အခန်း ၄၈ - မှော်ဈေး
“တကယ်လား ဒါဆို မင်းက ဘာလို့ ဓားကို ဆွဲထားတုန်းလဲ။”
လေလင် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
“ငါတို့ သခင်မင်းကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်သူမှ ကြားလို့မဖြစ်ဘူး။”
ထိုခေါင်းဆောင်က သူ၏ ဓားကို ဖြည်းဖြည်းချင်း ဝှေ့ယမ်းလိုက်ရင်း “ဒါတင်မကသေးဘူး၊ မင်းရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက မင်း ငါ့ကို ပြန်ပြီး မခုခံနိုင်ရတဲ့ အကြောင်းရင်းပဲ။”
လေလင် အားနည်းလှသော ပုံစံဖြင့် ချောင်းဆိုးလိုက်ပြီး “အကဲခတ်တာ တကယ့်ကို တိကျတာပဲ။ ကြည့်ရတာ မင်း ဒီနေ့ ငါ့ကို သတ်ပစ်ဖို့ ဆုံးဖြတ်ထားတဲ့ ပုံပဲ။ ငါ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ဘယ်သူ့ကိုမှ ဖွင့်ဟပြောမှာ မဟုတ်ပါဘူးလို့ ကျိန်ဆိုပါတယ်။”
“သေဆုံးသွားတဲ့သူတွေပဲ လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်တာ။”
ထိုခေါင်းဆောင် ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း လေလင်ဆီသို့ ခုတ်ပိုင်းလိုက်ရာ သူ၏ ဓားသွားပေါ်တွင် ဆီးနှင်းပမာ ဖြူစွတ်သော အလင်းတန်းတစ်ခု ဖြာကျသွားခဲ့သည်။
လေလင် အတော်လေး သနားစရာကောင်းသော အမူအရာဖြင့် ဘေးသို့ ရှောင်တိမ်းလိုက်ရ၏။
ထိုခေါင်းဆောင်၏ မျက်နှာတွင် အောင်နိုင်သူပမာ အမူအရာများ ပေါ်လွင်လာပြီး ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများ ဖောင်းပွလာခဲ့သည်။
သို့သော်လည်း သူ ရှေ့သို့ ပြေးဝင်ရန် ပြုလုပ်လိုက်သည့် အချိန်မှာပင်၊ သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရတော့သည်။
သူ၏ နောက်ကွယ်ရှိ စစ်သည်တော်များနှင့် မိန်းကလေးငယ်သည်လည်း အားအင်ကုန်ခမ်းစွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရပြီး၊ သူတို့၏ မျက်ဝန်းများသာ လှုပ်ရှားနိုင်တော့သည်။
“မင်း…… မင်း ငါတို့ကို အဆိပ်ခတ်ထားတာပဲ။”
ထိုခေါင်းဆောင် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဟိန်းဟောက်လိုက်တော့သည်။
“သူရဲကောင်းတစ်ယောက်ပီပီ၊ ဤအဆိပ်ဒဏ်ကို တောင့်ခံနိုင်တဲ့ ခွန်အား ရှိနေသေးတာပဲ။”
လေလင် ခေါင်းညိတ်ပြလိုက်သည်။ လက်ရှိ သူ၏ စွမ်းအားဖြင့်ဆိုပါက ဤလူအုပ်စုကို အလွယ်တကူ သတ်ပစ်နိုင်သော်လည်း၊ ပိုမို အဆင်ပြေမည့် နည်းလမ်း ရှိနေပါက ဘာကြောင့် မသုံးဘဲ နေရပါ့မည်နည်း။
ထိုခေါင်းဆောင် သူ၏ ဓားရှည်ကို လွှင့်ပစ်လိုက်ပြီး လှည့်ထွက်ကာ ထွက်ပြေးရန် ပြုလုပ်လိုက်သည်။ သူ၏ လှုပ်ရှားမှုအရှိန်မှာ သာမန်လူသားတစ်ဦး၏ အရှိန်မျှသာ ရှိတော့၏။
“အဆိပ်မိနေတဲ့ အခြေအနေမှာတောင် ဒီလောက်အရှိန် ရှိနေသေးတာလား တကယ့်ကို ထူးခြားတာပဲ။”
လေလင် တည်ငြိမ်စွာဖြင့် အကဲဖြတ်လိုက်မိသည်။
သူသည် ဒူးလေးကို မြှောက်လိုက်ပြီး ‘လေတိုက်နှုန်းနဲ့ စိုထိုင်းဆကို တွက်ချက်စမ်း၊ ပြီးတော့ ပစ်မှတ်ကို တည့်တည့်မတ်မတ် ထိမှန်အောင် ပြုပြင်ပေးစမ်း။’
အနက်ရောင် မျဉ်းတစ်ကြောင်းသည် ထိုသူရဲကောင်း၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် ဖောက်ထွက်သွားခဲ့သည်။
မိမိ၏ ကျောပြင်မှတစ်ဆင့် ဝင်ရောက်ကာ ရင်ဘတ်မှ သွေးများနှင့်အတူ ဖောက်ထွက်သွားသော မြားကို ကြည့်ရှုရင်း၊ ထိုသူသည် မယုံကြည်နိုင်လောက်သော မျက်ဝန်းများဖြင့် မြေပြင်ပေါ်သို့ လဲကျ သေဆုံးသွားခဲ့ရတော့သည်။
လေလင် ထိုမိန်းကလေးငယ် ရှိရာနေရာသို့ လှမ်းလျှောက်သွားခဲ့ပြီး သူမ၏ အထက်တွင် မတ်တတ်ရပ်လိုက်သည်။
သူသည် သူမကို စိုက်ကြည့်လိုက်ပြီးနောက် အိတ်ထဲမှ ဆေးမှုန့်အချို့ကို သူမ၏ ပါးစပ်ထဲသို့ သွန်းချလိုက်တော့သည်။ ခဏမျှ ကြာပြီးနောက်တွင်မူ ထိုမိန်းကလေးငယ် မတ်တတ်ရပ်လိုက်နိုင်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်နိုင်သည်။
“မင်းက…… မှော်ဆရာတစ်ယောက်လား။”
ထိုမိန်းကလေးငယ် လေလင်ကို စူးစမ်းလိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
“မဟုတ်ဘူး ဆေးဖော်စပ်တဲ့ ပညာရှင်တစ်ယောက်သာ။
"ဒီလူတွေကို ဒီဘက်ဆွဲလာပြီး စုပုံထားစမ်း။”
လေလင် မြေပြင်ပေါ်တွင် လဲကျနေသော စစ်သည်တော်များကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။
“ဘာလို့ မင်းကိုယ်တိုင် မလုပ်တာလဲ။”
ထိုမိန်းကလေးငယ် နှုတ်ခမ်းစူလိုက်မိသော်လည်း၊ ခန္ဓာကိုယ် ထုံကျင်နေသော စစ်သည်တော်များကို ထိုနေရာဆီသို့ အတင်း ဆွဲခေါ်လာခဲ့ရသည်။ သူမသည် သူရဲကောင်းခေါင်းဆောင်နှင့် ထိုလူကြီး၏ အလောင်းကိုပါ ထိုနေရာသို့ ဆွဲလာခဲ့ သည်။
၎င်းနောက်တွင်မူ ထိုမိန်းကလေးငယ်၏ မျက်ဝန်းများ အေးစက်သွားခဲ့ရသည်။ သူမသည် ဝတ်ရုံအောက်မှ ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်ပြီး ခန္ဓာကိုယ် ထုံကျင်နေသော စစ်သည်တော်များကို တစ်ယောက်ပြီးတစ်ယောက် အသက်ပျောက်သွားအောင် ထိုးသတ်ပစ်လိုက်တော့သည်။
ဤဖြစ်စဉ်တစ်ခုလုံးကို လေလင် အေးစက်စွာဖြင့်သာ စိုက်ကြည့်နေခဲ့သည်။ ထိုမိန်းကလေးငယ်သည် မိမိနောက်သို့ လိုက်လံ တိုက်ခိုက်နေသူများကို ကိုယ်တိုင် အသက်ပျောက်သွားအောင် ပြုလုပ်နေခြင်း ဖြစ်သည်။
“မင်းက သေချာပေါက် မှော်ဆရာတစ်ယောက်ပဲ။”
ထိုမိန်းကလေးငယ် ယုံကြည်ချက်ရှိရှိဖြင့် ပြောဆိုလိုက်ပြီး
“မင်း ကျွန်မကို ကလဲ့စားချေဖို့ ကူညီပေးသရွေ့၊ ကျွန်မရဲ့ အဖိုးတန် ပိုင်ဆိုင်မှုမှန်သမျှကို မင်းဆီ လွှဲအပ်ပေးပါ့မယ်။ ဒါက မှော်ဆရာတစ်ယောက်ရဲ့ အမွေအနှစ်တွေလည်း ပါဝင်တာ။ ပြီးတော့ ကျွန်မရဲ့ ခန္ဓာကိုယ်ကိုလည်း မင်း ပိုင်ဆိုင်ခွင့် ရမှာ ဖြစ်ပါတယ်။”
ထိုမိန်းကလေးငယ် ပြောဆိုလိုက်ရင်း သူမ၏ ဝတ်ရုံကို ချွတ်ပစ်ရန် ပြုလုပ်လိုက်သည်။
“မင်းတို့ မိသားစုထဲမှာ မှော်ဆရာတစ်ယောက်ရဲ့ အမွေအနှစ် ရှိနေတာ သေချာလို့လား။”
လေလင် သဘောကျသွားမိရင်း မေးမြန်းလိုက်သည်။
“ကျွန်မ မိသားစုရဲ့ ဂုဏ်သိက္ခာကို အရင်းပြုပြီး ကျိန်ဆိုရဲပါတယ်။”
ထိုမိန်းကလေးငယ်၏ မျက်နှာအမူအရာမှာ အလွန်ပင် ခိုင်မာလျက် ရှိ၏။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစီးဆင်းမှုနှုန်းမှာ အလွန် လျင်မြန်စွာ မြင့်မားလာခဲ့ပြီး၊ ထူးဆန်းသော ဦးနှောက်လှိုင်း လှုပ်ရှားမှုများကိုလည်း စူးစမ်းတွေ့ရှိလိုက်ရသည်။ ကောက်ချက်ချခြင်း လိမ်ညာနေမှု ၉၃.၃ ရာခိုင်နှုန်း။
ထိုကောက်ချက်ချမှုကို ကြည့်ရှုရင်း လေလင် ခေါင်းခါယမ်းလိုက်မိပြီး
“မင်း ဒီနေရာကနေ ထွက်သွားလိုက်တော့။”
“ဘာလဲ”
ထိုမိန်းကလေးငယ် သေချာပေါက် ထိတ်လန့်သွားခဲ့ရပြီး “မင်း ကျွန်မကို သဘောမကျဘူးလား။ ကျွန်မတို့ မိသားစုထဲမှာ အဖိုးတန် ပိုင်ဆိုင်မှုတွေ အများကြီး ရှိတာပါ၊ မင်း ကြိုက်တာကို ယူလို့ရပါတယ်……”
“မင်းက သူရဲကောင်းပုံပြင်တွေကို အဖတ်လွန်နေတာ ထင်တယ်။” လေလင် သူမ၏ စကားကို ဖြတ်ပြောလိုက်ပြီး
“လူသူကင်းမဲ့တဲ့ တောအုပ်ကြီးထဲမှာ၊ စွန့်စားရှာဖွေသူတစ်ယောက်ဟာ ထွက်ပြေးတိမ်းရှောင်လာတဲ့ မင်းသမီးလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပြီး သူမကို ကလဲ့စားချေဖို့ ကူညီပေးခဲ့တယ်။ ကြီးမားလှတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီးနောက်မှာတော့ သူတို့ဟာ ရန်သူတွေကို အပြတ်ရှင်းနိုင်ခဲ့ကြတယ်။ စွန့်စားရှာဖွေသူဟာ ရတနာတွေကို ရရှိခဲ့ရုံတင်မကဘဲ မင်းသမီးလေးရဲ့ ချစ်ခြင်းမေတ္တာကိုပါ ပိုင်ဆိုင်ခွင့် ရရှိခဲ့ပြီး၊ ထိုအချိန်ကစလို့ သူတို့ဟာ ပျော်ရွှင်စွာ အတူတူ နေထိုင်သွားခဲ့ကြရတယ်ပေါ့။”
လေလင် ကဗျာဆန်ဆန်ဖြင့် ရွတ်ဆိုလိုက်ပြီးနောက်
“ဒါတွေက အဓိပ္ပာယ်မရှိတဲ့ လိမ်ညာမှုတွေမျှသာပဲ။ ငါ မင်းရဲ့ ခန္ဓာကိုယ်ကို ရရှိရုံနဲ့၊ ကြီးမားတဲ့ နောက်ခံအဖွဲ့အစည်း ရှိနေတဲ့ ဗိုင်းကောင့်တစ်ယောက်ကို သွားပြီး ကလဲ့စားချေပေးရမယ် ဟုတ်လား။ ငါ့မျက်နှာက အရူးနဲ့ တူနေလို့လား။”
“ဒါပေမဲ့……” ထိုမိန်းကလေးငယ် အတင်း ပြောဆိုရန် ပြုလုပ်လိုက်သည်။
“ထွက်သွားစမ်း။” လေလင် ဟိန်းဟောက်လိုက်တော့သည်။
ထိုမိန်းကလေးငယ် အားကိုးရာမဲ့စွာဖြင့် ထရပ်လိုက်ရသည်။ သူမ၏ မျက်ဝန်းထဲတွင် ရက်စက်ပြီး နာကျည်းချက်များ ပြည့်နှက်နေသော အကြည့်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ ဤနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။
“နေဦး” ထိုမိန်းကလေးငယ် ခြေလှမ်းအနည်းငယ် မျှ လှမ်းလျှောက်ပြီးနောက်၊ လေလင်၏ အသံ ထွက်ပေါ်လာခဲ့သည်။
ထိုမိန်းကလေးငယ် ဝမ်းသာအားရဖြင့် လှည့်ကြည့်လိုက်သည့် အချိန်မှာပင်
မြားတစ်စင်းသည် ထိုမိန်းကလေးငယ်၏ လှပလှသော မျက်နှာကို တည့်တည့်မတ်မတ် ဖောက်ထွက်သွားခဲ့ပြီး၊ သူမ၏ ခန္ဓာကိုယ်ကို အနောက်က သစ်ပင်ကြီးပေါ်တွင် တွဲလောင်း ချိတ်ဆွဲထားလိုက်တော့သည်။
“တကယ်တော့ ငါ မင်းကို လွှတ်ပေးလို့ ရပါတယ်၊ ဒါပေမဲ့ မင်းရဲ့ မျက်ဝန်းထဲက နာကျည်းချက်တွေနဲ့ ရက်စက်တဲ့ အကြည့်တွေကို ငါ မြင်တွေ့လိုက်ရလို့ပဲ။”
လေလင် ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်မိပြီး “မင်းကို အမြဲတစမ်း ကာကွယ်ပေးခဲ့တဲ့ လူတစ်ယောက်ရဲ့ အလောင်းကိုတောင်မှ၊ မင်းက မြေမြှုပ်မပေးဘဲ ဒီအတိုင်း စွန့်ပစ်ခဲ့တာ။ ဒါကို ကြည့်ရုံနဲ့ မင်းဟာ ကျေးဇူးကန်းတတ်တဲ့သူဆိုတာ သိသာပါတယ်။”
“ဒါတင်မကသေးဘူး၊ မင်း ကလဲ့စားချေဖို့အတွက် ငါ့ကိုပါ အသုံးချဖို့ ကြံစည်ခဲ့တာ။ မင်း ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို လူတိုင်းကို သေချာပေါက် ဖွင့်ဟပြောဆိုလိမ့်မယ်။ ငါက ပြဿနာတွေကို မကြောက်တတ်ပေမဲ့၊ ယခုလိုမျိုး အဆင်မပြေမှုတွေကိုတော့ အလွန် စက်ဆုပ်ရွံရှာမိလို့ပဲ……”
“ဒီလိုအကြောင်းပြချက်တွေ ရှိနေတာကြောင့်၊ ငါ မင်းကို ဘာလို့ လွှတ်ပေးရဦးမှာလဲ။”
လေလင် မြားကို ပြန်လည် ဆွဲထုတ်လိုက်ပြီး မကျေမနပ် ဖြစ်နေသော ထိုမိန်းကလေးငယ်၏ အလောင်းကို အခြား အလောင်းများနှင့်အတူ တစ်နေရာတည်းတွင် စုပုံထားလိုက်တော့သည်။
သူသည် အိတ်ထဲမှ ဝါကျင့်ကျင့် အရောင်ရှိသော ဆေးရည်တစ်ပုလင်းကို ထုတ်ယူကာ အလောင်းတစ်ခု၏ ဒဏ်ရာပေါ်သို့ လောင်းချလိုက်သည်။
မကြာမီမှာပင် ထိုအလောင်းသည် အရည်ပျော်သွားခဲ့ရပြီး ဝါကျင့်ကျင့် အရောင်ရှိသော အရည်အဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။
လေလင် ကျန်ရှိသော အလောင်းများကိုလည်း ဤနည်းအတိုင်းပင် ပြုလုပ်လိုက်သဖြင့် ၎င်းတို့ကို လုံးဝ ဖျောက်ဖျက်ပစ်လိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
ခဏမျှ ကြာပြီးနောက်တွင်မူ စခန်း၏ ဘေးပတ်ပတ်လည်တွင် ဝါကျင့်ကျင့် အရောင်ရှိသော အရည်အချို့သာ ကျန်ရစ်တော့သည်။ ထိုလူကြီး၊ မိန်းကလေးငယ်နှင့် ရန်သူ စစ်သည်တော်များ၏ အလောင်းမှန်သမျှမှာ မည်သည့် အရိပ်အယောင်မျှမရှိဘဲ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
(ဘာသာပြန်သူမှတ်ချက်- ငါဆိုအရင်စားဦးမာကွ:)
ဤအလောင်းများကို အရည်ပျော်စေနိုင်သည့် ဆေးရည်များနှင့် ထုံကျင်ဆေးမှုန့်များသည် လေလင် ပျင်းရိနေသည့် အချိန်တွင် ကိုယ်တိုင် ဖော်စပ်ထားခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် မှော်ဆရာများ သို့မဟုတ် အလုပ်သင်များအပေါ်တွင် ထိရောက်မှု မရှိစေကာမူ၊ သာမန်လူသားများကို ကိုင်တွယ်ရန်အတွက်မူ အလွန်ပင် အသုံးဝင်လှပေသည်။
‘ယခုအချိန်မှာ အရေးကြီးဆုံးအချက်က ငါ့ရဲ့ ဒဏ်ရာကို ကုသဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို ဝယ်ယူဖို့ပဲ။ အခြားအရာမှန်သမျှက ငါ့အတွက် အဆင်မပြေမှုတွေကိုပဲ ဖြစ်စေလိမ့်မယ်။’
လေလင် သက်ပြင်းချလိုက်မိပြီး ‘ငါ အသစ်စက်စက် ဖန်တီးထားတဲ့ စခန်းချရာ နေရာလေးတော့ နှမြောစရာကောင်းသွားပြီ။’
လေလင် မိမိ၏ ပစ္စည်းများကို ထပ်မံ သိမ်းဆည်းလိုက်ပြီး ပတ်ဝန်းကျင်ရှိ သူ၏ လှုပ်ရှားမှု လက္ခဏာမှန်သမျှကို ဖျောက်ဖျက်လိုက်ပြီးမှ၊ တောအုပ်အတွင်းသို့ ပျောက်ကွယ်သွားခဲ့တော့သည်။
……
ညဉ့်နက်သန်းခေါင်ယံ အချိန်၌၊ လူသူကင်းမဲ့ပြီး ထူထပ်လှသော တောအုပ်ကြီး၏ ပြင်ပ၌။
အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာကို ဖုံးကွယ်ရန်အတွက် ဝါးဦးထုပ်တစ်ခုကို ဆောင်းထားသော လူရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
“မျက်လှည့် တောအုပ်က ဒီနေရာမှာပဲ ဖြစ်ရမယ်။”
လေလင် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း မြေပုံအချက်အလက်များနှင့် ထပ်မံ တိုက်စစ်လိုက်သည်။ သူသည် နောက်သို့ လှည့်မကြည့်တော့ဘဲ မှောင်မိုက်လှသော တောအုပ်အတွင်းသို့ ပြေးဝင်သွားခဲ့တော့သည်။
သူ၏ သားရေဖိနပ်များသည် ခြောက်သွေ့နေသော သစ်ကိုင်းများကို နင်းမိသဖြင့် ရှူး...ရှူး..ဟူသော အသံများ ထွက်ပေါ်နေသည်။ ဤမှောင်မိုက်လှသော ပတ်ဝန်းကျင်တွင်မူ ထိုအသံမှာ ပုံမှန်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
‘ပတ်ဝန်းကျင်ကို စူးစမ်းစစ်ဆေးစမ်း။’
ရုတ်တရက် အားနည်းလှသော မျက်လှည့် ကာကွယ်ရေးစနစ်တစ်ခုကို စူးစမ်းတွေ့ရှိလိုက်ရသည်။ ၎င်း၏ အာနိသင်မှာ သာမန်လူသားများ ဤနေရာသို့ ဝင်ရောက်လာပါက လမ်းပျောက်သွားစေပြီး၊ ပတ်ပတ်လည်တွင်သာ လည်ပတ်နေစေကာ နောက်ဆုံး၌ မိမိကိုယ်မိမိ မသိရှိဘဲ ပြန်လည် ထွက်ခွာသွားစေလိမ့်မည် ဖြစ်သည်။
‘မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီနေရာမှာ သရဲတစ္ဆေတွေ ရှိနေတယ်ဆိုတဲ့ ဒဏ္ဍာရီပုံပြင်တွေ ရှိနေတာ မဆန်းပါဘူး။ လူသားတွေ ပျောက်ဆုံးသွားတတ်တယ်ဆိုတဲ့ သတင်းတွေလည်း အမြဲ ရှိနေတာ။’
၎င်းတို့သည် မျက်လှည့်စနစ်အောက်တွင် ရှိနေကြခြင်း ဖြစ်စေကာမူ၊ အကယ်၍ မည်သည့်မှော်ဆရာမဆို ထိုသာမန်လူသားများနှင့် ဆုံတွေ့ခဲ့မည်ဆိုပါက မိမိတို့၏ စမ်းသပ်မှုများအတွက် စမ်းသပ်ပစ္စည်းအဖြစ် အသုံးချရန် ဝန်လေးကြမည် မဟုတ်ချေ။
“မင်္ဂလာပါ အလုပ်သင်။ မှော်ဆရာတို့ရဲ့ ဈေးကွက်ဆီမ ကြိုဆိုပါတယ်။”
အနက်ရောင် အရိပ်တစ်ခုသည် သစ်ပင်ထက်မှ ညင်သာစွာ ခုန်ဆင်းလိုက်ပြီး ပျက်စီးနေသော ဂူသင်္ချိုင်းကျောက်တုံးတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။ သူမ၏ မျက်ဝန်းနှစ်ဖက်စလုံးတွင် နက်မှောင်သော အစိမ်းရောင် အလင်းတန်းများ ဖြာကျနေ၏။
လေလင် ရှေ့သို့ လှမ်းလျှောက်သွားလိုက်သောအခါ၊ ၎င်းမှာ အနက်ရောင် ကြောင်တစ်ကောင် ဖြစ်ကြောင်း သိရှိလိုက်ရသည်။
‘မှော်ဆရာတစ်ဦးရဲ့ အဖော်ပြု သတ္တဝါလား။ ဒါမှမဟုတ် ပြုပြင်မွမ်းမံထားတဲ့ သက်ရှိတစ်ကောင်လား။ ဒါမှမဟုတ် မှော်ဂါထာတစ်ခုခုရဲ့ ရလဒ်လား။’ လေလင် စိတ်ထဲမှ တွေးတောလိုက်ရင်း အနည်းငယ် ဦးညွှတ်ပြလိုက်ကာ
“ကျွန်တော်က လှည့်လည်သွားလာနေတဲ့ အလုပ်သင်တစ်ဦး ဖြစ်ပါတယ်၊ ဤဈေးကွက်က မည်သည့်မှော်ဆရာမဆို ဝင်ရောက်ခွင့် ပြုထားတယ်လို့ ကြားသိရလို့ပါ၊ ဒါက မှန်ပါသလား။”
“သေချာတာပေါ့၊ ဤဈေးကွက်ကို ကြီးမြတ်လှတဲ့ ဝက်လန် မိသားစုက အပိုင်စား စိုးစံထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝင်ရောက်လာတဲ့ မှော်ဆရာတိုင်းရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း အပြည့်အဝ အာမခံထားတာ။ ဒါပေမဲ့ ဒါက ဤဈေးကွက်ရဲ့ ပတ်ဝန်းကျင်အတွင်းမှာပဲ ဖြစ်လိမ့်မယ်။”
ထိုအနက်ရောင် ကြောင်ကလေးသည် သူမ၏ လက်သည်းများကို လျက်ရင်း လူသားတစ်ဦးပမာ ရယ်မောလိုက်တော့သည်။
“ဒါဆိုရင် ကျွန်တော် ဝင်ရောက်ချင်ပါတယ်။”
“အလုပ်သင်အားလုံးအနေနဲ့ မှော်ကျောက်တုံး တစ်တုံးကို ဝင်ကြေးအဖြစ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။ တရားဝင် မှော်ဆရာတွေအတွက်ကတော့ အခမဲ့ပါပဲ။”
“ရော့” လေလင် ခေါင်းညိတ်ပြလိုက်ပြီး အဆင့်နိပ် မှော်ကျောက်တုံးတစ်တုံးကို လှမ်းပစ်ပေးလိုက်သည်။
ထိုအနက်ရောင် ကြောင်ကလေးသည် ၎င်းကို ပါးစပ်ဖြင့် ဖမ်းလိုက်ပြီးနောက်၊ ဂူသင်္ချိုင်းကျောက်တုံးပေါ်မှ ခုန်ဆင်းရင်း လေလင်ကို လိုက်လာရန် အမူအရာ ပြသလိုက်သည်။
လေလင် ပခုံးတွန့်လိုက်ပြီး သူမ၏ အနောက်သို့ လိုက်ပါခဲ့၏။
သူတို့ ရှေ့သို့ ပိုမို တိုးဝင်လာသည်နှင့်အမျှ အဖြူရောင် မြူခိုးများသည် ပိုမို ထူထပ်လာခဲ့သည်။ သို့သော်လည်း သူတို့၏ ခြေဖဝါးအောက်တွင်မူ ကြိုတင် ဖန်တီးထားခဲ့ပုံရသော လမ်းမကြီးတစ်ခု ရှိနေဆဲပင်။
“ရောက်ပြီ” ထိုအနက်ရောင် ကြောင်ကလေး၏ အသံနှင့်အတူ ရှေ့က မြူခိုးများမှာ ပျောက်ကွယ်သွားခဲ့ရပြီး ဆူညံလှသော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
ဤသည်မှာ လေလင်ကို သူ၏ ကျောင်းတော်အတွင်းရှိ ကုန်သွယ်ရေး ဧရိယာဆီသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။
ထူးခြားချက်တစ်ခုမှာမူ ဤနေရာရှိ လူမှန်သမျှသည် ဝတ်ရုံများ သို့မဟုတ် မီးခိုးရောင် ဝတ်စုံများကို တင်းကျပ်စွာ ဝတ်ဆင်ထားကြသဖြင့် မိမိတို့၏ အရေပြားကို အနည်းငယ်မျှပင် အပြင်သို့ ထုတ်ပြခြင်း မရှိကြချေ။
ရံဖန်ရံခါတွင်မူ အချို့သောသူများသည် မိမိတို့၏ အထောက်အထားကို ဖုံးကွယ်ရန် စိတ်မဝင်စားကြသဖြင့် လေလင်အတွက် အမြင်ကျယ်စေခဲ့သည်။
ဤနေရာတွင် ခန္ဓာကိုယ်ပေါ်၌ အကြေးခွံများ ရှိနေကြသော ပင်လယ်ရေနေ သတ္တဝါအချို့နှင့် လည်ပင်းတွင် အမွေးအမှင်များ ရှိနေကြသော လူဝံသတ္တဝါအချို့ ရှိနေကြသည်။
သူတို့သည် သာမန် သားရဲလူသားများနှင့် မတူညီကြချေ၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် အလွန်ပင် ချစ်စရာကောင်းပြီး နူးညံ့ကြသော သက်ရှိများ ဖြစ်ကြသောကြောင့် ဖြစ်သည်။
၎င်းတို့ထဲမှလည်း မှော်ဆရာများ ထွက်ပေါ်လာနိုင်ပြီး၊ လေလင်သည် ဇီးကွက်တစ်ကောင်၏ ဦးခေါင်းကို ပိုင်ဆိုင်ထားသော မှော်ဆရာတစ်ဦးကိုပင် မြင်တွေ့လိုက်ရသေးသည်။
ဤလူအမြောက်အမြားထံမှလည်း အလုပ်သင်တို့၏ စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသော်လည်း၊ လေလင် ခံစားမိသည်မှာ သူတို့၏ အရှိန်အဝါများတွင် သွေးညှီနံ့များစွာ ပြည့်နှက်နေခြင်း ဖြစ်သည်။
‘ပြင်ပကမ္ဘာက အလုပ်သင်တွေက ကျောင်းတော်အတွင်းက လူတွေနဲ့ ယှဉ်ရင် အခြေခံ ဖောင်ဒေးရှင်း မခိုင်မာဘူးဆိုပေမဲ့၊ သူတို့က ကုန်ကြမ်းပစ္စည်း ရှားပါးလှတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ကြရတာ။ သူတို့ရဲ့ အတွေ့အကြုံတွေက သေချာပေါက် များပြားလှမှာ ဖြစ်သလို၊ တိုက်ပွဲတွေမှာလည်း ပိုပြီးတော့ ကျွမ်းကျင်ကြလိမ့်မယ်။’
လေလင်၏ စိတ်ထဲတွင် လေးနက်သွားတော့သည်။
သူ၏ လက်ထဲက ဆေးရည်များမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်ရာ၊ ယခုအချိန်တွင် သူသည် အဆင့် ၂ အလုပ်သင်များထဲတွင် စွမ်းအား အနည်းငယ် ပိုမို သန်မာသူတစ်ဦးမျှသာ ဖြစ်ပြီး မိမိကိုယ်မိမိ ကာကွယ်ရန်အတွက်သာ စွမ်းအား ရှိတော့သည်။
အကယ်၍ သူ သယ်ဆောင်လာသော ဆေးရည်များကိုသာ အခြားသူများ မြင်တွေ့သွားမည်ဆိုပါက၊ ဤအလုပ်သင်များသည် သူ့ကို မိကျောင်းအုပ်ကြီးပမာ ဝိုင်းရံလျက် အပိုင်းပိုင်း ဆုတ်ဖြဲပစ်ကြမှာ သေချာသည်။
သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ ထိုအနက်ရောင် ကြောင်ကလေးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည်။
“သခင် မင်းအတွက် လမ်းပြတစ်ယောက် လိုအပ်ပါသလားခင်ဗျာ။ ကျွန်တော် မှော်ကျောက်တုံး တစ်တုံးပဲ တောင်းဆိုပါတယ်ခင်ဗျာ။” ပိန်လှီလှသော ကောင်လေးတစ်ဦး ပြေးဝင်လာခဲ့သည်။
သူ့ထံမှ အဆင့် ၁ အလုပ်သင်တစ်ဦး၏ စွမ်းအင်လှိုင်းများ ထွက်ပေါ်နေ၏။ သူ၏ မျက်နှာမှာ အလွန်ပင် ပိန်လှီနေစေကာမူ မျက်ဝန်းများမှာမူ အလွန် လျင်မြန်ဖြတ်လတ်ပုံရသည်။
“ငါ့ကို ပတ်ပတ်လည် လိုက်ပြစမ်း။”
“ကောင်းပါပြီခင်ဗျာ။” ထိုကောင်လေး ဝမ်းသာအားရ ဖြစ်သွားခဲ့ရပြီး လေလင်၏ ရှေ့မှနေ၍ လမ်းပြရန်အတွက် အလျင်အမြန်ပင် ပြေးထွက်သွားခဲ့သည်။
“ဤဈေးကွက်က လှည့်လည်သွားလာနေတဲ့ အလုပ်သင်တွေနဲ့ မှော်ဆရာတွေကြားထဲမှာ အလွန် နာမည်ကြီးလှတဲ့ ဝက်လန် မိသားစုရဲ့ ကာကွယ်မှုအောက်မှာ ရှိတာ ဖြစ်ပါတယ်ခင်ဗျာ။ ဟိုဘက်ကို ကြည့်လိုက်ပါဦး၊ အလယ်ဗဟိုက သစ်သားအိမ်ကြီးကတော့ ဝက်လန် မိသားစုကိုယ်တိုင် ဖွင့်လှစ်ထားတဲ့ ဆိုင် ဖြစ်ပါတယ်ခင်ဗျာ။”
ထိုကောင်လေးသည် လမ်းပြတစ်ဦးအနေဖြင့် မိမိ၏ တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ရန် ကြိုးစားနေခဲ့သည်။
“ဒါဆိုရင် ဟိုဘက်က လူတွေက အခြားသူတွေရဲ့ ဆိုင်တွေပေါ့။”
လေလင် မြေပြင်ပေါ်တွင် ပစ္စည်းများကို ခင်းကျင်းပြသထားကြသော အလုပ်သင်များကို လက်ညှိုးညွှန်ပြရင်း မေးမြန်းလိုက်သည်။ သူတို့၏ ပစ္စည်းများသည် ကျောင်းတော်အတွင်းက ပစ္စည်းများထက် ပိုမို ကောင်းမွန်လှသော်လည်း၊ သေချာပေါက် အတုအယောင်များလည်း ပိုမို များပြားလှပေသည်။
“ဟုတ်ပါတယ်ခင်ဗျာ၊ ဆရာ့အနေနဲ့ အလယ်ဗဟိုက အဆောက်အဦထဲမှာ စာရင်းပေးသွင်းပြီး အခကြေးငွေ ပေးဆောင်ရုံနဲ့ မိမိရဲ့ ဆိုင်ကို ဖွင့်လှစ်ခွင့် ရမှာ ဖြစ်ပါတယ်ခင်ဗျာ။”
ထိုကောင်လေး ခေါင်းညိတ်ပြလိုက်ပြီး - “ဆရာဆီမှာ ရောင်းချချင်တဲ့ ပစ္စည်းမျိုး ရှိလို့လားခင်ဗျာ။ ဝက်လန် မိသားစုက ပစ္စည်းတွေကို ကိုယ်စား ရောင်းချပေးတဲ့ ဝန်ဆောင်မှုမျိုးလည်း ပေးပါတယ်ခင်ဗျာ။”
“ငါ မလောပါဘူး။ငါ့ကို အလယ်ဗဟို အကျဆုံး နေရာဆီကိုပဲ အရင် ခေါ်သွားပေးပါ။” လေလင် ပြောဆိုလိုက်သည်။
ဤမှော်ဆရာတို့၏ ဈေးကွက်အတွင်း၌၊ သူသည် မိမိတို့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကာကွယ်ရေးစနစ်များကို အသက်သွင်းထားကြသော တရားဝင် မှော်ဆရာအချို့ကို မြင်တွေ့လိုက်ရသည်။
၎င်းတို့သည် လက်ရှိ သူ ဘယ်လိုမှ ပြန်လည် မတိုက်ခိုက်နိုင်သော တည်ရှိမှုများ ဖြစ်ကြသဖြင့် သူသည် ပုံမှန်ထက် ပိုမို အထူးဂရုစိုက်နေခဲ့ခြင်း ဖြစ်သည်။
“ဒါကတော့ ပန်းပဲဆိုင် ဖြစ်ပါတယ်ခင်ဗျာ။ လက်နက်တွေကို သီးသန့် ရောင်းချတာပါ။ ၎င်းရဲ့ ဘေးနားက ဖန်ပြွန်ပုံစံ ဆိုင်းဘုတ် ရှိနေတဲ့ ဆိုင်ကတော့ ဆေးဖော်စပ်တဲ့ ဆိုင် ဖြစ်ပါတယ်ခင်ဗျာ။ ဘယ်ဘက် အစွန်ဆုံးကတော့ လေလံအိမ်တော် ဖြစ်ပြီး၊ ရံဖန်ရံခါမှာ အလွန် အဖိုးတန်လှတဲ့ ကုန်ပစ္စည်းအချို့ ထွက်ပေါ်လာတတ်ပါတယ်ခင်ဗျာ။”
ထိုကောင်လေးသည် ဤနေရာကို အလွန်ပင် ကျွမ်းကျင်လှပေသည်။
“လေလံအိမ်တော် ဟုတ်လား။ ဒါဆိုရင် သူတို့ဆီမှာ မှော်လက်နက်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိနိုင်မလား။”
လေလင် ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်သည်။ ယခုအချိန်တွင် သူ အနည်းငယ် ပိုမို စိတ်ဝင်စားသွားခဲ့ပြီ ဖြစ်သည်။