အခန်း (၁၀) တောင်းပန်စကားနဲ့ ထိုက်တန်သူတွေထဲမှာ အပြစ်ကင်းသူ တစ်ယောက်မှမရှိဘူး
ခန်းမဆောင်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဇာတ်လမ်းအစအဆုံးကို မြင်တွေ့လိုက်ရပြီးနောက် လူတိုင်း၏ရင်ထဲတွင် ဒေါသအဟုန်တို့ တောက်လောင်နေကြသည်။နှစ်ပေါင်းများစွာ စိတ်လှုပ်ရှားမှုမရှိခဲ့သော ဂိုဏ်းချုပ်ကြီးပင်လျှင် အလွန်အမင်း ဒေါသထွက်နေမိသည်။
"ချုပ်ပြောရရင် ဒီပြဿနာအားလုံးရဲ့ အဓိကတရားခံက မင်းပဲ။ မင်းက မိုက်မိုက်မဲမဲနဲ့ အဲဒီသားရဲရဲ့ အမြတ်တနိုးဆေးမြက်ပင်ကို ခိုးခဲ့လို့ သားရဲက ရူးသွပ်သွားတာ"
"ကူဟန်က မင်းကိုကာကွယ်ရင်း သားရဲရဲ့တိုက်ခိုက်မှုကို ခံရပြီး သတိလစ်သွားခဲ့တာ။ ဒါပေမဲ့ မင်းက သတိရလာတာနဲ့ ပထမဆုံးလုပ်တဲ့အလုပ်က သူက စစ်မြေပြင်ကနေ ထွက်ပြေးပြီး မင်းတို့ကို ပစ်ထားခဲ့တယ်လို့ စွပ်စွဲတာပဲ"
"အခု အမှန်တရားပေါ်ပေါက်လာပြီဆိုတော့ မင်းရဲ့အမှားကို သိပြီလား"
"ကျွန်မ... ကျွန်မ မသိဘူး" လျိုယုရန်သည် ခေါင်းကိုဆုပ်ကိုင်ကာ အော်ဟစ်ငိုယိုနေသည်။ "အဲဒီအချိန်က ကျွန်မ သတိလစ်နေတာပါ။ နောက်ပိုင်း ဘာဖြစ်တယ်ဆိုတာ ကျွန်မ တကယ်မသိဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ဒေါသမှာ ငယ်ထိပ်သို့ ရောက်သွားကြသည်။ သူတို့တွေးနေသည်မှာ မင်းက ဘာမှမသိဘူးဆိုရင် ဘာလို့ ကူဟန်က ထွက်ပြေးပါတယ်လို့ အပိုင်တွက်ပြီး စွပ်စွဲရဲတာလဲ။
လျိုယုရန်သည် အစကတည်းက တာဝန်ယူရမည်ကို ကြောက်သဖြင့် တာဝန်ရှောင်ခဲ့သူဖြစ်သည်။ အထူးသဖြင့် စည်းကမ်းထိန်းသိမ်းရေးတပည့်များ၏ အကြည့်တွင် သူမသည် အလွန်ရွံရှာဖွယ်ကောင်းနေသည်။
သူမ အမှားလုပ်တိုင်း ကူဟန်က အမြဲတမ်း တာဝန်ယူပေးခဲ့သည်ကို သူမက အခွင့်ကောင်းယူကာ အကျင့်ဖြစ်နေခဲ့ခြင်းပင်။ သူတစ်ပါး၏ စေတနာကို အခွင့်ကောင်းယူတတ်သူများမှာ အစက်ဆုပ်ရဆုံးဖြစ်သည်။
"အခုလို ဖြစ်ပျက်သွားပြီဆိုတော့ ယုရန်ကို ထပ်ပြီး အပြစ်မတင်ကြပါနဲ့တော့" မူဗိုင်လင်းသည် ဖြူလျော့နေသော မျက်နှာဖြင့် လျိုယုရန်ရှေ့တွင် ကာကွယ်ပေးလိုက်သည်။ "သူမက စိတ်ဝေဒနာ ခံစားနေရသူမို့လို့ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လို့ပါ"
မူဗိုင်လင်းသည် ကူဟန်အတွက် ရင်ကွဲမတတ် ခံစားနေရသော်လည်း သူမ၏ အခြားတပည့်တစ်ဦး ပြင်းထန်သော ဝေဖန်မှုများအောက်တွင် ပြိုလဲသွားမည်ကို မလိုလားပေ။
"ဟွန့် အခုမှ ကိုယ့်လူကိုယ် ကာကွယ်ဖို့ သိလာတာလား" စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက ဒေါသတကြီး ဟောက်လိုက်သည်။ ကူဟန်ရဲ့ ဆရာဖြစ်ပြီးတော့ အမှန်တရားကို မစုံစမ်းဘဲ သူ့ကို အပြစ်ပေးခဲ့တာ ဘယ်သူလဲ ဂိုဏ်းတစ်ခုလုံးမှာ သူ အလေးစားဆုံးက မင်းပဲ။
မင်းကို သူက ကယ်တင်ရှင်တစ်ယောက်လို မြင်ခဲ့တာ ဒါပေမဲ့ မင်းက သူ့ကို ကိုယ်တိုင် သေတွင်းထဲ တွန်းပို့လိုက်တာပဲ မင်းရဲ့ဟန်ဆောင်မှုတွေက ရွံစရာကောင်းတယ် မင်းတောင်းပန်သင့်ဆုံးလူက ကူဟန်ပဲ။
အကြီးအကဲ၏ ပြင်းထန်သော စကားလုံးများက မူဗိုင်လင်း၏ နှလုံးသားကို ဓားဖြင့် မွှန်းလိုက်သကဲ့သို့ ခံစားရစေသည်။ သူမ၏ တပည့်သည် မည်မျှ စိတ်ပျက်အားငယ်စွာဖြင့် မျှော်စင်ထဲ ဝင်သွားမည်ကို တွေးမိတိုင်း သူမ အသက်ရှူရ ကျပ်လာသည်။
မကြာမီ ဂိုဏ်းအကြီးအကဲများ၏ ကြေညာချက်ကြောင့် အမှန်တရားမှာ ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
"ငါ ပြောသားပဲ အစ်ကိုကြီးကူက အဲဒီလိုလူမျိုး မဟုတ်ပါဘူးဆိုတာ သူက ကြင်နာပြီး ဂုဏ်သိက္ခာရှိတဲ့သူပါ။"
"အစ်မကြီးလျိုယုရန်ကို တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ။ အစ်ကိုကြီးက သူမအသက်ကို ကယ်ခဲ့တာတောင်မှ အခုလို ပြန်လုပ်ရက်တယ်"
လူတိုင်းက လျိုယုရန်ကိုသာမက ကူဟန် ကယ်တင်ခဲ့သော အခြားတပည့်များကိုပါ ရွံရှာနေကြသည်။ အစ်ကိုကြီး ဒုက္ခရောက်နေချိန်တွင် သူတို့ထဲက တစ်ယောက်မှ အမှန်တရားကို ထွက်မပြောဘဲ နှုတ်ဆိတ်နေခဲ့ကြသောကြောင့် ဖြစ်သည်။ နှင်းခဲတစ်ပွင့်ချင်းစီမှာ အပြစ်မကင်းကြသကဲ့သို့ပင်။
အခြားတစ်ဖက်တွင် ယဲ့ချင်းယွမ်မှာမူ လူတိုင်းက လျိုယုရန်ကိုသာ အာရုံစိုက်နေကြသဖြင့် သူ၏ လျှို့ဝှက်ချက်များ မပေါက်ကြားသွားသည့်အတွက် ကျေနပ်နေသည်။
မိစ္ဆာချုပ်နှောင်ရာ မျှော်စင်အတွင်း အပြင်လောကမှ လှုပ်ရှားမှုများကို ကူဟန်မသိရှိပေ။ မျှော်စင်အတွင်းရှိ ရှေးဟောင်း စာသားများမှာ အသက်ဝင်လာပြီး တောက်ပသော အလင်းတန်းများ ဖြစ်ပေါ်လာသည်။ ထိုအလင်းတန်းများ၏ အလယ်ဗဟိုတွင် ကြေးဝါတံခါးကြီးတစ်ခု ပေါ်လာတော့သည်။
"ဒါ (၁၉) ထပ်မြောက်ရဲ့ ဝင်ပေါက်ပဲ ဖြစ်ရမယ်"
ကူဟန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တုံ့ဆိုင်းမနေဘဲ ကြေးဝါတံခါးကြီး၏ လက်ကိုင်ကို ဆွဲဖွင့်လိုက်တော့သည်။