အခန်း ၅၂ - ကျွန်များ
အယ်လီနယ် မှော်ဈေးထဲကနေ ထွက်လာတဲ့အထိ လေလင်ရဲ့ ခြေလှမ်းတွေက ရပ်တန့်မသွားခဲ့ပေ။
ဈေးကွက်ရဲ့ ထွက်ပေါက်က ရွာဘေးနားက ကောက်ရိုးပုံကြီးတစ်ခုရဲ့ အောက်မှာ ရှိတာ ဖြစ်ပြီး ရက်ဒ်ဘတ်တံဆိပ် အမှတ်အသားပါတဲ့ ဝတ်ရုံနက်ဝတ်လူတစ်ယောက်က စောင့်ကြပ်နေ၏။
“အေအိုင်စနစ် ပတ်ဝန်းကျင်ကို စကင်ဖတ်စမ်း။”
ရွာအပြင်ဘက်ကို ရောက်တာနဲ့ လေလင်က ချက်ချင်းပဲ အမိန့်ပေးလိုက်သည်။
[အေအိုင်စနစ် - ပတ်ဝန်းကျင်ကို စကင်ဖတ်ခြင်း စတင်နေပါပြီ။]
လေလင်ရဲ့ မျက်စိရှေ့မှာ ဖျော့တော့တဲ့ အပြာနုရောင် မျက်နှာပြင်တစ်ခု ပေါ်လာပြီး သူ့နောက်ကနေ ခိုးကြောင်ခိုးဝှက် လိုက်ချောင်းနေတဲ့ လူတစ်ယောက်ကို အထင်အရှား ပြသနေတော့သည်။ အပြာနုရောင် ပြကွက်တစ်ခုလုံးမှာ အနီရောင်အစက်လေးက တကယ့်ကို သိသာထင်ရှားလှပေရာ။
[အေအိုင်စနစ် - ပစ်မှတ်ကို ရှာဖွေတွေ့ရှိရသည်။ အဆင့် ၂ အလုပ်သင် ဖြစ်နိုင်ခြေရှိပြီး ခန္ဓာကိုယ်ပေါ်တွင် မည်သည့်မှော်လက်နက်မှ မတွေ့ရှိရပါ။]
အေအိုင်စနစ်ရဲ့ အသံက ထွက်ပေါ်လာသည်။
‘အဆင့် ၂ အလုပ်သင်ပဲလား။ ကြည့်ရတာ ဘယ်အဖွဲ့အစည်းကြီးမှ မဟုတ်ဘဲ ပိုက်ဆံမက်လို့ လာလုတဲ့ ဖြတ်ခုတ်ကောင်ပဲ ဖြစ်ရမယ်။’
လေလင်ရဲ့ မျက်လုံးတွေက အေးစက်စွာ တောက်ပသွားပြီး ‘ငါ့မှာသာ တခြားအစီအစဉ်တွေ မရှိရင်……’ ဟု တွေးလိုက်မိ၏။
လေလင်နောက်ကို ခိုးကြောင်ခိုးဝှက် လိုက်နေတဲ့ အဆင့် ၂ အလုပ်သင်က တော်တော်လေး စိတ်ရှည်ပုံရသည်။ လေလင် ဈေးကွက်နဲ့ မိုင်အတော်ဝေးဝေးကို ရောက်သွားတဲ့ အခါကျမှသာ သူက ချက်ချင်း ဝင်တိုက်ခိုက်တော့သည်။
ရွှတ်...
ရုတ်တရက်ပဲ လေလင်ရဲ့ ခြေထောက်အောက်ကနေ ရွှံ့လုံးနှစ်လုံး ထွက်လာပြီး ညိုဝါရောင် ရွှံ့လက်ဝါးကြီးနှစ်ခုအဖြစ် ပြောင်းလဲကာ လေလင်ရဲ့ ခြေကျင်းဝတ်တွေကို တင်းကြပ်စွာ ဖမ်းချုပ်လိုက်တော့သည်။
အဲဒီနောက် ခရမ်းရောင်အလင်းတွေ ဖြာထွက်နေတဲ့ ဓားမြှောင်တစ်လက်က လေလင်ရဲ့ ကျောပြင်ဆီ ချက်ချင်း ပြေးဝင်လာခဲ့၏။
“အောင်မြင်ပြီ။”
အနောက်ကနေ ချောင်းမြောင်းတိုက်ခိုက်လိုက်တဲ့ အလုပ်သင်က ဝမ်းသာအားရ အော်ဟစ်လိုက်မိသည်။
ဒါပေမဲ့ ခဏနေတော့မှ လေလင်ရဲ့ ခန္ဓာကိုယ်က ဆန်းကြယ်စွာ ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်ကို တင်းကြပ်စွာ ရစ်ပတ်ထားတဲ့ ဆူးခက်နွယ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲသွားမှန်း သူ သတိထားမိလိုက်တော့သည်။
ဆူးခက်တွေက သူ့အသားထဲကို ရက်ရက်စက်စက် စိုက်ဝင်သွားခဲ့၏။
အလုပ်သင်ဟာ ဒီနွယ်ပင်ကြီးက သက်ရှိတစ်ခုလို လှုပ်ရှားနေပြီး သူ့သွေးတွေကို လောဘတကြီး စုပ်ယူနေတာကိုတောင် ခံစားလိုက်ရသည်။
“တောက်... ဒါက ရုပ်သေးမှော်ပဲ။ ဒါက ဘာမှော်လဲ။ အရိပ်ကိုယ်ပွားလား။ သွေးစုပ်နွယ်ပင်လား။”
သွေးတွေ အမြောက်အမြား ဆုံးရှုံးသွားတာကြောင့် အလုပ်သင်ဟာ တဖြည်းဖြည်းနဲ့ သတိတွေ ဝေဝါးလာပါတော့သည်။
“အား... မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး…… ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ……”
အလုပ်သင်က တောင်းပန်တိုးလျှိုးလိုက်ပေမဲ့ နွယ်ပင်တွေက ချက်ချင်းပဲ လှုပ်ရှားပြီး သူ့ပါးစပ်ကို ပိတ်ပစ်လိုက်တော့သည်။
ဘုန်း...
မှော်အစွမ်း ပြယ်လွင့်သွားတဲ့အချိန်မှာတော့ မြေပြင်ပေါ်မှာ အလုပ်သင်ရဲ့ ခြောက်ကပ်နေတဲ့ အလောင်းပဲ ကျန်ရစ်ခဲ့တော့၏။
လေလင်ကတော့ သူ့ရန်သူတွေအပေါ်မှာ ဘယ်တုန်းကမှ သနားညှာတာလေ့ မရှိပေ။
……
ဒုတိယမြောက်နေ့မှာတော့ လေလင်သည် ဈေးကွက်ဆီကို နောက်တစ်ကြိမ် ရောက်လာခဲ့ပြန်သည်။
“ဆရာ... လမ်းပြဖို့ လူလိုမလား။ မှော်ကျောက်တုံး တစ်တုံးပဲ ယူပါတယ်ဗျာ။” ဆူညံနေတဲ့ ကလေးတွေကတော့ အဝင်ဝမှာ အော်ဟစ်နေကြတုန်းပါပဲ။
ဒီနေ့တော့ လေလင်က သူ့အဝတ်အစားတွေကို ပြောင်းလဲဝတ်ဆင်ထားသည်။ သူ့ကိုယ်သူ ပိုပြီး ဖုံးကွယ်ထားနိုင်အောင် ရုပ်ရည်ကိုပါ ပြောင်းလဲပစ်လိုက်၏။
အရင်က မျက်နှာကလည်း အတုပဲ ဖြစ်ပေမဲ့ သူ့ရဲ့ ဝတ်ရုံကို ဖောက်ထွင်းမြင်နိုင်တဲ့ အထူးမှော်အစွမ်းတွေ ရှိမနေဘူးလို့တော့ အာမခံချက် မရှိ။
စွမ်းအင်လှိုင်းတွေနဲ့ ပတ်သက်ရင်တော့ လေလင် သိပ်ပြီး စိုးရိမ်မနေ။ မနေ့က သူက တရားဝင် မှော်ဆရာတွေကို တမင်တကာ ရှောင်ရှားခဲ့တာကြောင့် သူ့ရဲ့ စွမ်းအင်လှိုင်းတွေကို ဘယ်သူမှ မှတ်မိနိုင်မည် မဟုတ်။
စိတ်ဝိညာဉ်စွမ်းအားကနေ ထွက်ပေါ်လာတဲ့ စွမ်းအင်လှိုင်းတွေကို ဖမ်းယူဖို့ဆိုရင် တရားဝင် မှော်ဆရာတစ်ယောက်အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ထားရမှာ ဖြစ်သည်။ ဘယ်မှော်ဆရာကမှ အလုပ်မရှိအလုပ်ရှာပြီး ဒီလို လိုက်လုပ်နေမည် မဟုတ်ပေ။
“မင်းပဲ လိုက်ခဲ့တော့။”
လေလင်က မိန်းကလေးငယ်တစ်ယောက်ကို ကျပန်း ရွေးလိုက်၏။
“ကျေးဇူးတင်ပါတယ် ဆရာ။ သမီး ဒီနေရာကို တော်တော်လေး ကျွမ်းကျင်ပါတယ်ရှင့်။”
မိန်းကလေးငယ်က ဝမ်းသာအားရ ဖြစ်သွားသည်။ သူမက အဖြူရောင် ဂါဝန်လေး ဝတ်ထားပြီး တော်တော်လေး ပိန်ပိန်ပါးပါး ပုံစံမျိုး ရှိ၏။
မိန်းကလေးငယ်ဆီကို မှော်ကျောက်တုံး တစ်တုံး လှမ်းပစ်ပေးလိုက်ပြီးနောက် လေလင်က ဖြည်းဖြည်းချင်း ပြောလိုက်သည် “ငါ အဆင့်မြင့်တဲ့ နေရာကို သွားချင်တယ်။”
သူ့ရဲ့ အသံကိုတော့ မနေ့က အသံနဲ့ မတူအောင် ပြောင်းလဲထား၏။
“အဆင့်မြင့်တဲ့ နေရာ ဟုတ်လား။ ဆရာပြောတာ…… ဒုတိယအဆင့်ကို ပြောတာလားဟင်။” မိန်းကလေးငယ်က အနည်းငယ် တုံ့ဆိုင်းစွာ မေးလိုက်သည်။
“သေချာတာပေါ့။”
ဒါကတော့ လေလင် ဈေးကွက်ဆီကို အကြိမ်ကြိမ် လာပြီးနောက်မှာ စိတ်ရှည်လက်ရှည်နဲ့ စုဆောင်းခဲ့တဲ့ အတွေ့အကြုံပဲ ဖြစ်သည်။ ဒီဈေးကွက်တွေက သိပ်မကြီးလှဘဲ လေလင်ကတော့ အမြဲတမ်း တစ်ခုခု လိုအပ်နေသလို ခံစားရ၏။
တချို့သော အဖိုးတန် အရင်းအမြစ်တွေကလည်း ဒီဈေးကွက်တွေမှာ ရှိမနေပေ။ ဒီကလေးလမ်းပြတွေကတော့ အစွမ်းထက်တဲ့ ဖောက်သည်တွေက သူတို့ကို ပိုပြီး လျှို့ဝှက်တဲ့ နေရာတွေဆီ ခေါ်သွားဖို့ စောင့်ဆိုင်းနေကြတာ ဖြစ်နိုင်သည်။
“ဆရာက ဒုတိယအဆင့်အကြောင်း သိတယ်ဆိုရင်တော့ မှော်ကျောက်တုံး ၁၀၀၀ ကျော် တန်ဖိုးရှိတဲ့ ပစ္စည်း ဒါမှမဟုတ် အာမခံမယ့်သူ မရှိရင် ဝင်ခွင့်မရဘူးဆိုတာကိုလည်း သိမှာပေါ့နော်။”
“သေချာပေါက် သိတာပေါ့ လမ်းပြစမ်း။”
မိန်းကလေးငယ်က မော့ကြည့်လိုက်ပေမဲ့ လေလင်ရဲ့ ဝတ်ရုံအောက်က မျက်နှာအမူအရာကို မမြင်ရ။ သူမက ခေါင်းလေးငုံ့ပြီး လမ်းပြခေါ်သွားပါတော့သည်။
‘ဒုတိယအဆင့်မှာ တရားဝင် မှော်ဆရာတွေ အများကြီး ရှိနိုင်ပေမဲ့လည်း ရွေးချယ်စရာ မရှိဘူး။ ရှေးဟောင်းမှော်ဆေးနည်း နှစ်ခုဖြစ်တဲ့ အပြာနုရောင်မှော်ဆေးရည်နဲ့ မာရီရဲ့မျက်ရည်၊ ပြီးတော့ အဲဒီအတွက် လိုအပ်တဲ့ မှော်ဆေးပစ္စည်း တော်တော်များများကို မစုဆောင်းရသေးဘူး။ အကယ်၍ ဒီအကြီးဆုံး မှော်ဈေးကွက်မှာတောင် ရှာမတွေ့ရင်တော့ ဘယ်လိုမှ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ အစားထိုး မှော်ဆေးပစ္စည်းတွေကိုပဲ ရှာရတော့မယ်။’
လေလင်ရဲ့ မျက်နှာက တော်တော်လေး ပျက်သွား၏။ သူ လမ်းခရီးတစ်လျှောက်လုံးမှာ မှော်ဆေးရည်တွေကို လိုက်ရောင်းရင်း ဒီရှေးဟောင်းမှော်ဆေးရည် နှစ်ခုအတွက် လိုအပ်တဲ့ မှော်ဆေးပစ္စည်းတွေကို အစွမ်းကုန် စုဆောင်းခဲ့ပေမဲ့ အခုအချိန်အထိတော့ အောင်မြင်မှု သိပ်မရှိပေ။
အယ်လီနယ်ဈေးကွက်က အက်ဗ်ဆယ် ဘုန်းသစ်တော အကယ်ဒမီ ပြီးရင်တော့ ဒုတိယအကြီးဆုံး မှော်ဆရာတွေ စုဝေးရာ နေရာ ဖြစ်သည်။
အကယ်၍ သူ လိုအပ်တာကို ဒီနေရာမှာ ရှာမတွေ့ရင်တော့ လေလင်လည်း လုံးဝ တတ်နိုင်မည် မဟုတ်ပေ။
လေလင်သည် မိန်းကလေးငယ်နောက်ကို လိုက်လာရင်း တော်တော်လေး တိတ်ဆိတ်တဲ့ လမ်းကြားတစ်ခုဆီ ရောက်လာခဲ့သည်။
သူမက နံရံထောင့်က ကျောက်ခဲတစ်တုံးကို သုံးပြီး ခေါက်လိုက်၏။
လမ်းကြားရဲ့ နံရံတွေက ရွေ့လျားသွားပြီး မြေအောက်လမ်းကြောင်းတစ်ခု ပေါ်လာသည်။
“ဒီနေရာပါ။”
မိန်းကလေးငယ်က တော်တော်လေး ကြောက်လန့်နေတဲ့ ပုံစံနဲ့ တိုးတိုးလေး ပြောလိုက်ရှာသည်။
“လမ်းပြ။”
လေလင်က မိန်းကလေးငယ်နောက်ကနေ လိုက်ရင်း အောက်ဘက်ကို ဆက်လျှောက်သွား၏။ မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ သူတို့ လမ်းကြောင်းရဲ့ အဆုံးမှာ ရှိတဲ့ တံခါးတစ်ခုဆီ ရောက်လာခဲ့ကြသည်။
သွေးနီရောင် ဝတ်ရုံတွေ ဝတ်ထားတဲ့ အဆင့် ၃ အလုပ်သင် နှစ်ယောက်က စောင့်ကြပ်နေကြ၏။
အေအိုင်စနစ်ရဲ့ စကင်ဖတ်ချက်အရ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မှော်လက်နက်တွေ ရှိနေကြတာကြောင့် လေလင် အနည်းငယ် လန့်သွားသည်။
တစ်ချိန်တည်းမှာပဲ သူက အနောက်ဘက်မှာ ရှိနေမယ့် ဈေးကွက်အပေါ် စိတ်ဝင်စားမှုတွေ ပြည့်နှက်သွားခဲ့ရ၏။
မိန်းကလေးငယ်က အရှေ့ကို သွားပြီး အလုပ်သင်နှစ်ယောက်နဲ့ စကားအနည်းငယ် ပြောဆိုပြီးနောက် လေလင်ဆီ ပြန်လျှောက်လာခဲ့သည်။ သူမက အရိုအသေပေးလိုက်ရင်း “ ဆရာ... သမီးအနေနဲ့ ဆရာ့ကို ဒီနေရာအထိပဲ လမ်းပြပေးနိုင်ပါတယ်ရှင့်။”
သူမ စကားပြောပြီးတာနဲ့ လှေကားထစ်တွေအတိုင်း အလျင်အမြန်ပဲ ပြေးတက်သွားပြီး အမှောင်ထုထဲ ပျောက်ကွယ်သွားပါတော့သည်။
‘ဒီအဆင့်မြင့်ဈေးကွက်ထဲမှာ သူမကို ကြောက်လန့်စေတဲ့ အရာတစ်ခုခု ရှိနေပုံရတယ်။’
လေလင်က ပေါ့ပေါ့ပါးပါးပဲ တွေးလိုက်ရင်း အလုပ်သင်နှစ်ယောက်ဆီ လျှောက်သွားလိုက်၏။
“သက်သေပြနိုင်တဲ့ ပစ္စည်း၊ ဒါမှမဟုတ် အနည်းဆုံး မှော်ကျောက်တုံး ၁၀၀၀ တန်ဖိုးရှိတဲ့ ပစ္စည်း ပြစမ်း။”
ဝတ်ရုံနီနဲ့ အလုပ်သင်က အေးစက်စွာ ပြောလိုက်သည်။ သူတို့အရှေ့မှာ ရပ်နေရင်း လေလင်က သူတို့ဘေးပတ်ပတ်လည်မှာ နာကျည်းနေတဲ့ ဝိညာဉ်တွေရဲ့ အော်ဟစ်ညည်းတွားသံတွေကို ခံစားနေရသလိုပင်။
‘တော်တော်လေး ကြောက်စရာကောင်းတဲ့ လူတွေပဲ။’
လေလင် စိတ်ထဲကနေ တွေးလိုက်မိ၏။ သူက အဆင့်မြင့် မှော်ကျောက်တုံး ၁၀ တုံး ပါတဲ့ အိတ်လေးကို လှမ်းပစ်ပေးလိုက်သည်။
ဝတ်ရုံနီနဲ့ အလုပ်သင်က အိတ်ကို ဖွင့်ကြည့်ပြီးနောက် လေလင်ဆီ ပြန်ပစ်ပေးလိုက်ကာ သူ့အနောက်က တံခါးကို ဖွင့်ပေးလိုက်၏။
လေလင်က အလောတကြီးမရှိဘဲ အတွင်းထဲ လှမ်းဝင်ခဲ့သည်။ တံခါးကြီး ပြန်ပိတ်သွားပြီးတဲ့ အခါကျမှသာ သူက အရှေ့က ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်လိုက်ပါတော့သည်။
ဒီနေရာကတော့ စောစောက ဈေးကွက်ရဲ့ အောက်ဘက်မှာ ရှိနေတာ ဖြစ်နိုင်သည်။ သူ့ရဲ့ ဧရိယာကတော့ ပိုပြီး သေးငယ်ကာ လမ်းမတစ်ခုပဲ ရှိ၏။
မှော်ဆရာတွေကတော့ ရံဖန်ရံခါ လှမ်းလျှောက်သွားကြသည်။ လူသိပ်မရှုပ်တာကြောင့် လမ်းလျှောက်နေတဲ့သူတွေကြားမှာ အကွာအဝေးက တော်တော်လေး ဝေး၏။
ဒီနေရာမှာ အဆင့် ၁ အလုပ်သင်ဆိုတာ လုံးဝ မရှိသလောက်ပါပဲ။ အဆင့် ၂ အလုပ်သင်လည်း တော်တော်လေး နည်းသည်။ ဒီနေရာက လူအများစုကတော့ အဆင့် ၃ အလုပ်သင်တွေ ဖြစ်ကြပြီး သူတို့ခန္ဓာကိုယ်ကနေ ပြင်းထန်တဲ့ စွမ်းအင်လှိုင်းတွေ ဖြာထွက်နေကြ၏။ တရားဝင် မှော်ဆရာတွေကိုလည်း တော်တော်လေး အတွေ့ရများလှသည်။
……
လေလင် အသက်ပြင်းပြင်းရှူလိုက်ပြီး လမ်းမအတိုင်း လျှောက်လာခဲ့၏……
နာရီဝက်ခန့် ကြာပြီးနောက်မှာတော့ လေလင်သည် မှော်ဆေးဆိုင် ဆိုင်းဘုတ်ချိတ်ထားတဲ့ ကျောက်အိမ်လေးထဲကနေ ထွက်လာခဲ့ပြီး သူ့မျက်နှာမှာတော့ ထင်ရှားတဲ့ ပျော်ရွှင်မှု အရိပ်အယောင်တွေ ရှိနေသည်။
သူတို့ဆီမှာ ကရော့ဖ် ပြောခဲ့တဲ့ အဓိက မှော်ဆေးပစ္စည်းတွေအပြင် ကျန်တဲ့ ပစ္စည်းတွေလည်း ရှိနေကြတာ ဖြစ်ပြီး ‘ဒါက တကယ့်ကို အကြီးဆုံး ဈေးကွက်ပဲ။’ ဟု တွေးလိုက်မိ၏။
ရှေးဟောင်းမှော်ဆေးရည် နှစ်ခုဖြစ်တဲ့ အပြာနုရောင်မှော်ဆေးရည်နဲ့ မာရီရဲ့မျက်ရည်အတွက် အဓိက မှော်ဆေးပစ္စည်းတွေက အရေးကြီးဆုံး ဖြစ်သည်။
ကျန်တဲ့ ပစ္စည်းတွေကတော့ ရှာရတာ ပိုလွယ်၏။ ဒါတွေကို တစ်ခါတည်းနဲ့ အကုန်ဝယ်လို့ရခဲ့တာက လေလင်ရဲ့ မျှော်လင့်ချက်ထက် ပိုပြီး ကျော်လွန်သွားခဲ့ရသည်။
လေလင်သည် ဒီမှော်ဆေးပစ္စည်းတွေကို ဝယ်ယူဖို့အတွက် သူပြင်ဆင်လာတဲ့ မှော်ကျောက်တုံး ၁၀၀၀ ထဲက ထက်ဝက်ကျော်ကို အသုံးပြုခဲ့ရသည်။ ဒါပေမဲ့ သူကတော့ ကျေနပ်နေပြီး ဒီလို အသုံးစရိတ်က တန်ဖိုးရှိတယ်လို့ ခံစားရ၏။
မှော်ဆေးပစ္စည်းတွေကို သေသေချာချာ သိမ်းဆည်းလိုက်ပြီးနောက်မှာတော့ သူက လုံခြုံတဲ့ နေရာတစ်ခု ရှာပြီး မှော်ဆေးရည်တွေကို စတင် ဖော်စပ်ရတော့မှာ ဖြစ်သည်။
သူ့ရဲ့ စိတ်အခြေအနေက တော်တော်လေး ကောင်းမွန်နေတာကြောင့် ဘေးပတ်ပတ်လည်ကို နည်းနည်းလောက် လျှောက်ကြည့်ဖို့ စိတ်ကူးလိုက်၏။
ဒီနေရာက ပစ္စည်းတွေကတော့ အပေါ်က ဈေးကွက်ထက် အဆင့်အတန်း အများကြီး ပိုမြင့်မားတာ အထင်အရှားပင်။ လေလင်သည် အဆင့်နိမ့် မှော်လက်နက် ဖြစ်တဲ့ ဓားမြှောင်တစ်လက်ကိုတောင် ရောင်းချနေတာ မြင်ခဲ့ရသည်။
ဒါပေမဲ့ ဈေးနှုန်းကတော့ အနည်းဆုံး မှော်ကျောက်တုံး ၄၀၀ ခန့် ရှိတာကြောင့် လေလင်လည်း ချက်ချင်းပဲ လက်လျှော့လိုက်ရတော့၏။
ရုတ်တရက်ပဲ လေလင်သည် ဆူညံနေတဲ့ အော်ဟစ်သံတွေကို ကြားလိုက်ရတာကြောင့် အနည်းငယ် လန့်သွားသည်။ သူက ဒီအသံတွေနောက်ကို လိုက်သွားရင်းနဲ့ အသစ်အဆန်းတစ်ခုကို ရှာတွေ့သွားခဲ့ရ၏။
“ကျွန်ဈေးကွက် ဟုတ်လား။”
လေလင်ရဲ့ အရှေ့မှာ မြင်တွေ့လိုက်ရတာကတော့ ကြီးမားတဲ့ ခြံစည်းရိုးခတ်ထားတဲ့ နေရာတစ်ခုပဲ ဖြစ်သည်။
ဗလာကျင်းနေတဲ့ ကျွန် မြောက်မြားစွာက ခြံစည်းရိုးနောက်ကွယ်မှာ ရပ်နေကြ၏။ သူတို့ရဲ့ မျက်နှာတွေမှာတော့ ထုံထိုင်းနေတဲ့ စိတ်မဝင်စားမှုတွေ ဒါမှမဟုတ် အလွန်အမင်း အရှက်ရနေတဲ့ ပုံစံတွေ ပေါ်လွင်နေပြီး အလုပ်သင်တွေနဲ့ မှော်ဆရာတွေကတော့ သူတို့ စိတ်ကြိုက် လာရောက် ရွေးချယ်နေကြသည်။
‘ကွက်တိပဲ။ ငါ့အတွက်လည်း ကျွန်အနည်းငယ် လိုအပ်နေတာ။’
လေလင်သည် အစွန်းရောက်ညမြို့တော်မှာ ၃ နှစ်ခန့် နေထိုင်ဖို့ စိတ်ကူးထားတာ ဖြစ်သည်။ အရာရာကို သူတစ်ယောက်တည်း မလုပ်ဆောင်နိုင်။
မူလကတော့ သူ အဲဒီကို ရောက်တဲ့အခါကျမှ အစောင့်တွေနဲ့ အစေခံအချို့ကို ငှားရမ်းဖို့ စိတ်ကူးထားတာ ဖြစ်ပေမဲ့ အခုတော့ အဆင့်မြင့် ကျွန်အချို့ကို ဒီနေရာမှာ အလွယ်တကူ ရနိုင်နေပြီ ဖြစ်၏။
ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက မှော်ဆရာတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေကြတာ ဖြစ်လို့ ပိုင်ရှင်အတွက် ပိုပြီး လုံခြုံစိတ်ချရကာ အသုံးလည်း တည့်လှပေသည်။
“ဆရာ... ဘယ်လိုလဲခင်ဗျာ။ ဆရာ့ရဲ့ အိပ်ယာထဲမှာ အသုံးတော်ခံဖို့ အမျိုးသမီးကျွန် လိုမလား။ ကြည့်စမ်းပါဦး၊ ဒါတွေအားလုံးက အရည်အသွေး ကောင်းမွန်ပြီး တချို့ဆိုရင် မှူးမတ်မျိုးနွယ်တွေတောင် ပါသေးတယ်ဗျာ။”
ကျွန်ကုန်သည်တစ်ယောက်က လေလင် လျှောက်လာတာကို မြင်တော့ မေးလိုက်၏။ ကုန်သည်က သူ့အနောက်က အမျိုးသမီးကျွန်တွေရဲ့ ပြည့်ဖြိုးတဲ့ ရင်သားတွေကို အလျင်အမြန်ပဲ ပုတ်ပြလိုက်ပြီး ဆွဲဆောင်လိုက်တော့သည်။
သူ့အနောက်မှာတော့ ဗလာကျင်းနေတဲ့ မှူးမတ်အမျိုးသမီး တစ်ဒါဇင်ခန့် ရှိနေသည်။ သူတို့ရဲ့ အသားအရေက အလွန်ပဲ ချောမွေ့နေပြီး ခန္ဓာကိုယ် ကောက်ကြောင်းတွေကလည်း ထင်ရှားလှ၏။ သူတို့က ကျွန်တွေ ဖြစ်နေစေကာမူ သူတို့ရဲ့ မှူးမတ်အရှိန်အဝါကိုတော့ ဖုံးကွယ်ထားလို့ မရ။
“သူတို့က ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။ ငါပြောတာက... သူတို့က မှူးမတ်တွေဆိုတော့ ပြဿနာမတက်ဘူးလား။” လေလင် အနည်းငယ် စိတ်ဝင်စားသွား၏။
“စိတ်မပူပါနဲ့ ဆရာ၊ ဒါတွေအားလုံးက စစ်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မှူးမတ်တွေပါ။ သူတို့ရဲ့ နယ်မြေတွေကိုလည်း သိမ်းပိုက်ခံလိုက်ရပြီး မိသားစုလည်း ပျက်စီးသွားခဲ့ပါပြီ။ သူတို့က ဥပဒေအရ သေဒဏ်ကျခံထားရတဲ့သူတွေ ဖြစ်လို့ ဘယ်လိုပြဿနာမှ လုံးဝ မရှိနိုင်ပါဘူးခင်ဗျာ။” ကုန်သည်က ဂုဏ်ယူစွာနဲ့ ရှင်းပြ၏။
လေလင်သည် ဆွဲခေါ်ခံသွားရတဲ့ မှူးမတ်အမျိုးသမီးတစ်ယောက်ရဲ့ အနောက်ကို ကြည့်လိုက်သည်။ အဲဒီနေရာမှာ မှူးမတ်အမျိုးသမီးငယ်တစ်ယောက် ရပ်နေတာ ထင်ရှားလှ၏။
သူက လွန်ခဲ့တဲ့အချိန်တုန်းက သစ်တောထဲမှာ ဆုံတွေ့ခဲ့တဲ့ မှူးမတ်အမျိုးသမီးငယ်ကို မတွေးဘဲ မနေနိုင်။ အကယ်၍ သူမရဲ့ ကလဲ့စားချေမှုသာ မအောင်မြင်ခဲ့ရင် ဘယ်သူသိနိုင်မလဲ၊ သူမလည်း ဒီနေရာမှာ ရောင်းချခံရနိုင်တာပဲ ဖြစ်၏။
“ဘယ်လိုလဲ ဆရာ။ အနည်းငယ်လောက် ဝယ်သွားပြီး ဆရာ အကြိုက် ကစားလို့ရတာပေါ့။ သူတို့ကို ငြီးငွေ့သွားတဲ့ အခါကျရင်တော့ ဆရာ့ရဲ့ စမ်းသပ်မှုတွေမှာ အသုံးပြုလို့ရပါတယ်။ သူတို့ သေဆုံးသွားရင်တောင် ဘာပြဿနာမှ မရှိပါဘူး။” ကုန်သည်က သူ့ကို စည်းရုံးဖို့ အစွမ်းကုန် ကြိုးစားနေတော့သည်။
လေလင်က ခေါင်းခါယမ်းလိုက်ရင်း “ငါက စစ်သည်တော်အဆင့် ရှိတဲ့ အစောင့်အချို့ကို ဝယ်ချင်တာ။ ဒါ့အပြင် ငါ့ရဲ့ စမ်းသပ်မှုတွေအတွက် ကူညီပေးမယ့် လက်ထောက်အချို့လည်း လိုအပ်တယ်။” ဟု ဆိုလိုက်၏။
“ဒီလိုလား။” ကုန်သည်က သူ့မေးစေ့ကို ပွတ်သပ်လိုက်ရင်း “ဆရာ ရှာနေတာကတော့ အဆင့်မြင့်ကျွန်တွေ ဖြစ်တာကြောင့် ဈေးနှုန်းကတော့ တော်တော်လေး မြင့်မားလိမ့်မယ်။ သေချာတာပေါ့၊ ဒီနေရာကို ဝင်လာနိုင်တဲ့ ဖောက်သည်တွေက အစွမ်းထက်တဲ့သူတွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါခင်ဗျာ။”
လေလင်သည် ကုန်သည်ရဲ့ အနောက်ကနေ လိုက်လာရင်း ကျွန် မြောက်မြားစွာကို မြင်တွေ့ခဲ့ရသည်။ တချို့ကတော့ သန်မာတဲ့ လူငယ်တွေ ဖြစ်ကြပြီး တချို့ကတော့ ကလေးငယ်တွေ ဖြစ်ကြ၏။ သူတို့အားလုံးက ခြံစည်းရိုးနောက်ကွယ်ကနေ ကြောက်လန့်တကြားနဲ့ အပြင်ဘက်ကို စိုက်ကြည့်နေကြသည်။ ရံဖန်ရံခါမှာတော့ မှော်ဆရာအချို့က သူတို့ကို ညွှန်ပြပြီး စစ်ဆေးဖို့အတွက် အနီးကပ် လျှောက်လာကြ၏။
လေလင်သည် မှော်ဆရာတစ်စုက သားရဲလူသားတွေနဲ့ ပင်လယ်သတ္တဝါ မျိုးနွယ်စု ကျွန်အချို့ကို ဝိုင်းအုံပြီး ဈေးပြိုင်ပေးနေကြတာကိုတောင် မြင်ခဲ့ရသည်။
ကုန်သည်က လေလင်ကို ကြီးမားတဲ့ တဲကြီးတစ်ခုဆီ ခေါ်ဆောင်သွားပြီး ဝတုတ်တုတ် လူတစ်ယောက်ကို လှမ်းခေါ်လိုက်၏။
“ဒါက ကျွန်တော့်သူငယ်ချင်း ဒီလန် ပဲ။ သူ့ဆီမှာတော့ အဆင့်မြင့် ပစ္စည်းတွေ ရှိတယ်ဗျာ။”
လေလင်ကတော့ ဒီလန်ကး ကုန်သည်ကို ဘာတွေ တိုးတိုးပြောလိုက်မှန်း မသိပေမဲ့ ခဏနေတော့ ကုန်သည်က သဘောကျစွာ ရယ်မောပြီး လှမ်းထွက်သွားတော့သည်။
အဲဒီနောက်မှ ဒီလန်က လေလင်ကို ပြုံးပြလိုက်ရင်း “အလေးထားရတဲ့ ဧည့်သည်တော်... ဆရာ လိုအပ်တာကို ကျွန်တော် နားလည်ပါပြီ။ ကျွန်တော်တို့ဆီကို အဆင့်မြင့်ကျွန် အသစ်တွေ အခုတင်ပဲ ရောက်ရှိထားတာ ရှိပါတယ်၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါခင်ဗျာ။”