အခန်း ၅၄ - ရိုရန်မြို့
ကျယ်ပြန့်သော လမ်းမထက်တွင် မြင်းလှည်းတစ်စီးသည် အရှိန်အဟုန်ပြင်းစွာ ပြေးနေ၏။
မြင်းလှည်းမောင်းသူနေရာတွင် သံချပ်ဝတ်တန်ဆာ ဝတ်ဆင်ကာ ဓားရှည်ကြီးများကိုယ်စီ ဆွဲကိုင်ထားသည့် သန်မာထွားကြိုင်းသော လူကြီးနှစ်ယောက် ထိုင်နေကြသည်။
တစ်ချက်ကြည့်ရုံနှင့်ပင် ထိုလူများသည် လွယ်လွယ်နှင့် ဆုံ၍ရမည့်သူများ မဟုတ်ကြောင်း သိသာလှသဖြင့် ဘေးပတ်ပတ်လည်ရှိ လယ်သမားများသည် သူတို့လမ်းကြောင်းမှနေ၍ အလုအယက် ရှောင်ဖယ်ပေးကြရရှာသည်။
မြင်းလှည်းအတွင်းထဲတွင်မူ သစ်သားနံ့နှင့် သစ်စေးနံ့များ ရောပြွမ်းနေပြီး တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှ၏။
လေလင်သည် ရေမွှေးနံ့သင်းသင်းလေးကို ရရှိလိုက်သဖြင့် သူ့နှာခေါင်းကို အနည်းငယ် ရှုံ့လိုက်မိသည်။
သူ့ဘေးနားတွင် ရှက်သွေးဖြာကာ မျက်နှာနီမြန်းနေသော အန်နာကို မြင်တွေ့ရသောအခါ လေလင်က ပြုံးလိုက်ရင်း “ဒီကိုလာခဲ့၊” ဟု လှမ်းခေါ်လိုက်တော့သည်။
သူမ အနားသို့ တိုးကပ်လာသောအခါ လေလင်သည် သူမကို ထက်ဝက်ခန့် လှဲလျောင်းစေပြီးနောက် သူမ၏ ရင်ခွင်ထက်တွင် သူ့ခေါင်းကို မှီအိပ်လိုက်၏။
သူ့လက်များသည် အန်နာ၏ ပေါင်တံများပေါ်တွင် သဘာဝကျကျပင် ရွေ့လျားနေကြသည်။ ပါးလွှာသော ဂွမ်းသားအဝတ်အစားသည် သူမ၏ အလှတရားကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
လေလင်သည် သူ့လက်နှစ်ဖက်လုံးဖြင့် နွေးထွေးပြီး နုညက်လှသော ကျောက်စိမ်းတုံးတစ်တုံးကို ထိတွေ့နေရသလိုမျိုး ခံစားလိုက်ရသည်။
သူမှီတွယ်ထားသည့် နူးညံ့မှုကို ခံစားရင်း အန်နာ၏ အသက်ရှူသံ ပြင်းပြင်းများကို ကြားရခြင်းက လေလင်ကို အလွန်ပင် စိတ်ကျေနပ်မှု ရရှိစေသည်။
သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး မျက်လုံးနှစ်လုံးကို မှိတ်ကာ ငြိမ်သက်စွာ နေလိုက်တော့သည်။
မကြာသေးမီက သူသည် အရောင်းအဝယ်တစ်ခုစီ ပြုလုပ်ပြီးတိုင်း အမြဲတမ်း သတိကြီးကြီး ထားခဲ့ရသဖြင့် စိတ်အခြေအနေက တင်းမာနေခဲ့ရ၏။
၎င်းက လေလင်၏ အတွေးများကို များစွာ နေရာယူထားခဲ့သည်။ ယခုအခါတွင်မူ ထိုသို့ ပြုလုပ်ရန် မလိုတော့သဖြင့် လေလင်သည် နောက်ဆုံးတွင် အနားယူခွင့်ရရှိပြီး လုံလောက်သော အချိန်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ ဘေးဒုက္ခများကို ရှင်းလင်းပေးမည့် စစ်သည်တော် နှစ်ယောက်ပင် ရှိနေသေး၏။
သေချာတာပေါ့... စစ်သည်တော် နှစ်ယောက်က အပြင်ဘက်တွင် အိပ်စက်ကြရမှာ ဖြစ်ပြီး မြင်းလှည်းအတွင်းခန်းကိုမူ သူတို့၏ သခင်နှင့် အစေခံမိန်းကလေးအတွက် ချန်ထားပေးကြသည်။
လေလင်သည် လူကြီးလူကောင်းတစ်ယောက် မဟုတ်ပေ။ ဒါ့အပြင် အန်နာကလည်း တော်တော်လေး ချောမောလှပပြီး ထိုအရာတွင် ကျွမ်းကျင်လှသည်။
မြင်းလှည်းထဲတွင် အားလပ်နေချိန်၌ သူသည် သူမနှင့် သဘာဝကျကျပင် အတူအိပ်စက်ခဲ့ပြီးသား ဖြစ်၏။ လှည်းခန်းကြမ်းပြင်ထက်တွင် ဖျော့တော့သော သွေးစက်အချို့ပင် ကျန်ရှိနေသေးသည်။
လေလင် ဝယ်ယူထားသည့် အစေခံမိန်းကလေးတစ်ယောက်အနေဖြင့် အန်နာသည် သူမ၏ သခင်ကို မည်သို့ ငြင်းဆန်နိုင်ပါမည်နည်း။
ခရီးလမ်းတစ်လျှောက်လုံးတွင် သူမသည် သူ့ကို စိတ်ရောကိုယ်ပါ ပြုစုပေးခဲ့ပြီး ပုံစံမျိုးစုံဖြင့် အသုံးတော်ခံခဲ့သဖြင့် သူ၏ ကာမဆန္ဒအချို့ကိုလည်း ပြည့်ဝစေခဲ့သည်။
‘ငါက မှော်ဆရာတစ်ယောက် ဖြစ်နေလို့ တော်သေးတာပေါ့။ ငါက မှော်ဆေးပင်တွေကို သုံးနိုင်ပြီး စိတ်အာရုံစူးစိုက်မှုကို ပြုလုပ်နိုင်လို့ ငါ့ရဲ့ အသက်စွမ်းအားကို အမြဲတမ်း ပြန်လည်ကောင်းမွန်စေပြီး တိုးတက်စေတာ။ အကယ်၍ အရင်က လေလင်ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်နဲ့သာဆိုရင် ငါ အသက်မကြီးခင်ကတည်းက အိုမင်းရင့်ရော်သွားလောက်ပြီ……’
လေလင်က စိတ်ထဲကနေ အမိန့်ပေးလိုက်၏ - ‘အေအိုင်စနစ်။ ငါ့ရဲ့ အချက်အလက်တွေကို ပြစမ်း။’
[အေအိုင်စနစ် - လေလင် ဖာလီယာ
အဆင့် ၂ အလုပ်သင်။
ခွန်အား - ၂.၇၊
သွက်လက်မှု - ၂.၈၊
အသက်စွမ်းအား - ၃.၀၊
စိတ်ဝိညာဉ်စွမ်းအား - ၄.၆၊
မှော်စွမ်းအင် - ၄.၀။
အခြေအနေ - ကျန်းမာသည်။]
‘လေးငါးလခန့် ကုန်လွန်သွားခဲ့ပြီ၊ ငါလည်း နေ့တိုင်း စိတ်အာရုံစူးစိုက်မှုကို ဇွဲရှိရှိ လုပ်ခဲ့တာ။ ဒါတောင်မှ ၀.၂ ပဲ တိုးလာတယ်လို့ တွေးမိတော့……’ လေလင်၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားကာ ‘ငါ အမြန်ဆုံး ခရီးဆုံးကို ရောက်အောင်သွားပြီး အခြေချရမယ်၊ ပြီးမှ ရှေးဟောင်းမှော်ဆေးရည်တွေကို စမ်းသပ်ဖော်စပ်ရမယ်။ ငါ ဘယ်အချိန်ကျမှ အဆင့်တက်ဖို့ လိုအပ်ချက်တွေကို ပြည့်မီမှာလဲ မသိဘူး၊’ ဟု တွေးလိုက်မိသည်။
အလုပ်သင်အားလုံးသည် အဆင့် ၃ သို့ တက်လှမ်းမည့်အချိန်တွင် အဟန့်အတားတစ်ခုနှင့် ကြုံတွေ့ရလေ့ ရှိကြသည်။
ဂျေဒင်လိုမျိုး ပဉ္စမအဆင့် ပါရမီရှင် အလုပ်သင်တစ်ယောက်ပင်လျှင် ထိုးဖောက်ကျော်ဖြတ်နိုင်ရန် နှစ်ပေါင်းများစွာ လေ့ကျင့်ရသေး၏။
အဆင့်တက်ရန် လိုအပ်သော အခြေအနေများကို ဆန်းစစ်ပြီးနောက် မန္တန်များကို ကျွမ်းကျင်အောင် လေ့လာခြင်းနှင့် ဓာတ်ပြုဆေးရည်များကို ဖော်စပ်ခြင်းက သာမန်အရာများ ဖြစ်လာခဲ့သည်။
စိတ်ဝိညာဉ်စွမ်းအား ၇ ဆိုသည့် အဟန့်အတားကို ကျော်ဖြတ်နိုင်ရန်သာ ပါရမီရှင် အလုပ်သင် မြောက်မြားစွာအတွက် ခက်ခဲနက်နဲလှသည့် အရာအဖြစ် ရှိနေဆဲ ဖြစ်၏။
တရားဝင် မှော်ဆရာများပင်လျှင် စိတ်ဝိညာဉ်စွမ်းအားကို ပြုစုပျိုးထောင်သည့် နေရာတွင် ကောင်းမွန်သော ဖြေရှင်းနည်း မရှိကြပေ။
ပင်ပန်းကြီးစွာဖြင့် အမြဲတမ်း စိတ်အာရုံစူးစိုက်မှု ပြုလုပ်ခြင်းကသာ ထိရောက်မှု ရှိနိုင်ပြီး သို့မဟုတ်ပါက မှော်ဆေးရည် အသုံးပြုခြင်းကဲ့သို့သော အရာများကသာ အစားထိုးစရာ ဖြစ်လာပေလိမ့်မည်။
နှမြောစရာ ကောင်းသည်ကတော့ ထိုသို့သော ကုန်ကျစရိတ်ကို သာမန်အလုပ်သင်တစ်ယောက်အနေဖြင့် မတတ်နိုင်ခြင်းပင် ဖြစ်၏။
လက်ရှိအချိန်တွင် လေလင်သည်လည်း ထိုစိတ်ဝိညာဉ်စွမ်းအား အဟန့်အတား၌ပင် ပိတ်မိနေတော့သည်။
“အေအိုင်စနစ် မှော်ဆေးရည် နှစ်ခုကို ခွဲခြမ်းဆန်းစစ်တာ ဘယ်လိုလဲ။ ပြီးတော့ လိုဝီယန်၏ မှော်ကျမ်းကို ဘာသာပြန်တာကကော ဘယ်လောက်အထိ ခရီးရောက်သွားပြီလဲ။”
[အေအိုင်စနစ် - အပြာနုရောင်မှော်ဆေးရည်အား စိတ်ဖြာဆန်းစစ်မှု - ၁၀၀ ရာခိုင်နှုန်း၊
မာရီရဲ့မျက်ရည်အား စိတ်ဖြာဆန်းစစ်မှု - ၇၈ ရာခိုင်နှုန်း၊
လိုဝီယန်၏ မှော်ကျမ်းအား ဘာသာပြန်ဆိုမှု - ၆၃.၇ ရာခိုင်နှုန်း ပြီးစီးပါသည်။]
အေအိုင်စနစ်ရဲ့ အသံက ထွက်ပေါ်လာသည်။
‘အပြာနုရောင်မှော်ဆေးရည်ကိုတော့ လွန်ခဲ့တဲ့ အချိန်ကတည်းက အပြည့်အစုံ သုတေသနလုပ်ပြီးသား။ နှမြောစရာ ကောင်းတာကတော့ အဓိက ပါဝင်ပစ္စည်းတွေက အခုအချိန်မှာ လုံးဝ မျိုးသုဉ်းသွားခဲ့ပြီ။ အစားထိုး ပစ္စည်းတွေကို ရှာဖွေဖို့အတွက် စမ်းသပ်မှု မြောက်မြားစွာ လုပ်ဖို့ လိုအပ်လိမ့်မယ်။ မာရီရဲ့မျက်ရည်ကတော့ လွန်ခဲ့တဲ့ ၃ လကတည်းက ၇၈ ရာခိုင်နှုန်းမှာတင် ရပ်တန့်နေပြီး ဘာတိုးတက်မှုမှ ရှိမနေဘူး။ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုခု ကျန်ရစ်ခဲ့တာလား မသိဘူး။’
လေလင်၏ မျက်ခုံးများ တွန့်လိုက်၏။
အေအိုင်စနစ်၏ လုပ်ဆောင်နိုင်စွမ်းက အလွန်ပင် အစွမ်းထက်လှသည်။
ရှေးဟောင်းမှော်ဆေးရည် ဖြစ်သည့် မာရီရဲ့မျက်ရည်ကို စိတ်ဖြာဆန်းစစ်မှုက ၇၈ ရာခိုင်နှုန်းတွင် တန့်နေခြင်းက လေလင်ကို တော်တော်လေး အံ့အားသင့်စေသည်။
‘ပါမောက္ခ ကရော့ဖ် ငါ့ကို ပေးခဲ့တဲ့ ဒီမှော်ဆေးနည်းတွေက မှန်ကန်သင့်တာ။ အကယ်၍ အေအိုင်စနစ်က ဒီလောက်အချိန်အထိ စိတ်ဖြာဆန်းစစ်လို့ မရသေးဘူးဆိုရင်တော့ ဒါက အချက်အလက်သိုလှောင်မှုရဲ့ ဘောင်ထက် ကျော်လွန်နေတဲ့ ခက်ခဲတဲ့ မေးခွန်းတစ်ခုခုနဲ့ ကြုံတွေ့နေရတာ ဖြစ်ရမယ်…… မာရီရဲ့မျက်ရည်။ မျက်ရည် ဟုတ်လား၊’ လေလင် ခန့်မှန်းလိုက်မိသည်။
‘ဒါက…… ဒီရှေးဟောင်းမှော်ဆေးနည်းက ဝိညာဉ်တစ်ခုခုနဲ့ ဆက်စပ်မှု ရှိနေတာလား မသိဘူး။’
ဘာပဲဖြစ်ဖြစ် ဒီမှော်ဆေးရည်ရဲ့ နာမည်ကို ကြားရရုံနဲ့တင် လူတစ်ယောက်အနေနဲ့ ဆိုးရွားလှတဲ့ ဖြစ်ရပ်တစ်ခုခုကို အလွယ်တကူ ဆက်စပ်တွေးတောမိနိုင်ပေသည်။
လိုဝီယန်၏ မှော်ကျမ်းအတွက်ကတော့ တိုးတက်မှုက တော်တော်လေး ကောင်းမွန်လှ၏။
၎င်းကို ဖန်တီးခဲ့သူက လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် အလွန် ရှုပ်ထွေးလှသည့် ကုဒ်သင်္ကေတများကို အသုံးပြုထားစေကာမူ အေအိုင်စနစ်ကတော့ ထိုသို့သော ရှုပ်ထွေးလှသည့် တွက်ချက်မှုများကို လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။
လေလင်သည် ယခင်က ဘာသာပြန်ပြီးသား အစိတ်အပိုင်းများကို ဖတ်ရှုခြင်းအားဖြင့် ဒီစာလိပ်၏ ယေဘုယျ အကြောင်းအရာကို အကြမ်းဖျင်း သိရှိထားပြီးသား ဖြစ်သည်။
‘နှမြောစရာ ကောင်းတာကတော့ ဒီအရာက မဆိုးဘူးဆိုပေမဲ့ ငါ အဆင့် ၃ အလုပ်သင် ဖြစ်လာတဲ့ အခါကျမှသာ ဒါကို အသုံးချနိုင်မှာ ဖြစ်တယ်၊’
လေလင် ခေါင်းခါယမ်းလိုက်ပြီး စိတ်အာရုံကို နှောင့်ယှက်နေသည့် အတွေးများကို ဖယ်ရှားပစ်လိုက်၏။
ရုတ်တရက်ပဲ မြင်းလှည်းက ရပ်တန့်သွားခဲ့သည်။
လေလင် မျက်ခုံးများ တွန့်လိုက်ရင်း - “တစ်ခုခု ဖြစ်လို့လား” ဟု မေးလိုက်သည်။
“သခင်လေး စိတ်အေးအေးထားပါ၊ လမ်းပိတ်နေတဲ့ ဓားပြတစ်စုတင်ပါ၊ ဖရေဇာ သွားရောက် ရှင်းလင်းနေပါတယ်၊”
ဂရင်မ်၏ အသံက သစ်သားနံရံကို ဖြတ်၍ ထွက်ပေါ်လာ၏။
မျှော်လင့်ထားသည့်အတိုင်းပင် ခဏအကြာတွင်တော့ စကားပြောဆိုမှု မအောင်မြင်ခဲ့ပုံရကာ လက်နက်မျိုးစုံ ထိခိုက်မိသည့် အသံများကို ကြားလိုက်ရသည်။
ဆဲဆိုသံအချို့နှင့် အဆက်မပြတ် အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာပြီးနောက် ဖရေဇာ၏ “ရှင်းလင်းပြီးပါပြီ၊” ဆိုသည့် အသံကို ကြားလိုက်ရသဖြင့် မြင်းလှည်းသည် ခရီးစဉ်ကို ဆက်လက် စတင်တော့သည်။
ဒီလို အဆုံးသတ်မျိုးက လေလင်ကို အလွန်ပင် စိတ်ကျေနပ်မှု ရရှိစေ၏။
သူ စစ်သည်တော် နှစ်ယောက်နှင့် အစေခံမိန်းကလေးတစ်ယောက်ကို ဝယ်ယူခဲ့ရသည့် အကြောင်းရင်းကတော့ သာမန်ကိစ္စအဝဝကို သူတို့က တာဝန်ယူ ရှင်းလင်းပေးမှာ ဖြစ်ပြီး သူ့အနေနဲ့ မန္တန်များကို သုတေသနပြုရန်နှင့် စမ်းသပ်မှုများကို ပိုမိုလုပ်ဆောင်ရန်အတွက် အချိန်ပိုမို ရရှိစေရန် ဖြစ်သည်။
လမ်းခရီးတစ်လျှောက်က ဒီလိုကိစ္စတွေက သာမန်အရာများသာ ဖြစ်၏။ လေလင်၏ စိတ်ထဲတွင် လူမြောက်မြားစွာ ပါဝင်လုပ်ဆောင်ရမည့် အစီအစဉ်တစ်ခု၏ အကြမ်းဖျင်း ပုံစံ ရှိနေပြီး ထိုလူ သုံးယောက်ကတော့ ၎င်း၏ အဓိက အနှစ်သာရ ဖြစ်လာပေလိမ့်မည်။
“သခင်…… သခင်လေး၊” သူ့အနောက်တွင် ရှိနေသော အန်နာဆီကနေ တိုးညင်းသော အသက်ရှူသံ ထွက်ပေါ်လာသည်။
ထိုအချိန်ကျမှသာ လေလင်သည် သူ့လက်က လျှောကျသွားမှန်း သတိထားမိလိုက်၏။ သူ စဉ်းစားခန်း ဝင်နေစဉ်အတွင်း သူ့လက်က မသိစိတ်ကနေ အန်နာ၏ လျှို့ဝှက်အပ်သော အစိတ်အပိုင်းကို ထိတွေ့မိသွားခြင်း ဖြစ်သည်။
(ဘာသာပြန်သူမှတ်ချက်-မူရင်းenglisgမှာလဲ ဒီလိုပဲ့ပြန်ထားတယ် တမင်ရေးထားတာမဟုတ်ဘူးနော်)
လေလင် ပြုံးလိုက်ပြီး သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်၏။
အန်နာ၏ မျက်နှာက ရှက်သွေးဖြာနေဆဲ ဖြစ်သည်ကို မြင်တွေ့ရသဖြင့် သူက “အခု သခင်လေးက တစ်ခုခုကို စဉ်းစားနေလို့ပါ၊ ဒီညကျမှ မင်းနဲ့ ကစားဖို့ အချိန်ရလိမ့်မယ်……” ဟု ဆိုလိုက်သည်။
ဒီလို ရင်းနှီးလှတဲ့ စကားလုံးများကြောင့် အန်နာသည် အနည်းငယ် ရှက်ရွံ့သွားကာ ခေါင်းလေး ငုံ့ထားရှာ၏။
သူ့အရှေ့တည့်တည့်က ဆွဲဆောင်မှုကို မမြင်ချင်ယောင်ဆောင်လိုက်ရင်း သူက “အေအိုင်စနစ် အပြည့်အစုံ သုတေသနလုပ်ပြီးသား အပြာနုရောင်မှော်ဆေးနည်းကို ပို့စမ်း။” ဟု အမိန့်ပေးလိုက်သည်။
လေလင်သည် ပျော်ပါးခြင်းနှင့် သုတေသနပြုခြင်းကြားတွင် အမြဲတမ်း စည်းခြားထားလေ့ ရှိသည်။
အရေးအကြီးဆုံး အချိန်တွင် သူသည် လိမ္မာပါးနပ်မှုကို လုံးဝ ပျောက်ကွယ်သွားစေပြီး တိုးတက်လိုစိတ်ကို အပျက်ခံမည် မဟုတ်ပေ။
……
လေလင် မျက်လုံးနှစ်လုံးလုံးကို မှိတ်လိုက်သည်ကို မြင်တွေ့ရသောအခါ အန်နာ၏ မျက်လုံးများက မှေးမှိန်သွားခဲ့ရသည်။
ထို့နောက် သူမသည် သူမ၏ အဝတ်အစားများကို မူလအတိုင်း သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လည်ပြင်ဆင်လိုက်ပြီး လေလင် ပိုမို သက်တောင့်သက်သာ အနားယူနိုင်စေရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို အစွမ်းကုန် ညှိနှိုင်းပေးလိုက်တော့သည်။
ခဏမျှသာ ကြာလိုက်သလိုမျိုးနှင့် ညချမ်းအချိန်သို့ ရောက်ရှိလာခဲ့၏။
လေလင်သည် စိတ်အာရုံစူးစိုက်မှု ပြုလုပ်ပြီးနောက် သတိပြန်လည်လာခဲ့သည်။
“သခင်လေး ဒီနေရာကနေ မလှမ်းမကမ်းမှာ မြို့တစ်မြို့ ရှိပါတယ်၊” ဂရင်း၏ အသံက ထွက်ပေါ်လာ၏။
“ငါတို့ အခု ဘယ်နေရာကို ရောက်နေပြီလဲ။”
“မြေပုံပေါ်က အမှတ်အသားတွေအရဆိုရင် ကျွန်တော်တို့ အရှေ့တောအုပ် ပြည်နယ်ထဲကို ဝင်ရောက်နေပါပြီ။ ဒါကတော့ ပြည်နယ်နယ်စပ်မှာ တည်ရှိတဲ့ ရိုရန်မြို့ ပါခင်ဗျာ။”
ပစ္စည်းများကို ရှာဖွေနေသည့် အသံများနှင့်အတူ ဖရေဇာက လှမ်းပြောလိုက်ခြင်း ဖြစ်၏။
“ရိုရန်မြို့ ကို၊” လေလင် တစ်ဦးတည်း ရေရွတ်လိုက်မိပြီး အေအိုင်စနစ်ထဲတွင် သိမ်းဆည်းထားသည့် မြေပုံကို ကြည့်လိုက်သည်။
ဖျော့တော့သော အပြာရောင် မြေပုံထက်တွင် အနီရောင်မျဉ်းကြောင်းတစ်ခုက မြို့မြောက်မြားစွာနှင့် ချိတ်ဆက်နေ၏။
ရိုရန်မြို့သည် အစွန်းရောက်ညမြို့တော်၏ အနောက်ဘက်တွင် တည်ရှိပြီး ရက်အနည်းငယ်ခန့်သာ ခရီးနှင်ရတော့မည် ဖြစ်သည်။
‘ခရီးသွားခဲ့တာ နာရီဝက်ခန့် ကြာပြီးနောက်မှာတော့ နောက်ဆုံးတော့ ရောက်ရှိတော့မှာပဲ ကို၊’
လေလင် အနည်းငယ် သက်ပြင်းချလိုက်မိသည်။
သူ အရင်က ဒီနေရာကို ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းကတော့ အက်ဗ်ဆယ် ဘုန်းသစ်တော အကယ်ဒမီနှင့် ဝေးကွာလွန်းသဖြင့် ထိုနေရာတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ၏ သက်ရောက်မှုကို ခံရမည် မဟုတ်ခြင်းကြောင့် ဖြစ်၏။
အခြားသော စဉ်းစားချက်တစ်ခုကတော့ ကျောင်းတော်နှင့် ဝေးကွာမှသာ သူသည် တားမြစ်ထားသည့် စမ်းသပ်မှုအချို့ကို လုပ်ဆောင်နိုင်မှာ ဖြစ်ခြင်းကြောင့် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူ့ခန္ဓာကိုယ်ထဲတွင် အေအိုင်စနစ် ရှိနေသလို စမ်းသပ်မှု မြောက်မြားစွာ၏ လုပ်ငန်းစဉ်ကလည်း တော်တော်လေး ထူးဆန်းလှသည်။
အကယ်၍ သူသာ ကျောင်းတော်တွင် စမ်းသပ်မှုများ ပြုလုပ်ပြီး အကြွင်းအကျန်များ သို့မဟုတ် အမှိုက်များကို စွန့်ပစ်မည်ဆိုပါက ရိပ်မိသွားနိုင်ခြေက မလွဲဧကန် ဖြစ်၏။
သို့သော်လည်း လေလင်သည် ထွက်ခွာလာခဲ့ကတည်းက ချုပ်ချယ်မှု ကင်းမဲ့နေသလို ခံစားရပြီး လှောင်အိမ်ထဲက ရုန်းထွက်ကာ ကောင်းကင်ယံသို့ ပျံသန်းသွားသည့် ငှက်ငယ်တစ်ကောင်လိုပင် ဖြစ်နေတော့သည်။
လေလင် မြင်းလှည်းတံခါးကို ဖွင့်လိုက်ရာ အေးစက်သော လေပြင်းတစ်ခု တိုက်ခတ်ဝင်ရောက်လာခဲ့၏။
“လွတ်လပ်မှုရဲ့ ခံစားချက်ပဲ”
လေလင်သည် အနည်းငယ် ခြောက်ကပ်နေပုံရသည့် မြို့ကြီးနှင့် အနီးနားရှိ လယ်သမားများကို ကြည့်လိုက်ရင်း မသိစိတ်ကနေ ပြုံးလိုက်မိသည်။
“ပထမဆုံး ငါတို့ တည်းခိုဖို့ နေရာတစ်ခု ရှာကြစို့၊ မနက်ဖြန်မနက်ကျမှ ခရီးဆက်ကြမယ်။”
လေလင်က အမိန့်ပေးလိုက်၏။ တောရိုင်းထဲတွင်ဆိုလျှင် မြင်းလှည်းထဲ၌ဖြစ်စေ သို့မဟုတ် တဲထဲ၌ဖြစ်စေ နေထိုင်ရမှာ သဘာဝကျသော်လည်း ယခုအခါတွင်မူ လူသားများ နေထိုင်ရာ အရပ်သို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် လေလင်သည် မိမိကိုယ်ကို ထိုသို့သော အခွင့်အရေးမျိုးမှ အဆုံးရှုံးမခံလိုပေ။
အနက်ရောင် မြင်းလှည်းသည် အစောင့်များ၏ ရိုသေသော အကြည့်များအောက်တွင် မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။
အရှေ့တောအုပ် ပြည်နယ်က လူများအတွက်မူ မြင်းလှည်းတစ်စီး၊ အစောင့်များနှင့် အစေခံမိန်းကလေးတစ်ယောက် ရှိနေခြင်းက လေလင်ကို အားလပ်နေသည့် မှူးမတ်မျိုးနွယ်တစ်ယောက်အဆင့်အထိ မြှင့်တင်ပေးလိုက်သလိုပင် ဖြစ်၏။
အမှန်တော့ လေလင်သည် တကယ့်ကို မှူးမတ်မျိုးနွယ်စုဝင်တစ်ဦး ဖြစ်သည်။ သို့သော်လည်း ၎င်းက ဒီကုန်းမြေကြီးက မှူးမတ်မျိုးနွယ်တော့ မဟုတ်ပေ။
လေလင်သည် ချာနိုဘိုင်း ကျွန်းစု က မြို့စားကြီးဘွဲ့ကို ဒီနေရာတွင် သုံးရန် ဘယ်တုန်းကမှ မစဉ်းစားခဲ့ပေ။
သို့သော်လည်း မှူးမတ်တစ်ယောက်၏ အဆင့်အတန်းက ပြဿနာများကို များစွာ လျော့နည်းစေနိုင်သည်မှာ အမှန်ပင် ဖြစ်၏။
ဒေသတွင်း တည်းခိုခန်းတစ်ခုတွင် နေရာရှာပြီးနောက် လေလင်သည် အစေခံတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
“ဒီမြို့မှာ လူတွေကို ဘယ်နေရာကနေ ငှားရမ်းလို့ရလဲဆိုတာ မင်း သိလား၊” လေလင် သူ့လက်ထဲက ရွှေဒင်္ဂါးပြားတစ်ပြားကို လှည့်ကစားရင်း မေးလိုက်၏။
လေလင်၏ အနောက်က အန်နာကို ကြည့်လိုက်ပြီးနောက် လေလင်၏ လက်ထဲက ရွှေဒင်္ဂါးပြားကို စူးစိုက်ကြည့်နေသည့် အစေခံသည် တံတွေးတစ်ချက်ကို မြိုချလိုက်မိခြင်း မရှိဘဲ မနေနိုင်တော့ပေ။
“အလေးအမြတ်ထားရတဲ့ သခင်ကြီး။ အကယ်၍ သခင်ကြီးက အစေခံတွေ လိုချင်တယ်ဆိုရင်တော့ မြို့စားမင်း စံအိမ်ရဲ့ ဘေးနားမှာ ရှိတဲ့ အလုပ်သမား ငှားရမ်းတဲ့ ဈေးကွက်က အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ အဲဒီနေရာမှာ သခင်ကြီးအနေနဲ့ သန်မာတဲ့ စစ်သည်တော်တွေ၊ ကျွမ်းကျင်တဲ့ အိမ်ထိန်းတွေ၊ ဒါတင်မကသေးဘဲ အမျိုးမျိုးသော အစေခံ မိန်းကလေးတွေနဲ့ မြင်းဇောင်းထိန်းတွေကိုပါ ငှားရမ်းနိုင်ပါတယ်ခင်ဗျာ……”
“ကောင်းပြီ။ မနက်ဖြန် ငါ့ကို အဲဒီကို ခေါ်သွားပေး၊ အဲဒီအခါကျရင် ဒီရွှေဒင်္ဂါးက မင်းအတွက် ဖြစ်လာလိမ့်မယ်၊”
လေလင် ပြုံးလိုက်သည်။
ဒီတစ်ကြိမ်တွင် သူသည် အစွန်းရောက်ည မြို့တော်၌ ရေရှည် နေထိုင်သွားမှာ ဖြစ်၏။ လေလင်သည် သဘာဝကျကျပင် ငြိမ်းချမ်းပြီး တိတ်ဆိတ်မှုကို လိုလားသည်။
သူ့အမိန့်ကို နာခံမည့်သူများ လိုအပ်လှပေရာ သူတစ်ပါး၏ ထိန်းချုပ်မှုကို မခံလိုသဖြင့် သူသည် မိမိ၏ ကိုယ်ပိုင်အရှိန်အဝါကို တည်ဆောက်ရန်အတွက် ရှောင်ရှားနိုင်မည် မဟုတ်ပေ။
အန်နာနှင့် စစ်သည်တော် နှစ်ယောက်ကို သူ၏ အဓိက လက်အောက်ခံများအဖြစ် ထားရှိပြီး ရိုရန်မြို့မှ နောက်ထပ် အချို့ကို ငှားရမ်းလိုက်မည်ဆိုပါက သူ၏ အသိုင်းအဝိုင်းက တော်တော်လေး ပြည့်စုံသွားပေလိမ့်မည်။
သူသည် အစွန်းရောက်ည မြို့တော်တွင် လူ မြောက်မြားစွာကို ငှားရမ်းနိုင်စေကာမူ ထိုလူများထဲတွင် သေချာပေါက် သူလျှိုများ ပါဝင်လာနိုင်ခြေ ရှိသည်။
ရိုရန်မြို့အတွက်မူ ထိုအရာကို မရှောင်ရှားနိုင်စေကာမူ အရေအတွက်နှင့် သက်ရောက်မှုများကို အနည်းဆုံးအထိ လျှော့ချနိုင်ခြင်းက ကောင်းမွန်လှပေသည်။
ညစာကတော့ ဟင်းသီးဟင်းရွက် စွပ်ပြုတ်နှင့် ပေါင်မုန့်အဖြူ ဖြစ်၏။ ဆိုင်ပိုင်ရှင်က လေလင်ကို ပြုစုရန်အတွက် အကောင်းဆုံးအရာများကို ထုတ်ပေးထားစေကာမူ ကျောင်းတော်၏ စားသောက်ဆိုင်နှင့် နှိုင်းယှဉ်လျှင်တော့ အနည်းငယ် လိုအပ်ချက် ရှိနေသေးသည်။
လေလင် စားသောက်နေစဉ်အတွင်း ဆိုင်ထဲက ဖောက်သည် မြောက်မြားစွာသည် ထောင့်တစ်နေရာတွင် ပုန်းကွယ်နေကြ၏။
သူတို့က မီးခိုးရောင် သို့မဟုတ် ညိုဝါရောင် ကြမ်းတမ်းတဲ့ ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ အကြည့်များတွင်တော့ ရိုသေမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေကြသည်။
သူ့ဘေးပတ်ပတ်လည်က ဆိတ်ငြိမ်နေသည့် နေရာလွတ်ကို ကြည့်ရင်း လေလင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။