ့ကို ယုံကြည်မယ်ဆိုတာ အတည်ပဲလား"
"ဟုတ်ကဲ့ပါ သခင်လေး သခင်လေး ဘာပဲလုပ်လုပ် မုန့်ယောင် ယုံကြည်ပါတယ်"
ထိုစကားကြောင့် ကူဟန်၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
နှစ်ပေါင်းများစွာ အတူနေခဲ့သော ဆရာနှင့် ညီမငယ်များက သူ့ကို မယုံကြည်ခဲ့ကြသော်လည်း ယခုမှတွေ့သော ဤမိန်းကလေးက သူ့ကို အကြွင်းမဲ့ယုံကြည်မည်ဟု ဆိုနေသည်။
"ကောင်းပြီ ငါမင်းကို ကတိပေးတယ်။ ဒါနဲ့ မင်းရဲ့ မျက်လုံးတွေက ငါမြင်ဖူးသမျှထဲမှာ အလှဆုံးပဲ။"
ကူဟန်သည် ဇာတ်လိုက်ပြောမည့် စကားကို ဦးအောင် ပြောလိုက်ခြင်းဖြစ်သည်။ ဟန်မုန့်ယောင်အတွက်မူ ဤစကားသည် မှောင်မိုက်နေသော သူမ၏ ကမ္ဘာထဲသို့ အလင်းရောင် ရောက်လာသကဲ့သို့ပင်။
ငယ်စဉ်ကတည်းက "မိစ္ဆာမ" ဟု အခေါ်ခံရကာ ကျောက်ခဲနှင့် အပေါက်ခံခဲ့ရသော သူမအတွက် ဤချီးကျူးစကားမှာ ပထမဆုံးပင် ဖြစ်သည်။
ပွဲစားက ကူဟန်သည် မိန်းကလေးကို သဘောကျနေသည်ဟု ထင်ကာ ဈေးတင်လိုက်သည်။
"သခင်လေး သဘောကျတယ်ဆိုရင်တော့ မြို့တော်ဝန်အိမ်တော်က ပေးတဲ့ ဈေးထက် ပိုပေးရမယ်ဗျ။ ဝိညာဉ်ကျောက်တုံး ၃၀၀၀ ဆိုရင်တော့ အခုပဲ ခေါ်သွားလို့ရပါပြီ။"
ဝင်းခြံအပြင်ဘက်တွင် လော့ပိုင်ကျိသည် တံခါးကြားမှ အခြေအနေကို စောင့်ကြည့်နေသည်။ သူမသည် စီနီယာအစ်ကိုကြီးက လူကုန်ကူးသူများကို နှိမ်နင်းရန် လာသည်ဟု ထင်ထားသော်လည်း ယခုမူ ကျွန်ဝယ်နေသည်ကို မြင်လိုက်ရသဖြင့် အလွန်စိတ်ပျက်သွားသည်။
"အစ်ကိုကြီးက တကယ့်ကို ဗီလိန်တစ်ယောက် ဖြစ်သွားပြီပဲ"
သူမ ဓားကိုဆွဲကာ ဝင်ရောက်နှိမ်နင်းရန် ပြင်စဉ်မှာပင် ကူဟန်၏ အေးစက်ပြီး လှောင်ပြောင်သော အသံကို ကြားလိုက်ရသည်။
"ဝိညာဉ်ကျောက်တုံး ၃၀၀၀ ဟုတ်လား"
"မင်းက ငါ့ဆီကနေ ကျောက်တုံးတွေ တောင်းနေတာလား"
"မင်းရဲ့အသက်ကိုကယ်ပေးတဲ့အတွက်မင်းဘက်ကပဲငါ့ကိုကျောက်တုံးတွေပေးရမှာမဟုတ်ဘူးလား"