အခန်း ၅၉ - မှတ်တမ်းတင်ခြင်း
သေချာတာပေါ့... အပေါ်ယံတွင်မူ လေလင်သည် ဒီအလုပ်သင်အစုအဝေးနှင့် ရင်းနှီးသော ပုံစံဖြင့် စကားပြောဆိုရင်း သူက ဘာမှနားမလည်သည့် လူငယ်တစ်ယောက်လို ဆက်လက် ဟန်ဆောင်နေခဲ့၏။
ကပွဲ ပြီးဆုံးသွားပြီးနောက် မိသားစုအသီးသီးက မြင်းလှည်းအသီးသီးသည် အိမ်ပြန်ရန် ထွက်ခွာသွားခဲ့ကြသည်။ မြို့စားမင်း ရုံးတော်အတွင်းရှိ လျှို့ဝှက်ခန်းမတစ်ခုထဲတွင်မူ လေလင် ဒီနေ့ တွေ့ဆုံခဲ့သည့် နယ်စားမင်း ဂျက်ဆင်က သူ၏ လက်အောက်ငယ်သားတစ်ဦးနှင့် စကားပြောဆိုနေ၏။
“သေချာရဲ့လား”
“သူ့ရဲ့ ခန္ဓာကိုယ်ပေါ်ကနေ လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်တည်မှုတစ်ခုရဲ့ အနံ့ကို ကျွန်တော် ခံစားမိပါတယ်။ ပြီးတော့ သူက အလွန်ပဲ ငယ်ရွယ်တယ်ဆိုတာကိုလည်း အတည်ပြုလို့ ရပါတယ်၊” ပြန်လည်ဖြေကြားလာသူကတော့ အနက်ရောင် ဝတ်ရုံကို လွှမ်းခြုံထားပြီး မျက်နှာပေါ်တွင် အဝါရောင် အမွေးအမျှင်အချို့ ပေါက်ရောက်နေသည့် လူတစ်ယောက် ဖြစ်သည်။
“သူက အဲဒီစိတ်ရှုပ်ထွေးနေကြတဲ့ အလုပ်သင်တွေနဲ့ မတူဘူး။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ သူက အနားယူလိမ့်မယ်လို့ ငါ မထင်ဘူး။ သူက ရန်သူတွေကို ပုန်းရှောင်နေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြား ရည်ရွယ်ချက်တစ်ခုခုကို ဖုံးကွယ်ထားတာပဲဖြစ်ဖြစ် သူ့ရဲ့ ပေါ်လာမှုက ငါတို့အတွက် သတင်းကောင်းတစ်ခုတော့ မဟုတ်ဘူး၊” ဂျက်ဆင်၏ သံမဏိလို မာကျောသည့် မျက်နှာထက်တွင် စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ရ၏။
“ကျွန်တော့်ရဲ့ ပွင့်လင်းမှုကို ခွင့်လွှတ်ပေးပါ။ အခုလောလောဆယ်မှာ ကျွန်တော်တို့က လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်တည်မှုတစ်ခုကို ဖြေရှင်းနိုင်စွမ်း ရှိတယ်ဆိုပေမဲ့... အကယ်၍ ကျွန်တော်တို့သာ ကျန်တဲ့သူတွေရဲ့ ဒေါသကို ဆွဲဆောင်မိလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ ရရှိမယ့် အကျိုးအမြတ်က ကြုံတွေ့ရမယ့် ဆုံးရှုံးမှုတွေနဲ့ တန်မှာ မဟုတ်ပါဘူး၊”
လူဝံသားရဲ က ဖြည်းညှင်းစွာ ဆိုလိုက်သည်။
“မှန်တာပေါ့” ဂျက်ဆင်က အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီးမှ အမိန့်ပေးလိုက်၏။ “တစ်ဖက်လူရဲ့ ဒေါသကို ဆွဲဆောင်တာမျိုး မလုပ်နဲ့၊ ဒါပေမဲ့ သူ့ကို ဘယ်တော့မှ မျက်ခြေအပျက်မခံစေနဲ့။”
“နားလည်ပါပြီ၊” လူဝံသားရဲသည် အမှောင်ထုထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့တော့သည်။
ကပွဲ ပြီးဆုံးပြီးကတည်းက လေလင်၏ လုပ်ငန်းစဉ်များက အလွန်ပင် လျင်မြန်စွာ တိုးတက်လာခဲ့၏။ ပထမဆုံးအနေဖြင့် သူက မာဖီထံကနေ ရွှေဒင်္ဂါး ၄၅၀၀ ကို ချေးယူလိုက်ပြီး စံအိမ် ကို ဝယ်ယူလိုက်သည်။
၎င်းနောက်တွင်တော့ အိမ်တော်ထိန်း အဘိုးအို ဝဲကာ၏ ရှာဖွေမှုဖြင့် လေလင်သည် ပိတ်သိမ်းတော့မည် ဖြစ်သော်လည်း မြေနေရာ အနေအထားကောင်းသည့် ဆေးဖက်ဝင်အပင်ဆိုင် တစ်ဆိုင်ကို ရွေးချယ်လိုက်၏။ သူက ၎င်းကို လွှဲပြောင်းရယူလိုက်ပြီး ဆိုင်ဖွင့်ခွင့်ပြုချက် ကို ရယူလိုက်သည်။
မြို့စားမင်း ရုံးတော်ကနေ မထင်မှတ်ထားလောက်အောင် စိတ်အားထက်သန်စွာ ကူညီမှုကြောင့် လုပ်ငန်းစဉ် အများစုသည် ရက်အနည်းငယ် အတွင်းမှာတင် အားလုံး ပြီးစီးသွားခဲ့ရ၏။
သေချာတာပေါ့... လေလင်သည် ဆေးဖက်ဝင်အပင်ဆိုင်နှင့် စံအိမ်၏ ဘေးပတ်ပတ်လည်တွင် လှည့်လည်သွားလာနေကြသည့် သူလျှိုအချို့ကို သတိထားမိခဲ့သည်။
သို့သော်လည်း ဒီလျှို့ဝှက်အဖွဲ့အစည်းများသည် လေလင်အပေါ် တော်တော်လေး ထိန်းချုပ်မှုများ ပြုလုပ်ထားကြပြီး အခြေခံ စောင့်ကြည့်မှုသက်သက်ကိုသာ လုပ်ဆောင်ကြကာ လေလင်၏ လူများအပေါ်သို့ သူတို့၏ ဩဇာလွှမ်းမိုးမှုကို လုံးဝ အသုံးမချကြချေ။ ဒါကြောင့် လေလင်ကလည်း သူတို့ ရှိနေခြင်းကို အများကြီး ဂရုမစိုက်ခဲ့ပေ။
မာဖီကတစ်ဆင့် သူသည် ဆေးစပ်ပညာရှင် အချို့ကို ငှားရမ်းလိုက်၏။ ဆေးဖက်ဝင်အပင်ဆိုင်ကို စီမံခန့်ခွဲရန်အတွက် အနည်းဆုံး လိုအပ်ချက်များ ပြည့်မီသွားသည်နှင့် တစ်ပြိုင်နက် သူသည် ထိန်းချုပ်မှုများကို သူ၏ အဓိက လက်အောက်ခံများထံ လုံးဝ လွှဲပြောင်းပေးလိုက်ပြီး သူကိုယ်တိုင်ကတော့ မှော်စမ်းသပ်မှုများအတွင်းထဲသို့ လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့တော့သည်။
ပြုပြင်မွမ်းမံမှုအချို့ ပြုလုပ်ပြီးနောက် စစ်သည်တော်၏ စံအိမ်သည် အသစ်စက်စက် အချိန်ကထက်ပင် ပိုမို အသစ်ကျပ်လွန်းနေပုံရ၏။
အရင်က ထိုစစ်သည်တော်သည် သုံးထပ်ရှိသည့် အဖြူရောင် အုတ်ခဲများဖြင့် တည်ဆောက်ထားသော ခေါင်ထပ်အခန်းတွင် နေထိုင်ခဲ့သည်။ ယခုအခါတွင်မူ လေလင်သည် သူ၏ ကိုယ်ပိုင်အသုံးပြုရန်အတွက် တကယ်ပဲ ကြီးမားသော အခန်းအချို့ကို ရွေးချယ်လိုက်၏။
ထိုအထဲက အကြီးဆုံးအခန်းကို သူ၏ အိပ်ခန်းအဖြစ် အသုံးပြုလိုက်ပြီး ဘေးတစ်ဖက်တစ်ချက်စီရှိ အခန်းများကိုတော့ စာကြည့်ခန်းနှင့် စမ်းသပ်ခန်းအဖြစ် အသုံးပြုလိုက်သည်။ အက်ဗ်ဆယ် ဘုန်းသစ်တော အကယ်ဒမီတွင် သူ သင်ယူခဲ့ဖူးသည့် ရှာဖွေရေးမန္တန်အချို့ကို ကြိုတင်သတိပေးကွန်ရက်အဖြစ် ချထားပြီးနောက်တွင် သူ၏ အမိန့်မရှိဘဲ မည်သူမှ ဒီအခန်းများအတွင်းသို့ ဝင်ရောက်ခွင့်မရှိကြောင်း တင်းကျပ်လှသော အမိန့်များကို သူ၏ လက်အောက်ငယ်သားများထံသို့ ထုတ်ပြန်လိုက်၏။
ဂရင်းနှင့် ဖရေဇာတို့ကတော့ အဓိက အိပ်ခန်း၏ အနီးအနားတွင် အစောင့်များအဖြစ် တာဝန်ချထားခြင်း ခံခဲ့ရသည်။
ဖာယန်နှင့် အခြားသော ဓားပြများကိုတော့ စံအိမ်နှင့် ဆေးဖက်ဝင်အပင်ဆိုင်အကြား အလှည့်ကျ လုံခြုံရေးတာဝန်များ ပေးအပ်လိုက်၏။ လေလင်သည် အလုပ်ကြိုးစားပြီး တက်ကြွသော လူများသည် ၃ နှစ်အကြာတွင် သူ၏ မြေနေရာပေါ်ရှိ မြေကွက်ငယ်အချို့ကို ဝယ်ယူနိုင်ပြီး အရည်အချင်းပြည့်မီသော လူများ သို့မဟုတ် မိသားစုများအတွက် အမြဲတမ်း နေထိုင်ခွင့်ကိုပါ ရရှိနိုင်မည့် အခွင့်အရေး ရှိကြောင်း ကြေညာချက်များပင် ထုတ်ပြန်လိုက်သေးသည်။ ဒါက သာမန် ဓားပြများနှင့် လယ်သမားများအတွက်တော့ အလွန်ပင် ပြင်းထန်လှသော တွန်းအားတစ်ခု ဖြစ်ပေ၏။
တစ်ခါတစ်ရံတွင် လေလင်သည် ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်ရာ အလုပ်ကြိုးစားကြသည့် ဓားပြများနှင့် လယ်သမားများ အလုပ်လုပ်နေကြသည်ကို မြင်တွေ့ရတတ်သည်။
သူက အမြဲတမ်း စံအိမ်တွင်သာ နေထိုင်ပြီး မာဖီ၏ နေရာသို့ တစ်ခါတစ်ရံ သွားရောက်လည်ပတ်ခြင်းမှလွဲ၍ ဆေးဖက်ဝင်အပင်ဆိုင်သို့ပင် သွားရောက်လေ့ မရှိချေ။
အပြင်ဘက်တွင် တဖြည်းဖြည်း ပျံ့နှံ့နေသည့် ကောလာဟလများကတော့ လေလင်သည် သဘောကောင်းစေကာမူ ပျင်းရိလှသည့် စံအိမ်ပိုင်ရှင်တစ်ယောက်အဖြစ် နာမည်ကောင်း ရရှိစေခဲ့တော့သည်။
“သခင်လေး ဆေးဖက်ဝင်အပင်ဆိုင်က လူတွေ ရောက်နေပါတယ်ရှင့်၊”
အန်နာ၏ အသံက တံခါးအပြင်ဘက်ကနေ ထွက်ပေါ်လာခဲ့၏။
“ပစ္စည်းတွေကို ဧည့်ခန်းထဲမှာ ချထားခိုင်းလိုက်၊ ပြီးတော့ ဂရင်းကို စမ်းသပ်ခန်းထဲ သယ်သွားခိုင်းလိုက်၊” လေလင် သူ၏ လက်ချောင်းများကို အသုံးပြုကာ ပြတင်းပေါက်မှန်ကို ခေါက်လိုက်ရာ တုံးတိတိ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဟုတ်ကဲ့ပါရှင်။”
ထိုအသံသည် မကြာခင်မှာပင် ပစ္စည်းများ ရွှေ့ပြောင်းနေသည့် အသံများအဖြစ် အစားထိုးသွားခဲ့၏။
ဆယ်မိနစ်ခန့် ကြာပြီးနောက် လေလင် စမ်းသပ်ခန်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။
လက်ရှိအချိန်တွင်မူ မူလက ကျယ်ဝန်းလှသော စမ်းသပ်ခန်းသည် သေတ္တာများ၊ သစ်သား စားပွဲရှည်အချို့ဖြင့် ပြည့်နှက်နေ၏။ အခန်းထဲတွင် ပြတင်းပေါက် တစ်ပေါက်မှ မရှိဘဲ မျက်နှာကြက်ကနေ ချိတ်ဆွဲထားသည့် မီးအိမ်တစ်ခုကသာ ဖျော့တော့သော အလင်းရောင်ကို ထွက်ပေါ်စေသည်။
“သခင်လေး သခင်လေးရဲ့ အမိန့်အတိုင်းပဲ ဆေးဖက်ဝင်အပင်ဆိုင်ကနေ ဈေးကွက်ထဲမှာ ရှာတွေ့နိုင်တဲ့ ဆေးဖက်ဝင်အပင် အမျိုးအစားတိုင်းကို သခင်လေးအတွက် ဝယ်ယူထားပါတယ်ရှင့်။”
အန်နာ သူမ၏ ဂါဝန်ကို မကာ အရိုအသေပေးလိုက်၏။ သူမ နောက်သို့ လှည့်လိုက်ပြီး အနီရောင် သစ်သားသေတ္တာတစ်ခုကို ဖွင့်လိုက်ရာ စည်းထားသည့် အမြစ်များ၊ ပင်စည်များသာမက ပမာဏနှင့် အမျိုးအစားကို ခွဲခြား၍မရနိုင်သည့် အခြားသော ဆေးဖက်ဝင်အပင် မြောက်မြားစွာ ပေါ်ထွက်လာခဲ့သည်။
အစုအပုံတိုင်း သို့မဟုတ် အထုပ်တိုင်း၏ ဘေးတွင်တော့ ဒီဆေးဖက်ဝင်အပင်များ၏ အမည်များကို ဖော်ပြထားသည့် အဝါရောင် စာရွက်ကတ်ပြားလေးများကို ကပ်ထား၏။
“ဒါ့အပြင်... ဒါတွေက သာမန် ဆေးစပ်ပညာရှင်တွေ ပိုင်ဆိုင်ကြတဲ့ ဖော်မြူလာတွေပါရှင်။ ဒါတွေက သာမန် လူသားတွေအတွက် သက်သက်ပါပဲ။”
အန်နာ နောက်ထပ် မှောင်မိုက်သော အဝါရောင် ရှိသည့် သားရေစာရွက် အထပ်လိုက်ကြီးကို လွှဲပြောင်းပေးလိုက်၏။
လေလင်၏ မျက်လုံးများက ထိုစာရွက်များပေါ်တွင် ဝေ့ဝဲသွားခဲ့ပြီးနောက် ၎င်းတို့ကို စားပွဲရှည်များထဲက တစ်ခုပေါ်တွင် တင်ထားလိုက်သည်။
“မင်းတို့အားလုံး သွားလို့ရပြီ။ အန်နာ... ကျန်ခဲ့”
လေလင် ဂရင်းနှင့် သူ့ရဲ့ လက်ထောက်များကို လက်ဝှေ့ယမ်းပြလိုက်၏။
ဂရင်း အရိုအသေပေးလိုက်ပြီး ကြီးမားလေးလံလှသော တံခါးကြီးကို ဖြတ်သန်းသွားကာ အနောက်ကနေ ပိတ်လိုက်သည်။
ကြီးမားသော တံခါးပိတ်သံကြီးနှင့်အတူ စမ်းသပ်ခန်း၏ အလင်းရောင်က ပိုမို မှောင်မိုက်သွားခဲ့ရ၏။
လေလင်၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့ရသည်။ သူက သူ့ရဲ့ အိတ်ထဲကနေ အဖြူရောင် ရှိသည့် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်၏။
ထို့နောက် သူသည် ကျောက်တုံးပေါ်သို့ လက်ချောင်းဖြင့် ဖွဖွလေး ဖိလိုက်ရာ တောက်ပလှသော အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒါကတော့ နေရောင် ကျောက်တုံး ဖြစ်သည်။ ၎င်းက မှော်ဆရာများ ခရီးသွားလာစဉ်အတွင်း ပုံမှန် အသုံးပြုလေ့ရှိသည့် ပစ္စည်းတစ်ခု ဖြစ်၏။
၎င်းတွင် အနည်းငယ်မျှသော မှော်ဓာတ်ရောင်ခြည် စွမ်းအင်များ ပါဝင်ပြီး တောက်ပလှသော အလင်းရောင်ကို အချိန်အကြာကြီး ထွက်ပေါ်စေနိုင်သည်။
သို့သော်လည်း ဒီမှော်ဓာတ်ရောင်ခြည်က အလွန် သေးငယ်လှပြီး အလင်းရောင်ပေးရန်အတွက်သာ အသုံးပြုနိုင်သည်။
“ဒါက အရင်ကထက် အများကြီး ပိုလင်းတာပဲ၊” လေလင် လင်းထိန်နေသည့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း အလွန် ကျေနပ်သွားခဲ့ရသည်။ ထို့နောက် သူက အန်နာကို “ဆေးဖက်ဝင်အပင်တွေကို သေသေချာချာ သိမ်းဆည်းထားပြီး စမ်းသပ်စားပွဲပေါ်မှာ စနစ်တကျ စီစဉ်ထားလိုက်” ဟု အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါရှင်”
အန်နာ သူမ၏ အလုပ်များကို အလျင်အမြန် လုပ်ဆောင်လိုက်သည်။
လေလင်က ခရမ်းရောင် သစ်သီးတစ်လုံးကို သာမန်ကာလျှံကာ ကောက်ယူလိုက်၏။ ဤသစ်သီးသည် လက်မအရွယ်အစားခန့် ရှိသည်။ ၎င်း၏ မျက်နှာပြင်ပေါ်ရှိ ရေဓာတ်များအားလုံး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သဖြင့် အပြင်ဘက်က တွန့်ကြေနေ၏။ ၎င်း၏ အလေးချိန်ကလည်း အလွန်ပင် ပေါ့ပါးလှပေသည်။
“မနေ့က ပို့လိုက်တဲ့ ဆေးပညာစာအုပ်တွေအရဆိုရင်... ဒါက ရွှံ့ညွန်တောတွေမှာ ပေါက်ရောက်တတ်တဲ့ ရေသစ်သီး ပဲ။”
လေလင် သစ်သီး၏ မျက်နှာပြင်ပေါ်သို့ လက်ချောင်းတစ်ချောင်းကို တင်လိုက်ရင်း ‘အေအိုင်စနစ် အချက်အလက်တွေကို ထုတ်ယူပြီး မင်းရဲ့ အချက်အလက်ဘဏ်ထဲမှာ သိမ်းဆည်းထားစမ်း။’
လက်ရှိအချိန်တွင်တော့ သူသည် ဆေးဖက်ဝင်အပင်များကို မျိုချရန် မလိုအပ်တော့ချေ။ သူသည် ထိတွေ့မှုတစ်ခုတည်းဖြင့်ပင် ၎င်းတို့၏ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများကို ခွဲခြားသိမြင်နိုင်ပြီ ဖြစ်သည်။
[အချက်အလက် ထုတ်ယူမှု လုပ်ဆောင်နေပါသည်။]
လေလင်၏ မျက်စိအောက်တွင် အေအိုင်စနစ်သည် အလင်းဖျော့ဖျော့ အပြာရောင် စခရင်တစ်ခုကို ထပ်ဆင့်ဖော်ပြပေးလိုက်ပြီး ၎င်းပေါ်တွင်မူ အဆက်မပြတ် ပြောင်းလဲနေသည့် ကိန်းဂဏန်းများ မြောက်မြားစွာ ရှိနေ၏။
[အမည် - ရေသစ်သီး။ ထွက်ရှိရာ ဒေသ - ရွှံ့ညွန်တောများ။ အသုံးပြုပုံ - ထုံကျဉ်စေသည့် အာနိသင်ရှိပြီး အနည်းငယ် အဆိပ်အတောက် ဖြစ်စေသည်။ အချက်အလက်များကို သိမ်းဆည်းပြီးပါပြီ။]
အေအိုင်စနစ်၏ အသံသည် တစ်စက္ကန့်မျှပင် မကြာခင်မှာ ထွက်ပေါ်လာခဲ့၏။
“ကောင်းတယ်။ နောက်တစ်ခေါက်၊”
လေလင် နောက်ထပ် ခြောက်သွေ့နေသည့် ပင်စည်တစ်ခုကို ကောက်ယူလိုက်ပြန်သည်။
ဒါက လေလင် ဆေးဖက်ဝင်အပင်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ရခြင်း၏ အကြောင်းရင်းများထဲက တစ်ခုဖြစ်သည်။ ခရော့ဖ်၏ လက်အောက်တွင် အလုပ်သင်အဖြစ် ရှိနေခဲ့သည့် နှစ်များတစ်လျှောက်လုံးတွင် သူသည် မှော်ဆေးရည် ဖော်စပ်သည့် သခင်ကြီးများ အသုံးပြုသည့် ဆေးဖက်ဝင်အပင်များ အားလုံးနီးပါးကို မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး အေအိုင်စနစ်၏ အချက်အလက်ဘဏ်ထဲတွင် သိမ်းဆည်းထားနိုင်ခဲ့သည်။
သို့သော်လည်း ၎င်းတို့က မှော်ဆရာများ အသုံးပြုကြသည့် အထူးပါဝင်ပစ္စည်းများသာ ဖြစ်၏။ သာမန်လူများ အသုံးပြုကြသည့် ဆေးဖက်ဝင်အပင်များအတွက်မူ အေအိုင်စနစ်တွင် မည်သည့် မှတ်တမ်းမှ ရှိမနေချေ။
ဒါကြောင့် ယခုအခါတွင် သူသည် ထိုပျောက်ဆုံးနေသည့် အချက်အလက် အပိုင်းအစများကို ဖြည့်ဆည်းရမည် ဖြစ်သည်။
ဒါတင်မကသေးဘဲ လေလင်သည် သူ၏ ဆရာထံကနေ ရှေးဟောင်း မှော်ဆေးရည် ဖော်မြူလာ နှစ်ခုကို ရရှိထားပြီး ၎င်းတို့အတွက် အစားထိုး ပစ္စည်းများကို ရှာဖွေချင်နေသည်။
၎င်းကို မရေမတွက်နိုင်သော စမ်းသပ်မှုများနှင့် ရှားပါးပြီး အဖိုးတန်လှသည့် ဆေးဖက်ဝင်အပင် မြောက်မြားစွာကို အသုံးပြုခြင်းဖြင့်သာ ပြီးမြောက်နိုင်မှာ ဖြစ်၏။
လေလင်တွင် အေအိုင်စနစ် ရှိနေလျှင်ပင် သူသည် ဤလုပ်ငန်းစဉ်ထဲက အဆင့်ကို ရှောင်လွှဲနိုင်မည် မဟုတ်ချေ။
ထိုမျှ ကျယ်ပြန့်လှသော လုပ်ငန်းကြီးတစ်ခုအတွက် လေလင်သည် သူ့ရဲ့ မှော်ကျောက်တုံးများ အားလုံးကို အကုန်အကျခံလိုက်လျှင်ပင် လက်ရှိ တာဝန်ကို အဆုံးသတ်နိုင်မည်ဟု မထင်မိချေ။
သို့သော်လည်း အကယ်၍ ပါဝင်ပစ္စည်း အချို့ကို သာမန်လူသားများ အသုံးပြုကြသည့် ဆေးဖက်ဝင်အပင်များနှင့် အစားထိုးနိုင်ခဲ့မည်ဆိုလျှင်တော့ သူသည် ကြီးမားလှသော ကုန်ကျစရိတ်များကို သက်သာစေနိုင်မည် ဖြစ်သည်။
‘ဒါက နေ့ခင်းအိပ်မက်တစ်ခုသက်သက် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့... အားသာချက်ကတော့ အောင်မြင်တဲ့ အစားထိုးမှုတစ်ခုက ကတိပေးထားတဲ့ အလားအလာရှိတဲ့ ကုန်ကျစရိတ် သက်သာမှုတွေပဲ။ စမ်းသပ်မှုတွေ ဘယ်လောက်ပဲ လုပ်ရလုပ်ရ ဒါက မျက်နှာသာပေးခံရတဲ့ အလဲအလှယ်တစ်ခုအဖြစ် သတ်မှတ်နိုင်တုန်းပဲ။ ဒါကြောင့် အေအိုင်စနစ်ရဲ့ ကြောက်မက်ဖွယ်ကောင်းလှတဲ့ တွက်ချက်နိုင်စွမ်းကို အသုံးပြုပြီး မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုတော့ ရနိုင်ပါတယ်။’
လေလင်၏ အကြည့်များက ခိုင်မာပြတ်သားလှ၏။
‘ဘာပဲဖြစ်ဖြစ်... ငါ ပါဝင်ပစ္စည်းတွေ ဘယ်လောက်ပဲ အသုံးပြုရပါစေ ဒါတွေက သာမန်လူသားတွေ အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေ သက်သက်ပါပဲ။ သူတို့ကို ပြန်ဝယ်ဖို့ဆိုရင် ရွှေဒင်္ဂါးပြား အနည်းငယ် သုံးလိုက်ရုံနဲ့တင် လုံလောက်ပြီ။ ဒါက မှော်ကျောက်တုံးတွေကို အသုံးပြုရတာထက် အများကြီး ပိုကောင်းတာပဲ။’
သူ တာဝန်ယူထားသည့် စုံစမ်းစစ်ဆေးရေး မစ်ရှင်အတွက်ကတော့ ဒါက လေလင်၏ စိတ်ထဲကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အချိန် နှစ်နှစ်ကျော်လောက် ကျန်ရှိနေသေးတာ ဖြစ်ပြီး ဒီနှစ်နှစ်အတွင်းမှာ အပြည့်အဝ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သရွေ့ သူ့ရဲ့ မစ်ရှင်က အောင်မြင်တယ်လို့ သတ်မှတ်နိုင်ဦးမှာ ဖြစ်၏။
အကယ်၍ မစ်ရှင် ကျရှုံးသွားခဲ့လျှင်ပင် ခရော့ဖ်က သူ၏ ဆရာဖြစ်နေတာကြောင့် အဆိုးရွားဆုံး ပြစ်ဒဏ်က မှော်ကျောက်တုံး အနည်းငယ် ဒဏ်ရိုက်ခံရရုံသက်သက်သာ ဖြစ်ပေလိမ့်မည်။ ဒါကြောင့် လေလင်က အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိချေ။
အချိန်တွေက ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့ပြီး စမ်းသပ်ခန်းက တိတ်ဆိတ်သွားခဲ့၏။ ထိုနေရာတွင် အန်နာ ဆေးဖက်ဝင်အပင်များကို စားပွဲပေါ်သို့ တင်လိုက်စဉ် ထွက်ပေါ်လာတတ်သည့် ပွတ်တိုက်သံ အချို့မှလွဲ၍ ဘာမှရှိမနေချေ။
နှစ်ရက်ကြာပြီးနောက် စမ်းသပ်ခန်းထဲတွင် လေလင်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။ သူ့မျက်နှာထက်တွင် ပျော်ရွှင်နေသည့် အရိပ်အယောင်တစ်ခု လွှမ်းခြုံနေ၏။
[ဆေးဖက်ဝင်အပင် အမျိုးအစား ၃၂၁၇ မျိုးကို အချက်အလက်ဘဏ်ထဲတွင် အောင်မြင်စွာ သိမ်းဆည်းပြီးပါပြီ။ အိမ်ရှင် သီးသန့်ဖိုင်တစ်ခု ဖန်တီးလိုပါသလား။]
အေအိုင်စနစ်၏ အသံ ထွက်ပေါ်လာခဲ့သည်။
“မလိုဘူး ငါတို့ အရင်က မှတ်တမ်းတင်ထားတဲ့ သာမန် ပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်လိုက်ပြီး “သာမန် ဆေးဖက်ဝင် ပါဝင်ပစ္စည်းများ စွယ်စုံကျမ်း” ဆိုတဲ့ နာမည်နဲ့ ဖိုင်တစ်ခုကို တည်ဆောက်လိုက်၊” လေလင်က အမိန့်ပေးလိုက်၏။
[ဖိုင်ကို တည်ဆောက်ပြီးပါပြီ…… သက်ဆိုင်ရာ စမ်းသပ်မှု ပုံစံများကို အချက်အလက်ဘဏ်ထဲသို့ လွှဲပြောင်းနေပါသည်။]
‘ကောင်းပြီ... နောက်တစ်ဆင့်ကတော့ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိ အမျိုးမျိုးရဲ့ ပေါင်းစပ်မှုတွေကို ခွဲခြမ်းစိတ်ဖြာရမှာပဲ။ ဒါက ကြီးမားလှတဲ့ ပရောဂျက်ကြီးတစ်ခုဖြစ်ပြီး ငါ လိုချင်တဲ့ ရလဒ်တွေ ရရှိနိုင်ခြေ ပိုများလာအောင် တကယ့် အချက်အလက်တွေကို အတည်ပြုဖို့ စမ်းသပ်တွက်ချက်မှုတွေ ရှိနေရင်တောင် လက်တွေ့ စမ်းသပ်မှုတွေကို ဆက်လုပ်ရမှာပဲ။’
လေလင် တွေးတောလိုက်သည်။
“သခင်လေး... ညစာစားရမယ့် အချိန်ရောက်ပါပြီရှင့်၊” အန်နာ၏ တိုးညင်းလှသော အသံက တံခါးအပြင်ဘက်ကနေ ထွက်ပေါ်လာခဲ့၏။
“ကောင်းပြီ... ငါ ထွက်လာခဲ့မယ်။” အလုပ်လုပ်ရမည့် အချိန်တွင် အလုပ်လုပ်ပြီး အနားယူရမည့် အချိန်တွင် အနားယူရမည်။ ၎င်းက သူ နေထိုင်မှုအတွက် ကိုင်စွဲထားသည့် မူဝါဒ ဖြစ်သည်။ သူသည် အခြားသော မှော်ဆရာများကဲ့သို့ စမ်းသပ်မှုများကို ပိုမို ပြုလုပ်နိုင်ရန်အတွက် အစားအသောက်နှင့် အနားယူခြင်းကို လျစ်လျူရှုသည့် အရာမျိုးကို ခဲယဉ်းစွာသာ ပြုလုပ်လေ့ရှိ၏။
သူ့အတွက်တော့ အမှန်တရားကို ရှာဖွေသည့် လမ်းကြောင်းတစ်လျှောက်တွင် လုံလောက်သော အနားယူခြင်းက ခွင့်ပြုထားပြီးသား ဖြစ်သည်။
လေလင် ပြုံးလိုက်ပြီး စမ်းသပ်ခန်းထဲကနေ မထွက်ခွာခင် စမ်းသပ်စားပွဲကို ရှင်းလင်းလိုက်၏။
“အကယ်၍ ငါ အရေးကြီးတဲ့ စမ်းသပ်မှုတွေ လုပ်ဆောင်နေတဲ့ အချိန်ဆိုရင်... တံခါးပေါ်မှာ ဆိုင်းဘုတ်တစ်ခု ချိတ်ထားခဲ့မယ်။ အဲဒီအချိန်ကျရင် ငါ အတွင်းထဲမှာ ဘယ်နှစ်ရက်ပဲ နေနေ ငါ့ကို လာမနှောင့်ယှက်နဲ့။ နားလည်လား၊”
လေလင်က သူ့ကို ပြုစုပေးနေသည့် အန်နာကို ပြောလိုက်သည်။
“သခင်လေး အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်ရှင်။”
“ဒီနေ့ ညစာက ဘာလဲ၊” လေလင် အခန်း၏ တစ်ဖက်သို့ လျှောက်သွားလိုက်၏။ သခင်အများစုသည် မိမိတို့၏ လက်အောက်ငယ်သားများနှင့် အတူတူ စားသောက်လေ့ရှိကြသော်လည်း ဒါက မှော်ဆရာများ၏ ဓလေ့ထုံးတမ်းများနှင့် မကိုက်ညီပေ။ ဒါကြောင့် လေလင်သည် အချိန်အများစုတွင် တစ်ယောက်တည်းသာ စားသောက်လေ့ရှိသည်။
အဖြူရောင် စားပွဲဝိုင်းငယ်လေးပေါ်တွင်မူ ခေါင်းလောင်းပုံစံ အဖုံးများဖြင့် အုပ်ထားသည့် အစားအသောက် ပန်းကန် မြောက်မြားစွာကို စားပွဲထိုးလင်ဗန်းတစ်ခုပေါ်တွင် တင်ထား၏။
“အမဲသားနဲ့ ခရမ်းရောင် ဟင်းသီးဟင်းရွက် စွပ်ပြုတ်ရယ်၊ ပြီးတော့ ပန်းသီးစတော်ဘယ်ရီ မုန့်ပါရှင်၊”
အန်နာက ဖွဖွလေး ပြောလိုက်ရင်း အဖုံးကို ဖွင့်လိုက်သည်။ အလွန် ခံတွင်းမြိန်စေမည့် အနံ့တစ်ခုက လေထုထဲသို့ ပျံ့နှံ့သွားခဲ့၏။
“မဆိုးဘူးပဲ၊” လေလင်က ခေါင်းညိတ်လိုက်ရင်း အန်နာကို သူ၏ လည်ပင်းတွင် လက်သုတ်ပုဝါ စည်းပေးခွင့် ပြုလိုက်သည်။ ၎င်းနောက်တွင် သူသည် ဓားနှင့် ခက်ရင်းကို ကိုင်ကာ စတင် စားသောက်တော့၏။
“ဒါနဲ့... ငါ့ကို မနက်ဖြန်ကျရင် သတိပေးဖို့ မမေ့နဲ့။ စစ်သည်တော် ကျင့်စဉ်အတွက် နေ့တိုင်း အချိန်တစ်နာရီ ဖယ်ထားရမယ်။”
လေလင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီးနောက် အန်နာကို ပြောလိုက်သည်။ သူသည် အတွင်းပိုင်း သက်စောင့်စွမ်းအင်ကို လှုံ့ဆော်နိုင်ခဲ့ပြီ ဖြစ်၏။
စစ်သည်တော်တစ်ယောက်အနေဖြင့် သူသည် သူ၏ ကိန်းဂဏန်းများ အားလုံးကို ၃ အထက်သို့ ရောက်ရှိစေရန်အတွက် အနည်းငယ်မျှ ထပ်မံ ကျင့်ကြံရန်သာ လိုအပ်တော့သည်။
လေလင်သည် မှော်ဆရာ လမ်းကြောင်းထက်တွင် လျှောက်လှမ်းရန် စီစဉ်ထားစေကာမူ သူ့ရဲ့ ကိန်းဂဏန်းများကို တိုးမြှင့်ခြင်းကြောင့် ဆုံးရှုံးသွားစရာ ဘာမှမရှိချေ။