အခန်း ၅၈ -ဧည့်ခံပွဲ
တောက်ပလှသော နေရောင်ခြည်သည် လမ်းမထက်တွင် ရွှေရောင်အလင်းတန်းများ သဖွယ်ကျဆင်းနေသဖြင့် ထိုလမ်းပေါ်တွင် လျှောက်လှမ်းရခြင်းက ရွှေရောင်ခင်းထားသည့် လမ်းမကြီးပေါ်တွင် လျှောက်လှမ်းနေရသလိုပင် ဖြစ်သည်။
ဒီနေ့တွင် လေလင်သည် အခမ်းအနားသုံး ဝတ်စုံကို အထူးတလည် ဝတ်ဆင်ထား၏။ သူက ဂရင်းကို မြင်းလှည်းကိုယ်တိုင်မောင်းခိုင်းပြီး မာဖီ၏ စံအိမ်ဆီသို့ သွားရောက်ခဲ့သည်။
ထို့အတူပင် မာဖီသည်လည်း အခမ်းအနားသုံး ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် အနက်ရောင် လက်ကိုင်တုတ်တစ်ချောင်းကို ကိုင်ဆောင်ကာ စောင့်ဆိုင်းနေ၏။
လေလင်ကို မြင်တွေ့လိုက်ရသောအခါ သူ၏ တွန့်ကြေနေသည့် မျက်နှာထက်တွင် ဝမ်းမြောက်လှသော မျက်နှာအမူအရာ ပေါ်ထွက်လာခဲ့ပြီး “ကြိုဆိုပါတယ်... မိတ်ဆွေ” ဟု ဆိုလိုက်သည်။
“နည်းနည်း နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်၊” လေလင် မြင်းလှည်းပြတင်းပေါက်ကို ဖွင့်ကာ ပြောလိုက်၏။
“ချိန်းထားတဲ့ အချိန်က မပြည့်သေးပါဘူး၊ ငါကပဲ တမင်စောစော ထွက်လာတာပါ၊”
မာဖီသည် သူ့အစေခံ၏ ကူညီမှုဖြင့် မြင်းလှည်းပေါ်သို့ တက်လာခဲ့သည်။ မြင်းဇာတ်ကြိုး ရိုက်ခတ်သံနှင့်အတူ ဂရင်းသည် မြင်းလှည်းကို မြို့လယ်ခေါင်ပိုင်းဆီသို့ မောင်းနှင်ခဲ့တော့၏။
“ဒီနေ့က မြို့စားမင်းရဲ့ ဧည့်ခံပွဲ ကျင်းပတဲ့နေ့ပဲ။ သူက မင်းကိုလည်း ဖိတ်ကြားထားတယ်။ ဘာပဲဖြစ်ဖြစ် မြို့ရဲ့ အရှင်သခင်တစ်ယောက်အနေနဲ့ ခွန်အားရှိတဲ့ ဘယ်ဧည့်သည်တော်အပေါ်မဆို စိတ်ဝင်စားမှု ရှိတတ်တာ ထုံးစံပဲ……” မာဖီက စကားကို တစ်ဝက်နှင့် ဖြတ်ထားလိုက်သည်။
“နားလည်နိုင်ပါတယ်”
လေလင် ပြန်လည် ဖြေကြားလိုက်၏။ မြို့တစ်မြို့ကို ထိန်းချုပ်ပိုင်ခွင့်ရှိသူတစ်ယောက်အနေဖြင့် သူ မြို့ထဲသို့ ဝင်ရောက်လာပြီး ရက်အတော်ကြာမှသာ လာရောက်ရှာဖွေခြင်းက အနည်းငယ် အံ့အားသင့်စရာ ကောင်းလှပေသည်။
“မင်း တော်တော်လေး ပျင်းနေတဲ့ ပုံပဲ”
မာဖီက လေလင်၏ ဂရုမစိုက်သည့် ပုံစံကို သတိထားမိလိုက်သည်။
“အမှန်အတိုင်း ပြောရရင်တော့... ငါက ဒီလို လူမှုရေး ဆက်ဆံမှုမျိုးတွေမှာ မကျွမ်းကျင်ပါဘူး။ ရွေးချယ်ခွင့် ရှိမယ်ဆိုရင်တော့ ငါ့ရဲ့ စမ်းသပ်ခန်းထဲမှာပဲ နေချင်တာပါ……” လေလင်က မဲ့ပြုံး ပြုံးလိုက်၏။
“ဟားဟား……” မာဖီက သဘောကျစွာ ရယ်မောလိုက်ပြီး “ငါ ငယ်ငယ်တုန်းကလည်း မင်းလိုပဲ ခံစားခဲ့ရတာ။ ဒါပေမဲ့ မင်းက ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ သင်ယူရမယ် လူငယ်လေး။ အရသာမရှိတဲ့ မှော်စမ်းသပ်မှုတွေနဲ့ နှိုင်းယှဉ်ရင် အရသာရှိတဲ့ အစားအစာတွေနဲ့ ရဲရင့်ပြီး လွတ်လပ်လှတဲ့ အမျိုးသမီးတွေက မင်းကို တစ်ခါတည်း စိတ်လှုပ်ရှားမှုဆီ ခေါ်ဆောင်သွားနိုင်တယ်” ဟု ဆိုလိုက်သည်။
လေလင် ခေါင်းညိတ်လိုက်၏။ ဒါက တကယ်တော့ အနားယူထားသည့် မှော်ဆရာများနှင့် အသစ်တက်လှမ်းလာသည့် မှော်ဆရာများအကြား ကွဲပြားခြားနားချက် ဖြစ်သည်။
မာဖီသည် မှော်ဆရာ လမ်းကြောင်းထက်တွင် ထပ်မံ တက်လှမ်းနိုင်စွမ်း မရှိတော့တာ ဖြစ်သဖြင့် သူ၏ စိတ်အားထက်သပ်မှုများကို အခြားသော နယ်ပယ်များဆီသို့ ပြောင်းလဲအသုံးပြုနေခြင်း ဖြစ်၏။
လေလင်အတွက်မူ သူ့တွင် ရွေးချယ်စရာ မြောက်မြားစွာ ရှိနေဆဲ ဖြစ်တာကြောင့် သဘာဝကျကျပင် သူသည် အချိန်ကို ကျင့်ကြံခြင်း၌သာ အသုံးပြုမည် ဖြစ်ပြီး ဤကဲ့သို့သော လောကီရေးရာ ကိစ္စရပ်များတွင် အချိန်ဖြုန်းမည် မဟုတ်ချေ။
“စိတ်ကို လန်းလန်းဆန်းဆန်း ထားစမ်းပါ လူငယ်လေး။ ငါ မင်းကို မိတ်ဆက်ပေးမယ့် ရဲဘော်ရဲဘက် အချို့လည်း ရှိသေးတယ်……” မာဖီက ခပ်ဖွဖွ ပြုံးလိုက်သည်။
“သူတို့ကော……” လေလင်၏ မျက်လုံးများ လင်းလက်သွားခဲ့၏။
“မှန်တယ် သူတို့ကလည်း ငါတို့လို အလုပ်သင်တွေပါပဲ၊ ပြီးတော့ သူတို့အားလုံးက ငါ့ထက် ငယ်ကြပါတယ်။ မင်းတို့အကြား ဆွေးနွေးစရာ စိတ်ဝင်စားမှုတွေ ရှိမှာပါ၊”
“ငါ အခု ဒီဧည့်ခံပွဲကို စတင် မျှော်လင့်မိနေပြီ၊” လေလင်၏ နှုတ်ခမ်းအစုံ တွန့်ကွေးသွားခဲ့ပြီး ပြုံးလိုက်မိသည်။
မြို့စားမင်း၏ ရုန်းတော်က အစွန်းရောက်ည မြို့တော်၏ ဗဟိုချက်တွင် တည်ရှိသည်။ ၎င်း၏ ဘေးပတ်ပတ်လည်တွင်မူ လက်နက်အပြည့်အစုံ တပ်ဆင်ထားကြသည့် သံချပ်ဝတ်တန်ဆာ အနက်ရောင် ဝတ်ဆင်ထားသော စစ်သည်တော် နှစ်တန်းက အစောင့်အကြပ် တာဝန်ယူထားကြ၏။
“သူတို့ကတော့ အစွန်းရောက်ည မြို့တော်ရဲ့ နယ်စားမင်း ဂျက်ဆင် ရဲ့ သံနက် အစောင့်တပ်ဖွဲ့ တွေပဲ။ သူတို့က တစ်ချိန်က လူအင်အား တစ်ရာခန့်နဲ့ လူငါးရာခန့် ရှိတဲ့ စစ်တပ်တစ်ခုကို ခြေမှုန်းခဲ့ဖူးတာ။”
မြင်းလှည်းပေါ်ကနေ ဆင်းပြီးနောက် မာဖီက လေလင်ကို မိတ်ဆက်ပေးလိုက်သည်။
လေလင် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်၏။ ထိုနေရာတွင် အခြားသော မြင်းလှည်းမြောက်မြားစွာ ရှိနေကြသည်။
တစ်ခါတစ်ရံတွင် တန်ဖိုးကြီးလှသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် လူကြီးများနှင့် ရင်ဘတ်ဟိုက် ဂါဝန်များကို ဝတ်ဆင်ထားကြသည့် အမျိုးသမီးများက မြင်းလှည်းပေါ်ကနေ ဆင်းလာကြသည်။
မာဖီသည် ဤမှူးမတ်မျိုးနွယ်များကြားထဲတွင် တော်တော်လေး ဂုဏ်သတင်း ကြီးမားပုံရသည်ကို သူတို့၏ ပျာပျာသလဲ နှုတ်ဆက်မှုများနှင့် မာဖီ၏ ဝမ်းမြောက်စွာ တုံ့ပြန်မှုများကို ကြည့်ခြင်းအားဖြင့် သိသာလှပေသည်။ သူတို့သည် ရှေ့သို့ မလျှောက်လှမ်းခင် ခဏမျှပင် စကားစမြည် ပြောဆိုခဲ့ကြသေး၏။
မာဖီကို မြင်တွေ့လိုက်ရသောအခါ တံခါးဝက အစောင့်က အတွင်းထဲသို့ ချက်ချင်း အပြေးအလွှား ဝင်ရောက်သွားခဲ့သည်။ မကြာခင်မှာပင် အတွင်းထဲကနေ အလွန်ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
“မာဖီ... ငါ့ရဲ့ သူငယ်ချင်းကြီး။ မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ”
ထိုအသံနှင့်အတူ လူကောင်ကြီးကြီး အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ရုန်းတော်ထဲကနေ လျှောက်လှမ်းလာခဲ့သည်။
ဘေးပတ်ပတ်လည်က မှူးမတ်များနှင့် စစ်သည်တော်များက သူ့ကို ရိုသေစွာ အရိုအသေပေးလိုက်ကြ၏။ သူကတော့ အစွန်းရောက်ည မြို့တော်၏ နယ်စားမင်း ဂျက်ဆင် ဖြစ်မှန်း သိသာလှပေသည်။
လေလင်၏ အရပ်အမောင်းက တောင်ဘက်ကမ်းရိုးတန်း နယ်မြေတွင် ပုံမှန်အဆင့်ဟု သတ်မှတ်နိုင်သော်လည်း ဤနယ်စားမင်း ဂျက်ဆင်ကမူ သူ့ထက် ခေါင်းနှစ်လုံးစာခန့် ပိုမို မြင့်မားလှပေသည်။
သူ့တွင် ဂန္ထဝင် အနောက်တိုင်းသားတစ်ဦး၏ ရုပ်ရည်သွင်ပြင် ရှိနေပြီး အလွန်ပင် ကျယ်ပြန့်လှသော နဖူးပြင် ရှိနေ၏။ ဒါတင်မကသေးဘဲ သူ့တွင် အလွန် ရှည်လျားလှသော ပါးသိုင်းမွေးများလည်း ရှိနေသေးသည်။
ဂျက်ဆင်က မာဖီကို အလေးအနက် ဖက်လိုက်ရင်း “ဂျက်ဆင်လေးက မင်းအကြောင်းကို အမြဲတမ်း မေးနေတာဗျ။”
“ငါလည်း အဲဒီချစ်စရာကောင်းတဲ့ ကောင်လေးကို သတိရနေတာပါ။ သူက ငါ့ရဲ့ တပည့်တွေအားလုံးထဲမှာ အလိမ္မာဆုံးပဲ၊” မာဖီက ဆိုလိုက်၏။
“ဒါကတော့ ဝေးကွာလှတဲ့ နေရာကနေ လာတဲ့ ငါ့ရဲ့ မိတ်ဆွေကောင်း လေလင် ဖာလီယာ ပဲ၊” မာဖီက လေလင်ကို နယ်စားမင်း ဂျက်ဆင်နှင့် မိတ်ဆက်ပေးလိုက်သည်။
“အစွန်းရောက်ည မြို့တော်က မင်းကို ကြိုဆိုပါတယ်၊” ဂျက်ဆင် လေလင်ကို အကဲခတ်လိုက်ပြီးနောက် သူ၏ ကျယ်ပြန့်လှသော ပုခုံးကြီးများကို ဖွင့်ကာ လေလင်ကို ဖက်လိုက်၏။
လေလင်၏ အပြုံးက အနည်းငယ် တောင့်တင်းသွားခဲ့သော်လည်း ၎င်းကို အလျင်အမြန်ပင် ဖုံးကွယ်ထားလိုက်သည်။
အဲဒီအချိန်မှာပဲ သူသည် အေအိုင်စနစ်က ပြသလိုက်သည့် အချက်အလက်များကြောင့် အာရုံလုံးဝ ပျက်ပြားသွားခဲ့ရခြင်း ဖြစ်၏။
[အေအိုင်စနစ် - ဂျက်ဆင်။
ခွန်အား - ၇.၉၊
သွက်လက်မှု - ၄.၅၊
အသက်စွမ်းအား - ၆.၃၊
စိတ်ဝိညာဉ်စွမ်းအား - ၃.၅။
အခြေအနေ - ကျန်းမာသည်။
ဤလူသားသည် ဘေးအန္တရာယ်များလှသည်ဟု သတ်မှတ်သည်၊ အိမ်ရှင်အနေဖြင့် ဤလူနှင့် မီတာ ၅၀ အကွာအဝေးကို ထိန်းသိမ်းထားရန် အလေးအနက် အကြံပြုအပ်သည်။]
‘ဒီအချက်အလက်တွေက စစ်သည်တော်ကြီး တစ်ယောက်ဆီမှာပဲ ရှိနိုင်တာ၊’ လေလင်၏ မျက်လုံးများ ကျုံ့သွားခဲ့ရသည်။
‘စစ်သည်တော်ကြီးတွေရဲ့ အသက်စွမ်းအားက အလွန်ပဲ မြင့်မားလှတယ်။ ပြီးတော့ သူတို့ရဲ့ အတွင်းပိုင်း သက်စောင့်စွမ်းအင်တွေကို အဆက်မပြတ် လှုံ့ဆော်အသုံးပြုပြီးနောက်မှာတော့ သူတို့က လူသားအများစုကို တားဆီးထားတဲ့ ပိတ်ဆီးမှုကို ကျော်ဖြတ်နိုင်ခဲ့ကြပြီ ဖြစ်တယ်။ ဒါတင်မကသေးဘဲ သူတို့က အဆင့် ၀ မန္တန်တွေကိုပါ အနည်းငယ် ခုခံနိုင်စွမ်း ရှိကြသေးတယ်၊’ လေလင် အရင်က ဖတ်ဖူးခဲ့သည့် ဖော်ပြချက်တစ်ခုကို ပြန်လည် သတိရလိုက်မိ၏။
“ကောင်းပြီ မင်းလည်း စစ်သည်တော်တစ်ယောက် ဖြစ်ရမယ် ဟုတ်တယ်မလား၊”
မြို့စားမင်း ဂျက်ဆင်သည် လေလင်၏ ခွန်အားကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ရပြီး ယခုအခါတွင် လေလင်အပေါ် ပိုမို ရင်းနှီးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ငါက အခုတလောတင်ပဲ တက်လှမ်းနိုင်ခဲ့တာပါ၊ သခင်ကြီးနဲ့ ယှဉ်ရင်တော့ အဝေးကြီး လိုပါသေးတယ်၊”
လေလင်က နှိမ့်ချစွာ ဆိုလိုက်ပြီး အေအိုင်စနစ်ကို အမိန့်ပေးလိုက်၏။ ‘အေအိုင်စနစ်။ အကယ်၍ ငါသာ ဒီမြို့စားမင်း ဂျက်ဆင်နဲ့ တိုက်ခိုက်ရမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ တွက်ချက်စမ်း။’
[အခြေအနေများကို တည်ဆောက်နေသည်၊ အချက်အလက်များကို ထည့်သွင်းနေသည်၊ တိုက်ပွဲအခြေအနေကို တွက်ချက်နေသည်၊ ရလဒ်ကို ခန့်မှန်းနေသည်……]
ကြီးမားသော အလင်းစခရင်တစ်ခုက အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့ပြီးနောက် ရလဒ် ထွက်ပေါ်လာခဲ့၏။
[တိုက်ပွဲတွက်ချက်မှု ပြီးဆုံးပါပြီ။ မီတာ ၅၀ နှင့် အထက်တွင် အိမ်ရှင်၏ အနိုင်ရရှိမှုနှုန်းက ၈၉.၈ ရာခိုင်နှုန်း ဖြစ်သည်။ မီတာ ၂၀ မှ ၅၀ ကြားတွင် အိမ်ရှင်၏ အနိုင်ရရှိမှုနှုန်းက ၅၈.၇ ရာခိုင်နှုန်း ဖြစ်သည်။ မီတာ ၂၀ အောက်တွင်မူ အိမ်ရှင်၏ အနိုင်ရရှိမှုနှုန်းက ၃၃.၉ ရာခိုင်နှုန်း သာ ရှိပါတော့သည်။]
‘မျှော်လင့်ထားတဲ့အတိုင်းပဲ၊ စစ်သည်တော်ကြီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အလွန်ပဲ အံ့ဩစရာ ကောင်းလှတယ်။ သူတို့က မှော်ဆရာတစ်ယောက် မန္တန်မရွတ်ဆိုနိုင်ခင်မှာတင် အကွာအဝေးကို အလျင်အမြန် လျှော့ချနိုင်စွမ်း ရှိကြတာပဲ။ အကယ်၍ မှော်ဆရာတွေကသာ သူတို့ရဲ့ အကွာအဝေးအပြင်ဘက်မှာ နေဖို့ မကြိုးစားဘူးဆိုရင်တော့ သေချာပေါက် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရမှာ ဖြစ်တယ်၊’
လေလင်၏ မျက်နှာအမူအရာက မပြောင်းလဲဘဲ မာဖီနှင့်အတူ ရုန်းတော်၏ ခန်းမကြီးအတွင်းသို့ လျှောက်လှမ်း ဝင်ရောက်လာခဲ့သည်။
ကြီးမားသော ခန်းမကြီးသည် ဤအခမ်းအနားအတွက် အလှဆင်ထားမှန်း ထင်ရှားလှပေသည်။ စကျင်ကျောက် ခင်းထားသည့် ကြမ်းပြင်က အလွန်ပင် ချောမွေ့လှသဖြင့် ၎င်းပေါ်တွင် လျှောက်လှမ်းနေကြသည့် လူများ၏ ပုံရိပ်များကိုပင် ထင်ဟပ်စေ၏။
ကြီးမားသော ခန်းမကြီး၏ အလယ်ဗဟိုတွင်မူ ကြီးမားသော ရွှေရောင် ဖယောင်းတိုင်ဆိုင်းမီးအိမ်ကြီးတစ်ခု ချိတ်ဆွဲထားသည်။ ၎င်းပေါ်တွင် လင်းထိန်နေသည့် ဖယောင်းတိုင် မြောက်မြားစွာ ရှိနေကြပြီး ဘေးပတ်ပတ်လည်က ရောင်စုံမှန်ပုလဲများကို ဖြတ်သန်းကာ အရောင်အသွေး စုံလင်လှသော အလင်းရောင်ကို ထွက်ပေါ်စေ၏။
ဤကြီးမားသော ခန်းမကြီး၏ ဘေးနားတွင်မူ အမြီးရှည် အနောက်တိုင်းဝတ်စုံများကို ဝတ်ဆင်ထားကြသည့် ဂီတပညာရှင်များအဖွဲ့ ရှိနေပြီး ဖြည်းညှင်းပြီး ပျော်ရွှင်စရာ ကောင်းလှသော သီချင်းတစ်ပုဒ်ကို တီးခတ်နေကြသည်။
ထိုနယ်မြေတစ်ခုလုံးတွင် အဖြူရောင်ပိတ်စများ ခင်းထားသည့် စားပွဲအရှည်ကြီးများဖြင့် ပြည့်နှက်နေ၏။
ထိုစားပွဲများပေါ်တွင်မူ သစ်သီးမျိုးစုံနှင့် အသားကင်များ ထည့်ထားသည့် ရွှေရောင်၊ ငွေရောင် လင်ဗန်းကြီးများ ရှိနေကြသည်။ ဘေးနားတွင်မူ ပြင်းထန်လှသော ဝိုင်နံ့များကို ထွက်ပေါ်စေသည့် ငွေရောင် ဝိုင်အိုးကြီးများနှင့် ဗူးများလည်း ရှိနေသေး၏။
အလယ်ဗဟိုတည့်တည့်တွင်မူ ကြီးမားသော ကွင်းပြင်ကျယ်ကြီးတစ်ခု ရှိနေပြီး မှူးမတ်မျိုးနွယ် မြောက်မြားစွာက သီချင်းသံနှင့်အတူ ကပြဖျော်ဖြေနေကြသည်။
‘ဒါက ဘာဖေးစနစ်နဲ့ ကပွဲတစ်ခုနဲ့ တူတာပဲ၊’ လေလင် ခေါင်းညိတ်လိုက်မိ၏။
“မင်း ဘာသာမင်း ပျော်ပျော်ရွှင်ရွှင် နေလိုက်ဦး၊ ငါကတော့ ငါ့ရဲ့ မိတ်ဆွေဟောင်းအချို့ကို သွားရောက် နှုတ်ဆက်ရဦးမယ်၊” မာဖီက လေလင်ကို ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ” လေလင် သူ့ခေါင်းကို ညိတ်ပြလိုက်၏။ ၎င်းနောက်တွင် သူသည် စပျစ်ဝိုင်တစ်ခွက်ကို ယူလိုက်ပြီး အနီးနားရှိ ဆိုဖာတစ်ခုပေါ်တွင် ထိုင်လိုက်သည်။
မကြာခင်မှာပင် သူသည် မာဖီက ခန္ဓာကိုယ်ဖောက်မြင် ဖြစ်လုနီးပါး ဝတ်ဆင်ထားကြသည့် လှလှပပပြင်ဆင်ထားသော အမျိုးသမီးအချို့နှင့်အတူ ရှိနေသည်ကို လှမ်းမြင်တွေ့လိုက်ရ၏။
သူတို့သည် ဘေးနားရှိ အခန်းငယ်တစ်ခုအတွင်းသို့ပင် ဝင်ရောက်သွားကြသေးသဖြင့် လေလင် တကယ်ပဲ စကားမဲ့သွားခဲ့ရသည်။
‘သူက ဒီလောက်အထိ အိုမင်းနေပြီ ဖြစ်တာကို ခွန်အားရှိသေးတဲ့ ပုံစံမျိုး ဟန်ဆောင်ချင်နေသေးတာပဲ၊ သူ တကယ်ကော လုပ်နိုင်လို့လား’
“ငါ မင်းရဲ့ ဘေးနားမှာ ထိုင်လို့ ရမလား ဟင်” လေလင် ထိုသို့သော မသင့်တော်သည့် အတွေးများကို တွေးတောနေစဉ်မှာပင် သူ့ဘေးနားကနေ သိမ်မွေ့လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လေလင် ခေါင်းမော့ကြည့်လိုက်ရာ ခရမ်းရောင် ဂါဝန်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦးကို မြင်တွေ့လိုက်ရ၏။
သူမတွင် ပုခုံးထက်အထိ ရေတံခွန်တစ်ခုလို လျှောကျနေသည့် ရွှေရောင်ဆံပင်များ ရှိနေပြီး သူမ၏ အရေပြားကပင် နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးလှပေသည်။
ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ လေလင်သည် သူ့ဘေးနားတွင် မည်သူမှ ရှိမနေသည်ကို သိရှိလိုက်ရ၏။
လေလင်က တော်တော်လေး ရုပ်ရည်ချောမောလှပြီး မိမိကိုယ်မိမိ သပ်သပ်ရပ်ရပ် ထားတတ်သူ ဖြစ်တာကြောင့် သဘာဝကျကျပင် အမျိုးသမီးငယ်အချို့ကို ဆွဲဆောင်နိုင်ခြင်း ဖြစ်သည်။
“သေချာတာပေါ့... မရည်ရွယ်ပါဘူး”
လေလင် ခပ်ဖွဖွ ပြုံးလိုက်ပြီး အမျိုးသမီးငယ်နှင့်အတူ ပျော်ပျော်ရွှင်ရွှင် စကားစမြည် ပြောဆိုလိုက်သည်။
သူ့အတွက်တော့ သူ့ရဲ့ အရင်ကမ္ဘာက မှတ်ဉာဏ်များနှင့် ဤခန္ဓာကိုယ် ပိုင်ရှင်ဟောင်း၏ မှတ်ဉာဏ်များကို ပေါင်းစပ်လိုက်ခြင်းက မိန်းကလေးငယ်တစ်ယောက်ကို ပျော်ရွှင်အောင် လုပ်ရန် တကယ့်ကို လွယ်ကူသော ကိစ္စတစ်ခု ဖြစ်၏။
မကြာခင်မှာပင် အမျိုးသမီးငယ်သည် လေလင် လုပ်ကြံပြောဆိုလိုက်သည့် ပုံပြင်များအပေါ် လုံးဝ စိတ်ဝင်စားသွားခဲ့ရသည်။
“ဟားဟား…… ဟားဟား၊ လမ်းမပေါ်မှာ အဝတ်ဗလာနဲ့ ပြေးတာ ဟုတ်လား၊ သူက ဒါမျိုးကို တကယ် လုပ်ခဲ့တာလား၊”
အမျိုးသမီးငယ်သည် သူမ၏ အရင်က သိမ်မွေ့လှသော ပုံစံကို လုံးဝ ဆုံးရှုံးသွားခဲ့ရရှာ၏။ သူမသည် အရင်က ထိန်းသိမ်းထားသည့် နူးညံ့လှသော အမူအရာများမရှိဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သဖြင့် အနီးနားရှိ လူမြောက်မြားစွာ၏ စူးစမ်းလှသော အကြည့်များကို ဆွဲဆောင်မိခဲ့သည်။
“နှောင့်ယှက်မိတဲ့အတွက် စိတ်မရှိပါနဲ့ လေလင် ဒါပေမဲ့ ငါတို့ရဲ့ သူငယ်ချင်းတွေ ရောက်လာကြပြီ။”
မာဖီသည် သူ ခုနကတင်ပဲ အပြင်းအထန် ပတ်သက်ခဲ့သည့် မှူးမတ်အမျိုးသမီးအချို့ ခြံရံရင်း လျှောက်လှမ်းလာခဲ့၏။
အံ့ဩစရာ ကောင်းလှသည်ကတော့ သူ့ရဲ့ ဝတ်စုံက အလွန်ပင် သပ်ရပ်နေဆဲ ဖြစ်သဖြင့် လေလင် တကယ်ပဲ အံ့အားသင့်သွားခဲ့ရသည်။
“ကောင်းပြီ... ငါ သွားရတော့မယ်” လေလင် မတတ်နိုင်သည့် လက်ဟန် ပြုလုပ်လိုက်ပြီး ဆိုဖာပေါ်ကနေ ထရပ်လိုက်၏။
“ဒါက…… လူကြီးမင်း။ စကားတွေ အကြာကြီး ပြောပြီးတာတောင် ငါ လူကြီးမင်းရဲ့ နာမည်ကို မမေးရသေးဘူး ဟင်၊” အမျိုးသမီးငယ် သူမ၏ နဖူးကို ရိုက်လိုက်မိရင်း မေးလိုက်သည်။
“လေလင် ဖာလီယာ ပါ၊ လေလင် လို့ပဲ ခေါ်နိုင်ပါတယ်၊”
“ငါ…… ငါက အလစ်ရှာ ပါ၊ ငါ့ရဲ့ အိမ်က စီစီလီယာ လမ်းမကြီး၊ ၃၄ မှာ ရှိပါတယ်။ လူကြီးမင်း အချိန်မရွေး လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။”
“ဟားဟား... မင်းက အမျိုးသမီးတွေကြားထဲမှာ ဒီလောက်အထိ ရေပန်းစားလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး၊” သူတို့နှစ်ယောက် ထွက်ခွာလာပြီးနောက်မှာတော့ မာဖီက လေလင်ကို နောက်ပြောင်လိုက်၏။
“သူမက ပုံပြင်နားထောင်ရတာ သဘောကျတဲ့ အမျိုးသမီးငယ်တစ်ယောက် ပါပဲ၊ သူတို့ ရောက်လာကြပြီလား၊” လေလင်က မေးလိုက်သည်။
“သူတို့အားလုံး ရောက်နေကြပြီ၊ ငါ့အနောက်က လိုက်ခဲ့၊”
မာဖီက ပြောလိုက်ပြီး လေလင်ကို ကပွဲခန်းမဘေးရှိ အခန်းငယ်တစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်။
ထိုအခန်းထဲတွင် အလုပ်သင်အချို့ ကြိုတင်စောင့်ဆိုင်းနေကြပြီ ဖြစ်၏။ လေလင် ခံစားမိလိုက်သည်ကတော့ သူတို့၏ မှော်စွမ်းအင်လှိုင်းများအရ သူတို့က အဆင့် ၁ သို့မဟုတ် အဆင့် ၂ အလုပ်သင်များ ဖြစ်ကြသည်။
မာဖီသည် ဤအသိုင်းအဝိုင်းထဲတွင် သေချာပေါက် အဆင့်အတန်း အမြင့်မားဆုံး ဖြစ်မှန်း သိသာလှပေသည်။
သူ ဝင်ရောက်လာသောအခါ အလုပ်သင်များအားလုံးက သူ့ကို ကြိုဆိုရန် မတ်တတ်ရပ်လိုက်ကြ၏။
“ကောင်းပြီ၊” မာဖီ ဘေးပတ်ပတ်လည်ကို အကဲခတ်လိုက်ပြီးနောက် “မင်းတို့ကို ရဲဘော်ရဲဘက်အသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ လေလင်... သူက အနောက်ဘက်ပိုင်းကနေ လာတာ ပါ……”
လေလင် ကိုယ်ပိုင်မိတ်ဆက်ခြင်း ပြီးဆုံးသွားပြီးနောက်မှာတော့ သူ မာဖီကို မမေးဘဲ မနေနိုင်တော့ချေ။
“ဒီလို စုဝေးမှုမျိုးက ပြဿနာတစ်ခုခု ဖြစ်မလာနိုင်ဘူးလား ဟင်၊”
“မစိုးရိမ်ပါနဲ့ ဂျက်ဆင်မှာ လူဝံသားရဲ အချို့ ရှိနေပြီး သူတို့ရဲ့ နှာခေါင်းတွေက ခွေးတွေထက်တောင် ပိုပြီး စူးရှကြသေးတယ်။ သူက ငါတို့ရဲ့ အဆင့်အတန်းတွေကို အစောကြီးကတည်းက သိထားပြီးသားပါ။ ဒါက ငါတို့အားလုံးက ဒါကို အတိအလင်း ထုတ်မပြောကြတာ သက်သက်ပဲ၊”
မျက်နှာတွင် ဝက်ခြံများ ရှိနေသည့် အလုပ်သင်တစ်ဦးက ငွေရောင်ဝိုင်ဗူးကို ယူလိုက်ပြီး တစ်ခါတစ်ရံ သောက်ရင်း ပြောလိုက်၏။
“အိုး... မေဖလောင်ဝါ... ငါ့ရဲ့ မေဖလောင်ဝါလေး၊” အဲဒီအချိန်မှာပဲ အမျိုးသားတစ်ဦး၏ ပြင်းထန်လှသော အသက်ရှူသံ ထွက်ပေါ်လာခဲ့သည်။
“အိုး... အသည်းလေး၊ တကယ်ပဲ ပူလွန်းတယ်၊ အရမ်းကောင်းတာပဲ၊”
အမျိုးသမီးတစ်ဦး၏ တိုးညင်းလှသော ညည်းတွားသံကလည်း မကြာခင်မှာပင် ထပ်မံ ထွက်ပေါ်လာခဲ့၏။
သိသာလှသည်ကတော့ ဘေးနားက အခန်းထဲတွင် ဟိုတယ်မှာ ကိုကာကိုလာသောက်တဲ့သူတွေလုပ်တဲ့ လူကြီးကစားနည်း ဆင်နွှဲနေကြသည့် စုံတွဲတစ်တွဲ ရှိနေခြင်း ဖြစ်သည်။
မာဖီ၏ မျက်နှာထက်တွင် အမည်းစက်များ ထွက်ပေါ်လာခဲ့ရ၏။ သူ ချက်ချင်းပင် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဖျော့တော့သော မှော်စွမ်းအင် အမြှေးပါးတစ်ခုက အခန်းကို ဝန်းရံသွားခဲ့သဖြင့် အပြင်ဘက်ကမ္ဘာ၏ အသံများကို အကုန် ပိတ်ဆီးလိုက်တော့သည်။
“ဒါက မတော်တဆမှုတစ်ခုပါ... မတော်တဆမှုတစ်ခုပါ၊” သူ၏ အိုမင်းလှသော မျက်နှာထက်တွင် အမှန်တကယ်ပင် အရှက်ရနေသည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။
လေလင် တကယ်ပဲ မေ့လဲချင်သွားခဲ့ရပြီး သူ့စိတ်ထဲတွင်တော့ စကားလုံးအချို့က အထပ်ထပ်အခါခါ ပဲ့တင်ထပ်နေခဲ့တော့သည်။
‘ကောင်းပြီ... ငါ ဒီအလုပ်သင် အစုအဝေးအပေါ် တကယ်ပဲ မျှော်လင့်ချက် မထားသင့်တော့ဘူး။ သူတို့ကတော့ မိမိတို့ရဲ့ စိတ်အားထက်သန်မှုတွေနဲ့ သတိဝီရိယတွေကို လုံးဝ ဆုံးရှုံးထားကြတဲ့ အမှိုက်တစ်စု သက်သက်သာ ဖြစ်ကြတာပဲ။’