အခန်း ၅၅ - ရိုရန်သိန်းငှက်များ
နောက်တစ်နေ့မနက်တွင် လေလင်သည် တည်းခိုခန်းအစေခံ၏ လမ်းညွှန်မှုဖြင့် ရိုရန်မြို့ရှိ အလုပ်သမားငှားရမ်းသည့် ဈေးကွက်သို့ ရောက်ရှိလာခဲ့၏။
အလုပ်သမားငှားရမ်းသည့် ဈေးကွက်က မြို့စားမင်းစံအိမ်၏ ဘေးနားတွင် တည်ရှိတာကြောင့် ထိုနေရာ၏ လူထုလုံခြုံရေးက တော်တော်လေး မဆိုးလှပေ။
အနည်းဆုံးတော့ လေလင်သည် ခရီးလမ်းတစ်လျှောက်လုံးတွင် မည်သည့် ရန်ပွဲများကိုမှ မြင်တွေ့ခဲ့ရခြင်း မရှိချေ။
လမ်းခရီးတွင် လေလင်နှင့် သူ့အဖွဲ့ကို လှမ်းကြည့်နေကြသည့် လူမြောက်မြားစွာ ရှိနေကြသည်။
သူတို့က လေလင်၏အနောက်တွင် ရှိနေသော အန်နာကို အထူးတလည် စိတ်ဝင်စားနေကြ၏။ ဘာကြောင့်လဲဆိုသော် သူမက ထူးခြားထက်မြက်သည့် အလှတရား ရှိနေသည့်အပြင် အဝတ်အစားအချို့ ပြင်ဆင်ဝတ်ဆင်ပြီးနောက်တွင် ပိုမိုလှပလာခြင်းကြောင့် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် သံချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ဂရင်းကို တော်တော်လေး ကြောက်ရွံ့နေကြသဖြင့် မည်သည့် မောက်မာရိုင်းစိုင်းသည့် အပြုအမူမျိုးကိုမှတော့ မလုပ်ရဲကြချေ။
“သခင်ကြီး ဒါကတော့ ရိုရန်မြို့ရဲ့ အလုပ်သမားငှားရမ်းတဲ့ ဈေးကွက် ပါခင်ဗျာ။ သခင်ကြီး လိုအပ်တဲ့ လူမှန်သမျှကို ဒီနေရာမှာ ရှာဖွေနိုင်ပါတယ်၊ ဒါတင်မကသေးဘဲ သခင်ကြီးအနေနဲ့ မစ်ရှင်နဲ့ ပတ်သက်တဲ့ ငှားရမ်းမှုတွေကိုပါ ဒီနေရာကနေ ထုတ်ပြန်နိုင်ပါသေးတယ်……” အစေခံက လေလင်တို့ သုံးယောက်အဖွဲ့ကို ရှင်းပြလိုက်သည်။
ဖရေဇာကိုမူ လေလင်က မြင်းလှည်းနှင့် ခရီးဆောင်အိတ်များကို စောင့်ရှောက်ရန်အတွက် တည်းခိုခန်း၌ပဲ ချန်ထားခဲ့၏။
မှော်ဆေးပစ္စည်းများနှင့် မှော်ကျောက်တုံးများကဲ့သို့သော အရေးကြီးသည့် ပိုင်ဆိုင်မှုများက လေလင်၏ ကိုယ်ပေါ်မှာပဲ ရှိနေစေကာမူ ရွှေဒင်္ဂါးပြားကဲ့သို့သော ပစ္စည်းအချို့ ပျောက်ဆုံးသွားပါက တော်တော်လေး ပြဿနာတက်နိုင်ခြင်းကြောင့် ဖြစ်သည်။
လေလင်သည် သူ့အရှေ့က အလုပ်သမားငှားရမ်းသည့် ဈေးကွက်ကို စစ်ဆေးကြည့်ရှုလိုက်၏။
သူ့မျက်စိအောက်တွင် ကြီးမားသော ကွင်းပြင်ကြီးတစ်ခု ရှိနေပြီး မြင်းဇောင်းထိန်းများ၊ ဓားပြများနှင့် အခြားသူများက မြေပြင်ပေါ်တွင် စုစုရုံးရုံး ထိုင်နေကြရင်း အလုပ်ရှင်တစ်ယောက်ယောက်က လာရောက်ငှားရမ်းမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
လေလင်သည် ထိုနေရာတွင် ကျွန်ဈေးကွက်တစ်ခုလည်း ရှိနေဦးမည်ကို သိသော်လည်း ၎င်းကို အပြင်ပန်းတွင် အတိအလင်း ပြသထားနိုင်ခြင်း မရှိပေ။
ဘာပဲဖြစ်ဖြစ် မှော်ဆရာ ဈေးကွက်တစ်ခုပင်လျှင် ဒါမျိုးကို လျှို့ဝှက်စွာ ကျင်းပရခြင်း ဖြစ်သည်။
သို့သော်လည်း ဒါက လေလင်၏ အစီအစဉ်ထဲတွင် ရှိပြီးသား ဖြစ်၏။ သူက အခြံအရံအချို့ကိုသာ ငှားရမ်းလိုခြင်း ဖြစ်တာကြောင့် သူ့ရဲ့ လိုအပ်ချက်က တော်တော်လေး နိမ့်ပါးလှသည်။
“သခင်လေး... ကျွန်တော် ဘာကူညီပေးရမလဲခင်ဗျာ၊”
လေလင် ဈေးကွက်ထဲသို့ ဝင်ရောက်လာသောအခါ ကုန်သည်များနှင့် ပွဲစားများ အုပ်စုလိုက်ကြီးသည် သူ့ဘေးပတ်ပတ်လည်သို့ ဝိုင်းအုံလာကြ၏။
သူတို့က လေလင်၏ တန်ဖိုးကြီးလှသော ဝတ်စုံကို ကြည့်ပြီး မျက်စိကျနေကြကာ သူတို့၏ ကုန်ပစ္စည်းများကို ရောင်းချနိုင်ရန်အတွက် အသံဗလံမျိုးစုံ ထွက်ပေါ်အောင် အော်ဟစ်နေကြသည်။
“ငါ့ကို အစွန်းရောက်ည မြို့တော် အထိ လိုက်ပါစောင့်ရှောက်ပေးဖို့နဲ့ အဲဒီက ငါ့ရဲ့ အိမ်ရာကို စောင့်ရှောက်ပေးဖို့ ဓားပြအချို့ လိုချင်တယ်၊ စာချုပ်သက်တမ်းက အနည်းဆုံး နှစ်နှစ် ဖြစ်ရမယ်၊”
ပြာယာခတ်နေကြသည့် ကုန်သည်များကို ကြည့်ရင်း လေလင်က သူ့ရဲ့ လိုအပ်ချက်ကို ပြောလိုက်၏။
ဒီကုန်းမြေကြီးကို ရောက်ရှိလာပြီးနောက်မှာတော့ လေလင်သည် သူ့ရဲ့ အရင်ကမ္ဘာက ဝတ္ထုတွေထဲမှာ ပါလေ့ရှိတဲ့ ဓားပြတပ်ဖွဲ့တွေနဲ့ လူဆိုးဂိုဏ်းတွေအကြောင်းက အားလုံး အလကား စကားတွေဖြစ်မှန်း သိရှိသွားခဲ့ရသည်။
လေလင် မရောက်ဖူးသေးသည့် မြို့ကြီးအချို့ကလွဲလို့ ရိုရန်မြို့နှင့် အခြားသော မြို့ငယ်လေးများ၏ ဈေးကွက်များတွင် ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးဟူ၍ အတိအလင်း ရှိမနေကြပေ။
ထိုကဲ့သို့သော ငှားရမ်းမှုများ၊ လုပ်ကြံမှုများ သို့မဟုတ် အလားတူ မစ်ရှင်များကို ဒေသတွင်း အရက်ဆိုင်များ သို့မဟုတ် ကုန်သွယ်ရေး ရုံးခန်းများတွင်သာ စီစဉ်ကြရပြီး အချို့သော နေရာများကမူ အလွန်ပင် ထူးဆန်းလှသည်။
‘ဘာပဲဖြစ်ဖြစ် ကုန်ကျစရိတ်တွေကို တွက်ချက်ရမှာ ဖြစ်ပြီး အကယ်၍ ရရှိမယ့် လုပ်ခလစာက လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ကိုတောင် မကာမိဘူးဆိုရင်တော့ မိမိတို့ရဲ့ ရွှေဒင်္ဂါးပြားတွေကို ရေထဲ မျှောပစ်မယ့် လူမိုက်မျိုး ဘယ်သူမှ ရှိမှာ မဟုတ်ဘူး။’
“ဒါဆိုရင်... သခင်ကြီး လိုချင်တဲ့ လုံခြုံရေး အစောင့်အရှောက် အရေအတွက်နဲ့ သူတို့ရဲ့ စွမ်းအားနဲ့ ပတ်သက်ပြီး လိုအပ်ချက်တစ်ခုခု ရှိပါသလားခင်ဗျာ၊”
တောက်ပနေသည့် ကတုံးနှင့် ပိန်ပိန်ပါးပါး လူတစ်ယောက်က ကုန်သည်များကြားထဲကနေ တိုးဝှေ့ထွက်လာရင်း အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
“လူအရေအတွက် ဟုတ်လား။ ၁၀ ယောက်ကနေ ၁၅ ယောက်ဝန်းကျင်ပဲ။ သူတို့ရဲ့ စွမ်းအားက သာမန်အစောင့်တွေရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီရင် ရပြီ။ ငါ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က သစ္စာရှိမှုနဲ့ ဂုဏ်သိက္ခာပဲ။ မစ်ရှင်က နှစ်နှစ်ထက်မနည်း ကြာမြင့်နိုင်တာကြောင့် ငါက စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပြီး လစာကိုတော့ လအလိုက် ပေးချေသွားမှာ ဖြစ်တယ်၊” လေလင်က တည်ငြိမ်စွာ ဆိုလိုက်၏။
“ဒါဆိုရင်တော့... ကျွန်တော့်မှာ သခင်ကြီးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ဓားပြအစုအဝေးတစ်ခု ရှိပါတယ်၊”
ကတုံးပွဲစားက ပြုံးလိုက်သည်။
“ရိုရန်သိန်းငှက် ဓားပြတပ်ဖွဲ့ က အခုတင်ပဲ သူတို့ရဲ့ အားလပ်ရက်ကို ကုန်ဆုံးထားတာပါ။ ဒါ့အပြင် သူတို့က ရိုရန်မြို့ရဲ့ မြို့ခံတွေ ဖြစ်ကြတာကြောင့် သူတို့ရဲ့ ဂုဏ်သတင်းကို သေချာပေါက် အာမခံနိုင်ပါတယ်၊” ကတုံးပွဲစားက ရှင်းပြ၏။
ကတုံးပွဲစားက ရိုရန်သိန်းငှက် ဓားပြတပ်ဖွဲ့အကြောင်းကို ပြောလိုက်သောအခါ ဘေးပတ်ပတ်လည်က လူအုပ်ကြီး တစ်ခုလုံး ဆိတ်ငြိမ်သွားခဲ့ရသည်ကို လေလင် သတိထားမိလိုက်သည်။
လူအချို့၏ မျက်နှာတွင် ရိုသေမှုနှင့် မနာလိုဖြစ်မှုများပင် ရှိနေကြ၏။ ရိုရန်သိန်းငှက်တပ်ဖွဲ့က ဒီနေရာတစ်ဝိုက်တွင် ဂုဏ်သတင်း တော်တော်လေး ကြီးမားပုံရသည်။
“ကောင်းပြီလေ။ ငါ့ကို သူတို့ဆီ ခေါ်သွားပေး၊ မင်းအတွက် ပွဲစားခကိုတော့ နောက်ပိုင်းကျရင် သေချာပေါက် ပေးမှာပါ၊” လေလင် ဆိုလိုက်၏။
“ကျွန်တော့်အနောက်က လိုက်ခဲ့ပါ၊”
ကတုံးပွဲစားက လမ်းပြပေးရင်း လေလင်တို့ကို ဈေးကွက်အပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။
တည်းခိုခန်းက အစေခံကတော့ သူ့ရဲ့ ရွှေဒင်္ဂါးပြားကို ရရှိပြီးနောက်မှာတော့ နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
အန်နာနှင့် ဂရင်းတို့က လေလင်၏ အနောက်ကနေ ကပ်လျက် လိုက်ပါလာကြပြီး လက်ရှိ လူလေးယောက်အဖွဲ့သည် နာရီဝက်ခန့် ခရီးနှင်ပြီးနောက်မှာတော့ မြို့၏ တောင်ဘက်ပိုင်းဆီသို့ ရောက်ရှိလာခဲ့ကြ၏။
ဒီနေရာသို့ ရောက်ရှိလာသောအခါ ဘေးပတ်ပတ်လည်က အဆောက်အဦများ၏ တည်ဆောက်ပုံက ကွဲပြားခြားနားလှပေသည်။
အကယ်၍ မြို့လယ်ခေါင်ပိုင်းက မြို့စားမင်းစံအိမ်ကို အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်သဖြင့် အဆောက်အဦများက အလွန်ပင် ခန့်ညားထည်ဝါပြီး ရိုသေခန့်ညားစရာ ကောင်းလှသည်ဆိုလျှင် မြို့တောင်ဘက်ပိုင်းက အဆောက်အဦများကမူ ပုံစံမျိုးစုံနှင့် အရောင်အသွေး စုံလင်လှပေသည်။ လူနေအိမ်ရာများနှင့် တော်တော်လေး တူလှ၏။
‘ဒါက မြို့ရဲ့ လွတ်လပ်တဲ့ မြို့ခံတွေ စုဝေးရာ နေရာ ဖြစ်ပုံရတယ်၊’ လေလင်သည် ကျောက်စရစ်ခဲများ ခင်းထားသည့် လမ်းမနှင့် ပန်းခင်းငယ်လေးများ၊ ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် မီးအိမ်များကို ကြည့်ရင်း တစ်ဦးတည်း ရေရွတ်လိုက်မိသည်။
“မျက်စိစူးရှလှပါတယ် သခင်ကြီး။ ဒီနေရာမှာ နေထိုင်တဲ့သူတွေကတော့ ရိုရန်မြို့ရဲ့ ကုန်သည်တွေနဲ့ လွတ်လပ်တဲ့ မြို့ခံတွေက ပိုများပါတယ်။ ရိုရန်သိန်းငှက် ဓားပြတပ်ဖွဲ့ကလည်း ဒီနေရာမှာပဲ နေထိုင်ကြတာ ပါခင်ဗျာ။”
“မင်းက ငါတို့ကို ဒီဓားပြတပ်ဖွဲ့ရဲ့ လေ့ကျင့်ရေး ကွင်းပြင်ဆီ ခေါ်မသွားဘူးလား၊” ဂရင်းက ဘေးကနေ မေးလိုက်၏။
“လေးစားအပ်တဲ့ သခင်ကြီး။ ရိုရန်သိန်းငှက် ဓားပြတပ်ဖွဲ့ဆိုတာ အဖွဲ့အစည်းငယ်လေးတစ်ခုပါ၊ သူတို့ရဲ့ လူဦးရေက ၃၀ ထက် မပိုပါဘူး။ သူတို့ရဲ့ ဂုဏ်သတင်းကလည်း ရိုရန်မြို့အတွင်းမှာပဲ ပျံ့နှံ့တာပါ။ ဒါက သူတို့ခေါင်းဆောင်က စုစည်းထားတဲ့ သာမန် မဟာမိတ်အဖွဲ့လေးတစ်ခုသာ ဖြစ်ပါတယ်။ သူတို့ လေ့ကျင့်ဖို့အတွက် နေရာတစ်ခု ငှားရမ်းမယ့် ကုန်ကျစရိတ်က သူတို့ မစ်ရှင်ကရမယ့် ငွေတွေကို ကုန်ဆုံးသွားစေမှာ ဖြစ်လို့ ဘယ်သူက ဒါမျိုးကို လုပ်ချင်ပါ့မလဲခင်ဗျာ၊”
ကတုံးပွဲစားက စိတ်ပျက်လက်ပျက် အပြုံးဖြင့် ဆိုလိုက်သည်။
“ပုံမှန်အားဖြင့်တော့ အဖွဲ့ဝင်တွေက မိမိတို့ရဲ့ ကိုယ်ပိုင်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေကြတာ ဖြစ်ပြီး မစ်ရှင်တစ်ခုခု လက်ခံရရှိတဲ့ အခါကျမှသာ စုစည်းကြတာ ပါ၊”
ထိုသို့ပြောရင်း ကတုံးပွဲစားက လေလင်ကို ကြည့်ကာ အားနာသလို ပြုံးလိုက်ရင်း “ရိုရန်သိန်းငှက် အဖွဲ့ဝင်တွေက အရေအတွက် နည်းပေမဲ့ သူတို့ထဲက အများစုက အနားယူထားတဲ့ စစ်မှုထမ်းဟောင်းတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ခေါင်းဆောင်ကလည်း တစ်ချိန်က စစ်တပ်ထဲမှာ အလယ်အလတ်အဆင့် တပ်စုမှူးတစ်ယောက် ဖြစ်ခဲ့ဖူးတာမို့ သူ့ရဲ့ စွမ်းအားက မဆိုးလှပါဘူး……”
သိသာလှသည်ကတော့ ကတုံးပွဲစားသည် လေလင်အနေဖြင့် ထိုဓားပြတပ်ဖွဲ့အပေါ် အထင်သေးသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သော်လည်း ဒီကိစ္စတွေကို ဖုံးကွယ်ထား၍ မရတာကြောင့် သူတို့ မသိခင်ကတည်းက ကြိုတင်ပြောပြထားခြင်း ဖြစ်သည်။
‘အလယ်အလတ်အဆင့် တပ်စုမှူးတစ်ယောက် ဟုတ်လား။ ငါ သူ့ကို တွေ့ဖို့ မျှော်လင့်နေပါတယ်၊’
လေလင် ပြုံးလိုက်၏။ သူကတော့ ရိုရန်မြို့မှာ ဘယ်သူ့ကို ငှားရမ်းရမလဲဆိုတာကို တကယ်ပဲ စိတ်ထဲမထားပေ။
ဘာကြောင့်လဲဆိုသော် သူတို့၏ အခန်းကဏ္ဍက အနာဂတ်တွင် သူ့အတွက် အလုပ်အကျွေး ပြုရုံသက်သက်သာ ဖြစ်လာမှာ ဖြစ်ခြင်းကြောင့် ဖြစ်သည်။
“ရောက်ပါပြီ။”
ကတုံးပွဲစားက လေလင်နှင့် ကျန်တဲ့သူများကို နှစ်ထပ်အဆောက်အဦတစ်ခု၏ အရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။
နှင်းဆီသစ်သား ခြံစည်းရိုးများ ဝန်းရံထားသည့် အတွင်းဘက်တွင် ရေကန်ငယ်တစ်ခုနှင့် ပန်းခြံတစ်ခု ရှိနေ၏။
ထိုနေရာတွင် အဖြူရောင် ပန်းပွင့်ငယ်လေးတစ်မျိုး ရှိနေပြီး ၎င်းတို့၏ ပန်းပွင့်ဖတ်လေးများက အလွန် သေးငယ်လှစေကာမူ သင်းပျံ့လှသော ရနံ့ ရှိနေကြသည်။
အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ထိုပန်းပင်များကို ရေလောင်းပေးနေ၏။
“မင်္ဂလာပါ... မဒမ် လာရီယက်။ ဖာယန် ရှိလားခင်ဗျာ၊ ကျွန်တော် သူ့အတွက် အလုပ်တစ်ခု ခေါ်လာလို့ပါ၊”
ကတုံးပွဲစားက ပန်းပင်များကို ရေလောင်းနေသည့် အမျိုးသမီးကို လှမ်းနှုတ်ဆက်လိုက်သည်။
“သေချာတာပေါ့... သူ ရှိတာပေါ့ ငါ့သူငယ်ချင်းကြီးရဲ့”
အမျိုးသမီး ပြန်မပြောနိုင်ခင်မှာတင် အိမ်အတွင်းထဲကနေ ရဲရင့်ပြီး လွတ်လပ်လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည့် လူကောင်ကြီးကြီး တစ်ယောက် လျှောက်လာပြီး ကတုံးပွဲစားကို ဖက်လိုက်၏။
“ငါ့ရဲ့ သူငယ်ချင်းကြီး ဖာယန်။ မင်းကို မိတ်ဆက်ပေးပါရစေ... ဒါကတော့ ငါတို့မြို့ရဲ့ ဗဟိုပိုင်းကနေ လာတဲ့ သခင်လေး လေလင် ပါ။ သူက မင်းတို့ရဲ့ ရိုရန်သိန်းငှက် ဓားပြတပ်ဖွဲ့ကို ငှားရမ်းပြီး အစွန်းရောက်ည မြို့တော် အထိ လိုက်ပါစောင့်ရှောက်ပေးဖို့ အလိုရှိနေပါတယ်၊” ကတုံးပွဲစားက ဖာယန်ကို ရှင်းပြလိုက်သည်။
“မင်္ဂလာပါ... လေးစားအပ်တဲ့ သခင်လေး။ အကယ်၍ သခင်လေးက အစွန်းရောက်ည မြို့တော် ကို သွားဖို့ ရွေးချယ်တယ်ဆိုရင်တော့ ရိုရန်သိန်းငှက် ဓားပြတပ်ဖွဲ့က သခင်လေးအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့က ဒီလမ်းကြောင်းကို အကြိမ် ၁၀၀ ထက်မနည်း ဖြတ်သန်းဖူးတာ ဖြစ်လို့ လမ်းခရီးက ကျောက်တုံးတစ်တုံးချင်းစီကအစ နေရာအနှံ့အပြားကို ကောင်းကောင်း သိကျွမ်းထားပြီးသား ပါ၊”
ဖာယန်က လေလင်ကို အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပြောလိုက်၏။
လေလင် သတိထားမိလိုက်သည်ကတော့ ဒီတပ်ဖွဲ့ခေါင်းဆောင်၏ မျက်လုံးများက သူတို့ သုံးယောက်လုံးကို အကဲခတ်နေခြင်း ဖြစ်သည်။
အထူးသဖြင့် ဂရင်း၏ ကိုယ်ပေါ်တွင် အချိန်အတော်ကြာ အကြည့် ရပ်တန့်နေပြီး တစ်ခုခုကို ရိပ်မိသွားသည့် ပုံစံမျိုး ရှိ၏။ သို့သော်လည်း သူက လေလင်ကိုတော့ လျစ်လျူရှုထားခဲ့သည်။
‘အပြင်ပန်းက ကြမ်းတမ်းပေမဲ့ အတွင်းစိတ်ကတော့ လိမ္မာပါးနပ်တဲ့သူပဲ။ သူက အလုပ်သင် စစ်သည်တော်တစ်ယောက်လည်း ဖြစ်နေတာပဲ။’
လေလင် အကဲခတ်လိုက်မိပြီး အဲဒီအချိန်မှာပဲ အေအိုင်စနစ်က ဖာယန်၏ အချက်အလက်များကို စကင်ဖတ်လိုက်သည်။
[နာမည် - ဖာယန်။
ခွန်အား - ၁.၈၊
သွက်လက်မှု - ၁.၅၊
အသက်စွမ်းအား - ၁.၇၊
စိတ်ဝိညာဉ်စွမ်းအား - ၁.၄]
ဒီအချက်အလက်တွေကတော့ အလုပ်သင် စစ်သည်တော်တွေကြားထဲမှာ သာမန်အဆင့်လောက်ပဲ ရှိစေကာမူ ဖာယန်၏ လက်နှစ်ဖက်လုံးက အမာရွတ် မြောက်မြားစွာကို ကြည့်ခြင်းအားဖြင့် သူက ဓားပြတစ်ယောက်အနေနဲ့ အတွေ့အကြုံ မြောက်မြားစွာ ရှိမှန်း သိသာလှပေသည်။
“ငါတို့ ဒါကို နောက်မှ ဆွေးနွေးကြတာပေါ့၊ ငါတို့ကို အထဲဝင်ပြီး ထိုင်ဖို့ မဖိတ်ခေါ်ဘူးလား၊”
လေလင် ပြုံးလိုက်ပြီး ဗီလာအဆောက်အဦဆီသို့ လက်ဟန်ပြလိုက်၏။
“အိုး... သေချာတာပေါ့၊ ဖိတ်ခေါ်ပါတယ်၊ အထဲ ဝင်ပါ၊”
ဖာယန် သူ့ခေါင်းကို ပုတ်လိုက်ပြီး ခန္ဓာကိုယ်ကို ရွှေ့ကာ ဦးညွှတ်လိုက်သည်။ သူ့ရဲ့ ညာဘက်လက်ကို ဆန့်ထုတ်ပြီး သူတို့ကို အထဲဝင်ရန် ဖိတ်ခေါ်လိုက်သည်။
ပန်းခြံထဲကနေ ထွက်လာပြီးနောက်မှာတော့ မကြာခင်မှာပင် ဗီလာ၏ ဧည့်ခန်းသို့ ရောက်ရှိလာခဲ့ကြ၏။
ကြမ်းပြင်ကို အနီရောင် ဆေးခြယ်ထားပြီး ဘေးပတ်ပတ်လည်က နံရံလေးဘက်ထဲက တစ်ဘက်တွင်မူ သံချေးတက်နေပြီး အစွန်းအထင်းများ ရှိနေသည့် ဓားမြှောင်ရှည်ကြီးတစ်စင်းကို ချိတ်ဆွဲထားသည်။
၎င်း၏ ဘေးနားတွင်မူ သမင်တစ်ကောင်၏ ဦးခေါင်းခွံ ရှိနေပြီး တွန့်လိမ်နေသည့် သမင်ချိုများက တစ်ခုနှင့်တစ်ခု ရောထွေးနေကာ လှပမှုတစ်ခုကို ပေးစွမ်းနေ၏။
ဖာယန်က လေလင်နှင့် အဖွဲ့ကို ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် အနားယူရန် ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။
သူက မဒမ် လာရီယက်ကိုလည်း လေလင်နှင့် ကျန်တဲ့သူများအတွက် လက်ဖက်ရည်ကြမ်းနှင့် တူသည့် သောက်စရာတစ်ခုကို ပေးရန် တောင်းဆိုလိုက်ပြီးနောက် အသေးစိတ်အချက်အလက်များကို စတင် ဆွေးနွေးကြတော့သည်။
“ဒီလေးစားအပ်တဲ့ သခင်လေးက အစွန်းရောက်ည မြို့တော် ကို သွားချင်တယ်လို့ နိုင်ဂျယ်ဆီကနေ ကြားရပါတယ်၊ အကယ်၍ အဆင်မပြေတာမျိုး မရှိရင် အဲဒီကို သွားရမယ့် အကြောင်းရင်းကို ကျွန်တော့်ကို ပြောပြပေးနိုင်မလားခင်ဗျာ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... ဘေးအန္တရာယ်ကို တွက်ချက်ပြီးမှသာ ကျွန်တော်တို့အဖွဲ့က ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်မှာ မို့လို့ပါ……”
ဖာယန်၏ လေသံက တော်တော်လေး ရိုးသားလှပေသည်။
လေလင်သည် လက်ဖက်ရည်ကြမ်းနှင့် တူသည့် သောက်စရာကို တစ်ငုံ သောက်လိုက်၏။ ၎င်းက တော်တော်လေး ချိုပြီး ငံနေတာကြောင့် သူကတော့ ဒီအရသာကို သဘောမကျသဖြင့် ဖန်ခွက်ကို ပြန်ချထားလိုက်သည်။
“ဒီတစ်ကြိမ် မစ်ရှင်နဲ့ ပတ်သက်ပြီးတော့... ငါက အဲဒီနေရာမှာ စီးပွားရေးတစ်ခု စတင်ချင်လို့ပါ၊ ပြီးတော့ လုံခြုံရေးအတွက် လူအင်အား လိုအပ်လို့ပါ။ အခြား ပြဿနာတွေအတွက်တော့ စိုးရိမ်စရာ မလိုပါဘူး၊”
လေလင်က ဖာယန်ကို ကြည့်လိုက်ရာ နောက်ဆုံးလူက အနည်းငယ် အားနာသွားပုံရပြီး ခေါင်းငုံ့သွားခဲ့ရသည်။
သိသာလှသည်ကတော့ ဖာယန်သည် လေလင်ကို အာဏာလုပွဲတွင် ရှုံးနိမ့်ပြီး မောင်းထုတ်ခံလိုက်ရသည့် မှူးမတ်တစ်ယောက်၏ သားတစ်ယောက် ဖြစ်လိမ့်မည်ဟု ယူဆထားခြင်း ဖြစ်၏။
“ငါ မင်းတို့ကို ငှားရမ်းရတဲ့ အကြောင်းရင်းကတော့ ရိုရန်မြို့က လူတွေက အစွန်းရောက်ည မြို့တော် က လူတွေနဲ့ နှိုင်းယှဉ်ရင် လွယ်လွယ်နဲ့ ဝယ်ယူလို့ မရနိုင်ခြင်းကြောင့် ဖြစ်တယ်။ ဒါ့အပြင် ငါ အခုတလော ကြားရတဲ့ သတင်းတွေအရ အစွန်းရောက်ည မြို့တော် ထဲမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ဖြစ်ရပ်အချို့ ဖြစ်ပျက်နေတယ်လို့ သိရတယ်……”
လေလင်က ပြုံးရင်း ဆိုလိုက်သည်။
“စိတ်ဝင်စားစရာ ကောင်းတဲ့ ဖြစ်ရပ်တွေ ဟုတ်လား၊” တပ်ဖွဲ့ခေါင်းဆောင် ဖာယန် ခန့်မှန်းလိုက်မိရင်း “ဒါက အစွန်းရောက်ည မြို့တော် ဘေးပတ်ပတ်လည်က အပင်တွေ ရုတ်တရက် ညှိုးနွမ်းသွားတဲ့ ကိစ္စအကြောင်းလား မသိဘူးခင်ဗျာ” ဟု မေးလိုက်၏။
“မှန်တယ် ရွာငယ်လေးတစ်ရွာစာလောက် ရှိတဲ့ တောအုပ်ကြီးတစ်ခုက ရုတ်တရက် ညှိုးနွမ်းသွားတာက တကယ်ပဲ လူကို စိုးရိမ်ပူပန်စေတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ ငါ့အနေနဲ့ အစောင့်တွေရဲ့ စွမ်းအားကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ ယုံကြည်လိုက်တာ ဖြစ်တယ်။”
“လုပ်ခနဲ့ ပတ်သက်ရင်တော့ ငါ တစ်ယောက်ချင်းစီကို တစ်လ ရွှေဒင်္ဂါးတစ်ပြားနှုန်း ပေးနိုင်တယ်။ ဒါပေမဲ့ တစ်ယောက်ချင်းစီက ငါ့ရဲ့ အမိန့်ကို အနည်းဆုံး နှစ်နှစ် သို့မဟုတ် နှစ်နှစ်ထက်မက နာခံပါ့မယ်ဆိုတဲ့ အလုပ်သမား စာချုပ်ကို လက်မှတ်ရေးထိုးရမှာ ဖြစ်တယ်၊”
လေလင်သည် သူ့လက်ဆယ်ချောင်းကို ပူးလိုက်ရင်း သူ့ရဲ့ သဘောထားကို ပြောလိုက်၏။
ဖာယန်၏ မျက်နှာက ဝေခွဲမရ ဖြစ်နေပြီး သိသာလှသည်ကတော့ သူသည် ရွေးချယ်မှုတစ်ခု ပြုလုပ်နေခြင်း ဖြစ်သည်။ ခဏမျှ ဆိတ်ငြိမ်သွားပြီးနောက်မှာတော့ သူက ခက်ခက်ခဲခဲပင် “ကျန်တဲ့ ကိစ္စတွေကတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ မစ်ရှင် သက်တမ်းကော ခင်ဗျာ၊” ဟု မေးလိုက်သည်။
“နှစ်နှစ်ဆိုတဲ့ သက်တမ်းက တော်တော်လေး ရှည်လျားတယ်ဆိုပေမဲ့ မင်းတို့ အမြဲတမ်း အစွန်းရောက်ည မြို့တော် မှာပဲ နေနေရမှာ မဟုတ်ပါဘူး။ ငါ ကတိပေးပါတယ်... အားလပ်တဲ့ အချိန်တွေမှာ သူတို့ရဲ့ မိသားစုဝင်တွေဆီ သွားရောက်လည်ပတ်ဖို့အတွက် ငါ ခွင့်ပြုပေးမှာ ဖြစ်သလို တကယ်လို့ သူတို့က သူတို့ရဲ့ ဇနီးနဲ့ မိသားစုတွေကို အစွန်းရောက်ည မြို့တော် ဆီ ခေါ်လာချင်တယ်ဆိုရင်လည်း ငါ သူတို့အတွက် သင့်တော်တဲ့ နေရာတစ်ခုခု စီစဉ်ပေးနိုင်ပါတယ်……”
လေလင်၏ အသံက ဧည့်ခန်းထဲတွင် ပျံ့လွင့်သွားခဲ့ရ၏။
“သခင်လေး... ကျွန်တော် သခင်လေးရဲ့ ရိုးသားမှုကို မြင်တွေ့ရပါတယ်။ ကျွန်တော် ဒါကို ကျွန်တော့်ရဲ့ ညီအစ်ကိုအချို့နဲ့ ဆွေးနွေးချင်ပါသေးတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် တစ်ယောက်တည်းနဲ့ ဒီဓားပြတပ်ဖွဲ့ကို မောင်းနှင်နေတာ မဟုတ်လို့ပါ။ မနက်ဖြန်ကျရင် သခင်လေးကို အဖြေတစ်ခု သေချာပေါက် ပေးမှာမို့လို့ ကျေးဇူးပြုပြီး စိတ်ချထားပါ သခင်လေး၊”
ဖာယန် မတ်တတ်ရပ်လိုက်ပြီး အနည်းငယ် ဦးညွှတ်ကာ ဆိုလိုက်သည်။
“ကောင်းပြီ။ ငါ မင်းဆီကနေ သတင်းကောင်းကို စောင့်မျှော်နေမယ်။”
ဖာယန် အရိုအသေပေးလိုက်စဉ်မှာပင် လေလင်သည် တည်ငြိမ်စွာ ထရပ်လိုက်ပြီး သူ့ရဲ့ အစေခံများနှင့် ကတုံးပွဲစားနှင့်အတူ အဆောက်အဦထဲကနေ ထွက်ခွာလာခဲ့သည်။