အခန်း ၅၇ - မာဖီ
လေလင်သည် တံခါးဝတွင် ချိတ်ဆွဲထားသည့် လူခေါ်ဘဲကို တီးလိုက်၏။ သာယာငြိမ့်ညောင်းသော ဘဲတီးသံနှင့်အတူ ကမန်းကတန်း လျှောက်လှမ်းလာသည့် ခြေသလမ်းသံများကို ကြားလိုက်ရသည်။
“မင်္ဂလာပါရှင် ဘယ်သူလဲဆိုတာ သိပါရစေ၊ ကြိုတင်ချိန်းဆိုထားတာမျိုး ရှိပါသလားရှင့်၊”
သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် အိမ်တော်ထိန်းတစ်ဦး လေလင်၏ ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။
“လေလင် ဖာလီယာ ပါ၊ ဒီစံအိမ်ရဲ့ ပိုင်ရှင်ကို လာရောက်တွေ့ဆုံတာ ဖြစ်ပါတယ်၊” လေလင် ပြုံးလိုက်၏။
အိမ်တော်ထိန်းသည် တကယ်ပဲ စိတ်အနှောင့်အယှက် ဖြစ်သွားသည့် ပုံစံဖြင့် -“သခင်ကြီး... သခင်ကြီး သိတဲ့အတိုင်း ကျွန်တော့်ရဲ့ သခင် မာဖီက ကျော်ကြားတဲ့ ပညာရှင်တစ်ယောက်ပါ။ သူ့ရဲ့ နေ့စဉ်အချိန်ဇယားက အလွန်ပဲ ပြည့်နှက်နေတာမို့လို့ ဖြစ်နိုင်ရင်တော့……”
အဲဒီအချိန်မှာပဲ အစေခံမိန်းကလေးတစ်ဦး ဖြစ်ပုံရသည့် ကောင်မလေးတစ်ယောက်က အပြေးအလွှား ရောက်ရှိလာပြီး အိမ်တော်ထိန်း၏ နားနားသို့ တိုးတက်စွာ ကပ်ပြောလိုက်၏။
အိမ်တော်ထိန်း၏ မျက်နှာအမူအရာက ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရပြီးနောက် အောက်သို့ အလေးအနက် ဦးညွှတ်လိုက်ရင်း “သခင်ကြီးက ဧည့်ခန်းထဲကို ဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်” ဟု ဆိုသည်။
လေလင် ပြုံးလိုက်ပြီး သူ ထုတ်လွှတ်ထားသည့် မှော်စွမ်းအင်လှိုင်းများကို ပြန်လည် ရုပ်သိမ်းလိုက်၏။
စံအိမ်အတွင်းထဲသို့ ဝင်ရောက်လာသောအခါ ဖျော့တော့သော ဝါကျင်ကျင် အရောင်ရှိသည့် နံရံများထက်တွင် ဆီဆေးပန်းချီကား မျိုးစုံနှင့် အခြားသော အနုပညာလက်ရာ မြောက်မြားစွာကို ချိတ်ဆွဲပြသထားသဖြင့် စင်္ကြံလမ်းတစ်ခုလုံးက ပန်းချီကား မျိုးစုံဖြင့် ပြည့်နှက်နေကာ မျက်စိပဒသ ဖြစ်စရာ ကောင်းလှပေသည်။
ဧည့်ခန်းကို မြင်တွေ့လိုက်ရသောအခါ ဤအိမ်သည် တော်တော်လေး ကျယ်ဝန်းလှမှန်း သိသာလှပေ၏။
အခန်းအတွင်းရှိ အလှဆင်မှုက အလွန်ပင် အနုပညာဆန်လှသည်။ လင်းထိန်နေသည့် ရွှေ၊ ငွေ ပစ္စည်းများ သို့မဟုတ် ကျောက်သံပတ္တမြားများ ရှိမနေစေကာမူ ဒီပစ္စည်းများတွင် သမိုင်းဝင် အငွေ့အသက်များ ရှိနေကြပြီး လျှို့ဝှက်ဆန်းကြယ်လှသည့် ခန့်ညားမှုကို ပေးစွမ်းနေသည်။
ဧည့်ခန်းထဲက မီးဖိုဘေးတွင် ဆံပင်ဖြူဖြူနှင့် မုတ်ဆိတ်မွေး ဖြူဖြူများ ရှိနေသည့် အဘိုးအို ပညာရှင်တစ်ဦးက အနီရောင် ရင့်ရင့် ရှိသည့် အပန်းဖြေ ကုလားထိုင်ပေါ်တွင် မှီတွယ်ထိုင်နေ၏။
အဘိုးအို၏ မျက်လုံးများက မှုန်ဝါးနေပုံရပြီး တစ်ခါတစ်ရံမှသာ လိမ္မာပါးနပ်သည့် အရိပ်အယောင်အချို့ ပေါ်ထွက်လာတတ်သည်။
အဘိုးအိုသည် မူလက မှေးစင်းထားသည့် မျက်လုံးများကို လေလင်ကို မြင်တွေ့လိုက်ရသောအခါ ဖွင့်လှစ်လိုက်၏။ သူ မတ်တတ်ရပ်လိုက်ပြီး ဖက်လှိုက်မည့် လက်ဟန်ဖြင့် “ကြိုဆိုပါတယ်... ငါ့ရဲ့ သူငယ်ချင်းငယ်လေး” ဟု ဆိုလိုက်သည်။
လေလင် အရှေ့သို့ တိုးကပ်လိုက်ပြီး အဘိုးအိုကို ဖက်လှိုက်လိုက်ရင်း “သခင်ကြီးနဲ့ တွေ့ဆုံခွင့်ရတာ ဂုဏ်ယူမိပါတယ်၊ ကျွန်တော် ယူဆောင်လာတဲ့ ဒီလက်ဆောင်ကို သခင်ကြီး သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊” ဟု ဆိုလိုက်၏။
အန်နာ အရှေ့သို့ လှမ်းလာခဲ့ပြီး အလွန်ပင် သပ်ရပ်လှပသည့် ဦးထုပ်ကို အိမ်တော်ထိန်းထံသို့ လွှဲပြောင်းပေးလိုက်သည်။
“ငါက ညသိန်းငှက်ရဲ့ အမြီးမွှေးကို သဘောကျတယ်၊ ဒါက ငြိမ်းချမ်းရေးကို ဖော်ဆောင်တာပဲ၊” အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်ရင်း -“လိုင်လီ... မင်းတို့ သွားလို့ရပြီ၊ ငါ့ရဲ့ သူငယ်ချင်းနဲ့ သေသေချာချာ စကားပြောချင်လို့ပါ၊” ဟု ဆိုလိုက်၏။
“မင်းလည်း ပြန်နှင့်တော့” လေလင်က သူ့ဘေးက အန်နာကို ပြောလိုက်သည်။
သူတို့ အရိုအသေပေးပြီးနောက်မှာတော့ အစေခံမိန်းကလေးအချို့နှင့် အိမ်တော်ထိန်းသည် တံခါးကို ပိတ်ကာ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။
မကြာခင်မှာပင် ဧည့်ခန်းထဲတွင် လေလင်နှင့် အဘိုးအို နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့၏။
“ကောင်းပြီ... ငါတို့ ကိုယ်ပိုင် မိတ်ဆက်ခြင်းကို ပြန်လုပ်ကြတာပေါ့။ မာဖီ... အဆင့် ၃ အလုပ်သင်။ ငါ အစွန်းရောက်ည မြို့တော်မှာ နေထိုင်ခဲ့တာ ၃ နှစ် ရှိပါပြီ……”
အဘိုးအို၏ မျက်လုံးများတွင် အတိတ်က ဖြစ်ရပ်များကို ပြန်လည် တမ်းတနေသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရသည်။
“ဒါဆိုရင်... ဝေးကွာလှတဲ့ နေရာကနေ လာတဲ့ ဧည့်သည်တော်ကော ဘယ်လိုလဲ။”
“လေလင် ဖာလီယာ ပါ၊ အဆင့် ၂ အလုပ်သင် ဖြစ်ပြီး လေလွင့်မှော်ဆရာတစ်ယောက် ဖြစ်ပါတယ်။ကျွန်တော်က အခုတလောတင်ပဲ အစွန်းရောက်ည မြို့တော်ကို ရောက်ရှိခဲ့တာ ဖြစ်ပြီး ဒီနေရာမှာ နှစ်အနည်းငယ်ခန့် နေထိုင်ဖို့ အလိုရှိနေပါတယ်၊”
လေလင် ပြုံးလိုက်ပြီး မှော်ဆရာများအကြား ပြုလုပ်လေ့ရှိသည့် ဦးညွှတ်နှုတ်ဆက်ခြင်းကို ပြုလုပ်လိုက်၏။
“မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ လူငယ်တစ်ယောက်ရဲ့ အရိပ်အယောင်ကို ငါ ခံစားမိတယ်၊ ဒီအရွယ်နဲ့ အဆင့် ၂ အလုပ်သင်အထိ တက်လှမ်းနိုင်တာက မင်းမှာ တော်တော်လေး ကြီးမားတဲ့ ပါရမီ ရှိတာပဲ”
မာဖီက ချီးကျူးစကား ဆိုလိုက်သည်။
“ကျွန်တော် ကံကောင်းလို့ပါ……”
လေလင်က ငြင်းဆန်လိုက်၏။ အဘိုးအို၏ ခန္ဓာကိုယ်က အိုမင်းရင့်ရော်နေပြီ ဖြစ်စေကာမူ အဆင့် ၃ အလုပ်သင်တစ်ယောက်၏ မှော်စွမ်းအင်လှိုင်းများက သူ့ကို သွားရောက် ရန်စရန် မကောင်းကြောင်း မည်သူ့ကိုမဆို သတိပေးနေသလိုပင် ဖြစ်သည်။
‘အေအိုင်စနစ် စကင်ဖတ်တာကို စတင်စမ်း’
[အေအိုင်စနစ် - မာဖီ။
ခွန်အား - ၁.၅၊
သွက်လက်မှု - ၁.၄၊
အသက်စွမ်းအား - ၂.၉၊
စိတ်ဝိညာဉ်စွမ်းအား - ၂.၉၊
မှော်စွမ်းအင် - ၈။
အခြေအနေ - ကျန်းမာသည်။
သုံးသပ်ချက် - အဆင့် ၃ အလုပ်သင်၊ တော်တော်လေး အန္တရာယ်များလှသည်။]
အေအိုင်စနစ်သည် ကိန်းဂဏန်းများကို လေလင်၏ မျက်စိအောက်တွင် မှန်ကန်စွာ ဖော်ပြပေးလိုက်၏။
လေလွင့် အဆင့် ၃ အလုပ်သင်တစ်ယောက်အနေဖြင့် မာဖီ၏ မန္တန်မျိုးစုံက လေလင်ထက် သေချာပေါက် သာလွန်လှပေလိမ့်မည်။
ဒါတင်မကသေးဘဲ သူ့တွင် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ဖုံးကွယ်ထားသည့် အလွန် ကိုင်တွယ်ရခက်ခဲလှသော ဝှက်ဖဲအချို့လည်း ရှိနေဦးမည် ဖြစ်သည်။
သို့သော်လည်း လေလင်သည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်၏။ အေအိုင်စနစ်၏ နယ်မြေစကင်ဖတ်မှုအရ အစွန်းရောက်ည မြို့တော်တွင် နေထိုင်ကြသည့် အလုပ်သင် အရေအတွက်က မများလှပေ။ ဒီမာဖီကတော့ အစွမ်းထက်ဆုံး မှော်စွမ်းအင်လှိုင်းများထဲက တစ်ခုကို ထုတ်လွှတ်နေခြင်း ဖြစ်သည်။
ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီးနောက် လေလင်သည် သူ လာရောက်ရသည့် အဓိက ရည်ရွယ်ချက်ကို ချက်ချင်းပင် စတင် ပြောကြားတော့သည်။
“ဒီလိုပါပဲ ကျွန်တော် အစွန်းရောက်ည မြို့တော်မှာ အခြေချ နေထိုင်ချင်ပြီး ဆေးဖက်ဝင်အပင်ဆိုင် တစ်ဆိုင်တောင် ဖွင့်လှစ်ချင်လို့ပါ၊ သခင်ကြီး သိတဲ့အတိုင်း လုပ်ငန်းစဉ်တွေက အလွန်ပဲ ရှုပ်ထွေးလှတာ ဖြစ်ပြီး ငါ့အတွက် အာမခံပေးမယ့် မြို့ခံတစ်ယောက်လည်း လိုအပ်လို့ပါ……”
“ဒါကြောင့်ပဲ မင်း ငါ့ဆီကို လာရှာတာကိုး”
မာဖီ ပြုံးလိုက်ပြီး စားပွဲပေါ်က လက်ဖက်ရည်ကြမ်းကို တစ်ငုံ သောက်လိုက်၏။
“အမှန်အတိုင်း ပြောရရင်တော့... ရည်မှန်းချက် ကြီးမားပြီး အမှန်တရားကို ရှာဖွေနေတဲ့ မှော်ဆရာတစ်ယောက်အနေနဲ့ ရွှေဒင်္ဂါးပြားတွေက ငါတို့ကို လွှမ်းမိုးနိုင်စွမ်း မရှိတော့ပါဘူး။ မင်း ဘာကြောင့် ဒီလို ဆုံးဖြတ်ချက်မျိုးကို ချလိုက်ရလဲဆိုတာ ငါ မသိပေမဲ့ စိတ်ကူးပေါက်လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် အခြား အကြောင်းရင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်ပေါ့... ငါ့အတွက်တော့ ဒါက တကယ့်ကို ကိစ္စသေးလေးတစ်ခုပါပဲ။”
“တိုက်တိုက်ဆိုင်ဆိုင်ပဲ... ငါက အစွန်းရောက်ည မြို့တော်ရဲ့ မြို့စားမင်းနဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ကြတာမို့။ သူ့ရဲ့ သားတစ်ယောက်ကလည်း ငါ့ရဲ့ လက်အောက်မှာ ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်မြို့စားမင်းမဆို လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်တည်မှုတစ်ခုရဲ့ တောင်းဆိုချက်ကို ငြင်းဆန်မှာ မဟုတ်ပါဘူး…… အစွန်းရောက်ည မြို့တော်ရဲ့ နေထိုင်ခွင့် လုပ်ငန်းစဉ်တွေကော ဆိုင်ဖွင့်ခွင့် ခွင့်ပြုချက်ပါ အားလုံးကို လွယ်လွယ်ကူကူ လုပ်နိုင်ပါတယ်၊”
မာဖီက အာမခံလိုက်၏။
“ဒါဆိုရင်တော့... ကျွန်တော် သခင်ကြီးကို တကယ်ပဲ ကျေးဇူးတင်ရမှာပါ၊” လေလင် ခေါင်းညိတ်လိုက်ရင်း “အကယ်၍ ကျွန်တော် ကူညီပေးနိုင်မယ့် နေရာတစ်ခုခု ရှိမယ်ဆိုရင်လည်း လုံးဝ အားမနာဘဲ လှမ်းပြောနိုင်ပါတယ်” ဟု ဆိုလိုက်သည်။
ဒါက လူမှုရေးအရ ပြောကြားလိုက်သည့် စကား ဖြစ်စေကာမူ လေလင်နှင့် အဘိုးအို နှစ်ယောက်လုံးက ဒါက သာမန် ယဉ်ကျေးပျူငှာမှုသက်သက်သာ ဖြစ်မှန်း သိကြပေသည်။
နေထိုင်ခွင့် လုပ်ငန်းစဉ်များကို ကိုင်တွယ်ခြင်းက သာမန်လူသားတွေအတွက် ခက်ခဲလှစေကာမူ မာဖီလိုမျိုး ကျော်ကြားတဲ့ ပညာရှင်တစ်ယောက်အတွက်တော့ စကားလုံးအနည်းငယ် ပြောရုံသက်သက်သာ ဖြစ်၏။
လေလင် ကိုယ်တိုင် လုပ်ဆောင်မည်ဆိုလျှင်ပင် အဘိုးအိုထက် အချိန်ပိုမို ကုန်ဆုံးရမှာ ဖြစ်သည်။
မာဖီနှင့် လေလင် နှစ်ယောက်လုံးအတွက်တော့ ဒီကိစ္စက သူတို့အကြား အခြေခံ ချစ်ကြည်ရေးတစ်ခုကို တည်ဆောက်ရန်အတွက် ရိုးရှင်းသော နည်းလမ်းတစ်ခု သက်သက်သာ ဖြစ်၏။
“အစွန်းရောက်ည မြို့တော်က အေးချမ်းပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခုပါ။ အကယ်၍ မင်းက အေးချမ်းတဲ့ နေ့ရက်တွေကို လိုလားတယ်ဆိုရင်တော့ ဒီနေရာက မင်းရဲ့ လိုအပ်ချက်ကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ နောက်ပိုင်းကျရင် ငါ မင်းကို ငါ့ရဲ့ သူငယ်ချင်းအချို့နဲ့လည်း မိတ်ဆက်ပေးပါဦးမယ်။ ဒါပေမဲ့ လိုက်နာရမယ့် သတ်မှတ်ထားတဲ့ ဓလေ့ထုံးတမ်း အချို့တော့ ရှိတယ်…… မစိုးရိမ်ပါနဲ့၊ ဒါတွေက သာမန် ထုံးစံတွေပါပဲ၊ ဥပမာအားဖြင့်... မြို့ခံတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုး မလုပ်ရဘူးဆိုတာမျိုးပေါ့။”
“ငါ သေချာပေါက် သဘောတူပါတယ်”
လေလင် အစွန်းရောက်ည မြို့တော်သို့ လာရောက်ရခြင်းက စစ်မက်ဖြစ်ပွားမှုများနှင့် လှည့်စားမှုများ၏ ပရမ်းပတာ ဖြစ်ရပ်များကို ရှောင်ရှားရန် ဖြစ်သည်။
သဘာဝကျကျပင် သူသည် မိမိကိုယ်ကို လူအများ အာရုံစိုက်လာစေမည့် မည်သည့်အရာကိုမှ လုပ်ဆောင်မည် မဟုတ်ချေ။
၎င်းနောက်တွင် လေလင်နှင့် မာဖီတို့သည် မှော်ဆရာများနှင့် ဆက်စပ်သည့် မေးခွန်းမြောက်မြားစွာကို ဆွေးနွေးခဲ့ကြပြီး မြင့်မားသောအဆင့်များအတွက် မန္တန်ပုံစံတစ်ခုကို မည်သို့ တည်ငြိမ်အောင် ပြုလုပ်ရမလဲဆိုသည့် အကြောင်းအရာကနေ မာဖီ၏ ကိုယ်ပိုင် စွန့်စားခန်းများအထိ ပါဝင်ပေသည်။
မာဖီသည် အဆင့် ၃ အလုပ်သင်တစ်ယောက်သာ ဖြစ်စေကာမူ သူသည် ဒီအဆင့်တွင် အချိန်အတော်ကြာ ရပ်တန့်နေခဲ့တာ ဖြစ်သဖြင့် သူ့တွင် အတွေ့အကြုံများစွာ ရှိနေ၏။ ၎င်းက လေလင်ကို ဒီခရီးစဉ်က အလကားမဖြစ်ခဲ့မှန်း ခံစားရစေသည်။
အခြားတစ်ဖက်တွင်လည်း လေလင်၏ ကျယ်ပြန့်လှသော ဗဟုသုတနှင့် ထူးခြားလှသော မှတ်ဉာဏ်စွမ်းအားက မာဖီကို အံ့အားသင့်စေခဲ့ရ၏။
သူတို့နှစ်ယောက်လုံးက တစ်ယောက်နှင့်တစ်ယောက် အစောကြီးကတည်းက မဆုံတွေ့ခဲ့ရခြင်းကို နောင်တရမိကြသည်။
သူတို့သည် မွန်းလွဲပိုင်းကနေ ညနေစောင်းအချိန်အထိ နေ့လယ်စာကို အတူတူ သုံးဆောင်ခဲ့ကြပြီးမှသာ မာဖီက လေလင်ကို ပြန်ခွင့်ပြုခဲ့တော့သည်။ သူတို့ နှုတ်ဆက်ကြစဉ်မှာပင် နောက်ထပ် တွေ့ဆုံမည့်အချိန်ကိုပါ တစ်ခါတည်း စီစဉ်လိုက်ကြ၏။
‘မာဖီ ပြောတဲ့အတိုင်းဆိုရင်... အစွန်းရောက်ည မြို့တော်က မှော်ဆရာတွေအားလုံးက အလုပ်သင်အဆင့်တွေချည်းပဲ။ အနီးနားရှိ မြို့အနည်းငယ်အတွက်လည်း တရားဝင် မှော်ဆရာတွေက အလွန် ရှားပါးလှတာ ဖြစ်လို့ ဒီနေရာက အလုပ်သင်တစ်ယောက် နေထိုင်ဖို့အတွက် တကယ်ပဲ သင့်တော်လှပေသည်။’
ဒီနေ့ စုံစမ်းရရှိခဲ့သည့် အချက်အလက်များကြောင့် လေလင် စိတ်အေးသွားခဲ့ရပြီး ဖြည်းညှင်းစွာနှင့် ပိုမို စိတ်အေးလက်အေး လှောက်လှမ်းလာခဲ့သည်။
‘အပင်တွေနဲ့ တောအုပ်တွေ ညှိုးနွမ်းသွားတဲ့ ကိစ္စတစ်ခုတည်းအတွက်ပဲ မာဖီက လုံးဝ မသိရှိတာ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် သူက တော်တော်လေး အိုမင်းနေပြီ ဖြစ်တာကြောင့် ဘေးအန္တရာယ်တွေကို စွန့်စားဖို့ မလိုလားတော့တာ ဖြစ်ရမယ်……’
လမ်းဘေးက မီးအိမ်နှစ်လုံးတွင် ဖျော့တော့သော ဝါကျင်ကျင် မီးတောက်များ လင်းထိန်နေသဖြင့် လေလင်ကို အရှေ့က လမ်းကို မြင်တွေ့နိုင်စေသည်။
အန်နာသည် လေလင်၏ အနောက်ကနေ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့၏။ ထူးချွန်လှသော အစေခံမိန်းကလေးတစ်ယောက်အနေဖြင့် သူမသည် လုပ်ဆောင်ရမည့်အရာကို သေချာပေါက် သိရှိပြီး ၎င်းကတော့ လေလင် တွေးတောခန်း ဝင်နေစဉ်အတွင်း ဝင်ရောက် မနှောင့်ယှက်ရန်ပင် ဖြစ်သည်။
လေလင်သည် သူ့ရဲ့ အစီအစဉ်များကို စိတ်ထဲကနေ နောက်ထပ်တစ်ကြိမ် တွက်ချက်ပြီးနောက်မှာတော့ သူတို့နှစ်ယောက်လုံး တည်းခိုခန်းသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
“သခင်လေး”
“သခင်ကြီး။”
အိမ်တော်ထိန်း အဘိုးအို ဝဲကာ၊ ဂရင်းနှင့် ဖရေဇာတို့က သူတို့ကို ကြိုဆိုရန် အရှေ့သို့ လှမ်းလာခဲ့ကြ၏။
လေလင် ခေါင်းညိတ်လိုက်ရင်း “ညစာစားပြီးရင် မင်းတို့အားလုံး ငါ့အခန်းထဲကို လာခဲ့ကြ၊ ငါ့ရဲ့ အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မင်းတို့ကို အသိပေးစရာတွေ အများကြီး ရှိတယ်၊” ဟု ဆိုလိုက်သည်။
ညစာကတော့ ဟင်းသီးဟင်းရွက် ဆလတ်သုပ်နှင့် ဆိတ်သားစွပ်ပြုတ် ဖြစ်ပြီး ၎င်းနောက်တွင် ကြီးမားသော ပေါင်မုန့်ခြောက် အပိုင်းအစများ ပါဝင်သည်။
လေလင် စားသောက်ပြီးနောက် အန်နာကို အခန်းရှင်းလင်းခိုင်းလိုက်ပြီးနောက် သူ့ရဲ့ လက်အောက်ခံများထဲက အဓိက လူများသည် လေလင်၏ အခန်းထဲသို့ ရောက်ရှိလာခဲ့ကြ၏။
လေလင်သည် သားရဲသားရေဖြင့် ပတ်ထားသည့် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး သူတို့၏ အစီရင်ခံစာများကို တိတ်ဆိတ်စွာ နားထောင်လိုက်သည်။
“ဝဲကာ... နေထိုင်ဖို့ အိမ်ရာ ရှာဖွေတာကော ဘယ်လိုလဲ။”
“သခင်လေး... အိမ်တော်ထိန်း အဘိုးအို ဝဲကာအနေနဲ့ ပညာရှိ ပြည်နယ် ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ စစ်သည်တော်တစ်ယောက်နဲ့ ဆက်သွယ်မိခဲ့ပါတယ်ခင်ဗျာ။ သူက အစွန်းရောက်ည မြို့တော်မှာ ရှိတဲ့ စံအိမ်ငယ်တစ်ခုကို သခင်လေးဆီ ရောင်းချဖို့ သဘောတူပါတယ်၊”
အိမ်တော်ထိန်း အဘိုးအို ဝဲကာက အစီရင်ခံလိုက်သည်။ သူသည် အသက်ကြီးနေပြီ ဖြစ်စေကာမူ အိမ်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက်တွင်တော့ စွမ်းအင်များ ပြည့်နှက်နေပုံရသည်။
“ကောင်းပြီ အဲဒီနေရာက ဘယ်လိုမျိုးလဲ။ ငါတို့အားလုံး နေထိုင်ဖို့ နေရာ လုံလောက်ရဲ့လား၊ ဈေးနှုန်းကော ဘယ်လောက်လဲ” လေလင်က မေးလိုက်၏။
“သခင်လေး စိတ်ချထားပါခင်ဗျား။ အိမ်တော်ထိန်း အဘိုးအို ဝဲလ်ကာဖြစ်တဲ့ ကျွန်တော် ဒီနေ့ အဲဒီစံအိမ်ဆီ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပါတယ်၊ နယ်မြေက အလွန်ပဲ ကြီးမားလှတာ ဖြစ်ပြီး လူတစ်ရာခန့် နေထိုင်ဖို့အတွက် မည်သည့် ပြဿနာမှ မရှိပါဘူးခင်ဗျား။ ဒါတင်မကသေးဘဲ ထိုနေရာတွင် ဆီအုန်းတောတစ်ခု၊ ငါးကန်တစ်ခုနဲ့ စက်ရုံငယ်တစ်ခုပင် ရှိပါသေးတယ်။ စစ်သည်တော် ဗစ်တာက မူလက ဒါကို နယ်စားမင်းတစ်ယောက်ရဲ့ အဆင့်အတန်းအတိုင်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သူကတော့ ပိုင်ရှင် ချက်ချင်း ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူးခင်ဗျား။ ဈေးနှုန်းအတွက်ကတော့ စစ်သည်တော် ဗစ်တာက ရွှေဒင်္ဂါး ၅၀၀၀ လို့ သတ်မှတ်ထားပါတယ်ခင်ဗျား၊”
“အဲဒီလောက်အထိ မကြီးပါဘူး၊ ရွှေဒင်္ဂါးပြားတွေက ပြဿနာမဟုတ်ပါဘူး၊”
လေလင် သူ့လက်ချောင်းများကို တွဲယှက်လိုက်၏။ မှော်ဆရာတစ်ယောက်အတွက်တော့ ရွှေဒင်္ဂါးပြားကဲ့သို့သော လောကီပစ္စည်းများသည် အရေးမပါလှပေ။
သူတို့ စိုးရိမ်ပူပန်ကြသည်ကတော့ မှော်ကျောက်တုံးများ၊ အဆင့်မြင့် မှော်ပစ္စည်းများနှင့် ရှေးဟောင်းဗဟုသုတ အကြွင်းအကျန်များကို ရရှိရန်သာ ဖြစ်သည်။
လေလင်တွင် ကိုယ်ပိုင် အဆင့်မြင့် မှော်ကျောက်တုံးများ ရှိနေသည်။ မည်သည့် အပိုင်းအစတစ်ခုမဆို ဒီရွှေဒင်္ဂါးပြား ပမာဏထက် များစွာ သာလွန်လှသည့် ဈေးနှုန်းကို ရရှိနိုင်ပေသည်။
သို့သော်လည်း လေလင်သည် ထိုသို့ ပြုလုပ်ရန် ပြင်ဆင်မထားချေ။ ဘာပဲဖြစ်ဖြစ် မှော်ကျောက်တုံးများက ပိုမို ရှားပါးလှသည်။ အကယ်၍ သူသာ ရွှေဒင်္ဂါးပြားများ တကယ် မရရှိနိုင်ဘူးဆိုလျှင်တော့ မာဖီထံကနေ မှော်ဆေးရည် အချို့နှင့် လဲလှယ်ပြီး ချေးယူလိုက်မည် ဖြစ်ပေရာ ဒါကလည်း မဆိုးလှသည့် အကြံဉာဏ် ဖြစ်သည်။
“ကောင်းပြီ။ မနက်ဖြန်ကျရင် သွားရောက် စစ်ဆေးကြတာပေါ့၊ အကယ်၍ ဈေးနှုန်းနဲ့ နယ်မြေကော နှစ်ခုလုံး သင့်တော်မယ်ဆိုရင် ငါတို့ စာချုပ်ကို ချက်ချင်း လက်မှတ်ရေးထိုးနိုင်တယ်၊”
လေလင် ခေါင်းညိတ်လိုက်ရင်း “ဒါ့အပြင်... လမ်းမတွေထက် သွားရောက်ပြီး ငါ့အတွက် တစ်ခုခု စုံစမ်းပေးပါဦး။ အခုတလော အစွန်းရောက်ည မြို့တော်မှာ ရနိုင်တဲ့ ဆေးဖက်ဝင်အပင်တွေက လျော့နည်းနေတာ ဖြစ်လို့။ အလုပ် ဆက်မလုပ်နိုင်တော့ဘဲ ပိတ်သိမ်းတော့မယ့် ဆိုင်ငယ်လေးတွေ သေချာပေါက် ရှိနေလိမ့်မယ်။ အဲဒါတွေကို အရင်ဆုံး သွားရောက် စုံစမ်းထားလိုက်ကြ၊” ဟု ဆိုလိုက်သည်။
“မေးမြန်းရတာကို ခွင့်လွှတ်ပေးပါ သခင်လေး... သခင်လေးက ဆေးဖက်ဝင်အပင်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ဖို့ တွေးတောနေတာလား ဟင်၊ ဒီလို လုပ်ငန်းမျိုး လုပ်ကိုင်ဖို့ ခွင့်ပြုချက်က တော်တော်လေး တင်းကျပ်တဲ့ လိုအပ်ချက်တွေ ရှိတာမို့လို့ပါ……” ဖာယန်က ဆိုလိုက်၏။
“အဲဒီကိစ္စအတွက်တော့... မင်းတို့အားလုံး စိုးရိမ်စရာ မလိုပါဘူး။ ငါ အားလုံး စီစဉ်ပြီးသား ပါ၊ ခွင့်ပြုချက်က ရက်အနည်းငယ်အတွင်းမှာ ရောက်ရှိလာလိမ့်မယ်။”
ဒါကို ကြားရသောအခါ ဖာယန်နှင့် အိမ်တော်ထိန်း အဘိုးအို ဝဲကာတို့သည် အံ့အားသင့်သွားခဲ့ကြရသည်။
ဒီလိုအရာမျိုးကို လွယ်လွယ်ကူကူ အာမခံနိုင်ခြင်းအားဖြင့် လေလင်၏ မှူးမတ်မျိုးနွယ် အဆင့်အတန်းကတော့ သေချာသွားခဲ့ပြီ ဖြစ်သည်။
‘ပူးလ်ဖီးလ်ဒ် ဘုရင့်နိုင်ငံတော်မှာ မှူးမတ်မျိုးနွယ်ဆိုတာ တိုးတက်မှုနဲ့ မျှော်လင့်ချက်ကို ဖော်ဆောင်တာပဲ။’
ဒီလို တွေးတောလိုက်မိရင်း သူတို့၏ လေလင်အပေါ် ကြည့်သည့် အကြည့်များက ပိုမို တက်ကြွလာခဲ့ရသည်။
ဖာယန် မိမိ၏ လက်သီးများကို တိတ်ဆိတ်စွာ ဆုပ်ကိုင်လိုက်မိ၏။ အမြော်အမြင်ရှိသည့် လူအနည်းငယ်ထဲက တစ်ဦးအနေဖြင့် သူသည် မိမိကိုယ်မိမိ ဓားပြတစ်ယောက်အဖြစ် ရေရှည် လုပ်ကိုင်နိုင်မည် မဟုတ်မှန်း သဘာဝကျကျပင် သိရှိထားသည်။
ဓားပြအများစုသည် ဒဏ်ရာမျိုးစုံနှင့် အမာရွတ် မြောက်မြားစွာကို သချိုင်းထဲအထိ သယ်ဆောင်သွားကြရလေ့ရှိပြီး သူတို့၏ တိုတောင်းလှသော သက်တမ်းအတွင်းမှာ ပျော်ရွှင်မှုကို အနည်းငယ်မျှသာ သိရှိကြရရှာသည်။
သို့သော်လည်း ဤသခင်လေး လေလင်၏ ကိုယ်ပိုင်စစ်တပ်အဖြစ် ငှားရမ်းခြင်း ခံရခြင်းကတော့ ဒီလုပ်ငန်းခွင်ကနေ ရုန်းထွက်နိုင်မည့် အမြန်ဆုံး နည်းလမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။