အခန်း ၅ - ကြက်ခြေခတ် ဓားသိုင်း
စပါ…။
စံပယ်တင်ဓားနှစ်လက် အပြင်းအထန် ထိခိုက်မိရာမှ စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။
“လေလင်… မင်းက ငါ့ကို မယှဉ်နိုင်သေးပါဘူး၊ လက်လျှော့လိုက်တော့။”
ဂျော့ခ်ျ က လက်နှစ်ဖက်စလုံးဖြင့် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သဘောကျကာ ရယ်မောလိုက်၏။
“မပြီးသေးဘူး။” လေလင် က အော်ဟစ်လိုက်ပြီးနောက် ခြေလှမ်းကို ဆန်းပြားသော စနစ်အတိုင်း ရွှေ့ပြောင်းကာ တိုက်ခိုက်မှုကို နောက်တစ်ကြိမ် ပြန်လည် စတင်လိုက်သည်။
“ဟား…”
ဂျော့ခ်ျ က လက်ထဲက ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ လေထုကို ဆွဲဖြတ်သွားသည့် ကြောက်မက်ဖွယ် အရှိန်အဟုန်သံ ထွက်ပေါ်လာ၏။
လေလင်၏ လက်ထဲရှိ ကြက်ခြေခတ် ဓားက ဖျတ်ခနဲ လှုပ်ရှားသွားပြီး ဂျော့ခ်ျ့၏ တိုက်ကွက်ကို ပိတ်ဆို့ ကာကွယ်လိုက်သည်။
“ကောင်းတယ်။ မင်းရဲ့ ခုခံတဲ့ ပုံစံက မဆိုးဘူးပဲ။”
ဂျော့ခ်ျ က ကျယ်လောင်စွာ ချီးကျူးလိုက်၏။
“သတိထား ငါ့ရဲ့ နောက်ထပ် တိုက်ကွက်က မင်းရဲ့ ဘယ်ဘက်ခြေထောက်ဆီ လာမှာ။”
“လာခဲ့လေ။”
လေလင် က ပြင်ဆင်မှုများ ပြုလုပ်လိုက်သည်။
“ကြည့်ထားစမ်း။”
ဂျော့ခ်ျ က လက်နှစ်ဖက်ကိုင် ဓားကြီးကို ဝှေ့ယမ်းပြီး လှပသော်လည်း သေစေနိုင်လောက်သည့် အဝိုင်းပုံစံ ကောက်ကြောင်းတစ်ခုကို ဖန်တီးကာ လေလင်၏ ညာဘက်ခြေထောက်ဆီသို့ ခုတ်ပိုင်းလိုက်၏။
လေလင် က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ဂျော့ခ်ျ့၏ ဓားကြီးကို လေထုထဲတွင်တင် သူ့ကြက်ခြေခတ် ဓားဖြင့် ဆီးကြို ပိတ်ဆို့လိုက်သည်။
“မင်း ဘယ်ဘက်ခြေထောက်လို့ ပြောပြီးတော့၊ ကတိမတည်ဘူးပဲ။”
“ဟားဟား… ဒါကို နည်းဗျူဟာလို့ ခေါ်တာ။ မင်းရဲ့ ဖြတ်လတ်မှုကို စမ်းသပ်တာပေါ့။ ငါ့အဖေက ငါ့ကို အမြဲ သင်ပေးတယ်၊ လူတစ်ယောက်က ပရိယာယ်မသုံးတတ်ရင် တစ်နေ့ကျရင် သူတစ်ပါးရဲ့ ကစားခြင်းကို ခံရပြီး သေရလိမ့်မယ်တဲ့။ ငါက သူတစ်ပါးကိုပဲ ကစားချင်တာ၊ ကစားကွက်ထဲ အဝင်မခံနိုင်ဘူး။”
ဂျော့ခ်ျ က ရယ်မောရင်း ပြောလိုက်ပြီးနောက် သူ့ရဲ့ ဓားကြီးကို နောက်သို့ ပြန်ရုပ်သိမ်းလိုက်၏။
“မလုပ်တော့ဘူး… မလုပ်တော့ဘူး။ မင်းက တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီး တော်လာတာပဲ။ နောက်ထပ် ရက်အနည်းငယ်လောက်ဆိုရင် ငါ မင်းကို နိုင်မှာ မဟုတ်တော့ဘူး။”
သူက ဝေခွဲမရ ဖြစ်နေသည့် ခေါင်းကို ကုတ်ရင်း ဆက်ပြောလိုက်သည်။
”လေလင်… ငါ့ရဲ့ ဓားသိုင်းက စစ်သည်တော်ကြီးတစ်ယောက် လက်ဆင့်ကမ်းပေးခဲ့တာ၊ ငါ သွေးနဲ့ချွေးတွေ ရင်းပြီး အပြင်းအထန် လေ့ကျင့်ခဲ့ရတာ။ ငါ့ဆရာကတောင် ငါ့ဓားသိုင်းက သာမန် စစ်သည်တော်တွေထက် သာတယ်လို့ ပြောခဲ့တာ။ အဲဒါကို မင်းက ငါနဲ့ သရေကျအောင် တိုက်နိုင်နေတာဆိုတော့… မင်းက အရင်တုန်းက အိုရလင်း ရဲ့ ရိုက်နှက်ခြင်းကို ဘယ်လိုလုပ် ခံခဲ့ရတာလဲ။”
“ဒီဓားသိုင်းတွေကို ငါ ငယ်ငယ်တုန်းက အဖေက သင်ပေးခဲ့တာပါ၊ စိတ်မကောင်းစရာကောင်းတာက ငါ မေ့သွားခဲ့လို့ အခု ဒါကို ပြန်မှတ်မိအောင် အပြင်းအထန် လေ့ကျင့်နေရတာ။”
လေလင် က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သူ့မျက်နှာက နီစွေးသွား၏။
“ငါ့မှာ စွမ်းအား ရှိလာတာနဲ့ အဲဒီ အိုရလင်း ရဲ့ ခြေထောက်တွေကို ရိုက်ချိုးပြီး သေချာပေါက် ကလဲ့စားချေမယ်။”
သူ့ပုံစံက ဆုံးရှုံးမှုတစ်ခုကြောင့် စိတ်အားထက်သန်နေသည့် သွေးပူရွယ်ပူ လူငယ်လေးတစ်ယောက်ပမာပင်။
“ချစ်လှစွာသော လေလင်… ငါ မင်းကို ယုံကြည်ပါတယ်။ မင်းရဲ့ ဆန္ဒက သေချာပေါက် ပြည့်ဝမှာပါ။”
ဂျော့ခ်ျ က လေလင်၏ ပုခုံးကို ပုတ်လိုက်၏။
ထို့နောက် နှမြောတောင့်တသည့် အမူအရာဖြင့် ဆက်ပြောလိုက်သည်။
”လက်ရှိ မင်းရဲ့ စွမ်းရည်နဲ့တင် ကလဲ့စားချေဖို့က အလုံအလောက် ရှိနေပါပြီ။”
လက်တွေ့ လေ့ကျင့်ပြီးနောက် ဂျော့ခ်ျက လေလင်၏ စွမ်းအားကို အကြမ်းဖျင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
“လက်ရှိမှာတော့ ငါ သူတို့ထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ကို ဖြေရှင်းနိုင်ပေမဲ့ အိုရလင်း မှာ အဖွဲ့ဝင် ငါးယောက် ရှိတာလေ။”
လေလင် က စိတ်ပျက်လက်ပျက် ဖြစ်နေသည့်ပုံစံ ပြုလုပ်လိုက်၏။
အမှန်တကယ်တွင်တော့ သူက အိုရလင်းနှင့် သူ့အဖွဲ့ကို ဖြေရှင်းရန် ယုံကြည်မှု ရှိပြီးသား ဖြစ်သော်လည်း အကြောင်းပြချက် မရှိဘဲနှင့် ဂျော့ခ်ျ့ကို သူ့အတွက် အဆက်မပြတ် လက်တွေ့လေ့ကျင့်ပေးသူဖြစ်အောင် ဘယ်လိုမျိုး လှည့်စားနိုင်မည်နည်း။
“ဟုတ်သားပဲ… မင်း စောစောက စစ်သည်တော်ကြီးတွေအကြောင်း ပြောခဲ့တယ်၊ အဲဒါက ဘာလဲ။”
လေလင် က ဂျော့ခ်ျ့၏ စကားကို ပြန်တွေးမိပြီး အမှတ်မထင် မေးလိုက်သည်။
“မင်းက စစ်သည်တော်ကြီးတွေအကြောင်း ပြောတာလား။ သူတို့က စစ်သည်တော်တွေထက် တစ်ဆင့်မြင့်တဲ့ အဆင့်မှာ ရှိကြတာ။ ဘယ်နေရာကိုပဲ သွားသွား သူတို့က ကြီးမြတ်တဲ့ တည်ရှိမှုတွေအဖြစ် သတ်မှတ်ခံရတာ။ ကံကောင်းရင် ဘုရင်ကတောင် သူတို့ကို ဧည့်ဝတ်ပြုတတ်ကြတယ်။ ပြီးတော့ သူတို့က သစ္စာခံဖို့ ဆန္ဒရှိရင် သေချာပေါက် စစ်တပ်တစ်ခုရဲ့ တပ်မှူး ဖြစ်လာမှာပဲ။”
“သူတို့ရဲ့ ခန္ဓာကိုယ် အရည်အသွေးက အဆုံးစွန်ဆုံး အဆင့်အထိ ရောက်နေတာ၊ ကောလာဟလတွေအရဆိုရင် အဝေးပစ် ဒူးလေးတပ်ဖွဲ့တွေကလွဲရင် လေးလံတဲ့ သံချပ်ကာ မြင်းစီးတပ်ဖွဲ့ကြီးတစ်ခုလုံး အပြင်းအထန် တိုက်ခိုက်လာရင်တောင် သူတို့ရဲ့ ရှေ့တိုးမှုကို မတားဆီးနိုင်ဘူးလို့ ဆိုကြတယ်။”
“ဒီလောက်တောင် သန်မာတာလား…”
လေလင် တိုးတိုးလေး ရေရွတ်လိုက်၏။
တပ်မှူးတစ်ယောက်၏ အဆင့်အတန်းက ကောင့်ခ်အဆင့်နှင့် အတူတူပင် ဖြစ်ရာ ဗိုင်းကောင့် ဂျွန်ပင်လျှင် တွေ့လျှင် ဦးညွှတ်နှုတ်ဆက်ရမည် ဖြစ်သည်။
အင်အားတောင့်တင်းလှတဲ့ သံချပ်ကာ မြင်းစီးတပ်ဖွဲ့ဆိုသည်မှာ ဤဥရောပ အလယ်ခေတ် လက်နက်များ ကာလတွင် တပ်ဖွဲ့တစ်ခု၏ အမြင့်မားဆုံး စွမ်းအား ဖြစ်သည်။
သူတို့ တိုက်ခိုက်လာလျှင် မြို့ငယ်လေးတစ်ခု၏ နံရံများပင် ပြိုကျနိုင်၏။ စစ်သည်တော်ကြီးတစ်ယောက်က သူ့ရဲ့ ခန္ဓာကိုယ် စွမ်းအားသက်သက်ဖြင့် ထိုတပ်ဖွဲ့ကို ပြန်လည် တိုက်ခိုက်နိုင်သည် ဆိုပါက သူတို့က ဘယ်လောက်အထိ သန်မာနေမည်နည်း။
မျှော်လင့်တောင့်တနေသည့် လေလင်၏ မျက်နှာအမူအရာကို ကြည့်ပြီး ဂျော့ခ်ျ က ကျယ်လောင်စွာ ရယ်မောရင်း နှစ်သိမ့်လိုက်၏။
“မင်း သူတို့ကို အားကျနေစရာ မလိုပါဘူး၊ မှော်ဆရာတစ်ယောက်က စစ်သည်တော်တွေထက် အများကြီး ပိုပြီး ဆန်းကြယ်ပြီး ပြင်းထန်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာ။ မင်း မှော်အလုပ်သင်တစ်ယောက် ဖြစ်လာတာနဲ့ မင်းရဲ့ အဆင့်အတန်းက စစ်သည်တော်ကြီးတစ်ယောက်နဲ့ အတူတူပဲ။ ပြီးတော့ မင်းက အစစ်အမှန် မှော်ဆရာတစ်ယောက် ဖြစ်လာရင်တော့… ဂုဏ်ယူပါတယ်၊ စစ်သည်တော်ကြီးတစ်ယောက်ကို သတ်ရတာက ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေရတာထက် ပိုပြီး လွယ်ကူလိမ့်မယ်။ နိုင်ငံအသီးသီးက ဘုရင်တွေအားလုံးက သူတို့ရဲ့ လှပတဲ့ သမီးတော်တွေကို မင်းရဲ့ အိပ်ရာပေါ် ပို့ပေးဖို့အတွက် တစ်ယောက်ထက်တစ်ယောက် အပြိုင်အဆိုင် ကြိုးစားကြလိမ့်မယ်…”
“မှော်ဆရာက အဲဒီလောက်အထိ စွမ်းအားကြီးတာလား…” လေလင် က သံသယစိတ်ဖြင့် မေးလိုက်၏။ “ဒါဆိုရင် အဝတ်နက်ဝတ်တွေက မှော်ဆရာ ဖြစ်လာနိုင်ခြေရှိတဲ့ ငါတို့ကို ဘာလို့ ဒီလောက်အထိ အေးစက်စက် ဆက်ဆံနေရတာလဲ။ သူတို့က စစ်သည်တော်တွေ သက်သက်ပဲ မဟုတ်လား။”
“ဟင်… ဒါကတော့… ငါလည်း သိပ်ပြီး မသေချာဘူး၊ ဒါပေမဲ့ မှော်ဆရာတစ်ယောက်ရဲ့ အဆင့်အတန်းက အလွန် မြင့်မားတာတော့ အမှန်ပဲ။ ဒါကို ငါ့အဖေက ငါ့ကို ပြောပြခဲ့တာ။ ငါ ဒါကို ငါတို့ ဘိုရူနင် မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ ကျိန်ဆိုပြီး ပြောရဲတယ်။”
ဂျော့ခ်ျ က သူ့နှာခေါင်းကို ကိုင်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
“ကောင်းပြီ… ကောင်းပြီ။ ငါ မင်းကို မယုံလို့ မဟုတ်ပါဘူး။” လေလင် တစ်ယောက် အနည်းငယ် စိတ်ပျက်သွားမိ၏။
စိတ်ထဲကနေ အမိန့်ပေးလိုက်သည်။
“အေအိုင်စနစ်… ငါ့ရှေ့က လူကို စစ်ဆေးစမ်း။”
[အေအိုင်စနစ် - စစ်ဆေးမှု ပြီးဆုံးပါပြီ။
အမည် - ဂျော့ခ်ျ ဘိုရူနင်။
ခွန်အား - ၁.၉၊
ဖြတ်လတ်မှု - ၁.၈၊
သက်စောင့်အား - ၁.၉။
လက်ရှိအခြေအနေ - ကျန်းမာသည်။]
ဂျော့ခ်ျ့၏ ကိန်းဂဏန်းများသည် သာမန် လေ့ကျင့်မှုသက်သက်ဖြင့် ရရှိနိုင်သည့် အရာမဟုတ်ချေ။ သူ့ပြောပြချက်အရ သူက ငယ်စဉ်ကတည်းက စစ်သည်တော် နည်းစနစ်များကို လေ့ကျင့်ခဲ့ရခြင်း ဖြစ်ပြီး ထို့ကြောင့်သာ လက်ရှိ ခန္ဓာကိုယ် အရည်အသွေးကို ရရှိခဲ့ခြင်း ဖြစ်သည်။
စစ်သည်တော် အသက်ရှူနည်းစနစ်ကို စတင် ကျင့်ကြံပြီး ခန္ဓာကိုယ် အရည်အသွေး မြင့်မားလာသော်လည်း ခန္ဓာကိုယ်အတွင်းရှိ သက်စောင့်စွမ်းအင်ကို မနိုးထစေနိုင်သေးသည့် တိုက်ခိုက်ရေးသမားများကို ယေဘုယျအားဖြင့် ‘အလုပ်သင် စစ်သည်တော်’ ဟု ခေါ်ကြသည်။
ဂျော့ခ်ျ့၏ ခန္ဓာကိုယ် အရည်အသွေးက ထို အလုပ်သင် စစ်သည်တော်များကြားတွင်ပင် အမြင့်မားဆုံး စံနှုန်းတစ်ခု ဖြစ်သည်ဟု သတ်မှတ်လို့ရ၏။
ဒါကလည်း သူ့ရဲ့ မှူးမတ်မျိုးနွယ် အဆင့်အတန်းကြောင့် တန်ဖိုးကြီးမားလှသည့် ဆေးဝါးအမြောက်အမြားကို ခန္ဓာကိုယ် အရည်အသွေး မြင့်မားလာစေရန် အသုံးပြုနိုင်ခဲ့ခြင်းနှင့် သက်ဆိုင်နေသည်။
“ကောင်းပြီ၊ ငါတို့ အနားယူတာ လုံလောက်ပြီဆိုတော့ ပြန်ကြစို့။ ငါ နောက်ကျမှ ပြန်ရောက်လို့ ဟို အဝတ်နက်ဝတ်တွေက ငါ့ကို အေးစက်စက် အကြည့်တွေနဲ့ စိုက်ကြည့်နေတာမျိုး အဖြစ်မခံနိုင်ဘူး။”
ဂျော့ခ်ျ က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။ တောက်ပသော လမင်းကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို ငွေရောင် အလင်းတန်းများ ဖြာကျနေစေပြီး ညည့်နက်သန်းခေါင်ယံ၏ တိတ်ဆိတ်မှုကိုတော့ ပိုးကောင်လေးများ၏ အော်ဟစ်သံက ရံဖန်ရံခါ ဖြိုခွင်းနေသည်။
လေလင်သည် ခရီးသွားနေသည့် နေ့ခင်းဘက်တွင် သူတစ်ပါး၏ အာရုံစိုက်မှုကို မခံချင်သဖြင့် ညဘက်ရောက်မှသာ ဂျော့ခ်ျနှင့်အတူ တိတ်တဆိတ် ထွက်လာပြီး လက်တွေ့ လေ့ကျင့်ခြင်း ဖြစ်သည်။
သဘာဝကျစွာပင် ဒါက အဝတ်နက်ဝတ်ဆင်ထားသူများ၏ အမြင်ကို ရှောင်ကွင်း၍ မရနိုင်သော်လည်း အကြိမ်အနည်းငယ် တွေ့ဆုံပြီးနောက်တွင် လေလင် က သူတို့၏ အမူအရာက အလွန် အေးစက်ကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။
စခန်းနှင့် အလွန်ဝေးကွာသော နေရာသို့ သွားရောက်ပြီး ပြဿနာမရှာသရွေ့ သူတို့က ဂရုစိုက်မည် မဟုတ်ချေ။
“နောက်ထပ် တစ်ကြိမ်ပဲ လုပ်ပြီး ပြန်ကြတာပေါ့။”
လေလင် က ဆိုလိုက်၏။
“ဒီတစ်ကြိမ် ပြီးရင် ငါ ဒီကြက်ခြေခတ် ဓားကို မင်းဆီ ပြန်ပေးပါ့မယ်။”
“အင်း… ဟင်…” ဂျော့ခ်ျ ခဏမျှ ငေးမှိုင်သွားပြီးနောက် သူ့မျက်ဝန်းများက တောက်ပသွားရသည်။
“မင်း ဒါကို သုံးလို့ ပြီးပြီလား။ ဂတ်စ် က ဒါကို ငါ့ဆီကနေ အတင်း တောင်းနေတာ။”
ဓားသိုင်း အတတ်ပညာကို လေ့ကျင့်ရန်အတွက် ပထမဆုံး သတ်မှတ်ချက်မှာ ကြက်ခြေခတ် ဓားတစ်လက် ရှိနေဖို့ ဖြစ်သည်။
မှူးမတ်မျိုးနွယ်စုဝင် ဖြစ်တာကြောင့် တိုက်ခိုက်ရေးသမား ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားသည့် လူငယ်အတော်များများ ရှိကြသည်။
သို့သော် မူလ လေလင်ကတော့ ထိုသို့ မလုပ်ခဲ့ချေ၊ အကြောင်းပြချက်မှာ ၎င်းက အလွန် လေးလံပြီး သူ့ရဲ့ လှုပ်ရှားမှုများကို အဟန့်အတား ဖြစ်စေသောကြောင့် ဖြစ်သည်။
၎င်းက အလွန် ပင်ပန်းသည်ဟု ထင်ရသဖြင့် မူလ လေလင်က ခရီးထွက်လာသည့် အချိန်တွင် ဓားမြှောင်တစ်လက်ပင် ယူဆောင်မလာခဲ့ချေ။
ထို့ကြောင့် လက်ရှိ လေလင်မှာ လက်တွေ့လေ့ကျင့်ရန် ကြက်ခြေခတ် ဓားတစ်လက်ပင် မရှိဘဲ လုံးဝ လက်ဗလာ ဖြစ်နေသည့် အခက်အခဲနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
လက်တွေ့ လေ့ကျင့်နိုင်ရန်အတွက် လေလင် က သူ သတိရလာသည့် အချိန်တွင် ပထမဆုံး မြင်တွေ့ခဲ့ရသည့် သူငယ်ချင်း ဖြစ်သူ ဂျော့ခ်ျ့ကို အာရုံစိုက်လိုက်ခြင်း ဖြစ်သည်။
သူတို့၏ သူငယ်ချင်း ဆက်ဆံရေးကို ဖွင့်ပြောမည်ဟု ခြိမ်းခြောက်ခြင်းအားဖြင့် သူက ဂျော့ခ်ျ့ထံမှ လက်နက်ကို ငှားရမ်းပြီး အတူတူ လက်တွေ့လေ့ကျင့်ခိုင်းခဲ့ခြင်း ဖြစ်သည်။
ဂျော့ခ်ျ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူငယ်ချင်းဆိုးတစ်ယောက်နှင့် တွေ့လိုက်ရသကဲ့သို့ ဖြစ်နေသည့် ထိုစဉ်က အမူအရာကို ပြန်တွေးမိသောအခါ လေလင် တစ်ယောက် မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။
“မင်းရဲ့ ဓားသိုင်းက တကယ့်ကို အရှိန်အဟုန်နဲ့ တိုးတက်လာတာပဲ။ ဒါပေမဲ့ မင်းက ဒီကြက်ခြေခတ် ဓားကို တကယ်ပဲ မလိုတော့ဘူးလား။”
ဂျော့ခ်ျ က မေးလိုက်၏။
“ငါက ဂတ်စ်နဲ့လည်း တော်တော်လေး ရင်းနှီးတာဆိုတော့ မင်းကို နောက်ထပ် အနည်းငယ်လောက် ထပ်ငှားထားရင်တောင် ဒါက ကြီးမားတဲ့ ကိစ္စမဟုတ်ပါဘူး…”
“မင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ငါ ဒါကို တကယ် မလိုတော့ပါဘူး။”
လေလင် က အပြုံးဖြင့် ငြင်းပယ်လိုက်သည်။
ဤမျှ ကာလပတ်လုံး လက်တွေ့ လေ့ကျင့်ပြီးနောက် သူက ဖာလီယာ မိသားစု၏ လျှို့ဝှက်ကျွမ်းကျင်မှုများကို အကုန်လုံး သိရှိနားလည်သွားခဲ့ပြီ ဖြစ်သည်။
ဒါ့အပြင် အေအိုင်စနစ် ရှိနေသရွေ့ သူ့ရဲ့ ဓားသိုင်း အတတ်ပညာက အမြဲတမ်း အမြင့်မားဆုံး အခြေအနေမှာ တည်ရှိနေမှာ ဖြစ်သဖြင့် ကြက်ခြေခတ် ဓားကို ရေရှည် မလေ့ကျင့်ရစေကာမူ သူ့ရဲ့ စွမ်းရည်က ကျဆင်းသွားမှာ မဟုတ်ချေ။
“ကောင်းပြီ၊ ဒါဆိုရင် ငါတို့ အရင် စည်းမျဉ်းအတိုင်း နောက်ထပ် တစ်ပွဲ တိုက်ကြတာပေါ့။ ငါက မင်းရဲ့ စွမ်းအား ပမာဏအတိုင်းပဲ သုံးပြီး တိုက်မှာ။”
ဂျော့ခ်ျ က ပြောရင်းနှင့် သူ့ရဲ့ လက်နှစ်ဖက်ကိုင် ဓားကြီးကို ကောက်ကိုင်လိုက်ပြီး မြက်ခင်းပြင်၏ အလယ်ဗဟိုသို့ လျှောက်လှမ်းသွားကာ လရောင်အောက်တွင် သူ့ဓားက အေးစက်သော အလင်းတန်းများကို ဖြာကျနေစေသည်။
လေလင် ကလည်း လျှောက်လှမ်းသွားလိုက်၏။
“လာခဲ့လေ။ ဒီတစ်ကြိမ်တော့ ငါ ရှောင်မှာ မဟုတ်ဘူး။”
သူက စမ်းသပ်ချက်တစ်ခု ပြုလုပ်ရန် တွေးတောလိုက်ပြီး ၎င်းကို အကောင်အထည်ဖော်ရန်အတွက် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
“အေအိုင်စနစ်… လုပ်ဆောင်ချက် သတ်မှတ်စမ်း။ ပြိုင်ဘက်ရဲ့ စွမ်းအားနဲ့ ပတ်ဝန်းကျင် အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီး သူ့ကို အနိုင်ယူနိုင်မယ့် အကောင်းဆုံး အစီအစဉ်ကို ဖန်တီးစမ်း။”
[အေအိုင်စနစ် - လုပ်ဆောင်ချက် သတ်မှတ်ပြီးပါပြီ။ ခွဲခြမ်းစိတ်ဖြာမှုကို စတင်နေပါပြီ။]
[အေအိုင်စနစ် - ပုံတူကူးယူတွက်ချက်မှု ရလဒ် - အိမ်ရှင်က ဒဏ်ရာရရှိခြင်း မရှိဘဲ ပြိုင်ဘက်က တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားမည် ဖြစ်သည်။ မြင်ကွင်း အကူအညီစနစ်ကို ဖွင့်လှစ်ရန် အတည်ပြုပါသလား။]
“ဖွင့်လိုက်။”
လေလင်၏ အမိန့်ပေးချက်နှင့်အတူ သူ့မျက်စိရှေ့တွင် အပြာရောင် လိုင်းများစွာ ထွက်ပေါ်လာပြီး ထိုနေရာတစ်ခုလုံးကို ပကတိကမ္ဘာသဖွယ် ပြောင်းလဲပစ်လိုက်သည်။
[အေအိုင်စနစ် - ပြိုင်ဘက်၏ တုံ့ပြန်မှုများအရ ပထမဆုံး တိုက်ကွက်က အိမ်ရှင်၏ ညာဘက်လက်မောင်းဆီသို့ လာရန် ၉၉.၉၈ ရာခိုင်နှုန်း သေချာပါသည်။
၎င်းကို တုံ့ပြန်ရန် အထိရောက်ဆုံး နည်းလမ်း - ဘေးသို့ ခြေလှမ်းရွှေ့ပြီး ခုန်ခုတ်ချက် ပြုလုပ်ရန်။]
အေအိုင်စနစ်၏ အသံနှင့်အတူ သူ့ရဲ့ မျက်ကြည်လွှာပေါ်ရှိ အပြာရောင် အလင်းတန်းများက ဂျော့ခ်ျက ဓားကို မြှောက်ပြီး လေလင်၏ ညာဘက်လက်မောင်းဆီသို့ ခုတ်ပိုင်းလိုက်သည့် ပုံရိပ်တစ်ခုကို ဖန်တီးပြလာခြင်း ဖြစ်သည်။
“ဟေး… ဓားကို ကြည့်ထားစမ်း။” ဂျော့ခ်ျ က အော်ဟစ်လိုက်ပြီး သူ့ရဲ့ လက်နှစ်ဖက်ကိုင် ဓားကြီးကို ဝှေ့ယမ်းကာ မျှော်လင့်ထားသည့်အတိုင်း ပထမဆုံး တိုက်ခိုက်မှုကို စတင်လိုက်၏။ သူ ပြေးဝင်လာသည့် ပုံစံက ပြသထားသည့် ပုံရိပ်နှင့် အတိအကျပင် ဖြစ်သည်။
လေလင်၏ နှုတ်ခမ်းများက ကွေးညွတ်သွားပြီး ထိုတိုက်ကွက်ကို ရှောင်တိမ်းလိုက်ကာ လက်နှစ်ဖက်စလုံးဖြင့် ကြက်ခြေခတ် ဓားကို မြှောက်လိုက်သည်။
အထက်သို့ မြင့်မားစွာ ခုန်တက်လိုက်ပြီး အရှိန်အဟုန်ဖြင့် အောက်သို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်တော့သည်။
ခုန်ခုတ်ချက်…။
“တောက်… ဒါက ဘယ်လိုဖြစ်တာလဲ။”
ဂျော့ခ်ျ က ထူးဆန်းစွာ အော်ဟစ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် လိမ့်ကာ ထိုကြက်ခြေခတ် ဓားကို ရှောင်တိမ်းလိုက်ရသည်။
လေလင်၏ ကြက်ခြေခတ် ဓားက ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ရွှံ့နွံများနှင့် ကျောက်ခဲအသေးလေးအချို့ လွင့်စင်သွားရသည်။
ဂျော့ခ်ျ ပြန်လည် မတ်တတ်ရပ်လိုက်သည့်အခါ မျက်နှာတွင် တည်ကြည်လေးနက်သော အမူအရာ ရှိနေသည်။
လေလင်က သူ့ရဲ့ တိုက်ကွက်ကို ကြိုတင် ခန့်မှန်းထားသကဲ့သို့၊ သူ့ရဲ့ လှုပ်ရှားမှုအားလုံးကို ဖတ်ရှုပြီး လက်ဝါးပေါ်တင်ထားသကဲ့သို့ ကောင်းကောင်းကြီး သိနေသလိုမျိုး သူ ခံစားလိုက်ရခြင်း ဖြစ်သည်။
“မင်း မတိုက်ရင် ငါက ပြန်လည် တိုက်စစ်ဆင်တော့မယ်။” လေလင် က ပြုံးရင်း ဆိုလိုက်၏။
“လာခဲ့လေ။”
ဂျော့ခ်ျ က လေလင်ကို စိုးရိမ်တကြီး စိုက်ကြည့်နေသည်။
လေလင် က ကြက်ခြေခတ် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ထိုးစိုက်လိုက်၏။ လှုပ်ရှားမှု တိုင်းက စာအုပ်ကြီးအတိုင်း တိကျလှသည်။
ဂျော့ခ်ျ က ပိတ်ဆို့ရန် ပြုလုပ်လိုက်သော်လည်း သူ့ခန္ဓာကိုယ်က ဘေးသို့ ရွှေ့ပြောင်းသွားပြီး ထိုထိုးစိုက်ချက်ကို ရှောင်တိမ်းရင်း လေလင်ကို သူ့ဓားဖြင့် ပြန်လည် ခုတ်ပိုင်းလိုက်သည်။
[အေအိုင်စနစ် - တုံ့ပြန်ရန် အကောင်းဆုံး နည်းလမ်း - ဘယ်ဘက်သို့ ၅၀ ဒီဂရီ လှည့်ပြီး အလျားလိုက် ခုတ်ချက် ပြုလုပ်ရန်။]
အေအိုင်စနစ်၏ လမ်းညွှန်ချက်အတိုင်း လေလင် က ဂျော့ခ်ျ့၏ ဓားကြီးကို ရှောင်တိမ်းလိုက်ပြီး အလျားလိုက် ခုတ်ချက်တစ်ခု ပေးပို့လိုက်ရာ ဂျော့ခ်ျ့၏ ခန္ဓာကိုယ်ကို ထိခိုက်လုမတတ် ဖြစ်သွားရသည်။
သူတို့ တိုက်ခိုက်လေလေ ဂျော့ခ်ျ့၏ မျက်နှာတွင် ချွေးများ ပိုမို ထွက်ပေါ်လာလေလေ ဖြစ်သည်။
သူ့ရဲ့ လှုပ်ရှားမှု တိုင်းကို လေလင် က အပြည့်အဝ ပိတ်ဆို့နိုင်ပြီး သူ့ရဲ့ ရှောင်တိမ်းနိုင်မည့် အကွာအဝေးကလည်း တဖြည်းဖြည်း လျော့နည်းလာသည်။
“ငါ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး။ ဒီတစ်ကွက်နဲ့ပဲ အဆုံးအဖြတ် ခံမယ်။”
ဂျော့ခ်ျ က သူ့ရဲ့ ဓားကြီးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ပြီး လေလင်၏ ဓားနှင့် ထိခိုက်မိစေရန် ပေးပို့လိုက်၏။
ဒိန်း… ငွေရောင် အလင်းတန်းတစ်ခု လွင့်စင်သွားပြီး မြက်ခင်းပြင်ပေါ်သို့ တိုက်ရိုက် စိုက်ဝင်သွားသည်။
၎င်းက ဂျော့ခ်ျ့၏ လက်ထဲက ဓားကြီး ဖြစ်ပြီး ဓားသွားက ဝုန်းဝုန်းနှင့် တုန်ခါသံ ထွက်ပေါ်နေဆဲ ဖြစ်သည်။
လက်တွေ့ လေ့ကျင့်သည့် နေရာတွင်တော့ လေလင်၏ ကြက်ခြေခတ် ဓားက ဂျော့ခ်ျ့၏ ခါးဘေးတွင် အလျားလိုက် ထိကပ်နေပြီ ဖြစ်သည်။
“မင်း ရှုံးပြီ။”
“ဟုတ်တယ်… ငါ ရှုံးပြီ။”
ဂျော့ခ်ျ က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် လေလင်ကို ချက်ချင်း စိုက်ကြည့်လိုက်၏။
”မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။”
“ဒါက တကယ်တော့ အလွန် ရိုးရှင်းပါတယ်၊ မင်းနဲ့ အကြာကြီး လေ့ကျင့်ပြီးတဲ့နောက်မှာ ငါ မင်းရဲ့ လှုပ်ရှားမှု ပုံစံတွေကို မှတ်မိသွားတာ။”
လေလင် က ဓားကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြုံးလျက် ဦးညွှတ်လိုက်၏။
“ငါ့ရဲ့… လှုပ်ရှားမှု ပုံစံတွေ ဟုတ်လား။” ဂျော့ခ်ျ က ထပ်ဆင့် ရေရွတ်သည်။
“ဟုတ်တယ်၊ ရိုးရိုးရှင်းရှင်း ပြောရရင် လူတိုင်းက တိုက်ခိုက်တဲ့အခါ ကိုယ်ပိုင် အလေ့အကျင့် ရှိကြတာ။ မင်း အဲဒါကို မှတ်မိနေသရွေ့တော့ ရန်သူ့ရဲ့ အလေ့အကျင့်ပေါ် မူတည်ပြီး ထောင်ချောက်တစ်ခု ဆင်ဖို့က အလွန် လွယ်ကူသွားပြီ။ ငါ မင်းအပေါ်မှာ ဒီလှည့်ကွက်ကိုပဲ သုံးလိုက်တာ။”
“ဟူး…”
ဂျော့ခ်ျ သက်ပြင်းအရှည်ကြီး ချလိုက်၏။
“ငါ အခုမှ နားလည်တော့တယ်။”
ထို့နောက် လေလင်ကို ခဏမျှ စိုက်ကြည့်လိုက်ရာ မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။
”မင်းရဲ့ ဓားသိုင်း ပါရမီက ငါမြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ။ မင်းသာ မှော်အလုပ်သင်အဖြစ် ရွေးချယ်မခံရရင် ငါ မင်းကို နိုင်ငံရဲ့ မြို့တော်မှာ ရှိတဲ့ ‘အင်ပါယာ စစ်သည်တော်ကျောင်း’ ကို သွားဖို့ သေချာပေါက် အကြံပြုမိမှာပဲ။”