အခန်း (၁၈) ဗီလိန်မစ်ရှင်
ဝတ်စုံနက်ဝတ်ထားသူ၏ သတင်းကို ကြားလိုက်ရချိန်တွင် ကူဟန်သည် အံ့အားသင့်သွားသော်လည်း အလွန်အမင်းတော့ မထူးဆန်းနေပေ။
ဇာတ်လိုက်၏ကံတရားအရှိန်အဝါက ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ခြင်းသာ ဖြစ်သည်။ သူ၏ အစီအစဉ်က ရုတ်တရက်ဆန်လှသော်လည်း ယဲ့ချင်းယွမ်နှင့် ပတ်သက်သူနှစ်ဦးမှာ တစ်စုံတစ်ယောက်၏ ကယ်ထုတ်ခြင်းကို ခံလိုက်ရသည်။
မူလဇာတ်လမ်းအရဆိုလျှင် ယဲ့ချင်းယွမ်၏ ဆွေမျိုးသားချင်းများသည် နောင်တစ်ချိန်တွင် ထိပ်တန်းကျင့်ကြံသူများ ဖြစ်လာကြမည့် ကံပါလာသူများ ဖြစ်သည်။
ကူဟန်သည် ဝတ်စုံနက်ဝတ်သူအား ထိုသူနှစ်ဦးနောက်သို့ ဆက်လက်ခြေရာခံရန် အမိန့်ပေးလိုက်သည်။
ထိုစဉ် ဝတ်စုံနက်ဝတ်သူက ထပ်လောင်းအကြောင်းကြားသည်မှာ "သခင်လေးကူဟန် သခင်မလေး (ရှာဗင်းလီ) က အားတဲ့တစ်နေ့မှာ သခင်လေးဆီ လာလည်ပြီး စကားပြောချင်တယ်လို့ မှာလိုက်ပါတယ်"
ထိုစကားကြောင့် ကူဟန်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသည်။ "ဘာလဲ အဲဒီဗီလိန်မလေးက ငါ့ဆီ လာမလို့လား" သူမ၏ စိတ်နေစိတ်ထားကို သူ ကောင်းကောင်းသိသည်။
ဂိုဏ်းအတွင်း အခြေအနေ မတည်ငြိမ်သေးချိန်တွင် သူမသာ ရောက်လာပါက ပြဿနာကြီးကြီးမားမား ဖြစ်လာနိုင်ပေသည်။
"သူ လာဖို့ မလိုပါဘူး။ ငါအားတဲ့အခါမှ သူ့ဆီ လာခဲ့မယ်လို့ ပြန်ပြောလိုက်ပါ" ဟု ကူဟန်က အကြောင်းပြန်လိုက်သည်။
မကြာမီတွင် အလယ်ပိုင်းတိုက်ကြီး၌ ရှေးဟောင်းအပျက်အစီးနေရာတစ်ခု ပေါ်လာတော့မည်ဖြစ်ပြီး ထိုနေရာတွင် ဇာတ်လိုက်၏ ပထမဆုံးသော ကံကောင်းမှုရှိနေသည်။
သူသည် ထိုကံကောင်းမှုကို ကြားဖြတ်လုယူရန် ကြိုတင်ပြင်ဆင်ရမည်။
မစ်ရှင်များကို စတင်ရန်အတွက် ကူဟန်သည် နတ်ဘုရားဆေးလုံးကို အသုံးပြု၍ အဆင့်တက်လိုက်သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ ဝိညာဉ်နန်းတော်အဆင့်ဆဋ္ဌမအဆင့်မှ နတ်ဘုရားစင်မြင့်အဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့သည်။
ယခု သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ တာအိုပေါင်းစည်းခြင်းအဆင့်ရှိသော ပညာရှင်များကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
[ဒေါင် စနစ်၏တာဝန်များ အဆင့်မြှင့်တင်ပြီးပါပြီ ကျေးဇူးပြု၍ စစ်ဆေးပါ။]
[နေ့စဉ်ကျပန်းတာဝန်:] ယနေ့အတွင်း ဗီလိန်တစ်ယောက်၏ စရိုက်နှင့် ကိုက်ညီသော လုပ်ရပ် (၃) ခုကို လုပ်ဆောင်ပါ။ (ဆုလာဘ် - ဗီလိန်မှတ် ၁၅၀၀)
[ဗီလိန်မစ်ရှင် - သွေးလဆန်းမိစ္ဆာသခင်မ]
အသေးစိတ်:ငယ်စဉ်ကတည်းက ဒုက္ခမျိုးစုံ ကြုံခဲ့ရသော်လည်း အရှုံးမပေးဘဲ မိစ္ဆာလမ်းစဉ်သို့ ရောက်ရှိလာသူ။
"သွေးလဆန်း" ဟု အမည်နာမယူကာ အလယ်ပိုင်းတိုက်ကြီးကို သိမ်းပိုက်နိုင်သည်အထိ အစွမ်းထက်လာမည့်သူ။
တာဝန်: သွေးလဆန်းမိစ္ဆာသခင်မ ဟန်မုန့်ယောင်ကို မိမိလက်အောက်သို့ သွတ်သွင်းရန်နှင့် သူမ၏ "သွေးလဆန်းမိစ္ဆာဂိုဏ်း" ကို တည်ထောင်ပေးရန်။
တည်နေရာ:ကောင်းကင်စွန့်ပစ်မြို့ ကျွန်ဈေးကွက်။
ဆုလာဘ်: ဗီလိန်မှတ် ၂၅၀၀၀။
အချိန်သတ်မှတ်ချက်: နှစ်လခွဲ။
"ဟန်မုန့်ယောင်"
ကူဟန်သည် ထိုအမည်ကို မှတ်မိနေသည်။ သူမသည် ဇာတ်လိုက် ယဲ့ချင်းယွမ်၏လက်အောက်တွင် အလွန်သနားစရာကောင်းစွာ အသတ်ခံခဲ့ရသော ဗီလိန်မလေးတစ်ဦး ဖြစ်သည်။
သူမသည် သူမ၏ နီရဲသော မျက်လုံးများကြောင့် လူတကာ၏ စက်ဆုပ်ခြင်းကို ခံခဲ့ရသော်လည်း ဇာတ်လိုက်က "မင်းရဲ့ မျက်လုံးလေးတွေက လှတယ်" ဟု တစ်ခွန်းပြောလိုက်ရုံဖြင့် ဇာတ်လိုက်အပေါ် စိတ်ယိုင်သွားခဲ့သည်။
နောက်ဆုံးတွင် ဇာတ်လိုက်၏အကွက်ဆင်မှုကြောင့် သူမသည် အညံ့ခံကာ ဇာတ်လိုက်၏ ဓားချက်အောက်တွင် သေဆုံးသွားခဲ့ရသည်။
"တစ်နည်းအားဖြင့် သူက ငါ့ထက်တောင် ပိုသနားစရာကောင်းသေးတယ်။"
ကူဟန်သည် ဇာတ်လိုက်၏ နောက်ခံအင်အားများကို ရင်ဆိုင်ရန်အတွက် သူ၏ကိုယ်ပိုင် "ဗီလိန်အင်အားစု" ကို တည်ထောင်ရန် လိုအပ်နေသည်။
ထို့ကြောင့် ဤမိစ္ဆာသခင်မလေးကို သူ၏ လက်အောက်သို့ ခေါ်ယူရန် ဆုံးဖြတ်လိုက်သည်။
သူသည် ကျင့်စဉ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် ဂူဗိမာန်အတွင်းမှ ထွက်လာခဲ့သည်။
"အစ်ကိုကြီး နောက်ဆုံးတော့ ထွက်လာပြီပဲ"
ဂူဗိမာန်အပြင်ဘက်တွင် ချူးယိုဝေနှင့် ညီမငယ်များမှာ ရက်ပေါင်းများစွာ စောင့်ဆိုင်းနေကြသည်။
"အစ်ကိုကြီး ကျင့်ကြံနေတုန်း ဘာမှမစားရသေးဘူးမလား ဒါက အစ်ကိုကြီးအတွက် ကျွန်မတို့ အထူးချက်ထားတဲ့ ဟင်းလျာတွေပါ ပူတုန်းပဲရှိသေးတယ်" ချူးယိုဝေက ချိုသာစွာ ပြုံးပြလိုက်သည်။
သို့သော် ကူဟန်သည် သူမကို တစ်ချက်ပင် မကြည့်ဘဲ ဖြတ်လျှောက်သွားခဲ့သည်။ အတိတ်တုန်းက သူသည် သူတို့အတွက် ဟင်းကောင်းများစွာ ချက်ပေးခဲ့သော်လည်း ယဲ့ချင်းယွမ် ရောက်လာချိန်တွင် သူတို့သည် သူသင်ပေးထားသည့် အတတ်ပညာများဖြင့် ယဲ့ချင်းယွမ်ကိုသာ ပြုစုခဲ့ကြသည်။
ယခု သူတို့က ယဲ့ချင်းယွမ်ကို ပြုစုသည့် နည်းလမ်းအတိုင်း သူ့ကို လာလုပ်ပြနေသည်မှာ ကူဟန်အတွက် အလွန်ပင် ရွံရှာဖွယ်ကောင်းနေတော့သည်။