အခန်း ၅၆ - အလည်အပတ် ခရီး
ရွှေရောင် အရာဝတ္ထုတစ်ခုသည် အလင်းရောင်အောက်တွင် ဝေ့ဝိုက်ပျံသန်းသွားပြီးနောက် ကတုံးပွဲစား၏ ရင်ခွင်ထဲသို့ ကျရောက်သွားခဲ့၏။
“ဒါကို ယူထားလိုက်၊ ဒါက မင်းရထိုက်တဲ့ ပွဲစားခပဲ၊” လေလင်က ဆိုလိုက်သည်။
“အလေးအမြတ်ထားရတဲ့ သခင်လေးရဲ့ ချီးမြှင့်မှုအတွက် အထူးပင် ကျေးဇူးတင်ပါတယ်ခင်ဗျာ၊”
ကတုံးပွဲစားက အလျင်အမြန် ဦးညွှတ်လိုက်၏။
“နောက်ထပ်... ငါ့အတွက် အိမ်ထိန်းတစ်ယောက်နဲ့ စာရင်းအင်း ကောင်းကောင်းနိုင်တဲ့ လူနှစ်ယောက် လိုချင်သေးတယ်၊ အကယ်၍ မင်း ငါ့အတွက် ရှာပေးနိုင်မယ်ဆိုရင် ဒီရွှေဒင်္ဂါးက မင်းအတွက် ဖြစ်လာလိမ့်မယ်၊”
လေလင် သူ့လက်ထဲက ရွှေဒင်္ဂါးပြားတစ်ပြားကို မြှောက်ပြလိုက်သည်။
“ကျွန်တော် စဉ်းစားပါရစေ... စဉ်းစားပါရစေ၊”
နောက်ထပ် ရွှေဒင်္ဂါးတစ်ပြားက သူ့ကို လက်လှမ်းပြနေသည်ကို မြင်တွေ့ရသောအခါ ကတုံးပွဲစားသည် ရုတ်တရက် တက်ကြွသွားခဲ့ရသည်။
သူက သူ့ရဲ့ ကတုံးပြောင်ပြောင်ကြီးကို အုပ်ကိုင်ကာ ဦးနှောက်ကို အစွမ်းကုန် ထုတ်ရင်း တိုးတက်စွာ ရေရွတ်လိုက်မိ၏။
“မှန်ပြီ... ဝဲကာကြီးပဲ။ အဘိုးအို ဝဲကာက တစ်ချိန်က နယ်စားမင်းတစ်ယောက်ဆီမှာ အိမ်ထိန်းလုပ်ခဲ့ဖူးတာ။ သူ အခုတလောတင်ပဲ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်ပြန်လုပ်ချင်တယ်လို့ ပြောနေတာဗျ။”
ကတုံးပွဲစားက ပြောလိုက်သည်။
“ကောင်းပြီ။ ငါ့ကို သူ့ဆီ ခေါ်သွားပေး”
လေလင်က သဘောကျစွာ ခေါင်းညိတ်လိုက်သည်။
နှစ်ရက်မြောက်နေ့ နံနက်ခင်းသို့ ရောက်ရှိလာခဲ့၏။ နှင်းမြူများက လုံးဝ မပြယ်သေးစေကာမူ အေးစက်လှသော နံနက်ခင်း လေထုထဲတွင် ချမ်းစိမ့်စိမ့် ခံစားချက်အချို့က ကျန်ရှိနေဆဲ ဖြစ်သည်။
ရိုရန်မြို့၏ မြို့တံခါးကြီးများက ဖြည်းညှင်းစွာ ပွင့်ဟသွားခဲ့ပြီးနောက် ၎င်းတို့ကြားထဲကနေ မြင်းလှည်းတစ်စီး ထွက်ခွာလာခဲ့၏။
ဟောင်းနွမ်းနေသည့် သံချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြပြီး လှံရှည်များနှင့် လေးမြှားများကို ကိုယ်စီ ကိုင်ဆောင်ထားကြသည့် ဓားပြတစ်စုသည် ကြီးမားသော မြင်းလှည်းတစ်စီးကို ဝန်းရံစောင့်ရှောက်ရင်း မြို့ထဲကနေ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့ကြသည်။
မြင်းလှည်း၏ အရှေ့တွင်မူ ဖာယန်သည် ညိုဝါရောင် ရှိသည့် ခန့်ညားလှသော စစ်မြင်းတစ်ကောင်ကို စီးနင်းကာ ဦးဆောင်နေ၏။
သူ့အနောက်တွင်မူ ရိုရန်သိန်းငှက် ဓားပြတပ်ဖွဲ့၏ အမှတ်တံဆိပ်ဖြစ်သော သိန်းငှက်ပုံစံ ပန်းထိုးထားသည့် အနီရောင် အလံကို ကိုင်ဆောင်ထားသည့် အသက် ၂၀ ဝန်းကျင် ဓားပြငယ်တစ်ယောက် ရှိနေသည်။
ဂရင်းကမူ မြင်းလှည်းမောင်းသူ နေရာကို ဖယ်ပေးလိုက်ပြီးနောက် မြင်းလှည်းနှင့် နီးကပ်စွာ မြင်းစီးလိုက်ပါလာခဲ့၏။
ထိုနေရာတွင် အစားထိုး ထိုင်နေသည့်သူကတော့ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ဖြစ်သည်။ သူသည် လေပြင်းများကို အံတုနေရသဖြင့် ဆံပင်များက လွင့်ပျံနေစေကာမူ သူ၏ ဝတ်စုံကတော့ မည်သည့် တွန့်ကြေမှုမှ မရှိဘဲ သပ်သပ်ရပ်ရပ် ရှိနေဆဲ ဖြစ်၏။
သူကတော့ လေလင် ငှားရမ်းလိုက်သည့် အိမ်တော်ထိန်း... အဘိုးအို ဝဲကာ ဖြစ်သည်။ ယခင်က သူ အလုပ်အကျွေးပြုခဲ့သည့် နယ်စားမင်းက ဒေဝါလီခံသွားခဲ့ရသဖြင့် သူသည် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရရှာသည်။
သူသည် သူ့ထံသို့ လာရောက်လည်ပတ်သည့် ကတုံးပွဲစားနှင့် အတူတူပင် ဖြစ်ပြီး ယခုအခါတွင် လေလင်၏ အဖွဲ့ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်၏။
ရိုရန်မြို့ကနေ အစွန်းရောက်ည မြို့တော် သို့ သွားရန်အတွက် ၇ ရက်သာ လိုအပ်သည်။ ရိုရန်သိန်းငှက် ဓားပြတပ်ဖွဲ့က ဖာယန် ကြွားဝါခဲ့သည့်အတိုင်း တကယ်ပဲ ထိုက်တန်လှပေသည်။
သူတို့သည် လမ်းကြောင်းကို အလွန်ပင် ကျွမ်းကျင်ကြသဖြင့် လမ်းခရီးတစ်လျှောက်တွင် တည်းခိုရန် နေရာများကိုပင် ရှာဖွေပေးနိုင်သောကြောင့် စခန်းချရမည့် ဒုက္ခကနေ ကင်းဝေးစေခဲ့သည်။
၇ ရက်အကြာတွင်တော့ ထိုအဖွဲ့သည် အစွန်းရောက်ည မြို့တော် သို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိလာခဲ့ကြ၏။
လေလင်သည် မြင်းလှည်း၏ လိုက်ကာကို ပင့်တင်လိုက်ရာ အရှေ့က မိုးတိမ်များက တော်တော်လေး မှောင်မိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။
တိမ်တိုက်များက တစ်ခုနှင့်တစ်ခု ထပ်ဆင့်နေကြသဖြင့် နေရောင်ခြည်ကို လုံးဝ ပိတ်ဆီးထား၏။ မကြာခင် မိုးရွာတော့မည့် ပုံစံမျိုး ဖြစ်နေသည်။
ဘေးပတ်ပတ်လည်က ချုံပုတ်များနှင့် မြက်ခင်းများပေါ်တွင်လည်း အရိပ်တစ်ခု ကျရောက်နေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးက တော်တော်လေး အုံ့မှိုင်းနေပုံရသည်။
“ဖာယန်” လေလင် မြင်းလှည်းတံခါးအပြင်ဘက်သို့ ထွက်လာရင်း “မင်း အရင်က အစွန်းရောက်ည မြို့တော် ရဲ့ ဘေးပတ်ပတ်လည်က အပင်တွေ အများကြီး ညှိုးနွမ်းသွားတယ်လို့ ပြောဖူးတယ်မလား၊ အဲဒါ ဘယ်နေရာလဲ” ဟု မေးလိုက်သည်။
“သခင်လေး” ဖာယန် မြင်းဇာတ်ကြိုးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး မြင်းလှည်း၏ အရှိန်နှင့် ညီမျှအောင် မြင်း၏ အရှိန်ကို လျှော့ချလိုက်၏။
“အစွန်းရောက်ည မြို့တော် က အလွန်ပဲ ကြီးမားပါတယ်။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေက အရှေ့ဘက်ပိုင်းက အစိတ်အပိုင်း အနည်းငယ်မှာပဲ ဖြစ်ပွားတာပါ။ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့က အဲဒီနေရာကို အစွမ်းကုန် ရှောင်ကွင်းပြီး သွားကြတာ များပါတယ်။ ဘာပဲဖြစ်ဖြစ် လူသားတွေအနေနဲ့လည်း ဘေးအန္တရာယ်ကို အတတ်နိုင်ဆုံး ရှောင်ရှားကြရတာမို့လို့ပါ……”
“အဲဒီတောအုပ်က ဘယ်မှာလဲ၊” လေလင်က ရှုခင်းကို ခံစားနေသလိုမျိုး လှည်းတံခါးဘေးနားကို မှီထားရင်း မေးလိုက်သည်။
“မှော်မှောင်ရိပ် တောအုပ် ရဲ့ အရှေ့ဘက်ပိုင်းက မြို့ရဲ့ ဗဟိုချက်နဲ့ ပိုပြီး နီးကပ်ပါတယ်၊” ဖာယန် လေလင်ကို ကြည့်လိုက်ပြီးနောက် သူ့ရဲ့ လေသံကို လျှော့ချကာ “မှော်မှောင်ရိပ် တောအုပ် က ဆေးဖက်ဝင်အပင် အချို့ တော်တော်လေး ပေါများတဲ့ နေရာပါ။ ဒါပေမဲ့ ဒီညှိုးနွမ်းတဲ့ ဖြစ်ရပ် ဖြစ်ပွားပြီးကတည်းက အစွန်းရောက်ည မြို့တော် ရဲ့ ဆေးဖက်ဝင်အပင် ထောက်ပံ့မှုက ၃၀ ရာခိုင်နှုန်းလောက်အထိ လျော့နည်းသွားခဲ့ရပါတယ်ခင်ဗျာ၊” ဟု ဆိုလိုက်၏။
“ဒါမျိုးကိုး” လေလင် ပြုံးလိုက်သည်။
အစွန်းရောက်ည မြို့တော်သည် အရှေ့တောအုပ် ပြည်နယ်တွင် ကြီးမားသော မြို့ကြီးတစ်မြို့အဖြစ် သတ်မှတ်ခြင်းခံရပြီး ၎င်း၏ စီးပွားရေးမဏ္ဍိုင်များထဲက တစ်ခုကတော့ ဆေးဖက်ဝင်အပင် လုပ်ငန်း ဖြစ်သည်။
ယခုအခါတွင်တော့ မြို့စားမင်းနှင့် သူ့ရဲ့ အရာရှိများသည် ထိုအခြေအနေအတွက် တော်တော်လေး စိုးရိမ်ပူပန်နေကြရပြီ ဖြစ်ပုံရသည်။
‘မှော်မှောင်ရိပ် တောအုပ် ဟုတ်လား။ ငါ မှတ်ထားလိုက်မယ်။’ ဘုရင့်နိုင်ငံအတွင်းရှိ တောအုပ်များက တော်တော်လေး ဘေးအန္တရာယ်များလှစေကာမူ ဒါက သာမန်လူသားတွေအတွက်သာ မှန်ကန်တာ ဖြစ်၏။ လေလင်သည် သူ့ကျောင်းတော်၏ အက်ဗ်ဆယ် ဘုန်းသစ်တောကိုပင် ဖြတ်သန်းဖူးတာ ဖြစ်သဖြင့် လက်ရှိ ဘေးအန္တရာယ်များကိုတော့ သဘာဝကျကျပင် စိုးရိမ်ပူပန်ခြင်း မရှိချေ။
“အဲဒီညှိုးနွမ်းသွားတဲ့ နယ်မြေထဲမှာ ဆေးပင်ရှာတဲ့လူတွေ ပျောက်ဆုံးသွားတာမျိုးကော ရှိလား၊” လေလင်က ရုတ်တရက် မေးလိုက်သည်။
“ဆေးပင်ရှာတဲ့လူတွေ ဟုတ်လား။ သခင်လေး ပြောတာက အငှားအလုပ်သမားတွေ၊ ဓားပြတွေနဲ့ စွန့်စားသွားလာသူတွေကို ပြောတာလား၊” ဖာယန် သူ့ပုခုံးကို တွန့်လိုက်ရင်း “တောအုပ်ထဲမှာ ဘေးအန္တရာယ်တွေ ပြည့်နှက်နေတာ ဖြစ်ပြီး လူအချို့ သေဆုံးတာက တော်တော်လေး ပုံမှန်ကိစ္စပဲမို့ ဘယ်သူက သိမှာလဲခင်ဗျာ၊” ဟု ဆိုလိုက်၏။
သူတို့နှစ်ယောက် စကားပြောနေကြစဉ်မှာပင် မြင်းလှည်းသည် အစွန်းရောက်ည မြို့တော် ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။
မြို့ရိုးများက တော်တော်လေး မမြင့်မားလှစေကာမူ အလွန်ပင် ထူထဲလှပေသည်။ ၎င်းကို စကျင်ကျောက်တုံးများ ဆင့်ကာ တည်ဆောက်ထားပုံရပြီး အလွန်ပင် ခိုင်ခံ့လှ၏။
မြို့တံခါးက အစောင့်က ဖာယန်ကို မှတ်မိတာကြောင့် ဝင်ကြေးကို ပေးချေပြီးနောက် မြင်းလှည်းကို မြို့ထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်သည်။
“ပထမဆုံး တည်းခိုဖို့ နေရာတစ်ခု ရှာကြစို့၊”
လေလင်က အမိန့်ပေးလိုက်၏။
……
ညချမ်းအချိန်သို့ ရောက်ရှိလာခဲ့ပြီး လေလင်သည် သူ့ကို ပြုစုပေးနေသည့် အန်နာကို ပြန်လွှတ်လိုက်ကာ တည်းခိုခန်းအခန်းထဲတွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။
ပြတင်းပေါက်ကို ဖွင့်လိုက်ရာ အေးစက်သော လေပြင်းတစ်ခု တိုက်ခတ်ဝင်ရောက်လာခဲ့၏။ အပြင်ဘက်က အလွန်ပင် မှောင်မိုက်နေပြီး လင်းထိန်နေသည့် မီးအိမ်ဟူ၍ အနည်းငယ်မျှသာ ရှိသည်။
လေလင် တံခါးကို ပိတ်လိုက်ပြီးနောက် သူ အမြဲတမ်း သယ်ဆောင်ထားလေ့ရှိသည့် အိတ်ထဲကနေ အပြာရောင် ရှိသည့် မှော်ဖန်လုံးတစ်လုံးကို ထုတ်ယူလိုက်၏။
ဒီမှော်ဖန်လုံးက အလွန် သေးငယ်လှပြီး ထူးဆန်းသော အလင်းရောင်တစ်ခုကို ထွက်ပေါ်စေသည်။ ဖန်လုံး၏ အလယ်ဗဟိုတွင်မူ ပိုးစုန်းကြူးလေးများကဲ့သို့ အဆက်မပြတ် ရွေ့လျားနေကြသည့် ရွှေရောင် အလင်းစက် မြောက်မြားစွာ ရှိနေကြ၏။
“စတင်စေ။” လေလင်က မန္တန်တစ်ခုကို တိုးညင်းစွာ ရွတ်ဆိုလိုက်သည်။
မှော်ဖန်လုံးထဲက အလင်းစက်များသည် စတင်ရွေ့လျားသွားခဲ့ကြပြီးနောက် နောက်ဆုံးတွင် ထူးဆန်းသော သင်္ကေတတစ်ခုအဖြစ် စုစည်းသွားခဲ့ကြ၏။
ဒီသင်္ကေတက တော်တော်လေး ကောက်ကွေးနေပြီး အဆက်မပြတ် ဝေ့ဝိုက်နေသည်။ ၎င်းက နောက်ဆုံးတွင် သွေးရောင်လွှမ်းနေသည့် မျက်လုံးတစ်လုံးနှင့် တူလှပေသည်။
လေလင်၏ မျက်နှာအမူအရာက အလွန်ပင် တည်ကြည်လှ၏။ ပထမဆုံးအနေဖြင့် သူသည် ထိုသင်္ကေတကို သူ့မျက်နှာဆီသို့ လှည့်လိုက်ကာ သူ၏ အနည်းငယ် ပိန်ပါးလှသော မျက်နှာကို မှော်ဖန်လုံးထက်တွင် ထင်ဟပ်စေလိုက်သည်။
“အရိပ်ပြက္ခဒိန်၊ နှစ် ၁၀၃၂၊ ပြင်းထန်သော အအေးမိလ၊ ကျီးကန်းများ ငိုကြွေးသောနေ့။”
လေလင်သည် အလွန်ပင် တိကျပြတ်သားသော အသံဖြင့် ဖြည်းညှင်းစွာ ရွတ်ဆိုလိုက်၏။
“ဒီနေ့မှာတော့ ငါ အစွန်းရောက်ည မြို့တော် ကို ရောက်ရှိခဲ့ပြီ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ခွာသံ တည်းခိုခန်း မှာ တည်းခိုနေပါတယ်။”
လေလင်သည် မှော်ဖန်လုံးကို လှည့်လိုက်သဖြင့် ဘေးပတ်ပတ်လည်က ပတ်ဝန်းကျင်သည် အတွင်းထဲက သင်္ကေတထံတွင် ထင်ဟပ်သွားခဲ့ရသည်။
ထို့နောက် သူသည် ပြတင်းပေါက်ဘောင်ဆီသို့ လျှောက်သွားကာ အပြင်ဘက်က မြင်ကွင်းကို မှတ်တမ်းတင်လိုက်၏။
“လက်ရှိအချိန်မှာတော့ သတင်းတွေအရ ညှိုးနွမ်းနေတဲ့ ဘေးအန္တရာယ်နယ်မြေက အရှေ့ဘက်ပိုင်းက မှော်မှောင်ရိပ် တောအုပ် ဖြစ်ပါတယ်။ ဒီမှတ်တမ်းကို ရေးသားနေတဲ့ အချိန်အထိတော့ မည်သည့် အဖွဲ့ဝင်တစ်ယောက်မှ သေဆုံးမှု မရှိသေးပါဘူး။ မနက်ဖြန်ကျရင် ငါ စုံစမ်းဖို့အတွက် ထွက်ခွာဖို့ ပြင်ဆင်မှာ ဖြစ်ပြီး အချက်အလက်အသစ်တွေကို စုဆောင်းသွားမှာ ဖြစ်ပါတယ်။”
“အထက်ဖော်ပြပါ မှတ်တမ်းကို ရေးသားသူကတော့ အဆင့် ၂ အလုပ်သင်၊ လေလင် ဖာလီယာ ဖြစ်ပါတယ်။”
သူ စကားပြောပြီးနောက်မှာတော့ လေလင်သည် သူ၏ ဖြူဖတ်ဖြူရော် ဖြစ်နေသည့် လက်ချောင်းများဖြင့် မှော်ဖန်လုံးကို သုတ်လိုက်၏။
ဟီးဟီး... ဟီးဟီး... မှော်ဖန်လုံးအတွင်းထဲကနေ ကလေးတစ်ယောက် ရယ်မောသံကဲ့သို့ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းနောက်တွင်တော့ မျက်လုံးသင်္ကေတက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့ပြီး ပျောက်ကွယ်သွားကာ ရွှေရောင် အလင်းစက် မြောက်မြားစွာအဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့တော့သည်။
ဒီမှော်ဖန်လုံးကတော့ လေလင်ကို ကျောင်းတော်ကနေ မစ်ရှင် လက်ခံဆောင်ရွက်ခဲ့သည့် သက်သေအဖြစ် သုံးနိုင်ရန် ပေးအပ်ထားခြင်း ဖြစ်၏။
မှော်ဖန်လုံးသည် မြင်ကွင်းအချို့နှင့် အသံများကို မှတ်တမ်းတင်နိုင်စွမ်း ရှိသည်။ လေလင် လုပ်ဆောင်ရမည့်အရာကတော့ မစ်ရှင်အတွင်းက အရေးကြီးသည့် ဖြစ်ရပ်တိုင်းကို မှတ်တမ်းတင်ထားရန်သာ ဖြစ်၏။
ထိုအခါမှသာ သူ ကျောင်းတော်သို့ ပြန်ရောက်သည့်အခါ သက်သေအဖြစ် လွှဲပြောင်းပေးနိုင်မှာ ဖြစ်သည်။
သေချာတာပေါ့... မှော်ဖန်လုံး၏ ထိန်းချုပ်ပိုင်ခွင့်က လေလင်၏ လက်ထဲမှာပဲ ရှိသည်။ သူကသာ စတင်အသုံးမပြုချင်ဘူးဆိုလျှင် ထိုမှော်ဖန်လုံးသည် သူ၏ မှော်စွမ်းအင် ပံ့ပိုးမှုမရှိဘဲ မည်သည့်အရာကိုမှ မှတ်တမ်းတင်နိုင်မည် မဟုတ်ချေ။
ဒါကြောင့်ပဲ အက်ဗ်ဆယ် ဘုန်းသစ်တော အကယ်ဒမီသည် သူတို့၏ အလုပ်သင်များကို လှည့်စားခြင်း ခံရမည်ကို မစိုးရိမ်ဘဲ ရေရှည်မစ်ရှင်များအတွက် အပြင်သို့ ထွက်ခွာခွင့် ပြုရဲခြင်း ဖြစ်သည်။
‘ဖာယန်ရဲ့ ဖော်ပြချက်အရဆိုရင် ညှိုးနွမ်းနေတဲ့ ဘေးအန္တရာယ်နယ်မြေက အဲဒီလောက်အထိ မကြီးမားလှဘူး။ ဒါက သစ်ပင်မိစ္ဆာတွေ သို့မဟုတ် လူသားတွေကို စားသုံးတဲ့ သက်ရှိတွေ ဖြစ်နိုင်ခြေ ရှိတယ်။ အဆင့် ၂ အလုပ်သင်တစ်ယောက်အနေနဲ့ သူတို့ကို ကိုင်တွယ်ဖို့အတွက် တော်တော်လေး လုံလောက်လှပြီ။’
လေလင် သေသေချာချာ တွက်ချက်လိုက်မိရင်း ‘ငါ အဲဒီလောက်အထိ ပြာယာခတ်နေဖို့ မလိုပါဘူး၊ ငါ့မှာ အချိန် နှစ်နှစ်ကျော်တောင် ရှိသေးတာပဲ။ ငါ ပထမဆုံးအနေနဲ့ ဓားပြအချို့ကို သွားရောက် စစ်ဆေးခိုင်းရမယ်……’
‘အခုလောလောဆယ် အရေးကြီးဆုံးအရာကတော့ ဒီနေရာမှာ အခြေချဖို့ပဲ။ ဒါတင်မကသေးဘဲ ငါ သူငယ်ချင်း တစ်ယောက်ဆီကိုလည်း သွားရောက်လည်ပတ်ရဦးမယ်……’
လေလင်၏ နှုတ်ခမ်းအစုံက လျှို့ဝှက်ဆန်းကြယ်သည့် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ရသည်။
အစွန်းရောက်ည မြို့တော်၏ တည်နေရာက တော်တော်လေး ဝေးကွာလှစေကာမူ ၎င်းက မှော်ဆရာများ၏ အရင်းအမြစ်နေရာအချို့နှင့် နီးကပ်လှပေသည်။
ထိုနေရာတွင် တူးဖော်နေဆဲ ဖြစ်သည့် မှော်ကျောက်တုံး တွင်းတစ်ခုပင် ရှိနေ၏။ သေချာတာပေါ့... အရင်းအမြစ်တွေက ကုန်ဆုံးလုနီးပါး ဖြစ်နေစေကာမူ ၎င်းတို့က လေလွင့်မှော်ဆရာ မြောက်မြားစွာနှင့် မိသားစုငယ်လေးများကို ဆွဲဆောင်နိုင်ဆဲ ဖြစ်သည်။
၎င်းက သေးငယ်သော မှော်ဈေးကွက်တစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့ပြီး ဘစ်ကီ ပေးခဲ့သည့် မြေပုံပေါ်တွင်လည်း အမှတ်အသား ပြုထားခဲ့သည်။
ဒါ့အပြင် သူတို့ မြို့ထဲသို့ ဝင်ရောက်လာခဲ့သည့် ခဏတာ အချိန်အတွင်းမှာပင် အေအိုင်စနစ်က အခြားသော အလုပ်သင်များဆီကနေ ထွက်ပေါ်နေသည့် မှော်စွမ်းအင်လှိုင်း အချို့ကို ဖမ်းယူရရှိခဲ့ပြီးသား ဖြစ်၏။ ဒီမြို့ထဲမှာ နေထိုင်ကြတဲ့ အလုပ်သင်တွေ တော်တော်လေး ရှိပုံရသည်။
ဒါက အလွန်ပင် ပုံမှန်ကိစ္စ ဖြစ်ပေရာ လေလွင့်မှော်ဆရာများ သို့မဟုတ် ဆိတ်ငြိမ်စွာ နေထိုင်လိုသူများသည် မိမိတို့၏ အဆင့်အတန်းကို ဖုံးကွယ်ရန်အတွက် ဝေးကွာလှသော မြို့ငယ်လေးများတွင် အခြေချရန် ပိုမို သဘောကျတတ်ကြခြင်းကြောင့် ဖြစ်သည်။
သေချာတာပေါ့... သူတို့တွင် ပိုမို ရှည်လျားသော သက်တမ်း ရှိခြင်း၊ ရုပ်ရည်သွင်ပြင်နှင့် မှော်ဓာတ်ရောင်ခြည် ထွက်ပေါ်နေခြင်းတို့ကြောင့် သူတို့သည် နယ်မြေတစ်ခုတည်းတွင် ရေရှည် နေထိုင်နိုင်ခြင်း မရှိကြဘဲ နှစ်အနည်းငယ်ကြာလျှင် နေရာအမြဲတမ်း ပြောင်းရွှေ့လေ့ ရှိကြသည်။
လေလင် ထိုသို့ တွေးတောနေစဉ်မှာပင် အန်နာ ဟု လှမ်းခေါ်လိုက်၏။
“သခင်လေး... ဘာများ အမိန့်ရှိလို့လဲရှင်”
မကြာခင်မှာပင် အန်နာသည် လှပသော အနီရောင် ဂါဝန်ကို ဝတ်ဆင်ကာ ဝင်ရောက်လာခဲ့သည်။ သူမ ဦးညွှတ်အရိုအသေပေးလိုက်စဉ်မှာပင် သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးလှသော ခြေသလုံးလေးများက ပေါ်ထွက်လာခဲ့၏။
“လက်ဆောင်တစ်ခု ပြင်ဆင်ထားလိုက်၊ မနက်ဖြန်ကျရင် ငါ လူတစ်ယောက်ဆီ သွားရောက်လည်ပတ်ချင်လို့ပါ၊”
“အသေးစိတ် အချက်အလက်အတွက်ကတော့... ဝဲကာ မင်းကို ပြောပြလိမ့်မယ်၊”
လေလင် သမ်းဝေလိုက်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။
အနည်းငယ် စိတ်ပျက်သွားပုံရသည့် အန်နာကို ပြန်လွှတ်လိုက်ပြီးနောက် လေလင်သည် ကြိုတင်သတိပေးကိရိယာအဖြစ် မှော်စွမ်းအင်အမှုန် အစီအရင်တစ်ခုကို သဘာဝကျကျပင် တည်ဆောက်လိုက်ပြီးနောက် ဖယောင်းတိုင်များကို မှုတ်ပိတ်ကာ အိပ်စက်ခြင်း ကမ္ဘာထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။
နောက်တစ်နေ့မနက်တွင် လေလင်သည် လှပသော ဦးထုပ်တစ်လုံးကို ကိုင်ဆောင်ထားသည့် အန်နာနှင့်အတူ ထွက်ခွာလာခဲ့၏။
“ဒါက အိမ်ထိန်း ဝဲကာ ရွေးချယ်ပေးတဲ့ လက်ဆောင်လား၊” လေလင် ဦးထုပ်ကို ယူလိုက်ပြီး တစ်ချက် စစ်ဆေးကြည့်ရှုလိုက်ရာ ၎င်းကို သားရဲသားရေဖြင့် ပြုလုပ်ထားမှန်း ရိပ်မိသွားခဲ့သည်။ ထိတွေ့ရတာ တော်တော်လေး ချောမွေ့လှပြီး ၎င်းပေါ်တွင် ငှက်မွေးတစ်မွေးကိုလည်း စိုက်ထူထားသေး၏။
“အိမ်ထိန်း ဝဲကာ ပြောတာကတော့... အစွန်းရောက်ည မြို့တော် မှာ သားရေဦးထုပ်ပေါ်မှာ ညသိန်းငှက် အမွှေးအတောင်ကို စိုက်ထူထားခြင်းက ငြိမ်းချမ်းတဲ့ သဘောထားနဲ့ ချစ်ကြည်ရေးကို ဖော်ဆောင်တာ ပါတဲ့ရှင်။ ဒါက ပထမဆုံးအကြိမ် သွားရောက်လည်ပတ်တဲ့ အခါမှာ အကောင်းဆုံး လက်ဆောင် ဖြစ်ပါတယ်တဲ့၊”
အန်နာ့မျက်နှာတွင် အနည်းငယ် ကြောက်ရွံ့နေသည့် အမူအရာ ရှိနေရှာ၏။
“သခင်…… သခင်လေး။ သခင်လေးက နောက်ထပ် ‘သခင်ကြီး’ တစ်ယောက်ဆီ သွားရောက်လည်ပတ်မလို့လား ဟင်၊” အန်နာ့အသံက အနည်းငယ် တုန်ရီနေခဲ့ရသည်။
“မှန်တယ် သူကလည်း အလုပ်သင်တစ်ယောက်ပဲ၊” လေလင် သူ့ရဲ့ လေသံကို လျှော့ချလိုက်သဖြင့် အန်နာနှင့် သူ့အကြားသာ ကြားနိုင်တော့သည်။
သူ စကားပြောပြီးနောက်မှာတော့ အစေခံမိန်းကလေး၏ ပုခုံးလေးများ တုန်ရီသွားခဲ့သည်ကို မြင်တွေ့လိုက်ရ၏။ လေလင် ပြုံးလိုက်မိသည်။
အန်နာသည် ကျွန်အဖြစ် ပြန်လည်မရောင်းချခံရခင်က မှော်ဆရာတစ်ယောက်ထံတွင် ရောင်းချခြင်း ခံခဲ့ရဖူးတာ ဖြစ်သဖြင့် ဒါက သူမအတွက်တော့ စိတ်ဒဏ်ရာရစရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပုံရသည်။
“အကယ်၍ မင်း ကြောက်နေတယ်ဆိုရင်... အရင် ပြန်နှင့်လို့ ရပါတယ်၊”
လေလင် အရှေ့သို့ တိုးကပ်လိုက်ပြီး အန်နာ၏ သွယ်လျလှသော ခါးလေးကို ဖက်လိုက်၏။
“မဟုတ်ပါဘူး... အန်နာ သခင်လေးနဲ့အတူတူ လိုက်ပါချင်ပါတယ်” အန်နာ အတင်းအကျပ် ပြုံးလိုက်ရှာသည်။
လေလင် ခေါင်းခါယမ်းလိုက်ရင်း “မင်း လိုက်ချင်ရင်လည်း ငါ့အနောက်က လိုက်ခဲ့၊” ဟု ဆိုလိုက်သည်။
အစွန်းရောက်ည မြို့တော်၏ တည်ဆောက်ပုံက အိမ်ခေါင်မိုးများပေါ်တွင် စူးချွန်များ ရှိနေသဖြင့် ပုံစံ တော်တော်လေး ဆန်လှပေသည်။
လမ်းမများကိုလည်း ချောမွေ့လှသော ကျောက်တုံးများ ခင်းထားသဖြင့် အစွန်းရောက်ည မြို့တော်သည် ဘေးပတ်ပတ်လည်က ချမ်းသာကြွယ်ဝသော မြို့ကြီးများထဲက တစ်မြို့ဖြစ်မှန်း သိသာလှပေသည်။
လေလင်နှင့် အန်နာတို့သည် မြို့၏ အရှေ့ဘက်ပိုင်းဆီသို့ ချဉ်းကပ်လာခဲ့ကြစဉ်မှာပင် ထိုနေရာက လူများ၏ ဝတ်စားဆင်ယင်မှုက အခြားနေရာများထက် ပိုမို ယဉ်ကျေးသိမ်မွေ့လှပြီး အဆောက်အဦများ၏ အလှဆင်မှုကလည်း ပိုမို ခန့်ညားထည်ဝါလှပေသည်။
‘အစွန်းရောက်ည မြို့တော် ရဲ့ အရှေ့ဘက်ပိုင်းက မှူးမတ်မျိုးနွယ်တွေနဲ့ ပညာရှင်တွေ စုဝေးရာ နေရာ ဖြစ်ပုံရတယ်၊’
လေလင် လမ်းမနှစ်ဖက်လုံးက ပန်းခင်းငယ်လေးများကို ကြည့်လိုက်၏။ ထိုနေရာတွင် အပြင်ဘက် ရေပန်းတစ်ခုပင် ရှိနေသည်။ သူ မသိစိတ်ကနေ ပြုံးလိုက်မိရင်း အန်နာကို ပြောလိုက်သည်။
၎င်းနောက်တွင်တော့ သူတို့နှစ်ယောက်သည် အဖြူရောင် ရှိသည့် နှစ်ထပ်စံအိမ် အဆောက်အဦတစ်ခု၏ အရှေ့သို့ ရောက်ရှိလာခဲ့ကြ၏။
တံခါးဆိုင်းဘုတ်ပေါ်တွင်မူ “စီစီလီယာ လမ်းမကြီး၊ ၅၉” ဟု ချိတ်ဆွဲထားလေသည်။