အခန်း ၉ - လွင်ပြင်ကြီးထဲသို့ ဝင်ရောက်ခြင်း
“သေချာတာပေါ့။ ငါတို့ ဒီမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့တာကလည်း ဒီရည်ရွယ်ချက်အတွက်ပဲလေ။”
ဂျော့ခ်ျ က ကျယ်လောင်စွာ ကြေညာလိုက်၏။
“ငါ တခြား ခရီးသွားအဖွဲ့တွေနဲ့လည်း ဒီကိစ္စကို ဆွေးနွေးပြီးပြီ။ ငါတို့ ဖာ့ဇ် မဟာမိတ်အဖွဲ့က မြင်းရထားအချို့ကို အချင်းချင်း နီးနီးကပ်ကပ် တည်ရှိနေစေဖို့အတွက် သူတို့နဲ့ ရထားနေရာချင်း လဲလှယ်ကြမယ်။ ဒါကိုလည်း ဟို အဝတ်နက်ဝတ် သခင်ကြီးတွေဆီကနေ ခွင့်ပြုချက် ရထားပြီးပြီ။”
“ဒါ့အပြင် ငါတို့ မှူးမတ်အမျိုးသားတွေက ရထားတွေကို ကာကွယ်ဖို့အတွက် အလှည့်ကျ ကင်းစောင့်ကြရမယ်။ သဘာဝကျစွာပင် ဒါက အဝတ်နက်ဝတ် စစ်သည်တော် သခင်ကြီးတွေကို ကူညီပေးရုံသက်သက်ပဲပေါ့။ လှပတဲ့ လေဒီတို့အတွက်ကတော့ ရိက္ခာပိုင်းနဲ့ သန့်ရှင်းရေး လုပ်ငန်းဆောင်တာတွေကို တာဝန်ယူပေးရမယ်။”
“လက်နက်တွေနဲ့ ပတ်သက်လို့လည်း မင်းတို့ စိုးရိမ်စရာမလိုပါဘူး။ ငါတို့ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးပြီ ဖြစ်သလို ဒူးလေးတစ်လက်ကိုတောင် ရရှိထားပြီးပြီ။”
ဂျော့ခ်ျ က သူ့ရဲ့ အစီအစဉ်များကို အော်ဟစ် ကြေညာလိုက်တော့သည်။
မဟာမိတ်အဖွဲ့ရှိ လူငယ်များသည် အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးလိုက်ကြပြီးနောက် အများစုက ဤအစီအစဉ်ကို သဘောတူ ထောက်ခံကြ၏။
“ကောင်းပြီ၊ ငါတို့ သဘောတူတယ်။”
ကင်းစောင့်တပ်ဖွဲ့၏ တပ်မှူးအဆင့်အတန်းကိုတော့ ဂျော့ခ်ျကသာ ရယူမည်မှာ လုံးဝ ရှောင်ကွင်း၍ မရနိုင်ချေ။
ဂျော့ခ်ျသည် အခွင့်အရေးကို လက်လွတ်မခံဘဲ လူငယ်များကို တာဝန်အချို့ ချက်ချင်း ခွဲဝေပေးလိုက်တော့သည်။
၎င်းနောက်တွင်တော့ ညစာစားပွဲက ဆက်လက် ဖြစ်ပွားနေသော်လည်း လူအုပ်ကြီး၏ စိတ်အားထက်သန်မှု အများစုကတော့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်၏။
“ငါက မူလက မင်းကို ကြက်ခြေခတ် ဓားတစ်လက် ပေးဖို့ ပြင်ဆင်ထားတာ၊ ဒါပေမဲ့ အခုတော့ လိုအပ်မယ့်ပုံ မပေါ်တော့ဘူးပဲ။”
ဂျော့ခ်ျ က ဝိုင်ခွက်ကို မြှောက်လျက် လေလင်ထံသို့ လျှောက်လှမ်းလာပြီး လေလင်၏ ခါးတွင် ချိတ်ဆွဲထားသည့် ဓားရိုးဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
“မှော်ခရီးသွားအဖွဲ့တိုင်းက ဒီလွင်ပြင်ကြီးထဲကို ဝင်ရောက်တဲ့အချိန်မှာ လူအမြောက်အမြား တကယ်ပဲ သေဆုံးခဲ့ရတာလား။”
လေလင် က မေးလိုက်၏။
“သေချာတာပေါ့။ အကောင်းဆုံး အခြေအနေကတော့ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ပဲ သေဆုံးတာပေါ့၊ ဒါပေမဲ့ အနည်းဆုံး လူ ၁၀ ယောက်လောက်အထိ သေဆုံးခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ဖူးတယ်။”
ဂျော့ခ်ျ က သူ့ပုခုံးကို တွန့်ပြလိုက်၏။
“ဒါမှမဟုတ်ရင် ကမ်းခြေကို ရောက်ရင် ပျက်ပြယ်သွားမယ့် မဟာမိတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ ငါက ဘာလို့ ဒီလောက်အထိ ငွေကြေးနဲ့ အင်အားတွေ အကုန်ခံနေပါ့မလဲ။”
“မင်း မျိုးစေ့တစ်ခု စိုက်ပျိုးထားသရွေ့တော့ တစ်ခုခု အကျိုးအမြတ် ပြန်ရလာမှာပဲ မဟုတ်လား။”
လေလင် က ရယ်မောလိုက်၏။
ဘာပဲဖြစ်ဖြစ် လူတိုင်း အတူတူ စုစည်းနေသရွေ့တော့ သူတို့ အသက်ရှင်နိုင်မယ့် နှုန်းက ပိုမို မြင့်တက်လာမှာ ဖြစ်သည်။
ပြီးတော့ အသက်ရှင်ကျန်ရစ်မည့် မှော်အလုပ်သင် တိုင်းကလည်း ဂျော့ခ်ျနှင့် သူ့မိသားစုအပေါ် သေချာပေါက် စေတနာ ရှိကြပေလိမ့်မည်။
အကယ်၍ ထိုအလုပ်သင်များထဲက တစ်ဦးဦးကသာ အစစ်အမှန် မှော်ဆရာ ဖြစ်လာခဲ့လျှင် ပြန်လည်ရရှိမည့် အကျိုးကျေးဇူးက အလွန် ကြီးမားလှပေလိမ့်မည်။
ဒါပေမဲ့ အားလုံး သေဆုံးသွားခဲ့ရင်တောင် သူ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု မရှိဘူးပဲ မဟုတ်လား။
“မင်းရဲ့ ဓားသိုင်းအပြင် မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးကပါ ငါ့ကို တကယ်ပဲ အံ့အားသင့်စေတာပဲ။”
ဂျော့ခ်ျ့၏ မျက်ဝန်းများက တောက်ပသွားရသည်။
“ငါ ပြုလုပ်ခဲ့တဲ့ အရာအားလုံးက အဖေက ငါ့ကို လုပ်ခိုင်းခဲ့တဲ့ အရာတွေချည်းပဲ။”
“ဒါဆိုရင်… မင်း ငါ့ကို ကူညီဖို့ ဆန္ဒရှိလား။”
ဂျော့ခ်ျ က သူ့လက်ကို ကမ်းပေးလိုက်၏။
“မင်း ဖြစ်ချင်တဲ့အတိုင်းပေါ့။”
လေလင် က ရယ်မောလိုက်ပြီး ဂျော့ခ်ျ့၏ လက်ကို လှမ်းဆွဲ နှုတ်ဆက်လိုက်တော့သည်။
…
ဂျော့ခ်ျ့၏ တောင်းဆိုမှုကို လေလင် ပြန်လည် သဘောတူလိုက်ခြင်းက စိတ်လိုက်မာန်ပါ ပြုလုပ်ခဲ့ခြင်း မဟုတ်ချေ။
အမှန်တကယ်တွင်တော့ သူက အရာအားလုံးကို သေချာစွာ တွက်ချက်ပြီးမှ ဤဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။
လွင်ပြင်ကြီးအတွင်းရှိ ဖုံးကွယ်နေသော အန္တရာယ်များနှင့် ပတ်သက်၍မူ သူက များစွာ မသိရှိသေးချေ။
ထို့ကြောင့် အချင်းချင်း ပူးပေါင်းလုပ်ဆောင်ခြင်းက အလွန် ကောင်းမွန်သော ကမ်းလှမ်းချက်တစ်ခု ဖြစ်သည်။
ရှူး…။
အေးစက်စက် လေညင်းက ဖြတ်တိုက်သွားပြီး ၎င်းက ဓားသွားများပမာ သူတို့၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။
အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည့် အခါတိုင်း လေလင်သည် မြက်ခင်းပြင်၏ မွှေးပျံ့သော ရနံ့ကို အနံ့ရလိုက်၏။
“ငါတို့ သေမင်းလွင်ပြင်ကြီးထဲကို ဝင်ရောက်ခဲ့တာ အခုဆိုရင် ၁၅ ရက် ရှိသွားခဲ့ပြီ။”
မြင်းရထားများကို ပြန်လည် ကြည့်ရှုလိုက်သည့်အခါ လေလင်သည် ၎င်းတို့အပေါ်ရှိ ပျက်စီးနေသော အမှတ်အသားအချို့ကို မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်ပျက်သွားမိသည်။
မြင်းရထားပေါ်က အမှတ်အသားများသည် သားရဲတစ်ကောင်၏ လက်သည်းဖြင့် ဆွဲဖြတ်ထားသကဲ့သို့ လိုင်းသုံးလိုင်း တစ်သားတည်း ပေါင်းစပ်နေခြင်း ဖြစ်သည်။
“ဒီ သေမင်းလွင်ပြင်ကြီးထဲမှာ သာမန်လူသားတွေတင် မကဘဲ အလုပ်သင် စစ်သည်တော်တွေပါ ရင်ဆိုင်ဖို့ ခက်ခဲမယ့် အန္တရာယ်တွေ ရှိနေတာပဲ။”
လွင်ပြင်ကြီးထဲသို့ ဝင်ရောက်ပြီးနောက် ဝတ်စုံဖြူဝတ်နှင့် အဝတ်နက်ဝတ် သခင်ကြီးများသည် ကင်းလှည့်သည့် အကြိမ်ရေကို တိုးမြှင့်ခဲ့ပြီး မှော်အလုပ်သင်များကိုလည်း အတူတူ စုစည်းနေစေခဲ့သော်လည်း သေဆုံးမှုအချို့ကတော့ ရှိနေဆဲ ဖြစ်သည်။
မြင်းရထားပေါ်က အမှတ်အသားများသည် ‘လွင်ပြင် ဝံပုလွေရိုင်း’ အုပ်စုတစ်ခုကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
သူတို့ ရောက်ရှိလာသည့် ပထမဆုံး အချိန်တွင် မြင်းရထားများသည် ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
မည်သူမျှ သေဆုံးခြင်း မရှိခဲ့စေကာမူ ထို လွင်ပြင် ဝံပုလွေရိုင်း အုပ်စုသည် မြင်းရထားများကို မှောက်လှန်လုမတတ် ဖြစ်ပေါ်စေခဲ့ပြီး ပြင်းထန်စွာ ပျက်စီးစေခဲ့သဖြင့် လေလင်၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်ကစပြီး ကျောင်းသားများသည် အပြင်ဘက်တွင် စခန်းချရန် မရဲကြတော့ဘဲ မြင်းရထားများအတွင်း၌သာ အိပ်စက်ရန် ကြိုးစားကြတော့သည်။
သို့သော်လည်း ထိုသို့ ပြုလုပ်စေကာမူ သေဆုံးမှုအချို့ကတော့ ရှိနေဆဲ ဖြစ်သည်။
လေလင်၏ မျက်နှာက အနည်းငယ် ညှိုးနွမ်းသွားရ၏။
အဝတ်နက်ဝတ် စစ်သည်တော်များက ကာကွယ်ပေးနေစေကာမူ အချို့သော လူငယ်များသည် သူတို့၏ ကိုယ်ပိုင်ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် အပြင်သို့ ထွက်ခွာရန် လိုအပ်သေးသည်။
စိတ်မကောင်းစရာကောင်းသည်မှာ အန္တရာယ်များနှင့် ပြည့်နှက်နေသည့် ဤ သေမင်းလွင်ပြင်ကြီးထဲတွင် ထိုအရာက အန္တရာယ်ကို ဖိတ်ခေါ်နေခြင်း ဖြစ်သည်။
လူငယ်တစ်ယောက်မှာ မြင်းရထားပေါ်ကနေ ဆင်းလိုက်သည့် ပထမဆုံး အချိန်တွင်ပဲ အဆိပ်ရှိ အင်းဆက်တစ်ကောင်၏ ကိုက်ခတ်ခြင်းကို ခံလိုက်ရပြီး ချက်ချင်း သေဆုံးသွားခဲ့ရသည်။
“အေအိုင်စနစ်ရဲ့ တွက်ချက်မှုအရဆိုရင် ထိုအင်းဆက်ရဲ့ အဆိပ်က ၁၃ စက္ကန့်အတွင်းမှာပဲ ဦးနှောက်ကို ပျက်စီးစေတာ။ ဆေးဝါးတွေနဲ့ ကူညီဖို့အတွက် အချိန်မလုံလောက်ခဲ့ဘူး၊ ဝတ်စုံဖြူဝတ် မှော်ဆရာ သခင်ကြီးအချို့တောင် ထိုလူငယ် သေဆုံးသွားတာကို ဒီအတိုင်းပဲ ကြည့်နေခဲ့ရတယ်…”
ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်တွင်တော့ ကျောင်းသားများသည် မရှိမဖြစ် လိုအပ်သည့် အခြေအနေမှလွဲ၍ မြင်းရထားပေါ်ကနေ လုံးဝ မဆင်းကြတော့ချေ။
သို့သော်လည်း မြင်းရထား၏ ကျဉ်းမြောင်းလှသော နေရာနှင့် အထဲတွင် လူအမြောက်အမြား စုပြုံတိုးဝှေ့နေခြင်းကြောင့် အတွင်းပိုင်းရှိ အနံ့ဆိုးကတော့ တကယ်ကို မသက်သာလှချေ။
လေလင်ကတော့ အဝတ်နက်ဝတ် စစ်သည်တော်များကို ကူညီပြီး မြင်းရထား မောင်းနှင်ပေးသည့် လျော်ကြေးအနေဖြင့် အပြင်ဘက်က လတ်ဆတ်သော လေထုကို ရှူသွင်းနိုင်မည့် အခွင့်အရေးကို ရရှိခဲ့သည်။
မြင်းရထား၏ အပြင်ဘက်တွင် ရှိနေခြင်းက ပိုမို အန္တရာယ်များပုံရသော်လည်း သူ့ဘေးနားတွင် အဝတ်နက်ဝတ် စစ်သည်တော် ရှိနေသဖြင့် အမှန်တကယ်တွင်တော့ အများကြီး ပိုမို ဘေးကင်းလုံခြုံလှသည်။
မြင်းရထား မောင်းနှင်သည့် အတတ်ပညာနှင့် ပတ်သက်၍မူ လေလင်သည် အဝတ်နက်ဝတ် စစ်သည်တော်၏ ပြောပြချက်ကို ခဏမျှသာ နားထောင်လိုက်ရုံဖြင့် အေအိုင်စနစ်က အရာအားလုံးကို တိကျစွာ မှတ်တမ်းတင်ပေးခဲ့ခြင်း ဖြစ်သည်။
“မိုးချုပ်တော့မယ်။ လူတိုင်း မြင်းရထားတွေထဲမှာပဲ အနားယူကြ။”
ရှေ့ဆုံးကနေ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသဖြင့် မြင်းရထား တိုင်းက ချက်ချင်း ရပ်တန့်သွားသည်။
ညဘက်တွင် ခရီးသွားခြင်းက အန္တရာယ်များရုံတင်မကဘဲ မြင်းများ အနားယူရန် အချိန်မရရှိခြင်းကြောင့် ၎င်းတို့ သေဆုံးသွားနိုင်ပြီး ပိုမို ကြီးမားသည့် ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။
“မင်းရဲ့ မြင်းရထား မောင်းနှင်တဲ့ အတတ်ပညာက တော်တော်လေးကို ကောင်းတာပဲ။”
အဝတ်နက်ဝတ် စစ်သည်တော်က လေလင်ကို ကြည့်ပြီး တိုးတိုးလေး ဆိုလိုက်၏။
“ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်တ။”
လေလင် က ဦးညွှတ်လိုက်သည်။
သူ မြင်းရထားအတွင်းပိုင်းသို့ ပြန်လည် ဝင်ရောက်လိုက်သည့်အခါ တံခါးဖွင့်လိုက်သည်နှင့်အမျှ ပြင်းထန်သော အနံ့ဆိုးတစ်ခုက သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။
လေလင် မျက်မှောင်ကုတ်လိုက်မိသော်လည်း ကျောင်းသားများ၏ မိန်းမောတွေဝေနေသော မျက်နှာအမူအရာများကို ကြည့်ပြီး သူက စိတ်ထဲကနေ တိတ်တဆိတ်သာ သက်ပြင်းချလိုက်မိတော့သည်။
ပထမဆုံး သေဆုံးမှု ဖြစ်ပွားခဲ့ကတည်းက လူငယ်များထဲက တစ်ဦးမျှ ဝမ်းသာအားရ ဖြစ်နေသည့် အမူအရာမျိုး မရှိတော့ဘဲ ၎င်းအစား စိတ်ပျက်လက်ပျက် ဖြစ်နေသည့် လေထုတစ်ခုသာ ပြည့်နှက်နေခြင်း ဖြစ်သည်။
ဒါကလည်း လေလင် မြင်းရထားထဲတွင် လုံးဝ မနေချင်ရသည့် နောက်ထပ် အကြောင်းပြချက်တစ်ခု ဖြစ်သည်။
“လေလင်… မင်း ပြန်လာပြီလား။”
တင်းတိပ်များနှင့် လူငယ်လေးက အတင်းအကျပ် ပြုံးလျက် သူ့ကို နှုတ်ဆက်လိုက်၏။
“ဟုတ်တယ်။”
လေလင် က ထိုင်ချလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကာ ပေါင်မုန့်ခြောက်တစ်ချပ်ကို ယူ၍ ဝါးစားနေလိုက်သည်။
ခြောက်သွေ့လှသည့် ပေါင်မုန့်က ပါးစပ်ထဲတွင် ဝါးလိုက်သည့်အခါ သဲများကို ဝါးနေရသလိုမျိုး ခံစားရစေသည်။
ထိုအရသာ ရှိနေစေကာမူ လေလင် က ခက်ခက်ခဲခဲပင် မျိုချလိုက်ရသော်လည်း ထိုသို့ ပြုလုပ်လိုက်သည့်အခါ သူ့လည်ချောင်းထဲကနေ ရုတ်တရက် နာကျင်မှုတစ်ခု ပေါ်ထွက်လာသဖြင့် သူက သူ့ရဲ့ ရေဘူးကို အမြန်ထုတ်ယူကာ ရေအမြောက်အမြားကို မော့ချလိုက်ရတော့သည်။
သူ ပေါင်မုန့်တစ်ချပ်လုံးကို ကုန်အောင် စားပြီးမှသာ စိတ်ထဲကနေ သက်ပြင်းချလိုက်နိုင်တော့သည်။
သေမင်းလွင်ပြင်ကြီးထဲသို့ ဝင်ရောက်ပြီးနောက်တွင်တော့ ရိက္ခာများ ရှာဖွေရန်မှာ အလွန် ခက်ခဲလှသည်။
ကျောင်းသားများထံတွင် ရွှေဒင်္ဂါးပြားများ ရှိနေစေကာမူ ဘေးပတ်ပတ်လည်တွင် မည်သည့် ကုန်သည်မှ မရှိချေ။
ထို့ကြောင့် ဤအခြေအနေမျိုးတွင် ရွှေဒင်္ဂါးပြားများသည် သာမန် ကျောက်ခဲများထက် ပို၍ မကောင်းမွန်ချေ။
“လေ… လေလင်၊ အခြေအနေက ဘယ်လိုမျိုးလဲ။ ဒီကျိန်စာမိတဲ့ လွင်ပြင်ကြီးထဲကနေ ထွက်ခွာဖို့အတွက် နောက်ထပ် ဘယ်နှစ်ရက်လောက် ထပ်ပြီး သွားရဦးမှာလဲ။”
လေလင် စားသောက်ပြီးစီးသွားသည့် အခါတွင်တော့ တင်းတိပ်များနှင့် လူငယ်က မေးလိုက်ခြင်း ဖြစ်သည်။
သူ့ရဲ့ စကားလုံးများသည် လူတိုင်း သိချင်နေကြသည့် အဖြေ ဖြစ်မှာ အသေအချာပင် ဖြစ်သဖြင့် လူတိုင်း၏ အာရုံစိုက်မှုက လေလင်ထံသို့ ရောက်ရှိလာကြတော့သည်။
“ငါ မြင်းရထား မောင်းနေတုန်း အဝတ်နက်ဝတ် စစ်သည်တော်နဲ့ စကားပြောခဲ့တယ်။ ငါတို့က အခုဆိုရင် လမ်းခရီးရဲ့ တစ်ဝက်ကို ရောက်ရှိနေပြီ ဖြစ်လို့ အရာအားလုံး အဆင်ပြေရင် နောက်ထပ် လဝက်လောက်ဆိုရင် ကမ်းခြေကို ရောက်ရှိလိမ့်မယ်။”
“ဟင်… ဘုရားသခင်၊ နောက်ထပ် လဝက်လောက် ထပ်သွားရဦးမယ် ဟုတ်လား။ ဒါက တကယ့်ကို ဆိုးရွားတဲ့ ရက်စက်မှုပဲ၊ ငါ ဒီနေရာမှာ နောက်ထပ် တစ်ရက်တောင် ထပ်ပြီး မနေနိုင်တော့ဘူး။”
တင်းတိပ်များနှင့် လူငယ်က သူ့ဆံပင်များကို ဆွဲဖွလျက် စိတ်ပျက်လက်ပျက် ညည်းတွားလိုက်တော့သည်။
“ဟေး… စိတ်ဓာတ်မကျစမ်းနဲ့… ကာဆာ။ မင်း ဒီ ၁၅ ရက်ကို တောင့်ခံနိုင်သရွေ့တော့ ကမ်းခြေကို ရောက်ရှိမှာ။ အရသာရှိတဲ့ သစ်သီးတွေ၊ ပျော့ပျောင်းတဲ့ ပေါင်မုန့်တွေအပြင် သက်သောင့်သက်သာရှိတဲ့ အိပ်ရာနဲ့ နွေးထွေးတဲ့ ရေချိုးခန်းတွေက မင်းကို စောင့်ကြိုနေမှာလေ…”
လူငယ်တစ်ယောက်က ကာဆာကို အားပေးရန် ကြိုးစားလိုက်သော်လည်း သူ့ရဲ့ စကားလုံးများသည် ကာဆာထက် သူ့ကိုယ်သူ ပိုမို အားပေးနေသကဲ့သို့ ဖြစ်နေသည်။
ဒေါင်… ဒေါင်…။
စည်းချက်ကျကျ အသံတစ်ခုနှင့်အတူ မြင်းရထား တံခါး ပွင့်သွားပြီး ဂျော့ခ်ျ ပေါ်ထွက်လာသည်။
သူ့ရဲ့ သံချပ်ကာ ဝတ်စုံနှင့် ဓားရှည်ကို ကိုင်ဆောင်ထားသည့် ဂျော့ခ်ျ့ပုံစံက ကြည့်ကောင်းသည့် စစ်သည်တော်တစ်ယောက်ပမာပင်။
“ဟေး… ဆရာတို့၊ လေဒီတို့။ အနားယူရမယ့် အချိန်ရောက်ပြီ။ မင်းတို့ အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားချင်ရင် အပြင်ထွက်လို့ ရတယ်။ အကယ်၍ မလိုဘူးဆိုရင်တော့ အထဲမှာပဲ နေကြပါ၊ ဘာပဲဖြစ်ဖြစ် အပြင်ဘက်က အတော်လေး အန္တရာယ်များတယ်…”
မြင်းရထားအတွင်းရှိ လူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး မျက်နှာနီစွေးနေသည့် မိန်းကလေးအချို့က အချင်းချင်း စိုက်ကြည့်လိုက်ကြကာ မြင်းရထားပေါ်ကနေ ထွက်ခွာသွားကြသည်။
လေလင် က သူ့ပုခုံးကို တွန့်ပြလိုက်ပြီး သူ့ရဲ့ ကြက်ခြေခတ် ဓားကို ကိုင်ဆောင်လိုက်၏။
“သွားကြစို့။”
ကင်းစောင့်တပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦး အနေဖြင့် သူက ဤလေဒီများကို ကာကွယ်ရန် လိုအပ်သည်။ သူ ပြုလုပ်နိုင်သည့် အရာအားလုံးက သတိကြီးစွာ ထားခြင်းနှင့် တစ်ခုခု ပြဿနာ ဖြစ်ပွားလျှင် အဝတ်နက်ဝတ် စစ်သည်တော်ကို ကူညီရန်အတွက် အော်ဟစ်ခေါ်ဆိုခြင်းသာ ဖြစ်စေကာမူပေါ့။
“ငါ… ငါ ဒီတစ်ကြိမ်တော့ အောက်ကို မဆင်းတော့ဘူး။”
ကာဆာ က ဘေးဘက်ကနေ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်လျက် ဆိုလိုက်၏။
“ဒါဆိုရင်လည်း ကောင်းပါပြီ။”
လေလင် က ကျန်ရှိသော သူများကို မြင်းရထားပေါ်ကနေ ထွက်ခွာရန် အမူအရာ ပြသလိုက်သည်။
မြက်ခင်းပြင်ပေါ်သို့ ညင်သာစွာ ဆင်းလိုက်ပြီးနောက် လေလင် က အပြင်ဘက်တွင် သက်သောင့်သက်သာဖြင့် သူ့ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်မိသည်။
လှပသော မြင်ကွင်းကြီးက သူ့မျက်စိတစ်ဆုံး ကျယ်ဝန်းလှ၏။ အကယ်၍ ဤနေရာတွင် များပြားလှသည့် အန္တရာယ်များ ရှိမနေပါက လေလင်သည် ဤမြင်ကွင်းကို သေချာပေါက် သဘောကျမိမှာ ဖြစ်သည်။
“တကယ်ကို လှပတာပဲ။”
ဂျော့ခ်ျ က ဝင်လုဆဲဆဲ နေမင်းကြီးကို ကြည့်ပြီး ဆိုလိုက်၏။
“တကယ်ကို လှပတာတော့ အမှန်ပဲ၊ ဒါပေမဲ့ အန္တရာယ်လည်း အလွန်များတယ်။”
လေလင် က တိုးတိုးလေး ရေရွတ်လိုက်သည်။
“အန္တရာယ်ဆိုတာ နေရာတိုင်းမှာ ရှိတာပဲ သူငယ်ချင်း။ ဖျားနာမှု၊ ငတ်မွတ်မှု၊ စစ်ပွဲ… ဒီကမ္ဘာကြီးက ဒီလို အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ။ ငါတို့အတွက်တော့ ဒီနယ်မြေက အသက်အန္တရာယ် ရှိပေမဲ့ ဝတ်စုံဖြူဝတ် မှော်ဆရာ သခင်ကြီးတွေအတွက်တော့ ဒါက သူတို့အိမ်က ပန်းခြံလေးတစ်ခုလိုပဲ နေမှာ။”
ဂျော့ခ်ျ က သူ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်၏။
“မင်း ပြောချင်တာက မိမိမှာ စွမ်းအား ရှိနေသရွေ့တော့ လွတ်လပ်မှုနဲ့ ဘေးကင်းလုံခြုံမှု နှစ်ခုစလုံးကို ရရှိနိုင်တယ်လို့ ပြောချင်တာလား။”
“အတိအကျပဲ ကာဆာကို ကြည့်လိုက်၊ သူက သူ့ရဲ့ သတ္တိတွေကို ဆုံးရှုံးနေပြီ။ စွမ်းအားကို ရှာဖွေမယ့် ဒီလမ်းကြောင်းပေါ်မှာ သူ့မှာ အန္တရာယ်ကို ရင်ဆိုင်ရမယ့် စိတ်ဓာတ် မရှိဘူး။ အကယ်၍ သူက မှော်အကယ်ဒမီကျောင်းသို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိသွားဦးတော့၊ သူက မှော်ဆရာတစ်ယောက် ဖြစ်လာဖို့က မလွယ်ကူပါဘူး။ ဘာပဲဖြစ်ဖြစ် မှော်ပညာကို လေ့လာတာက ဒီလွင်ပြင်ကြီးထက် အဆပေါင်း ရာချီပြီး ခက်ခဲတဲ့ လှည့်ကွက်တွေ ပြည့်နှက်နေတဲ့ လမ်းကြောင်းတစ်ခုလေ။”
ဂျော့ခ်ျ က ကျောက်ခဲတစ်လုံးကို လွင်ပြင်ကြီးထဲသို့ အဝေးကြီး လှမ်းပစ်လိုက်၏။
“အခု ငါတို့ရဲ့ လှပတဲ့ ရတနာလေးတွေကို ကာကွယ်ရမယ့် အချိန်ရောက်ပြီ။”
ဂျော့ခ်ျ ထွက်ခွာသွားသည်ကို ကြည့်ပြီး လေလင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။
“သတ္တိ ဟုတ်လား ဒါပေမဲ့ အမှန်တရားကို လိုက်လံ ရှာဖွေနေတဲ့သူတွေအတွက်တော့ သတိကြီးစွာ ထားခြင်းကလည်း မရှိမဖြစ် လိုအပ်ချက်တစ်ခုပဲ။”
“အေအိုင်စနစ်… စစ်ဆေးမှုကို စတင်စမ်း။”
လေလင် စိတ်ထဲကနေ အမိန့်ပေးလိုက်၏။
၎င်းအမိန့်နှင့်အတူ လေလင်၏ ဦးနှောက်ထဲတွင် ဘေးပတ်ပတ်လည်ရှိ နယ်မြေအားလုံးကို ပြသနေသည့် သုံးဖက်မြင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ထို အပြာပြာရောင် မြေမျက်နှာသွင်ပြင် ပုံရိပ်အတွင်း၌ အဖြူရောင် ကြယ်ပွင့်စုအချို့ ရှိနေသည်။
ထိုကြယ်ပွင့်များသည် ကျောင်းသားများကို ကိုယ်စားပြုခြင်း ဖြစ်ပြီး ၎င်းတို့ထဲက တစ်ဦးမျှ ထိခိုက်ဒဏ်ရာရသည့် ပုံစံမျိုး မရှိချေ။
အဝတ်နက်ဝတ် စစ်သည်တော်မှာမူ လင်းလက်နေသည့် အနီရောင် အလင်းတန်းတစ်ခု ဖြစ်သည်။ အေအိုင်စနစ်၏ ခွဲခြမ်းစိတ်ဖြာမှုအရ ၎င်းကို သူ့အိမ်ရှင်အတွက် အန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် တည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
နောက်ဆုံး မြင်းရထားအချို့တွင်တော့ ဝတ်စုံဖြူဝတ် မှော်ဆရာ ရှိနေသည်။ လေလင်သည် အေအိုင်စနစ်ကို အသုံးပြု၍ ၎င်းတို့ကို စစ်ဆေးရန် မရဲချေ၊ အကြောင်းမှာ စွမ်းအင်များကို သူတို့က ရိပ်မိသွားပါက သူ့အတွက် ကြီးမားသော ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။
မကြာမီမှာပဲ ဘေးပတ်ပတ်လည်ရှိ အန္တရာယ်ရှိသော အရင်းအမြစ် တိုင်းသည် လေလင်၏ စိတ်ထဲတွင် ပေါ်ထွက်လာခဲ့ပါပြီ။
“အဆိပ်ရှိ အင်းဆက်တစ်ကောင် ဖြစ်နေရင်တောင် အေအိုင်စနစ်ရဲ့ စစ်ဆေးမှုကနေ ဘယ်လိုမှ မရှောင်ကွင်းနိုင်ပါဘူး။ လက်ရှိအချိန်မှာတော့ ဒီနယ်မြေက ဘေးကင်းလုံခြုံပါတယ်။”
ဒါကတော့ လေလင် အသေအချာ ကောက်ချက်ချနိုင်သည့် အရာ ဖြစ်သည်။
သူက ကင်းစောင့်တပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်စေကာမူ မိမိကိုယ်မိမိ အန္တရာယ်ဖြစ်စေမည့် အရာမျိုးကိုတော့ လုံးဝ ပြုလုပ်မည် မဟုတ်ချေ။
အေအိုင်စနစ် ရှိနေသရွေ့တော့ သူက မီတာ ၂၀,၀၀၀ အတွင်း ဖြစ်ပျက်နေသည့် အရာအားလုံးကို ကောင်းကောင်းကြီး သိမြင်နိုင်မှာ ဖြစ်သဖြင့် ဒါက သူတို့ ဘေးကင်းလုံခြုံမှုအတွက် အကြီးမားဆုံးသော အာမခံချက်ပင် ဖြစ်သည်။