အခန်း ၅၃ - လက်အောက်ခံများ
လေလင်သည် ဒီလန်ရဲ့ အနောက်ကနေ လိုက်လာရင်း အဖြူရောင် တဲကြီးတစ်တဲထဲ ဝင်ခဲ့၏။
အတွင်းထဲမှာတော့ အမွှေးတိုင်နံ့တွေ ပျံ့လွင့်နေပြီး ကျွန်တွေဆီက ထွက်တဲ့ ချွေးညှော်နံ့နဲ့ အညစ်အကြေးနံ့တွေကို ဖုံးကွယ်ထားပေးသဖြင့် အပြင်က လေထုထက်စာရင်တော့ တော်တော်လေး အခြေအနေ ကောင်းမွန်လှသည်။
ဒီနေရာက ကျွန်တွေကတော့ သူတို့ရဲ့ လျှို့ဝှက်အပ်တဲ့ အစိတ်အပိုင်းတွေကို ကာကွယ်နိုင်မယ့် အဝတ်အစားပါးလေးတွေ ဝတ်ဆင်ထားခွင့် ရကြ၏။
ဒီလန်က ကြွက်သားအမြောင်းမြောင်းနဲ့ သန်မာလှတဲ့ လူအချို့ ရှိရာဆီ လေလင်ကို ခေါ်သွားပြီး “သူတို့အားလုံးက စစ်သည်တော်တစ်ယောက်ကိုယ်တိုင် မွေးမြူပြီး သင်ကြားပေးထားတာဗျ။ ဘယ်လိုလဲ... ဆရာ့ရဲ့ လိုအပ်ချက်နဲ့ သေချာပေါက် ကိုက်ညီမှု ရှိစေရမယ်လို့ ငါ ရဲရဲကြီး အာမခံတယ်” ဟု ဆိုလိုက်သည်။
လေလင် ခေါင်းညိတ်လိုက်ပြီး ထိပ်ပြောင်ပြောင်နဲ့ လူကောင်ကြီးကြီး စစ်သည်တော်တစ်ယောက်ဆီ လျှောက်သွားကာ ‘အေအိုင်စနစ်။ သူ့ရဲ့ အချက်အလက်တွေကို စကင်ဖတ်စမ်း။’
[အေအိုင်စနစ် - ပစ်မှတ်၏ အချက်အလက်များ
ခွန်အား - ၃.၁၊
သွက်လက်မှု - ၂.၈၊
အသက်စွမ်းအား - ၂.၉၊
စိတ်ဝိညာဉ်စွမ်းအား - ၁.၅။
အခြေအနေ - အာရုံကြောအဆိပ်သင့်မှု ခံထားရသည်။]
ကျန်တဲ့ စစ်သည်တော်အဆင့် ကျွန်တွေရဲ့ အချက်အလက်တွေကလည်း သိပ်ပြီး ကွာခြားမှု မရှိလှ။
လေလင် သေသေချာချာ ကြည့်လိုက်တော့ သူတို့ရဲ့ သူငယ်အိမ်တွေက ကျယ်နေပြီး စိတ်ဓာတ်တွေ ကျဆင်းနေတာကို သတိထားမိလိုက်သည်။
“ဒီစစ်သည်တော်တွေရဲ့ စိတ်ပိုင်းဆိုင်ရာက တစ်ခုခုရဲ့ ထိခိုက်မှုကို ခံထားရတဲ့ ပုံစံမျိုး ရှိနေတယ်……”
ဒီလန်က အလျင်အမြန်ပဲ အားနာသလို ပြုံးလိုက်ရင်း “စစ်သည်တော်တွေရဲ့ ခုခံနိုင်စွမ်းက သာမန်လူတွေထက် အမြဲတမ်း မြင့်မားတာကြောင့် ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် သူတို့ရဲ့ အသိစိတ်ကို သာမန်အတိုင်း ထိန်းချုပ်ဖို့ မလွယ်ဘူးဗျ။ ဒါကြောင့် သူတို့ကို အမြဲတမ်း ဦးနှောက်ဆေးပြီး ခန္ဓာကိုယ်ကို နှိပ်စက်ထားရတာ။ ဒါ့အပြင် အဆိပ်ဆေးတွေနဲ့ ထိန်းချုပ်ပြီး အဆင့်မြင့် အစေခံတွေအဖြစ် ပြောင်းလဲထားတာ ဖြစ်လို့ သာမန်စစ်သည်တော်တွေလို ချက်ချာ မရှိလှပေမဲ့ ရိုးရှင်းတဲ့ အမိန့်တွေကိုတော့ ကောင်းကောင်း နားလည်နိုင်ပါတယ်၊” ဟု ရှင်းပြ၏။
အသိစိတ်ထဲမှာ တံဆိပ်ခတ်ပြီး ထိန်းချုပ်တဲ့ နည်းလမ်းကတော့ တရားဝင် မှော်ဆရာတွေ သူတို့ရဲ့ အစေခံတွေကို ထိန်းချုပ်တဲ့နေရာမှာ သုံးလေ့ ရှိကြသော်လည်း အလုပ်သင်တွေ သုံးဖို့အတွက်ကတော့ အနည်းငယ် ထိရောက်မှု မရှိလှပေ။
ဒီလန်ကတော့ လေလင်ရဲ့ စွမ်းအားကို အကဲခတ်မိတာကြောင့် ဒီကျွန်အစုအဝေးကို လှမ်းပြခဲ့ခြင်း ဖြစ်၏။
“မဆိုးပါဘူး ဈေးနှုန်းက ဘယ်လောက်လဲ၊”
လေလင် မေးလိုက်သည်။
“တစ်ယောက်ကို မှော်ကျောက်တုံး ၁၀၀ ပါခင်ဗျာ၊” ဒီလန်က ပြန်ဖြေ၏။
လေလင် ခေါင်းညိတ်လိုက်ပြီး အချက်အလက် အကောင်းဆုံး စစ်သည်တော် နှစ်ယောက်ကို ရွေးချယ်လိုက်သည်။
မှော်ကျောက်တုံးတွေ ပေးချေပြီးနောက်မှာတော့ သူက ဒီလန်ဆီကနေ ကင်းမြီးကောက်နဲ့ တူတဲ့ သက်ရှိတစ်ခု ထည့်ထားတဲ့ သေတ္တာလေးကို ရရှိခဲ့၏။
“ဒီသဲကန္တာရ ကင်းမြီးကောက်ရဲ့ အဆိပ်လက်တံမှာ ထူးခြားတဲ့ အဆိပ် ရှိတယ်။ ကျွန်နှစ်ယောက်လုံးကို ဒီအဆိပ်နဲ့ ထိန်းချုပ်ထားတာ။ အကယ်၍ သူတို့က ၁၀ ရက်အတွင်း ဒီကင်းမြီးကောက်ဆီက ထွက်တဲ့ အဆိပ်ဖြေဆေးကို မသောက်ရဘူးဆိုရင် ရက်ရက်စက်စက် သေဆုံးသွားလိမ့်မယ်။ သေချာတာပေါ့... ဒါက သူတို့ကို ထိန်းချုပ်ဖို့ နောက်ဆုံးနည်းလမ်း အနေနဲ့ပဲ သုံးသင့်တာ။ ဘာလို့လဲဆိုတော့ သူတို့ သင်တန်းတက်နေတုန်းက သခင်ဖြစ်သူရဲ့ အမိန့်ကို နာခံဖို့ ဦးနှောက်ဆေး ခံထားရပြီးသားမို့လို့ပါ။ အခုတော့ ဒီစစ်သည်တော် နှစ်ယောက်ရဲ့ အသက်က ဆရာလက်ထဲမှာ ရှိနေပြီ၊”
ဒီလန်က ကင်းမြီးကောက် ပါတဲ့ သေတ္တာလေးကို ရိုသေစွာ လှမ်းပေးလိုက်သည်။
လေလင် ခေါင်းညိတ်ပြီး သေတ္တာလေးကို သိမ်းလိုက်ကာ “ပြီးတော့ ငါ့အတွက် အစေခံ မိန်းကလေးတစ်ယောက်လည်း လိုချင်သေးတယ်။ စမ်းသပ်မှုတွေ လုပ်တဲ့အခါ လက်ထောက်အဖြစ် ကူညီပေးနိုင်မယ့်သူမျိုး ဖြစ်ရမယ်……”
လေလင် မှော်ဈေးထဲကနေ ထွက်လာတဲ့ အချိန်မှာတော့ သူ့အနောက်မှာ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားတဲ့ စစ်သည်တော် နှစ်ယောက်နဲ့ နုပျိုချောမောလှတဲ့ အစေခံ မိန်းကလေးတစ်ယောက် လိုက်ပါလာကြ၏။
မိန်းကလေးရဲ့ မျက်လုံးတွေက ကြည်လင်နေပြီး အနက်ရောင် ဂွမ်းဝတ်စုံလေးကို ဝတ်ဆင်ထားသည်။
ဒီလန်ရဲ့ ပြောကြားချက်အရ ဒီမိန်းကလေးက ငယ်စဉ်ကတည်းက ပြင်းထန်တဲ့ သင်တန်းတွေကို တက်ရောက်ခဲ့ရတာ ဖြစ်ပြီး ရိုးရှင်းတဲ့ စမ်းသပ်မှုတွေမှာ လက်ထောက်အဖြစ် ကူညီပေးဖို့အတွက် လုံလောက်လှပေသည်။
သူမက လေလင်ရဲ့ လိုအပ်ချက်နဲ့ တော်တော်လေး ကိုက်ညီလှ၏။ ဒါ့အပြင် သူမက မှော်ဆရာတွေဆီက ထွက်တဲ့ စွမ်းအင်တွေကို ခုခံနိုင်ဖို့အတွက် မန္ဒာရပန်းရဲ့ အဆီအနှစ်ကို သောက်သုံးထားတာကြောင့် အမြဲတမ်း နုပျိုနေပုံရသည်။
ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကတော့ သူမရဲ့ သက်တမ်းက နှစ်ပေါင်း ၃၀ အထိပဲ တိုတောင်းသွားခဲ့ရခြင်း ဖြစ်၏။
‘အယ်လီနယ်မှော်ဈေးက ဒီအဆင့်ကို တော်တော်လေး ကောင်းကောင်း ပြင်ဆင်ထားတာပဲ။ ငါတို့ စိတ်ကြိုက် ထွက်ပေါက်ကို ရွေးချယ်လို့ ရတာပဲ။ ဒါပေမဲ့ ဒါက အဆင့်မြင့် ဖောက်သည်တွေပဲ ရနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ရမယ်။’
လေလင်နဲ့ သူ့ရဲ့ လက်အောက်ခံတွေနဲ့အတူ ပေါ်လာတဲ့ အချိန်မှာတော့ သူတို့က ရွာလေးမှာ ရှိမနေတော့ဘဲ မြို့တစ်မြို့ရဲ့ အပြင်ဘက် တံတိုင်းနားကို ရောက်ရှိနေကြပြီ ဖြစ်၏။
ဒါကတော့ အယ်လီနယ်မှော်ဈေးက ပေးတဲ့ အဆင့်မြင့် ဝန်ဆောင်မှု ဖြစ်ပြီး ဈေးနှုန်းကတော့ ပေးခဲ့ရသည်။
ဒါပေမဲ့ ဒီအရာက သူ့အတွက် ပြဿနာ မြောက်မြားစွာကို ရှောင်ရှားနိုင်စေတာကြောင့် လက်ရှိအချိန်မှာ စွမ်းအား သိပ်မရှိသေးတဲ့ လေလင်အတွက်တော့ တန်ဖိုးရှိလှပေသည်။
“သခင်ကြီး” စစ်သည်တော်တွေနဲ့ အစေခံ မိန်းကလေးက ဒူးထောက် အရိုအသေပေးလိုက်ကြ၏။
“အင်း... မင်းတို့မှာ နာမည်တွေ ရှိကြလား၊”
လေလင် ပေါ့ပေါ့ပါးပါးပဲ ခေါင်းညိတ်ရင်း မေးလိုက်သည်။
စစ်သည်တော် နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရဲ့ မျက်လုံးတွေက ညှိုးငယ်သွားကာ “မရှိပါဘူး၊ ကျေးဇူးပြုပြီး သခင်ကြီးကပဲ နာမည်ပေးပါ၊” ဟု ဆိုကြ၏။ မိန်းကလေးကလည်း ခေါင်းခါယမ်းလိုက်တာကြောင့် တကယ်ပဲ သနားစရာ ကောင်းလှသည်။
“မင်းနာမည်က ဂရင်း ၊” လေလင်က လူကောင်ကြီးကြီး စစ်သည်တော်ကို ညွှန်ပြလိုက်ပြီး “မင်းနာမည်ကတော့ ဖရေဇာ ဖြစ်ရမယ်၊” ဟု အခြားတစ်ယောက်ကို နာမည်ပေးလိုက်၏။
“မင်းကတော့...” လေလင်က ချောမောလှတဲ့ အစေခံ မိန်းကလေးကို ကြည့်လိုက်ပြီး “အန်နာ လို့ ခေါ်ရင် အဆင်ပြေမှာပါ၊” ဟု ဆိုလိုက်သည်။
“ကျွန်တော်တို့ကို နာမည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး၊ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ သစ္စာရှိရှိ မှတ်သားထားပါ့မယ်၊”
လက်အောက်ခံ သုံးယောက်လုံး မြေပြင်ပေါ် ဒူးထောက်ပြီး လေလင်ရဲ့ ဖိနပ်ကို နမ်းရှိုက်ကြ၏။
“ကောင်းပြီ”
လေလင် လက်ဝှေ့ယမ်းပြပြီး သူတို့ကို ထခိုင်းလိုက်ကာ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။
ဒီနေရာက တောအုပ်ငယ်တစ်ခု ဖြစ်ပုံရပြီး အရှေ့ဘက်မှာတော့ ကြီးမားတဲ့ မြို့ကြီးတစ်မြို့ရဲ့ ပုံရိပ်ကို လှမ်းမြင်နေရသည်။
၎င်းက သူ အရင်က ရောက်ခဲ့တဲ့ မြို့ထက် အနည်းဆုံး ဆယ်ဆခန့် ပိုမို ကြီးမားလှ၏။ မြို့အဝင်ဝမှာတော့ မြင်းလှည်းတွေနဲ့ ကုန်လှည်းတွေ အဆက်မပြတ် ဝင်ထွက်သွားလာနေကြတာကြောင့် တော်တော်လေး စည်ကားလှပုံရသည်။
“ဂရင်း မြို့ထဲသွားပြီး မြင်းလှည်းတစ်စီး သွားဝယ်လိုက်၊ ငါ ဒီနေရာကနေ စောင့်နေမယ်၊”
လေလင်က အနက်ရောင် ပိုက်ဆံအိတ်ကို လူကောင်ကြီးကြီး စစ်သည်တော်ဆီ လှမ်းပစ်ပေးလိုက်သည်။
“ဒါ့အပြင် ငါတို့ ခရီးသွားရင် သုံးဖို့ ကုန်ပစ္စည်းအချို့နဲ့ အဝတ်အစားအချို့ကိုပါ တစ်ခါတည်း ဝယ်ခဲ့၊” လေလင် ညွှန်ကြားလိုက်၏။
သူ့ရဲ့ မှော်စာအုပ် သေတ္တာကို ဖျက်ဆီးပစ်ခဲ့ပြီး မှော်ဆေးရည်အားလုံးကို ရောင်းချခဲ့ပြီးကတည်းက သူ့မှာ ကျန်ရှိတဲ့ ပိုင်ဆိုင်မှုက စုစုပေါင်း မှော်ကျောက်တုံး ၃၀၀၀ ကျော်ပဲ ရှိတော့သည်။
သူ့ရဲ့ ခရီးဆောင်အိတ်ကလည်း ထက်ဝက်ကျော် လျော့နည်းသွားတာကြောင့် လွယ်အိတ်တစ်အိတ်ထဲနဲ့တင် အကုန်ဆံ့လှ၏။
သူ အရင်က သုံးခဲ့တဲ့ စခန်းချ ပစ္စည်းတွေကိုတော့ ပြန်သွားယူရမယ့် ဒုက္ခကို ရှောင်ရှားနိုင်ဖို့အတွက် မှော်ဈေးကို မလာခင်ကတည်းက ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။
“ဟုတ်ကဲ့ပါ သခင်ကြီး”
ဂရင်မ်က ပိုက်ဆံအိတ်ကို ယူပြီး အနည်းငယ် ဦးညွှတ်နှုတ်ဆက်ကာ ထွက်ခွာဖို့ ပြင်လိုက်၏။
“ပြီးတော့... နောက်ပိုင်းကျရင် ငါ့ကို သခင်ကြီးလို့ မခေါ်နဲ့တော့၊ သခင်လေး လို့ပဲ ခေါ်ရင် ရပြီ၊”
လေလင် သူ့ရဲ့ နုပျိုတဲ့ မျက်နှာကို ထိတွေ့လိုက်မိရင်း အနည်းငယ် စိတ်ရှုပ်သွားရသည်။
“ဟုတ်ကဲ့ သခင်လေး” သူတို့ သုံးယောက်လုံး မြေပြင်ပေါ် ဒူးထောက်လိုက်ကြပြန်၏။
ဂရင်း ထွက်ခွာသွားတဲ့ ပုံရိပ်ကို ကြည့်ရင်း လေလင်က ရုတ်တရက် ဖရေဇာဘက်ကို လှည့်ပြီး “မင်း ကျွန်မဖြစ်ခင်တုန်းက အချိန်တွေအကြောင်းကို တစ်ခုခု မှတ်မိသေးလား၊” ဟု မေးလိုက်သည်။
ဖရေဇာမှာ ဆံပင်ညိုရောင်နဲ့ မျက်လုံးပြာပြာ ရှိပြီး သူ့ခန္ဓာကိုယ်ပေါ်မှာတော့ ဒဏ်ရာဗရပွ ရှိနေသည်။
ဒါ့အပြင် သူ့ရဲ့ အသက်ကို အတိအကျ မခန့်မှန်းနိုင်စေကာမူ သူကတော့ အတွေ့အကြုံ မြောက်မြားစွာနဲ့ ဒုက္ခတွေကို ခံစားခဲ့ရပုံရ၏။
“ကျွန်တော် ဘာမှ မမှတ်မိတော့ပါဘူး။ ကျွန်တော် စဉ်းစားဖို့ ကြိုးစားတိုင်း ခေါင်းထဲကနေ ကွဲထွက်မတတ် နာကျင်မှုကို ခံစားရလို့ပါ၊”
ဖရေဇာက အတိတ်ကို ပြန်တွေးဖို့ ကြိုးစားရင်း သူ့နဖူးကို ထိတွေ့လိုက်ပေမဲ့ သူ့မျက်နှာကတော့ နာကျင်မှုကြောင့် ပျက်ယွင်းသွားခဲ့ရသည်။
‘ဒီလိုကိုး။’ လေလင်က ဒါက သာမန်လူတွေအပေါ်မှာပဲ ထိရောက်မှု ရှိတဲ့ အဆိပ်ဆေး သို့မဟုတ် မှော်အတတ်တစ်ခုခုရဲ့ သက်ရောက်မှု ဖြစ်ရမယ်လို့ တွေးလိုက်မိ၏။
လက်ရှိအချိန်မှာ သူ အချိန်အနည်းငယ် ပေးမယ်ဆိုရင် ဒါကို ဖျက်ဆီးပစ်နိုင်မည် ဖြစ်စေကာမူ သူကတော့ ဒီလို လုပ်ဖို့ လုံးဝ စိတ်ကူးမရှိပေ။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ရည်ရွယ်ချက်က လက်အောက်ခံတွေ ရရှိဖို့ပဲ ဖြစ်ပြီး ပြဿနာတွေကို ရှာဖွေဖို့ မဟုတ်။ ကျွန်အဖြစ် ဖမ်းဆီးခံရတဲ့သူတွေက စစ်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တဲ့သူတွေ ဖြစ်ကြသည်။
အကယ်၍ သူတို့က အတိတ်မေ့တာ ပျောက်သွားပြီး လေလင်ကို ကူညီပေးဖို့ တောင်းဆိုလာရင် သူ ဘာလုပ်ရမည်နည်း။
တကယ်လို့ သူတို့က မတောင်းဆိုရင်တောင် သူ့အပေါ်မှာ သစ္စာရှိရှိ ဆက်လက် ရှိနေဦးမလားဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
“မင်းကော ဘယ်လိုလဲ၊” လေလင်က ရှက်ရွံ့နေတဲ့ အန်နာကို ကြည့်လိုက်သည်။
အန်နာရဲ့ အသားအရေက အလွန်ပဲ ဖြူစင်နေပြီး နို့နှစ်ရောင်လို တောက်ပနေတာကြောင့် လေလင်ပင် သူမကို ထိတွေ့ချင်စိတ် ရုတ်တရက် ပေါ်လာခဲ့ရသည်။ သူမရဲ့ မျက်နှာကလည်း အရုပ်မလေးတစ်ရုပ်လို တကယ့်ကို အချိုးအစား ပြေပြစ်လှ၏။
(ဘာသာပြန်မှတ်ချက်- မစားသေးဘူးလား။ထမင်းပြောတာပါ:)
“အန်နာက ငယ်စဉ်ကတည်းက ကုန်သည်တစ်ယောက်ရဲ့ မွေးမြူခြင်းကို ခံခဲ့ရတာ ဖြစ်ပြီး နောက်ဆုံးမှာတော့ သခင်ကြီး ဒီလန်ဆီကို ရောင်းချခြင်း ခံခဲ့ရတာပါ……”
ဒီလို အစေခံ မိန်းကလေးမျိုးအတွက်ကတော့ အလွန် ငယ်ရွယ်တဲ့ အချိန်ကတည်းက ပြုစုပျိုးထောင်ထားတာက ပိုပြီး အဆင်ပြေလှသည်။
ဒါ့အပြင် သူမက အမျိုးမျိုးသော ဗဟုသုတတွေနဲ့ ယဉ်ကျေးမှု အမူအရာတွေကိုပါ သင်ယူထားရ၏။ ဒါမှသာ အထက်လူကြီးတွေရဲ့ နှစ်သက်မှုကို ရရှိမှာ ဖြစ်သည်။
သေချာတာပေါ့... သူမက အမျိုးသားတွေကို ဘယ်လို ပျော်ရွှင်အောင် လုပ်ရမလဲဆိုတဲ့ သင်ခန်းစာအချို့ကိုလည်း သင်ယူထားရသည်။
အန်နာက ဝတ်ရုံအောက်မှာ ဖုံးကွယ်ထားဆဲ ဖြစ်တဲ့ လေလင်ကို ကြည့်လိုက်သော်လည်း သူ့မျက်နှာကိုတော့ သေသေချာချာ မမြင်ရပေ။
ဒါပေမဲ့ အသံကိုပဲ အခြေခံပြီး ဒါက ငယ်ရွယ်တဲ့ လူတစ်ယောက်ရဲ့ အသံ ဖြစ်ရမယ်လို့ တွေးမိတာကြောင့် သူမ မသိစိတ်ကနေ ရှက်သွေးဖြာသွားခဲ့ရသည်။
“မင်း အရင်က ဘာသင်ခန်းစာတွေ သင်ခဲ့ရလဲ။ မှော်ဆရာတွေအကြောင်းကို မင်း ဘယ်လောက်အထိ သိလဲ။”
“ကျွန်မ သက်ရှိလောက သိပ္ပံကျမ်း နဲ့ ဆေးဖက်ဝင်အပင်များ ခွဲခြားခြင်းပညာ ကို သင်ယူခဲ့ဖူးပါတယ်၊ ဒါပေမဲ့…… ဒါပေမဲ့ ရိုးရှင်းတဲ့ မှော်ဆေးပစ္စည်းအချို့ကို ပြင်ဆင်တာလောက်ပဲ တတ်တာပါ။
အန်နာက အလုပ်သင်တစ်ယောက် မဟုတ်ပါဘူး။ စွမ်းအင်မှုန်တွေကို အသုံးပြုရမယ့် စမ်းသပ်မှုတွေမှာတော့ ကျွန်မ ဘာမှ မလုပ်ပေးနိုင်ပါဘူး…… တောင်းပန်ပါတယ် သခင်လေး၊”
အန်နာက သူမရဲ့ ဂါဝန်စလေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း စိုးရိမ်တကြီး ဖြစ်နေပုံရ၏။
“ဒါက တော်တော်လေး မဆိုးပါဘူး။”
လေလင်ကတော့ တကယ်ပဲ ကျေနပ်သွားခဲ့သည်။
သူ့မှာ လျှို့ဝှက်ချက် မြောက်မြားစွာ ရှိနေသည်။ ပြင်ပလူတစ်ယောက်ကို သူ့ရဲ့ စမ်းသပ်မှုတွေမှာ ပါဝင်ခွင့်ပေးဖို့က မသင့်တော်ပေ။ အခြေခံ ပြင်ဆင်မှုတွေမှာ ကူညီပေးနိုင်တာနဲ့တင် သူ့အတွက် လုံလောက်လှပြီ ဖြစ်သည်။
အကယ်၍ သူက မှော်ဆရာ လက်ထောက်တစ်ယောက်ကို လိုချင်တယ်ဆိုရင်တော့ အနည်းဆုံး အလုပ်သင်အဆင့် ရှိရမှာ ဖြစ်သည်။
ဒီလို ကျွန်မျိုးရဲ့ ဈေးနှုန်းက အလွန် မြင့်မားလှသလို ပြဿနာတွေလည်း အမြဲတမ်း ပတ်သက်နေတတ်၏။
သူ ကျွန်ဈေးထဲမှာ ဒါမျိုးတွေကို မမြင်ခဲ့ရစေကာမူ လေလင်ကတော့ ဈေးရဲ့ အခြားတစ်နေရာမှာ အလုပ်သင်တွေကို ကျွန်အဖြစ် အထူးပြု ရောင်းချတဲ့ ကျွန်ဈေးတစ်ခု ရှိနေဦးမယ်ဆိုတာကို သိနေသည်။
ဘာပဲဖြစ်ဖြစ် အမှောင်မှော်ဆရာ တော်တော်များများအတွက်ကတော့ မှော်ဓာတ်ရောင်ခြည် တွေကို ခုခံနိုင်တဲ့ အလုပ်သင်တွေကသာ သူတို့ရဲ့ စမ်းသပ်မှုတွေအတွက် အကောင်းဆုံး ပစ်မှတ်တွေ ဖြစ်ကြသည်။
ဒီလို အလုပ်သင် ကျွန်တွေ ရရှိတဲ့ နေရာကတော့ စစ်သုံ့ပန်းတွေ သို့မဟုတ် အကျဉ်းသားတွေဆီကနေ ရရှိကြခြင်း ဖြစ်၏။
အကယ်၍ အက်ဗ်ဆယ် ဘုန်းသစ်တော အကယ်ဒမီ သာ လုံးဝ ရှုံးနိမ့်သွားပြီး ဌာနချုပ် သိမ်းပိုက်ခံလိုက်ရမယ်ဆိုရင်တော့ ကျောင်းတော်မှာ ရှိတဲ့ အလုပ်သင်အားလုံးရဲ့ ကံကြမ္မာက အနောက်မှာ အင်အားကြီးတဲ့ အဖွဲ့အစည်း မရှိရင်တော့ ကျွန်အဖြစ် ရောင်းချခံရမယ့် အဆုံးသတ်မျိုးနဲ့ ကြုံတွေ့ရမှာ သေချာလှသည်။
လေလင်လိုမျိုး အကြိုကတည်းက ထွက်ပြေးခဲ့တဲ့သူတွေအတွက်ကတော့ အနာဂတ်မှာ ကျောင်းတော်နဲ့ လုံးဝ ပတ်သက်မှု မရှိအောင် နေထိုင်ရုံပဲ ရှိတော့သည်။
ပြီးတော့ ပင်လယ်လေးပြင်ကိုပဲ အိမ်အဖြစ် သတ်မှတ်ပြီး သနားစရာ ကောင်းတဲ့ လေလွင့်လူသားတစ်ယောက် ဖြစ်လာပေလိမ့်မည်။
‘လက်ရှိအချိန်မှာတော့ ကျောင်းတော်က စစ်ပွဲမှာ နိုင်ပါစေလို့ပဲ ဆုတောင်းရတော့မယ်…… အကယ်၍ ရှုံးခဲ့ရင်တောင် ဤမျှလောက်အထိ ဆိုးဆိုးရွားရွား မဖြစ်ပါစေနဲ့……’ လေလင် အနောက်ဘက် အရပ်ဆီကို လှမ်းကြည့်လိုက်ရင်း သူ့မျက်နှာက အနည်းငယ် ညှိုးငယ်သွားခဲ့ရသည်။
သခင်လေး စဉ်းစားခန်း ဝင်နေတာကို မြင်တော့ အန်နာနဲ့ ဖရေဇာတို့လည်း ခေါင်းလေးငုံ့ထားကြပြီး စကားတစ်ခွန်းမှ မပြောရဲကြပေ။
လှည်းဘီးတွေ လိမ့်လာတဲ့ အသံက တဖြည်းဖြည်းနဲ့ နီးကပ်လာတာကြောင့် လေလင် လှမ်းကြည့်လိုက်တော့ မြင်းလှည်းတစ်စီးကို မောင်းနှင်လာတဲ့ ဂရင်းရဲ့ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
မြင်းလှည်းက အနက်ရောင် ရှိပြီး အပေါ်မှာတော့ ဘာအမှတ်အသားမှ ရှိမနေ။ လှည်းရောင်းတဲ့ ကုန်သည်ကလည်း ဂရင်းက မှူးမတ်မျိုးနွယ် ဟုတ်မဟုတ် မသိတာကြောင့် လှည်းပေါ်မှာ ဘာတံဆိပ်မှ မထုရဲခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ ၎င်းက တကယ့်ကို ခိုင်ခံ့တဲ့ ပုံစံမျိုး ရှိ၏။ သန်မာလှတဲ့ အနက်ရောင် မြင်းကြီး နှစ်ကောင်က ဆွဲလာတာ ဖြစ်ပြီး လေလင် ရှိရာဆီ အလျင်အမြန်ပဲ ပြေးလာခဲ့သည်။
“သခင်လေး” ဂရင်းက မြင်းလှည်းပေါ်ကနေ ဆင်းလာပြီး ပိုက်ဆံအိတ်ကို လေလင်ဆီ လက်နှစ်ဖက်နဲ့ လှမ်းပေးလိုက်ကာ - “မြင်းလှည်းရဲ့ တန်ဖိုးက……”
“ထပ်ပြောနေဖို့ မလိုတော့ဘူး။” လေလင် ပိုက်ဆံအိတ်ကို ယူလိုက်ပြီး အန်နာဆီ လှမ်းပစ်ပေးလိုက်ကာ “နောက်ပိုင်းကျရင် မင်းကပဲ ဘဏ္ဍာရေးကို ကိုင်တွယ်၊ အကယ်၍ ပိုက်ဆံမလောက်ရင် ငါ့ကို လာတောင်း၊” ဟု ဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်လေး၊” အန်နာက ပိုက်ဆံအိတ်ကို သေသေချာချာ သိမ်းဆည်းလိုက်၏။
အဲဒီထဲမှာတော့ သာမန်လူတွေ သုံးတဲ့ ရွှေဒင်္ဂါးအချို့ပဲ ရှိနေတာ ဖြစ်သည်။ လေလင်အနေနဲ့ စိတ်ကြိုက်ရအောင် လုပ်ဖို့အတွက် အနည်းငယ်မျှသာ အားထုတ်ရုံနဲ့ ရနိုင်ပေသည်။ သူ စိတ်ပူတာကတော့ မှော်လောကမှာ သုံးတဲ့ ငွေကြေး ဖြစ်တဲ့ မှော်ကျောက်တုံးတွေပဲ ဖြစ်၏။
နှမြောစရာ ကောင်းတာကတော့ တောင်ဘက် ကမ်းရိုးတန်း ဒေသတွေမှာတောင် မှော်ကျောက်တုံးတွေရဲ့ လိုအပ်ချက်က ငွေကြေးအဖြစ် အလွန် မြင့်မားလှသည်။
မှော်ဈေး မြောက်မြားစွာဆီ သွားဖူးပြီးနောက်မှာ လေလင်သည် သာမန်ဒင်္ဂါးပြားတွေကို မှော်ကျောက်တုံးအဖြစ် လဲလှယ်ပေးတဲ့ ဆိုင်တွေကို မြင်တွေ့ခဲ့ရသော်လည်း ဆန့်ကျင်ဘက် အနေနဲ့ ပြန်လဲပေးတာမျိုးကိုတော့ လုံးဝ မမြင်ခဲ့ရပေ။
သူတို့ကတော့ အနာဂတ်မှာ သူ့ရဲ့ လက်အောက်ခံတွေ ဖြစ်လာကြမှာ ဖြစ်သည်။ ခဏလောက် စဉ်းစားပြီးနောက်မှာတော့ လေလင်သည် သူ့ရဲ့ ဝတ်ရုံခေါင်းစွပ်ကို ဖယ်ရှားလိုက်ပြီး ခန့်ညားလှတဲ့ မျက်နှာကို ဖော်ပြလိုက်၏။ ဒါပေမဲ့ သူ့ရဲ့ ရုပ်ရည်ကတော့ အနည်းငယ် ပြောင်းလဲထားဆဲ အခြေအနေမှာပဲ ရှိသေးသည်။
“မင်းတို့က အနာဂတ်မှာ ငါ့ရဲ့ ယုံကြည်ရတဲ့ လက်အောက်ခံတွေ ဖြစ်လာမှာ ဖြစ်လို့ ငါ့ရဲ့ ရုပ်ရည်အစစ်ကို ကြည့်ထားကြ၊”
လေလင် ရုပ်ဖျက်ထားရတဲ့ အကြောင်းရင်းကတော့ အရင်းအမြစ်တွေကို ဝယ်ယူပြီး ရောင်းချဖို့အတွက်ပဲ ဖြစ်သည်။
အခုအချိန်မှာ သူ့ရဲ့ မှော်ဆေးရည်အားလုံးကို ရောင်းချခဲ့ပြီးပြီ ဖြစ်တာကြောင့် ရုပ်ဖျက်ထားဖို့ မလိုတော့ပေ။
ဒီလူတွေကလည်း လေလင်နဲ့ နေ့တိုင်း ဆုံတွေ့ရမှာ ဖြစ်လို့ သူ့ရဲ့ ရုပ်ရည်အစစ်ကို သေချာပေါက် မြင်တွေ့ရမှာ ဖြစ်ပေရာ စောစောသိလေ ပိုကောင်းလေပဲ ဖြစ်၏။
လေလင် မှော်အတတ်ကို ဖယ်ရှားလိုက်ပြီးနောက်မှာတော့ သူ့မျက်နှာရဲ့ ကြွက်သားတွေက လှုပ်ခတ်သွားပြီး မူလ နုပျိုတဲ့ မျက်နှာအသွင်သို့ ပြန်လည် ပြောင်းလဲသွားခဲ့ရသည်။
အန်နာနဲ့ ကျန်တဲ့သူတွေ ခေါင်းညိတ်လိုက်တာကို မြင်တော့ လေလင်က “အရှေ့တောအုပ် ပြည်နယ်ဆီကို ခရီးစတင်ကြစို့၊” ဟု အမိန့်ပေးလိုက်သည်။