အခန်း ၈ - မဟာမိတ်အဖွဲ့
“ဒါဆို ဒီကမ္ဘာရဲ့ အချိန်သတ်မှတ်တဲ့ စနစ်က အရင်ကမ္ဘာနဲ့ အတော်လေး တူတာပဲ။”
လေလင်သည် လက်ထဲရှိ ဖန်စီအိတ်ဆောင်နာရီလေးကို ဟိုလှည့်ဒီလှည့် လုပ်ရင်း စိတ်ထဲကနေ ရေရွတ်လိုက်မိ၏။
ထိုဖန်စီအိတ်ဆောင်နာရီ၏ လက်ရာက အလွန် သေသပ်လှပြီး အတွင်းပိုင်းတွင် အကွက်ငယ် ၂၄ ကွက် ရှိနေခြင်း ဖြစ်သည်။
အကွက်တစ်ခုစီသည် တစ်နာရီစီကို ကိုယ်စားပြုသည်။
သူသည် အိုရလင်း၏ လူမိုက်များထံမှ လက်နက်တစ်ခုကို ခြိမ်းခြောက်ငွေညှစ်နိုင်ခဲ့ရုံတင်မကဘဲ ရွှေဒင်္ဂါးပြား ထောင်ချီ တန်ဖိုးရှိသော စစ်သုံ့ပန်းပစ္စည်းများကိုပါ ရရှိခဲ့ခြင်း ဖြစ်သည်။
ဤအိတ်ဆောင်နာရီကိုတော့ လူဝတုတ်လေးတစ်ယောက်က ဆက်သခဲ့ခြင်း ဖြစ်သည်။
သူတို့မိသားစုများ၏ ကလဲ့စားချေမှုနှင့် ပတ်သက်၍မူ အိုရလင်း ပါဝင်နေသည့် ဒေါ်လန် မိသားစုသည် ဘော်ဘွန် နိုင်ငံမှ ဖြစ်ပြီး ၎င်းမှာ ဗိုင်းကောင့် ဂျွန်၏ ပိုင်နက်နယ်မြေနှင့် နိုင်ငံအတော်များများ ဝေးကွာလှ၏။
ဒါ့အပြင် ထိုနှစ်နိုင်ငံကြား ဆက်ဆံရေးမှာလည်း ရန်ဘက်အခြေအနေတွင် ရှိနေနှင့်ပြီးသား ဖြစ်သည်။
မှော်ဆရာတစ်ယောက် ဖြစ်လာရန်အတွက် အနည်းဆုံး နှစ်အနည်းငယ်မျှ ကြာမြင့်မည် ဖြစ်ရာ စာတစ်စောင် အပြန်အလှန် ပေးပို့ရန်အတွက်ပင် အနည်းဆုံး နှစ်အနည်းငယ်မျှ အချိန်ယူရပေလိမ့်မည်။
လေလင်သည် ထိုအကြောင်းကို ခဏမျှသာ တွေးတောလိုက်ပြီးနောက် အိုရလင်း မိသားစုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို သူ့ဦးခေါင်းနောက်သို့သာ လွှင့်ပစ်လိုက်တော့သည်။
“ဒီတစ်ကြိမ်တော့ ငါ တကယ်ပဲ အမြတ်ထွက်သွားတာပဲ။ ဒါ့အပြင် မှော်ကျောက်တုံးတွေက မှော်ဆရာတွေကြားထဲက ငွေကြေးဆိုတော့ မှော်အလုပ်သင်တွေအတွက် အလွန် အသုံးဝင်မှာ သေချာတယ်။”
လေလင် က မှော်ကျောက်တုံးတစ်တုံးကို ထုတ်ယူပြီး သူ့လက်ဝါးပေါ်တွင် ဟိုလှည့်ဒီလှည့် လုပ်လိုက်၏။
၎င်းက တည်ငြိမ်ပြီး အေးစိမ့်သော အထိအတွေ့မျိုးကို ပေးစွမ်းနေသည်။
အေအိုင်စနစ်၏ တွက်ချက်မှုအရ ဤမှော်ကျောက်တုံးတွင် အနည်းငယ်မျှသော ဓာတ်ရောင်ခြည် ရှိနေစေကာမူ ၎င်းက ခန္ဓာကိုယ်အပေါ် သက်ရောက်မှုမှာ အပြုသဘောဆောင်ပုံရသည်။
၎င်းက ခန္ဓာကိုယ်၏ သက်စောင့်အားကို မြှင့်တင်ပေးနိုင်၏။
“ဒါပေမဲ့… ငါ အိုရလင်းကို အနိုင်တိုက်ခဲ့တဲ့ သတင်း ပြန့်နှံ့သွားကတည်းက လူတိုင်းက ငါ့အပေါ် ထားတဲ့ အမူအရာ ပြောင်းလဲသွားကြတယ်။ ဒီကမ္ဘာက သန်မာတဲ့သူကိုပဲ လေးစားတဲ့ ကမ္ဘာလို့ ပြောရမလား…”
ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့သည်မှာ အခုဆိုလျှင် နှစ်ရက် ရှိခဲ့ပြီ ဖြစ်ပြီး အိုရလင်းနှင့် တိုက်ပွဲရလဒ်သည် မှူးမတ်လူငယ်များကြားတွင် ပြန့်နှံ့သွားခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် လေလင်က ပြုံးလျက်နှင့် အိုရလင်း၏ လက်မောင်းကို ချိုးဖျက်ပစ်ခဲ့သည့် မြင်ကွင်းက ထိုနေရာတွင် ရှိနေခဲ့ကြသည့် လူငယ်များအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့ရသည်။
အိုရလင်း ပြန်ရောက်လာသည့် အခါတွင်တော့ သူက မြင်းရထားထဲတွင် ချက်ချင်း ပုန်းအောင်းနေပြီး သူ့ဒဏ်ရာများကိုသာ ကုသနေတော့သည်။
ကျန်ရှိသော မှူးမတ်လူငယ်များမှာမူ လေလင်ကို မြင်သည်နှင့်အမျှ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားကြပြီး အမြန်ပင် ထွက်ပြေးသွားကြတော့သည်။
“ဟေး… လေလင်။ အတူတူ ကစားကြမလား။”
သူနဲ့ မြင်းရထားတစ်စီးတည်း တက်ခဲ့သည့် မှူးမတ်မိန်းကလေးတစ်ယောက် ချဉ်းကပ်လာပြီး မေးလိုက်ခြင်း ဖြစ်သည်။
သူမတွင် မှူးမတ်တို့၏ အဝတ်အစားများ ရှိပြီး သူမ၏ ရှည်လျားလှသော ခြေတံများပေါ်တွင် လေလင်၏ အရင်ကမ္ဘာက စတော့ကင်များနှင့် ဆင်တူသည့် အရာတစ်ခုကို ဝတ်ဆင်ထားသဖြင့် ဆွဲမက်ဖွယ်ကောင်းသော ဆွဲဆောင်မှုမျိုးကို ပေးစွမ်းနေသည်။
ဒီကမ္ဘာ၏ ဓလေ့ထုံးတမ်းက သန်မာသူကို လေးစားခြင်း ဖြစ်သည်။
အခုအချိန်မှာတော့ လေလင် အနေဖြင့် ရထားတွင်းရှိ လေထုက အများကြီး ပိုမို ကောင်းမွန်လာကြောင်း ခံစားလိုက်ရပြီး တခြားသူများကလည်း သူ့ကို လာရောက် ရန်မစရဲကြတော့ချေ။
ဒါ့အပြင် တခြားသော မှူးမတ်မိန်းကလေးအချို့ကလည်း သူ့ကို လာရောက် ဖိတ်ခေါ်ကြသေးသည်။
ဤမိန်းကလေးက သူနဲ့ မြင်းရထားတစ်စီးတည်း တက်ခဲ့သူ ဖြစ်ပြီး သူမ၏ အမည်မှာ လီလစ် ဖြစ်သည်။
“ကျေးဇူးပဲ။ ဒါပေမဲ့… ငါ့မှာ လာမယ့် သူငယ်ချင်းတွေ ရှိနေလို့ပါ။”
လေလင် က အားနာဟန်ဖြင့် ဆိုလိုက်၏။
“အွန်း… ငါ နှောင့်ယှက်မိသွားတာပေါ့။ နောက်မှပဲ ဖိတ်တော့မယ်၊ ဂျက်စမင် နဲ့ ကျန်တဲ့သူတွေကလည်း မင်းကို စိတ်ဝင်စားနေကြတာ။”
ခြေတံရှည် မိန်းကလေးက ညင်သာစွာ ပြုံးလိုက်ပြီး သူမ၏ စကတ်ကို ပင့်မြှောက်ကာ မှူးမတ်တို့၏ နှုတ်ဆက်ခြင်းကို ပြုလုပ်ရင်း ဆွဲမက်ဖွယ်ကောင်းသော ဖိတ်ခေါ်မှုကို ပြုလုပ်လိုက်သည်။
“ဒီခေတ်က မိန်းကလေးတွေက တကယ်ကို စောစောစီးစီး အရွယ်ရောက်ကြတာပဲ။”
လေလင် စိတ်ထဲကနေ ခါးသီးစွာ ပြုံးလိုက်မိသည်။
“ဟားဟား… ငါ အခု ဘာကို မြင်လိုက်ရတာလဲ။ ငါတို့ရဲ့ ကာမရူးလေး လေလင် က မိန်းကလေးတွေရဲ့ ဖိတ်ခေါ်ခြင်းကို ဘယ်နှစ်ကြိမ်မြောက် ခံလိုက်ရတာလဲ။”
ပိုပိုသာသာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။
“ငါက မင်းနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ။ ‘ရွှေဝါရောင် ဆံခြည်ရှိတဲ့ ခြင်္သေ့ကြီး’… မင်းရဲ့ ကြီးမြတ်တဲ့ နာမည်က ရထားပေါ်က မိန်းကလေးတွေကြားထဲမှာ ပြန့်နှံ့နေတာလေ။”
လေလင် မျက်စိစောင်းကြည့်လိုက်မိသည်။
“မင်းက လူတိုင်းရဲ့ ဝိုင်းပယ်ခြင်းကို မခံချင်လို့ ငါ့ကို ရှောင်နေတာ မဟုတ်ဘူးလား၊ အခု မကြောက်တော့ဘူးလား။”
လေလင် က ချဉ်းကပ်လာသည့် ဂျော့ခ်ျ့ကို စိုက်ကြည့်လိုက်၏။
“မင်းက အခု စခန်းထဲမှာ အဓိက ခေါင်းစဉ် ဖြစ်နေတာလေ။ မိန်းကလေး အတော်များများက မင်းကို စိတ်ဝင်စားနေကြတာ။ စောစောက လီလစ် ကလည်း မဆိုးလှပါဘူး။ ငါ မင်းကို အာမခံရဲတယ်၊ မင်းသာ စိတ်ကူးရှိရင် သုံးရက်အတွင်း သူမကို အပိုင်ရနိုင်မှာ သေချာတယ်။”
ဂျော့ခ်ျ က ရယ်မောလိုက်ပြီး
“ဒါ့အပြင် မင်း ကလဲ့စားချေတာ အောင်မြင်သွားတဲ့အတွက် ငါ မင်းကို ဂုဏ်ပြုပါတယ်။” ဟု ဆိုကာ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဖန်ပုလင်းတစ်လုံးက လေထုထဲတွင် ကောက်ကြောင်းတစ်ခု ဆွဲလိုက်ပြီး လေလင်၏ လက်ထဲသို့ ကျရောက်သွားသည်။
သူ ဖန်ပုလင်းအဆို့ကို ဖွင့်လိုက်သည့်အခါ သစ်သီးရနံ့နှင့်အတူ အရက်ရနံ့အနည်းငယ် ရောပြွမ်းနေသည့် မွှေးပျံ့သော ရနံ့တစ်ခု လှိုင်ခနဲ ထွက်ပေါ်လာသဖြင့် လေလင် က မသိစိတ်အရ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိ၏။
“ပန်းသီးဝိုင် ဟုတ်လား။ ငါ ဒီလအနည်းငယ်အတွင်း ဒါကို အများကြီး မသောက်ရသေးဘူး။”
“မှန်တယ်။ ဒါ့အပြင် ဒါက ငါတို့ မဟာမိတ်အဖွဲ့ရဲ့ အထူးထုတ်ကုန်ပဲ။ ငါ ဒါကို အခုအချိန်အထိ လျှို့ဝှက် သိမ်းဆည်းထားဖို့က မလွယ်ကူခဲ့ဘူး။”
ဂျော့ခ်ျ က သူ့လက်ထဲရှိ ဝိုင်ပုလင်းကို ဖွင့်လိုက်၏။
“ငါတို့ လေလင်အတွက်… ချီးယား…”
“ချီးယား…”
လေလင် ပြုံးလိုက်သည်။ ဝိုင်ပုလင်းချင်း ထိခိုက်မိရာမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာရ၏။
“ပြီးတော့… ကျေးဇူးတင်ပါတယ်။”
လေလင် က လေးလေးနက်နက် ဆိုလိုက်သည်။
ဂျော့ခ်ျ တွင် အလုပ်သင် စစ်သည်တော်တစ်ယောက်၏ စွမ်းအား ရှိပြီး ဤမှူးမတ်လူငယ်များကြားတွင် ခေါင်းဆောင် အဆင့်အတန်း ဖြစ်တာကြောင့် အကယ်၍ သူသာ အရင်က အနည်းငယ်မျှ လှုပ်ရှားခဲ့လျှင် အိုရလင်းကို အလွယ်တကူ ဖြေရှင်းနိုင်မှာ ဖြစ်သည်။
သို့သော်လည်း သူက လေလင်၏ စိတ်ခံစားမှုကို ငဲ့ညှာခဲ့ပြီး လေလင်၏ စွမ်းအား တိုးတက်လာစေရန်အတွက်သာ တိတ်တဆိတ် ကူညီပေးခဲ့ခြင်း ဖြစ်သည်။
ဒါ့အပြင် သူတို့၏ ဆက်ဆံရေးကိုလည်း ဖုံးကွယ်ထားခဲ့သဖြင့် အိုရလင်းက လေလင်ကို မဆင်မခြင် လာရောက် ရန်စစေခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင်တော့ သူက လေလင်ကို ကိုယ်တိုင် ကလဲ့စားချေခြင်း လုပ်ငန်းစဉ် ပြီးဆုံးအောင် ကူညီပေးခဲ့သည်။
ဤအရာက မှူးမတ်တစ်ဦး အနေဖြင့် လေလင်၏ ဂုဏ်သိက္ခာကို အပြည့်အဝ ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။
ဤအရာကို ကြည့်ခြင်းအားဖြင့် လေလင်သည် သူ့ရဲ့ စနစ်ကျမှုနှင့် သူတစ်ပါး၏ စိတ်ခံစားမှုကို ဘယ်လိုမျိုး ဂရုစိုက်တတ်ကြောင်း ကောင်းကောင်းကြီး သိမြင်လိုက်ရသည်။
“ဒါက လူတွေရဲ့ နှလုံးသားကို ဖမ်းစားတာတင် မဟုတ်ဘဲ စစ်မှန်တဲ့ စေတနာကို သုံးပြီး သူတို့ကို လှုပ်ခါစေတာပဲ။ ‘ဖာ့ဇ် မဟာမိတ်အဖွဲ့’ ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ ရွှေဝါရောင် ဆံခြည်ရှိတဲ့ ခြင်္သေ့မိသားစုဝင်လို့ သတ်မှတ်ထိုက်ပါတယ်…”
လေလင် စိတ်ထဲကနေ တွက်ချက်လိုက်မိသည်။
“ကျေးဇူးတင်နေစရာ မလိုပါဘူး။ ငါတို့အားလုံးက ဖာ့ဇ် မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေပဲ၊ မင်းကို ဟို မြောက်ပိုင်းသားတွေက နှိပ်စက်နေတာကို ငါက ဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေနိုင်မှာလဲ။”
ဂျော့ခ်ျ က ကျယ်လောင်စွာ ရယ်မောရင်း သူ့ရဲ့ ပန်းသီးဝိုင်ကို တစ်ငုံတည်းဖြင့် အကုန်မော့ချလိုက်၏။
“နှမြောစရာပဲ။ အခု ငါတို့က ဒီမြေရိုင်းထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာတာဆိုတော့ မြို့ကြီးတွေကို မဖြတ်သန်းရတာ အတော်လေး ကြာလှပြီ။ ရိက္ခာတွေ ရှာဖွေဖို့တောင် ခက်ခဲနေပြီ။”
ဂျော့ခ်ျ က ပန်းသီးဝိုင်၏ အရသာကို ပြန်လည် သတိရသွားပုံရပြီး အနည်းငယ် နှမြောတောင့်တနေခြင်း ဖြစ်သည်။
“ဟုတ်သားပဲ။ ငါတို့ အသားကင် ညစာစားပွဲတစ်ခု ပြုလုပ်မလို့၊ ငါတို့ ဖာ့ဇ် မဟာမိတ်အဖွဲ့အတွက်ပေါ့။ မင်း ပါဝင်ချင်လား။”
ဂျော့ခ်ျ က ဖိတ်ခေါ်ချက်တစ်ခု ကမ်းလှမ်းလာသည်။
“သေချာတာပေါ့။ ငါ့အတွက် ဝမ်းသာစရာပါပဲ။”
လေလင် က ပြုံးလျက် ပြန်လည် ဖြေကြားလိုက်၏။ ဖာ့ဇ် မဟာမိတ်အဖွဲ့မှ မှူးမတ်တစ်ဦး အနေဖြင့် သူက ဤအသိုင်းအဝိုင်းထဲသို့သာ ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။
မိမိ၏ စွမ်းအားက အားနည်းနေသေးသည့် အချိန်တွင် အသိုင်းအဝိုင်းတစ်ခုခုထဲ ဝင်ရောက်နေခြင်းကလည်း မိမိ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခု ဖြစ်သည်။
ညည့်နက်သန်းခေါင်ယံ အချိန်သို့ ရောက်ရှိလာခဲ့ပါပြီ။ ကောင်းကင်ယံတွင် တောက်ပသော ကြယ်တာရာများဖြင့် ပြည့်နှက်နေပြီး ကြမ်းပြင်ပေါ်သို့ ငွေရောင် အလင်းတန်းများ ဖြာကျနေစေသည်။
စခန်းအတွင်း၌ လူငယ်များနှင့် မိန်းကလေးများစွာသည် အတူတူ ထိုင်နေကြပြီး မီးပုံကို ဝန်းရံလျက် ရယ်မော နောက်ပြောင်နေကြသဖြင့် အလွန် စည်ကားလှ၏။
လအနည်းငယ်မျှ အတူတူ နေထိုင်ခဲ့ကြပြီးနောက် သူတို့သည် အချင်းချင်း အများကြီး ပိုမို ရင်းနှီးလာခဲ့ကြပြီ ဖြစ်သည်။
“လာခဲ့လေ… လေလင်၊ ငါ မင်းတို့ကို အချင်းချင်း မိတ်ဆက်ပေးမယ်။ ဒါက ‘ယာဖူအန်’… ကောင့်ခ် နော်မီယာ ရဲ့ မျိုးဆက်ပဲ။”
“တွေ့ရတာ ဝမ်းသာပါတယ်၊ မင်း အိုရလင်းကို ရိုက်နှက်ခဲ့တဲ့ အကြောင်းတွေ ငါ အများကြီး ကြားဖူးပါတယ်။”
ယာဖူအန် က ပြုံးလျက် သူ့လက်ကို ကမ်းပေးလိုက်၏။
“တွေ့ရတာ ဝမ်းသာပါတယ်တ။”
လေလင်၏ မျက်နှာတွင် စစ်မှန်သော အပြုံးတစ်ခု ပေါ်ထွက်လာပြီး ယာဖူအန်၏ လက်ကို လှမ်းဆွဲ နှုတ်ဆက်လိုက်သည်။
“ဒါတွေကတော့ ညီအစ်မတွေ ဖြစ်ကြတဲ့ ‘ဂန်’ နဲ့ ‘ဂွိုင်လစ်’ တဲ့၊ သူတို့က မင်းကို အားကျနေကြတာ။”
ဂျော့ခ်ျ က လေလင်ကို မီးပုံဘေးတွင် လှည့်ပတ် ခေါ်ဆောင်သွားရင်း မိတ်ဆက်ပေးနေခြင်း ဖြစ်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်… ဆရာ လေလင်။”
ထိုညီအစ်မနှစ်ဦးက ပုံစံချင်း အတူတူပင် ဖြစ်သည်။ သူတို့တွင် တောက်ပသော ကျောက်စိမ်းပြာရောင် မျက်ဝန်းတစ်စုံစီ ရှိကြပြီး အသံချင်းလည်း တူညီလှကာ မျက်နှာပေါ်တွင်လည်း အနည်းငယ် ရှက်သွေးဖြာနေကြသည်။
“တွေ့ရတာ ဝမ်းသာပါတယ်… လှပတဲ့ လေဒီတို့။ မင်းတို့နဲ့ တွေ့ရတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ။”
လေလင် က သူ့လက်ကို ရင်ဘတ်ပေါ် တင်လိုက်ပြီး မှူးမတ်တို့၏ နှုတ်ဆက်ခြင်းကို ပြုလုပ်လိုက်၏။
ထိုမိန်းကလေးနှစ်ဦး ရှက်သွေးဖြာလျက် ထွက်ပြေးသွားသည်ကို မြင်ရတော့ ဂျော့ခ်ျ တစ်ယောက် မိန်းမောသွားမတတ် ဖြစ်သွားရသည်။
“ကောင်လေး… မင်း ကံကောင်းတာပဲ။ သူတို့နှစ်ယောက်လုံးက မင်းကို စိတ်ဝင်စားနေကြတာ။ သူတို့က အမြွှာတွေလေ… အမြွှာတွေ။”
ဂျော့ခ်ျ က နှမြောတောင့်တစွာဖြင့် သူ့လက်ကို ဝှေ့ယမ်းရင်း ဆိုလိုက်၏။
“ကောင်းပြီ။ ရိက္ခာတွေ တဖြည်းဖြည်း လျော့နည်းလာတဲ့ အချိန်မှာ မင်း ဒီညစာစားပွဲကို ပြုလုပ်ရတဲ့ နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိနေလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်၊ သာမန် ချစ်သူရှာဖို့သက်သက်တင် မဟုတ်ပါဘူး။”
လေလင် က ဆိုလိုက်သည်။
သူ့ရဲ့ ကိုယ်ပိုင် လိုအင်ဆန္ဒများနှင့် ပတ်သက်၍မူ သူက ၎င်းတို့ကို ကောင်းကောင်း ထိန်းချုပ်နိုင်ဆဲ ဖြစ်သည်။
သူက ၎င်းတို့ကို ထုတ်ဖော်ရန် စိတ်မရှိစေကာမူ ဒါက တည်နေရာပေါ်တွင်လည်း မူတည်နေသေးသည်။
“မင်း ဒီအချက်ကို ရိပ်မိတာက အကောင်းဆုံးပဲ။”
ဂျော့ခ်ျ က ဆိုလိုက်၏။ သူ့မျက်နှာပေါ်က အပြုံးများ လုံးဝ ပျောက်ကွယ်သွားပြီး ၎င်းနေရာတွင် ခေါင်းဆောင်တစ်ယောက်၏ တည်ကြည်မှုက အစားထိုး ဝင်ရောက်လာသည်။
သူက မြက်ခင်းပြင်၏ အလယ်ဗဟိုသို့ လျှောက်လှမ်းသွားပြီး သူ့လက်ထဲရှိ ငွေဇွန်းကို တဒိန်းဒိန်း ခေါက်လိုက်၏။
“အမျိုးသား၊ အမျိုးသမီးတို့။ ခဏမျှ နှောင့်ယှက်မိတဲ့အတွက် စိတ်မရှိပါနဲ့၊ မင်းတို့ရဲ့ အကြည့်တွေကို ဒီဘက်ကို ခဏလောက် လှည့်ပေးကြပါ။”
ဂျော့ခ်ျ့၏ ဂုဏ်သတင်းက ဤလူအုပ်စုကြားတွင် အတော်လေး မြင့်မားလှသည်။
ဘေးပတ်ပတ်လည်က လူအုပ်ကြီးသည် သူတို့ ပြုလုပ်နေသည့် အရာအားလုံးကို ရပ်တန့်လိုက်ကြပြီး အကြည့်များကို အလယ်ဗဟိုဆီသို့ လွှည့်လိုက်ကြတော့သည်။
“ပထမဆုံးအနေနဲ့… ငါတို့ဆီ ဝင်ရောက်လာတဲ့ ရဲဘော်သစ်တစ်ယောက်ကို ကြိုဆိုချင်ပါတယ်။ သူကတော့ လေလင် ပဲ ဖြစ်ပါတယ်။”
ဂျော့ခ်ျ က ကျယ်လောင်သော အသံဖြင့် ကြေညာလိုက်ပြီး လက်ခုပ်တီးလိုက်၏။
ဖြောင်း… ဖြောင်း… ဖြောင်း…။
ဘေးပတ်ပတ်လည်ကနေ ပြင်းထန်ပြီး လှိုင်းတံပိုးတစ်ခုပမာ လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။
လေလင် က မတ်တတ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဦးညွှတ် နှုတ်ဆက်လိုက်၏။
“ကောင်းပြီ။”
ဂျော့ခ်ျ က သူ့လက်ကို ဝှေ့ယမ်းပြပြီး လက်ခုပ်တီးသံများကို ရပ်တန့်စေကာ ဆက်လက် ပြောဆိုလိုက်သည်။
“ငါ ဒီ မဟာမိတ်အဖွဲ့အသေးလေးကို ဖွဲ့စည်းခဲ့တာက ငါတို့ ဖာ့ဇ် မဟာမိတ်အဖွဲ့က မှော်အလုပ်သင် တိုင်း အကယ်ဒမီကျောင်းသို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိပြီး အားလုံးရဲ့ လေးစားခြင်းကို ခံရမယ့် မှော်ဆရာ သခင်ကြီးတွေ ဖြစ်လာစေဖို့အတွက် ဖြစ်တယ်။ အခုတော့ ရဲဘော်တို့… ပြဿနာတစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်လို့ ငါတို့ အတူတူ ပူးပေါင်းလုပ်ဆောင်ရမယ့် အချိန်ရောက်ပြီ။”
ဂျော့ခ်ျ့၏ မျက်နှာအမူအရာက အနည်းငယ် တည်ကြည်လေးနက်သွားပြီး သူ့ရဲ့ လေယူလေသိမ်းကပင် လေးလံလှသည်။
သူ့ရဲ့ အရှိန်အဟုန်ကြောင့် ပတ်ဝန်းကျင်ရှိ လေထုကလည်း အနည်းငယ် တိတ်ဆိတ်သွားရတော့သည်။
ဂျော့ခ်ျ့၏ အသံသာ လေထုထဲတွင် ပဲ့တင်ထပ်နေခြင်း ဖြစ်သည်။
“ငါတို့က ဒီမြေရိုင်းထဲကနေ ထွက်ခွာလုနီးပါး ဖြစ်နေပြီ ဖြစ်ပြီး ‘သေမင်းလွင်ပြင်ကြီး’ ထဲကို ဝင်ရောက်တော့မှာ ဖြစ်တယ်။ ဒါက ငါတို့ ခရီးစဉ်ရဲ့ နောက်ဆုံး အဆင့် ဖြစ်သလို အန္တရာယ်အရှိဆုံး အပိုင်းလည်း ဖြစ်တယ်…”
“သေမင်းလွင်ပြင်ကြီး ဟုတ်လား…”
လေလင် အံ့အားသင့်သွားပြီး သူ့ရဲ့ မူလ မှတ်ဉာဏ်များကို ချက်ချင်း ပြန်လည် ရှာဖွေလိုက်မိသည်။
အေအိုင်စနစ်ထဲက မှတ်ဉာဏ်များအရ လေလင် လက်ရှိ ရောက်ရှိနေသည့် ကုန်းမြေကြီးက အလွန် ကျယ်ဝန်းလှပြီး နိုင်ငံအမြောက်အမြားဖြင့် ပြည့်နှက်နေကာ ပေါင်းစည်းထားသည့် အမည်ဟူ၍ မရှိချေ။
မူလက လေလင် ပါဝင်ခဲ့သည့် ဖာ့ဇ် မဟာမိတ်အဖွဲ့သည် ကုန်းမြေကြီး၏ အရှေ့တောင်ဘက် ထောင့်စွန်းမှ ဖြစ်သည်။
သူတို့က ကျောင်းသား ပထမဆုံး အသုတ်ထဲက ဖြစ်ပုံရ၏။ ခရီးသွားအဖွဲ့သည် မြောက်ဘက်သို့ ဦးတည် ခရီးနှင်ခဲ့ပြီး နယ်စားနိုင်ငံများနှင့် နိုင်ငံအမြောက်အမြားကို ဖြတ်ကျော်ခဲ့ကာ အခုအချိန်မှာတော့ ကုန်းမြေကြီး၏ မြောက်ဘက်ခြမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
မြေရိုင်းကြီးကို ဖြတ်ကျော်ပြီးနောက်တွင်တော့ ကျဉ်းမြောင်းလှသော လွင်ပြင်ရှည်ကြီးတစ်ခု ရှိနေသည်။
ထိုလွင်ပြင်၏ ဆန့်ကျင်ဘက်တွင် သမုဒ္ဒရာတစ်ခု ရှိနေသည်ဟု ကောလာဟလများ ရှိ၏။
ထိုလွင်ပြင်ကြီးသည် အမျိုးမျိုးသော အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး လူသားများအတွက် အမြဲတမ်း တားမြစ်နယ်မြေတစ်ခု ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ကောလာဟလများအရ ထိုလွင်ပြင်ကြီးတွင် သားရဲတိရစ္ဆာန် အမျိုးမျိုးဖြင့် ပြည့်နှက်နေပြီး အလွန် ရက်စက်ကြမ်းကြုတ်သည့် ဓားပြများပင်လျှင် ၎င်းလွင်ပြင်ထဲသို့ မဝင်ရဲကြချေ။
လွင်ပြင်၏ နေရာတိုင်းတွင် စစ်သည်တော်များ၊ စွန့်စားရှာဖွေသူများနှင့် ခရီးသွားများ၏ အလောင်းများဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။
အခုအချိန်မှာတော့ မှော်အလုပ်သင်များဖြင့် ပြည့်နှက်နေသည့် ခရီးသွားအဖွဲ့သည် ဤ သေမင်းလွင်ပြင်ကြီးကို ဖြတ်ကျော်ပြီး ကမ်းခြေဆီသို့ ဦးတည်ရတော့မည် ဖြစ်သည်။
“အဝတ်နက်ဝတ်နဲ့ ဝတ်စုံဖြူဝတ် သခင်ကြီးတွေရဲ့ ကာကွယ်မှု ရှိနေမှတော့ ငါတို့ ဒါကို သေချာပေါက် ဖြတ်ကျော်နိုင်မှာပါ။”
လူဝတုတ်လေးတစ်ယောက်က ဆိုလိုက်သဖြင့် လူအုပ်ကြီးက ဆူညံသွားရသည်။
“မှန်တယ်။ မှော်ဆရာ သခင်ကြီးတွေနဲ့ စစ်သည်တော်တွေရဲ့ ကာကွယ်မှု ရှိနေတာဆိုတော့ ငါတို့ ဖြတ်ကျော်နိုင်မယ့် နှုန်းက အတော်လေး မြင့်မားလှပါတယ်။ ဒါပေမဲ့ ထိုသခင်ကြီးတွေ မကာကွယ်နိုင်တဲ့ အချိန်ကျရင်တော့ ငါတို့ သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာပဲ။ ဒါက ငါလည်း ဖြစ်နိုင်တယ်၊ မင်းလည်း ဖြစ်နိုင်တယ်… မင်းတို့ အဲဒီလို ရလဒ်မျိုးကို ကြုံတွေ့ချင်ကြလို့လား။”
ဂျော့ခ်ျ က မေးလိုက်၏။
“လုံးဝ မကြုံတွေ့ချင်ပါဘူး။”
လူဝတုတ်လေးက မျက်နှာနီစွေးလျက် အော်ဟစ်လိုက်ပြီး နောက်သို့ ပြန်ထိုင်လိုက်တော့သည်။
“မှန်တယ်။ ငါတို့ရဲ့ ရည်ရွယ်ချက်က သမုဒ္ဒရာရဲ့ ဆန့်ကျင်ဘက်မှာ ရှိတဲ့ မှော်အကယ်ဒမီကျောင်းကို ရောက်ရှိဖို့ ဖြစ်ပြီး အားလုံးရဲ့ လေးစားခြင်းကို ခံရမယ့် မှော်ဆရာတွေ ဖြစ်လာဖို့ပဲ။ ဒါပေမဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ထုတ်မှုက အခုအချိန်မှာ စတင်တော့မှာ ဖြစ်တယ်။ ငါ့အဖေ ရရှိခဲ့တဲ့ အချက်အလက်တွေအရဆိုရင် မှော်ခရီးသွားအဖွဲ့ တိုင်းဟာ ဒီသေမင်းလွင်ပြင်ကြီးထဲမှာ လူအမြောက်အမြား သေဆုံးခဲ့ရတယ်လို့ သိရတယ်…”
ဂျော့ခ်ျ က ဆက်လက် ပြောဆိုလိုက်ရာ ရက်စက်ကြမ်းကြုတ်သော အမှန်တရား အချို့ ပေါ်ထွက်လာခဲ့ပါပြီ။
“ဘာ… ဘာလုပ်ရမလဲ။”
လူငယ်များနှင့် မိန်းကလေး အမြောက်အမြား ထိတ်လန့်တုန်လှုပ်သွားကြရပြီး သူတို့က မျက်နှာ ဖြူလျော်စွာဖြင့် ဂျော့ခ်ျ့ကို စိုက်ကြည့်လိုက်ကြကာ သူ့တွင် တစ်ခုခု အစီအစဉ် ရှိ၊ မရှိ မျှော်လင့်နေကြတော့သည်။