အခန်း ၄၆ - ချုံခိုတိုက်ခိုက်ခြင်း
“နောက်ဆုံးရသတင်းတွေနဲ့ အေအိုင်စနစ်ရဲ့ တွက်ချက်မှုတွေအရဆိုရင်တော့ ထိုသွေးစုပ်သတ္တဝါဟာ ငါ့နောက်ကို လိုက်နေတာ ဖြစ်ရမယ်။”
“ဒါ့အပြင် ၎င်းက ငါ့ရဲ့ ကိုယ်သင်းရနံ့ကို သုံးပြီး ခြေရာခံနေတာပဲ။ ရန်သူ့အရေအတွက်ကို အတိအကျ မသိရသေးပေမဲ့ နှစ်ကောင်ထက် မပိုနိုင်သလို၊ အမှန်တကယ်တော့ တစ်ကောင်တည်းလည်း ဖြစ်နေနိုင်သေးတယ်။”
ယခင်က လေလင်သည် မြို့ထဲသို့ မဝင်မီ အနံ့ပျောက်ဆေးမှုန့်ကို သုံး၍ သူ၏ ကိုယ်သင်းရနံ့ကို ဖျောက်ဖျက်ခဲ့ရုံတင်မကဘဲ သူ၏ အပြင်ပန်းအသွင်အပြင်ကိုပါ ပြောင်းလဲခဲ့သည်။
သူသည် လူအများ၏ ရှုပ်ထွေးလှသော အနံ့အသက်များကို အသုံးပြု၍ မိမိ၏ အနံ့ကို ဖုံးကွယ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရန်သူနှင့် ပတ်သက်သည့် လုံလောက်သော သတင်းအချက်အလက်များကို စုဆောင်းပြီးမှသာ ပြန်လည်တိုက်စစ်ဆင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင်မူ ထိုအစီအစဉ်မှာ အတော်လေး အဆင်ပြေပုံရပေသည်။
“နှမြောစရာပဲ။ ငါ့ရဲ့ အနံ့ပျောက်ဆေးမှုန့်က ကုန်လုနီးပါး ဖြစ်နေပြီ၊ မဟုတ်ရင် ငါ ဤနေရာကနေ အစောကြီးကတည်းက ထွက်ခွာသွားနိုင်လောက်ပြီ။” လေလင် စိတ်မကောင်းစွာဖြင့် တွေးတောလိုက်မိသည်။
မြေအောက်မျက်မမြင်သတ္တဝါဆိုသည်မှာ မှော်ဆရာများကြားတွင် အလွန် ရှားပါးလှသော ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်သဖြင့် ၎င်း၏ ဈေးနှုန်းမှာ ဘယ်သောအခါမျှ မပေါလှချေ။ လေလင်သည် ထိုကုန်ကြမ်းပစ္စည်း အိတ်ငယ်လေးတစ်အိတ် ရရှိရန်အတွက် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ရပြီးမှ ၎င်းကို အနံ့ပျောက်ဆေးမှုန့်အဖြစ် သန့်စင်ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူ၏ လက်ထဲ၌ ၃ ရက် သို့မဟုတ် ၄ ရက်စာခန့်သာ ကျန်ရှိတော့သည်။ ယခုလို တိုတောင်းလှသော အချိန်ကာလအတွင်း သူ ဝေးဝေးပြေးနိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
ရန်သူကသာ စူးစမ်းရှာဖွေရေး ဧရိယာကို ချဲ့ထွင်လိုက်မည်ဆိုပါက သူ၏ ခြေရာလက်ရာများကို သေချာပေါက် ရှာဖွေတွေ့ရှိသွားပေလိမ့်မည်။
“ပြဿနာကို အမြန်ဆုံး ဖြေရှင်းပစ်တာက ပိုပြီးတော့ ကောင်းလိမ့်မယ်။ တကယ်လို့ သူတို့ ငါသွားမယ့် နေရာအထိ လိုက်လာမယ်ဆိုရင်တော့ ငါ့အတွက် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။”
လေလင်၏ မျက်နှာမှာ တည်ကြည်လေးနက်သွားတော့သည်။
ယခုအချိန်တွင်ပင် ဆေးမှုန့်၏ အာနိသင်များမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီ ဖြစ်သည်။
သူသည် မိမိ၏ အနံ့ကို ဖုံးကွယ်ရန်အတွက် မြို့တော်အတွင်းရှိ ရှုပ်ထွေးလှသော လူသားတို့၏ အနံ့အသက်များကိုသာ ပိုမို အားကိုးနေရတော့သည်။
သို့သော်လည်း ထိုထူးဆန်းသော သတ္တဝါများသည် သူ မည်သို့ပင် ပြုလုပ်စေကာမူ သူ့နောက်သို့ ခြေရာခံ လိုက်လာနိုင်ဆဲပင်။
သူ၏ အခန်းထဲသို့ ပြန်လည်ရောက်ရှိပြီးနောက်၊ လေလင် အိပ်ရာပေါ်တွင် ပေါ့ပေါ့ပါးပါးပင် ထိုင်လိုက်ရင်း စိတ်ထဲမှ အေအိုင်စနစ်ကို ခေါ်လိုက်သည်။
“အေအိုင်စနစ် လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ရရှိထားတဲ့ သတင်းတွေပေါ် အခြေခံပြီး၊ ရန်သူ့ရဲ့ လှုပ်ရှားမှု ပုံစံတွေကို ပုံတူကူးယူတွက်ချက်စမ်း၊ ပြီးတော့ သူတို့ကို အပြတ်ရှင်းပစ်နိုင်မယ့် အစီအစဉ်တစ်ခုကို ဖန်တီးပေးစမ်း။”
[အချက်ပေးသံ ထွက်ပေါ်လာသည်။ တာဝန်ဆိုင်ရာ အချက်အလက်များကို သတ်မှတ်နေပါပြီ၊ ပုံတူကူးယူတွက်ချက်ခြင်းကို စတင်နေပါသည်…… မြေပုံအချက်အလက်များကို ထည့်သွင်းပြီးပါပြီ…… အိမ်ရှင်၏ တိုက်ပွဲဝင်စွမ်းရည်များကို ထည့်သွင်းပြီးပါပြီ၊ ခွဲခြမ်းစိတ်ဖြာခြင်းကို လုပ်ဆောင်နေပါသည်……]
အေအိုင်စနစ်၏ အေးစက်ပြီး မည်သည့် စိတ်ခံစားမှုမျှမပါဝင်သော စက်ရုပ်ဆန်သည့် အသံသည် သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အေအိုင်စနစ်ဆိုသည်မှာ သူ၏ ယခင်ကမ္ဘာက သိပ္ပံပညာရှင်များအတွက်သာ အထူးတလည် ထည့်သွင်းပေးထားသော ကိရိယာတစ်ခု ဖြစ်ရာ၊ ၎င်းတွင် ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေး သို့မဟုတ် စိတ်အသိစိတ်ခံစားမှုများ မည်သို့ ရှိနိုင်ပါ့မည်နည်း။
လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကြောင့် ထိုနည်းပညာ၏ အဓိက စည်းမျဉ်းများတွင် အေအိုင်စနစ်ကို ကိုယ်ပိုင်ဉာဏ်ရည်နှင့် စိတ်ခံစားမှုများ မဖန်တီးနိုင်အောင် ကြိုတင် ပိတ်ပင်တားမြစ်ထားခဲ့ခြင်း ဖြစ်သည်။
[ပုံတူကူးယူတွက်ချက်မှု ပြီးဆုံးပါပြီ။ အိမ်ရှင်သည် ပစ်မှတ်ကို အပြတ်ရှင်းပစ်နိုင်မည် ဖြစ်သော်လည်း ဒဏ်ရာအနည်းငယ် ရရှိနိုင်ပါသည်။ အောင်မြင်မှုနှုန်း - ၆၇.၇ ရာခိုင်နှုန်း။]
အေအိုင်စနစ်၏ အသံထွက်ပေါ်လာပြီးနောက် များပြားလှသော အချက်အလက်များကို လေလင်၏ စိတ်ထဲသို့ တိုက်ရိုက် ပေးပို့လိုက်တော့သည်။
“ဒဏ်ရာ ရရှိနိုင်တယ် ဟုတ်လား။” လေလင် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ရင်း “ဒဏ်ရာ လုံးဝမရဘဲနဲ့ ပစ်မှတ်ကို အပြတ်ရှင်းပစ်နိုင်မယ့် အခွင့်အရေးမျိုး ရှိမလား။”
[အချက်အလက် မလုံလောက်ပါ။ ပစ်မှတ်နဲ့ ပတ်သက်ပြီး ဒီထက်မက အသေးစိတ်ကျတဲ့ အချက်အလက်တွေ လိုအပ်ပါသည်!]
“ဒီလိုကိုး”
လေလင် ခေါင်းခါယမ်းလိုက်မိသည်။ ထိုလူမိုက်များထံမှ ရရှိထားသော သတင်းများအရ၊ မြို့ပြင်က သတ္တဝါသည် လက်ရှိတွင် အလွန်မင်း ဒေါသထွက်နေသည့် ပုံစံမျိုး ရှိနေပြီး ဒေသခံလူသားများကို စတင် တိုက်ခိုက်နေပြီ ဖြစ်သည်။
ဤအတိုင်းဆိုပါက ၎င်းသတ္တဝါသည် နောက်ထပ် ၂၄ နာရီအတွင်း မြို့ထဲသို့ သေချာပေါက် ပြေးဝင်လာပေလိမ့်မည်။
မှော်ဆရာများကြားတွင် သာမန်လူသားတို့၏ လူနေမှုဘဝကို သွားရောက် မဖျက်ဆီးရန် အပြန်အလှန် သဘောတူညီချက် ရှိကြစေကာမူ၊ အချို့သော ရူးသွပ်သူများသည် ထိုစည်းမျဉ်းကို လျစ်လျူရှုလေ့ ရှိကြသည်။
အကယ်၍ ကြီးမားသော လူသားအသေအပျောက်များ ဖြစ်ပွားခဲ့ပြီး သူ၏ အထောက်အထားသာ ပေါ်ပေါက်သွားပါက၊ လေလင်အနေဖြင့် ထိုသတ္တဝါနှင့် ၎င်း၏ နောက်ကွယ်က မှော်ဆရာကို ဖယ်ထားဦးတော့၊ ဤဘေးထွက်ဆိုးကျိုးများအတွက် သေချာပေါက် တာဝန်ယူရပေလိမ့်မည်။ ဤသည်မှာ သူ အဖြစ်မခံချင်ဆုံး ပြဿနာပင် ဖြစ်သည်။
“၆၇.၇ ရာခိုင်နှုန်းဆိုရင် ငါ စွန့်စားကြည့်ဖို့အတွက် လုံလောက်နေပါပြီ။ ပြီးတော့ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ဖို့အတွက်လည်း ငါ့ကိုယ်ငါ ယုံကြည်မှု ရှိပြီးသား။”
လေလင်၏ မျက်နှာတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ပေါ်လွင်နေရင်း သူသည် အပြင်သို့ လှမ်းလျှောက်လာခဲ့တော့သည်။
အရက်ဆိုင်အတွင်းရှိ လေထုမှာ ယခင်ကကဲ့သို့ပင် အလွန် စည်ကားနေဆဲ ဖြစ်သည်။ လေလင်ကို မြင်တွေ့လိုက်ရသောအခါ၊ ထိုအရက်ချက်သည့် လူငယ်သည် ရှေ့သို့ တိုးလာပြီး ဦးညွှတ်လိုက်ကာ - “ဆရာ။ ဘာများ အမိန့်ရှိချင်လို့လဲခင်ဗျာ။”
“ကျွန်တော့်ကို လူတစ်ယောက် ရှာပေးစမ်း……”
လေလင်က အသံကို နှိမ့်ချလျက် သူ၏ လိုအပ်ချက်ကို ပြောဆိုလိုက်သည်။
“ပြဿနာမရှိပါဘူးခင်ဗျာ။ ဤမြို့တော်ထဲမှာ ထိုကဲ့သို့သော ကြေးစားစစ်သည်မျိုး မရှိဘူးဆိုပေမဲ့၊ ဓားပြအချို့တော့ ရှိနေတာမလို့ ကျွန်တော့်အနေနဲ့ ဆရာကိုယ်စား သူတို့နဲ့ ဆက်သွယ်ပေးနိုင်ပါတယ်ခင်ဗျာ။”
ထိုလူငယ်က ဆက်လက်၍ “ဒါနဲ့ ကျောက်မီးခိုးမြို့တော်ရဲ့ မြို့တော်၀န်ဖြစ်တဲ့ သခင် ရိုလန်က လူလွှတ်ထားခဲ့ပါတယ်ခင်ဗျာ။ ၎င်းက သခင်နဲ့ တွေ့ဆုံချင်တယ်လို့ ဆိုပါတယ်ခင်ဗျာ။”
“မြို့တော်၀န် ဟုတ်လား။”
လေလင် ခေါင်းညိတ်ပြလိုက်သည်။ အလုပ်သင် သူရဲကောင်းတစ်ဦးသည် မည်သည့်နေရာသို့မဆို ရောက်ရှိသွားပါက မြို့တော်၀န်များ၏ နွေးထွေးစွာ ကြိုဆိုခြင်းကို အမြဲ ရရှိလေ့ ရှိသည်။
အကယ်၍ ရိုလန်သာ လေလင်၏ အလုပ်သင်မှော်ဆရာအဆင့်ကို သိရှိသွားမည်ဆိုပါက ဤထက်မက ပိုမို ခမ်းနားလှသော ဝန်ဆောင်မှုမျိုးကို ပေးဆောင်ပေလိမ့်မည်။
“ကျွန်တော့်မှာ အခု လုပ်စရာ ကိစ္စတစ်ခု ရှိနေလို့ပါ။ တွေ့ဆုံမယ့် အချိန်ကို သဘက်ခါဆီ ပြောင်းလဲလိုက်ရင် အဆင်ပြေမလား။” လေလင် မေးမြန်းလိုက်သည်။
“သေချာပေါက် ရတာပေါ့ခင်ဗျာ။”
“ပြီးတော့ မင်းတို့ဆိုင်က အမဲသားစတိတ်ရဲ့ အရသာက မဆိုးလှဘူး၊ ဒီနေ့ညကျရင် ကျွန်တော့်အခန်းထဲကို တစ်ပွဲ လာပို့ပေးပါ။” လေလင် ထပ်မံ၍ မှာကြားလိုက်၏။
“ဖြစ်ချင်တဲ့အတိုင်းပါပဲခင်ဗျာ။”
ထိုလူငယ်က ပြုံးလျက် ပြန်လည် ဖြေကြားလိုက်သည်။
……
နောက်တစ်ရက်၊ ညဉ့်နက်သန်းခေါင်ယံ အချိန်၌။
မီးလောင်ကျွမ်းထားသော အနီးနားက တောအုပ်ငယ်အတွင်း၌ မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူရိပ်တစ်ခု ပေါ်ထွက်လာသည်။
“စုံစမ်းစစ်ဆေးရမယ် ဟုတ်လား။ဒီနေရာမှာ စုံစမ်းစရာ ဘာရှိလို့လဲ။ ဘာရတနာမှလည်း ရှိနေတာ မဟုတ်ဘူး။ ကြည့်ရတာ ဒါဟာ သာမန် လယ်သမားတစ်ဦးရဲ့ သတိလက်လွတ် ဖြစ်မှုကြောင့် တောမီးလောင်ကျွမ်းသွားတာပဲ ဖြစ်ရမယ်။”
ထိုမီးခိုးရောင် ဝတ်ရုံဝတ်ထားသူမှာ အတော်လေး ပိန်လှီလှပေသည်။ သို့သော်လည်း သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် လျင်မြန်လှပြီး၊ မီးလောင်ကျွမ်းထားသော သစ်သားများကြားတွင် တစ်ခုခုကို အဆက်မပြတ် ရှာဖွေနေခဲ့သည်။
“တစ်ခုခုတော့ မှားနေပြီ။ မီးလောင်ကျွမ်းထားတဲ့ အမှတ်အသားတွေက သာမန် မီးတောက်တွေကြောင့် ဖြစ်ပေါ်ခဲ့တာ မဟုတ်ဘူး။”
ထိုလူသည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ ဓားပြတစ်ဦးအနေဖြင့် အတွေ့အကြုံ ကြွယ်ဝမှုကြောင့် မီးလောင်ကျွမ်းထားသော အမှတ်အသားများကို ကြည့်ရုံမျှဖြင့် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ရိပ်မိလိုက်ခြင်း ဖြစ်သည်။
“ဒါက…… ဆန်းကြယ်တဲ့ အရာတွေရဲ့ လက်ချက်နဲ့ ပိုပြီး ဆင်တူတယ်။”
ထိုဓားပြ၏ ခန္ဓာကိုယ်ပေါ်တွင် ကြက်သီးမွှေးများ ထောင်ထွက်သွားရတော့သည်။ ပြင်ပကမ္ဘာတွင် လှုပ်ရှားနေသူတစ်ဦးအနေဖြင့် သူသည် ဤကဲ့သို့သော ဆန်းကြယ်သည့် အရာများအကြောင်းကို ဒဏ္ဍာရီပုံပြင်များထဲတွင်သာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။
ထိုပုံပြင်များထဲတွင် ၎င်းတို့နှင့် ပတ်သက်၍ အရေးကြီးဆုံးအချက်ကို အမြဲတစေ အလေးပေး ပြောဆိုလေ့ ရှိကြသည်မှာ ၎င်းတို့သည် အလွန် ဆန်းကြယ်ပြီး၊ ရက်စက်ကြမ်းကြုတ်ကြသဖြင့် ဘယ်သောအခါမျှ ရန်မစမိစေရန် ဖြစ်သည်။
“ငါ အမြန်ဆုံး ပြန်မှ ဖြစ်မယ်။ တကယ်လို့ ဤတာဝန်က ထိုဆန်းကြယ်တဲ့ အရာတွေနဲ့ ဆက်နွှယ်နေမှန်း ကြိုသိခဲ့ရင်၊ ဆုလာဘ်က အဆပေါင်းများစွာ ပိုများနေဦးတော့ ငါဘယ်လိုမှ လက်ခံခဲ့မှာ မဟုတ်ဘူး။”
ထိုမီးခိုးရောင် ဝတ်ရုံဝတ်ထားသူသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေရင်း ပြန်လည် ထွက်ခွာရန် ပြုလုပ်လိုက်သည်။
“ရှာတွေ့ပြီ။ ငါ့ရဲ့ ရန်သူ့ဆီက ကိုယ်သင်းရနံ့ပဲ။” ထိုအချိန်တွင် သူ၏ ကျောနောက်ကွယ်မှ ခါးသက်သက်နှင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။
ထိုဓားပြ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရသည်။ သူသည် ကလေးငယ်တစ်ဦး အရွယ်အစားမျှ ရှိပြီး၊ လေထဲတွင် ဝဲပျံနေသော ကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါတစ်ကောင်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းလှသော အကြေးခွံများ စုတ်ပြတ်စွာ ပြည့်နှက်နေပြီး၊ မျက်နှာတစ်ခုလုံးတွင်လည်း အဖုအထစ်များစွာ ရှိနေသည်။ သူမ၏ မြွေတစ်ကောင်ပမာ လျှာကြီးမှာလည်း အဆက်မပြတ် ဟစ်အော်လှုပ်ရှားနေ၏။
‘မိစ္ဆာတစ်ကောင်တောင်မှ ဤမျှလောက်အထိ ရုပ်ဆိုးလိမ့်မယ် မထင်ဘူး။’
ထိုဓားပြ စိတ်ထဲမှ တွေးတောလိုက်ရင်း နောက်သို့ မီတာ ၅ မီတာခန့် အလျင်အမြန်ပင် ခုန်ရှောင်လိုက်သည်။
“ငါ ဒါကို ကြိုတင် တွေးထားခဲ့သင့်တာ။ ငါက တကယ်ပဲ အသုံးချခံ သားကောင် ဖြစ်သွားခဲ့တာပဲ။”
ထိုဓားပြ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
“ထွက်ပြေးဖို့ စိတ်မကူးနဲ့။”
ဒိုင်ရစ်စ် သူမ၏ လျှာကို ထုတ်ယူလိုက်ပြီးနောက်၊ အတောင်ပံများကို အကြိမ်အနည်းငယ် ခတ်လိုက်ရုံမျှဖြင့် ထိုဓားပြ၏ အထက်ကောင်းကင်ယံသို့ ချက်ချင်းပင် ပျံသန်းရောက်ရှိသွားခဲ့တော့သည်။
“ငါတို့ ကောင်းကောင်းမွန်မွန် စကားပြောလို့ ရပါတယ် ဆရာ။ ကျွန်တော့်ဆီမှာ ဤတာဝန်ကို ပေးအပ်ခဲ့တဲ့သူနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ အများကြီး ရှိပါတယ်။”
ထိုဓားပြ စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်ငိုကြွေးနေတော့သည်။
“သေလိုက်စမ်း။”
ဒိုင်ရစ်စ်၏ မျက်ဝန်းနှစ်ဖက်စလုံး နီရဲနေခဲ့သည်။ သူမသည် ထိုဓားပြ၏ တောင်းပန်တိုးလျှိုးသံများကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
သူမသည် ဓားမြှောင်ကို ကိုင်ဆောင်ထားသော ၎င်း၏ ညာဘက်လက်မောင်းကို ချက်ချင်းပင် ကိုက်ခတ်လိုက်ပြီး ထိုဓားပြ၏ ခန္ဓာကိုယ်အတွင်းမှ သွေးမှန်သမျှကို အငမ်းမရ စုပ်ယူလိုက်တော့သည်။
မိနစ်အနည်းငယ် ကြာမြင့်ပြီးနောက်တွင်မူ၊ ထိုဓားပြ၏ ခြောက်ကပ်နေသော အလောင်းတစ်ခုသာ ကျန်ရစ်တော့သည်။
“သူ ဝတ်ဆင်ထားတဲ့ ဝတ်ရုံပေါ်မှာ ကိုယ်သင်းရနံ့တစ်ခု ကျန်ရှိနေသေးတာပဲ။ ထိုကျိန်စာမိတဲ့ အလုပ်သင်က မြို့ထဲမှာ ရှိနေတာ သေချာတယ်။”
ဒိုင်ရစ်စ် မြို့ရိုး၏ ပုံရိပ်ကို မျက်မှောင်ကြုတ်လျက် စိုက်ကြည့်လိုက်သည်။
အနက်ရောင် မြားတစ်စင်းသည် အရှိန်အဟုန်ဖြင့် လေထုကို ဖြတ်သန်းသွားခဲ့သည်။ အသံထက်မြန်သော အရှိန်ကြောင့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာရပြီး၊ ၎င်းမြားသည် ဒိုင်ရစ်စ်၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် ဖောက်ထွက်သွားခဲ့တော့သည်။
‘ငါ့ရဲ့ နောက်ဆုံးကျန်တဲ့ အနံ့ပျောက်ဆေးမှုန့်ကတော့ ဤနေရာမှာပဲ ကုန်ဆုံးသွားခဲ့ရပြီ။ ငါ ထိုဓားပြရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထုံကျင်ဆေးမှုန့်အချို့ကိုပါ ကြိုတင် ဖြန်းထားခဲ့တာ ဖြစ်လို့၊ ဤမြားက ပစ်မှတ်ကို ဘယ်လိုမှ မလွဲချော်နိုင်ဘူးဆိုတာ ငါ အသေအချာ ယုံကြည်တယ်။’
ကြီးမားလှသော ချုံပုတ်တစ်ခု၏ နောက်ကွယ်မှ၊ လေလင် သားရေဝတ်စုံကို ဝတ်ဆင်ကာ သူအခုလေးတင် သုံးစွဲခဲ့သော ဒူးလေးကို ကိုင်ဆောင်လျက် ထွက်ပေါ်လာခဲ့သည်။
“ရန်သူ” ဒိုင်ရစ်စ်၏ မျက်နှာမှာ ပြင်းထန်စွာ တွန့်ရှုံ့သွားခဲ့ရသည်။ သူမ၏ မူလ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော မျက်နှာပေါ်တွင်မူ အကြောပြိုင်းပြိုင်းများ ထွက်ပေါ်လာသဖြင့်၊ ကြည့်ရသည်မှာ ကလေးငယ်များကိုပင် အလန့်တကြား ငိုယိုသွားစေလောက်ပေသည်။
‘ငါ့နောက်ကို လိုက်နေတာဟာ စောစောက သစ်ပင်စိမ်း နတ်သမီး ဖြစ်လိမ့်မယ်လို့ ငါကိုယ်တိုင်လည်း ဘယ်လိုမှ မထင်ထားခဲ့ဘူး။ မူလက အလွန်ပင် လှပလှတဲ့ သက်ရှိတစ်ကောင်ဟာ အခုဆိုရင် ယခုကဲ့သို့သော အသွင်အပြင်အဖြစ် ပြောင်းလဲသွားခဲ့ရတာပဲ။’ လေလင် အနည်းငယ် ထိတ်လန့်သွားမိသည်။
[အသွင်ပြောင်းလဲထားသော သစ်ပင်စိမ်း နတ်သမီး။
ခွန်အား - ၃.၁၊
လျင်မြန်မှု - ၄.၃၊
သက်လုံး- ၃.၅၊
စိတ်စွမ်းအား - ၅.၅။
ကျွမ်းကျင်မှု - မသိရသေးပါ။]
အေအိုင်စနစ်၏ အသံက ထိုသတ္တဝါ၏ စွမ်းရည်များနှင့် လက်ရှိအခြေအနေကို စာတန်းထိုး ပြသလိုက်သည်။
‘သူမရဲ့ စွမ်းရည်က ယခုမျှလောက်အခြေအနေအထိ မြင့်မားလာခဲ့တာလား။ တကယ့်ကို အံ့ဩဖို့ကောင်းတဲ့ မှော်ဂါထာတစ်ခုပဲ။ ဒါပေမဲ့ သူမ ခန္ဓာကိုယ်ရဲ့ မတည်ငြိမ်တဲ့ အခြေအနေကိုတော့ အပြင်ပန်းမှာ ဖြည်းည်းချင်း မြင်တွေ့နေရပြီ ဖြစ်လို့၊ ကြည့်ရတာ လဝက်ထက် ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။’
လေလင်၏ မျက်ဝန်းများ အေးစက်သွားတော့သည်။
“ငါ့ရဲ့ ဖခင်နဲ့ ညီမလေးတွေကို သတ်ပစ်ခဲ့တဲ့ ရန်သူ။ ဒိုင်ရစ်စ်အနေနဲ့ မိမိရဲ့ စိတ်ဝိညာဉ်ကို စွန့်လွှတ်ရဦးတော့၊ မင်းကို သေချာပေါက် ကလဲ့စားချေပစ်မယ်။”
ဒိုင်ရစ်စ် သူမ၏ ရင်ဘတ်မှ မြားကို အတင်း ဆွဲထုတ်လိုက်ရင်း ကျယ်လောင်စွာ ဟစ်အော်လိုက်တော့သည်။ ဒဏ်ရာမှ စိမ်းစိုသော အရည်များစွာ စီးကျလာရသည်။
ထိုစိမ်းစိုသော အရည်များသည် ရင်ဘတ်တစ်ခုလုံးကို အလျင်အမြန်ပင် ဖုံးလွှမ်းသွားခဲ့ပြီး၊ အပင်၏ အမြစ်တစ်ခု အဆက်မပြတ် ဆန့်တန်းလာသည်ကို မြင်တွေ့လိုက်ရကာ၊ မကြာမီမှာပင် ထိုဒဏ်ရာမှာ ပြန်လည် ပိတ်သွားခဲ့တော့သည်။
“သေလိုက်စမ်း။”
ဒိုင်ရစ်စ် စိမ်းစိုသော အရောင်အဝါတစ်ခုပမာ ပြောင်းလဲသွားပြီး လေလင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင် တိုက်ခိုက်တော့သည်။
‘သူမက ပြင်းထန်လှတဲ့ အသွင်ပြောင်းလဲမှုတွေကို ဖြတ်ကျော်ထားခဲ့တာ ဖြစ်လို့၊ ကြည့်ရတာ သာမန် တိုက်ကွက်တွေက ဘာမှ ထိရောက်မှာ မဟုတ်တော့ဘူး။’
လေလင် ခေါင်းညိတ်ပြလိုက်ရင်း၊ သူ၏ လက်ချောင်းများကို ချက်ချင်းပင် တီးလိုက်တော့သည်။
ပန်း...
ရုတ်တရက် မြေပြင်ပေါ်မှ ရွှံ့စေးလုံးတစ်ခု ထွက်ပေါ်လာပြီး၊ ဒိုင်ရစ်စ်၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ၎င်းအထဲတွင်မူ နီရဲသော ဆေးရည်ပုလင်းများ ပြည့်နှက်နေခြင်း ဖြစ်သည်။
ဘန်း...ပြင်းထန်လှသော မီးတောက်ကြီးများ ထွက်ပေါ်လာရသည်။ ၎င်းနှင့်အတူ ပါလာသော အပူလှိုင်းများသည် ပတ်ဝန်းကျင်ရှိ အပင်များကိုပါ လောင်ကျွမ်းပျက်စီးသွားစေခဲ့သည်။
ထိုမီးတောက်ကြီးများသည် ဒိုင်ရစ်စ်တစ်ကိုယ်လုံးကို ဝါးမြိုသွားခဲ့ပြီး၊ တစ်ခုခုကို ကင်နေသကဲ့သို့သော စူးရှလှသည့် အသံများ အဆက်မပြတ် ထွက်ပေါ်လာရတော့သည်။
ဟူး...အစိမ်းရောင် အရိပ်တစ်ခုသည် မီးပင်လယ်အတွင်းမှ အရှိန်အဟုန်ဖြင့် ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးလောင်ကျွမ်းပြီး မည်းတူးနေခဲ့ပြီ ဖြစ်သည်။
သူမသည် မိမိ၏ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များ တောက်လောင်နေဆဲ အခြေအနေဖြင့် လေလင်ဆီသို့ တရစပ် ပြေးဝင်လာခဲ့ခြင်း ဖြစ်သည်။
[ပစ်မှတ်၏ လှုပ်ရှားမှုအရှိန်မှာ ၆၇ ရာခိုင်နှုန်း လျော့နည်းသွားပါပြီ]
အေအိုင်စနစ်က အကြောင်းကြားလိုက်သည်။
‘သူမက ပထမဆုံး ထုံကျင်ဆေးမှုန့်ရဲ့ အာနိသင်ကို ခံထားရတာ ဖြစ်ပြီး၊ ၎င်းနောက်မှာတော့ ပေါက်ကွဲတဲ့ ဆေးရည်တွေကြောင့် ဒဏ်ရာ ပြင်းထန်နေပြီ ဖြစ်ရမယ်။ သူမက မီးဒဏ်ကို ခုခံနိုင်စွမ်း ရှိစေကာမူ၊ သေချာပေါက် ကြီးမားတဲ့ ထိခိုက်မှုကိုတော့ ခံစားရမှာပဲ။’
လေလင်၏ မျက်နှာမှာ အလွန်ပင် တည်ငြိမ်လျက် ရှိသည်။ သူသည် လက်ထဲက ဒူးလေးကို လွှင့်ပစ်လိုက်ပြီးနောက်၊ သူ၏ ကြက်ခြေခတ် ဓားကို ဆွဲထုတ်ကာ ရှေ့သို့ ပြေးဝင် တိုက်ခိုက်လိုက်တော့သည်။
“ကြက်ခြေခတ် ခုတ်ချက်။”
ငွေရောင် ကြက်ခြေခတ် ဓားသွားသည် လင်းလက်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ လေလင်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နိုးထလာခဲ့သော သူရဲကောင်းတို့၏ အသက်စွမ်းအင်ကိုပါ ထည့်သွင်း၍ ခုတ်ပိုင်းလိုက်ခြင်း ဖြစ်သည်။
ထက်မြက်လှသော ဓားသွားပေါ်တွင်မူ အေးစက်သော အလင်းတန်းများ ဖြာကျနေသည်။
ထိုကြက်ခြေခတ် ဓားတိုက်ကွက်သည် သစ်ပင်စိမ်း နတ်သမီးထံသို့ တည့်တည့်မတ်မတ် ကျရောက်သွားသောအခါ၊ ချက်ချင်းပင် စိမ်းစိုသော အရည်များစွာ ထွက်ပေါ်လာတော့သည်။
ဒိုင်ရစ်စ် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရပြီး၊ လေလင် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူသည် မိမိ၏ လက်ထဲက ကြက်ခြေခတ် ဓားကို ကြည့်ရှုရင်း မျက်မှောင်ကြုတ်လိုက်မိတော့သည်။
ငွေရောင် ဓားသွားပေါ်တွင်မူ ဒိုင်ရစ်စ်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော အရည်အမျိုးမျိုးကြောင့် ပျက်စီးနေသော အစင်းကြောင်းများစွာ ဖြစ်ပေါ်နေပြီ ဖြစ်သည်။
‘သူမရဲ့ ခန္ဓာကိုယ်အတွင်းက အရည်တွေကပါ ပြင်းထန်တဲ့ တိုက်စားမှု အာနိသင် ရှိနေတာလား။ ကြက်ခြေခတ် ဓားကတော့ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်ရမယ်။’
လေလင် အနည်းငယ် နှမြောမိသည်။ ဤကြက်ခြေခတ် ဓားမှာ ခရီးသွားအဖွဲ့အတွင်းရှိ မင်းမျိုးမင်းနွယ် လူငယ်တစ်ဦးထံမှ လုယူခဲ့ခြင်း ဖြစ်သည်။
၎င်းကို သုံးစွဲရတာ အလွန်ပင် အဆင်ပြေလှစေကာမူ၊ ယခုနေရာမှာ ပျက်စီးသွားလိမ့်မည်ဟု သူ ဘယ်လိုမှ မထင်ထားခဲ့ချေ။
သူသည် ထိုကြက်ခြေခတ် ဓားကို လွှင့်ပစ်လိုက်သည်။ သူ၏ ရင်ဘတ်တွင် ကြက်ခြေခတ် ခုတ်ချက်ကို ခံထားရသည့်ကြားမှ မိမိဆီသို့ ထပ်မံ ပြေးဝင်ရန် ကြိုးစားနေသော ဒိုင်ရစ်စ်ကို ကြည့်ရှုရင်း၊ လေလင် သူ၏ နှုတ်ခမ်းမှ မှော်မန္တန်ကို အလျင်အမြန်ပင် ရွတ်ဆိုလိုက်တော့သည်။
(ဘာသာပြန်သူမှတ်ချက်-မှော်စာလုံးနဲ့ မှော်မန္တန်အတူတူပါပဲ့)
“အရိပ် လက်ဖဝါး။”
ဒိုင်ရစ်စ်၏ အရိပ်ထဲမှ အနက်ရောင် လက်ဖဝါးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းက သူမ၏ ခြေကျင်းဝတ်နှစ်ဖက်စလုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ်တွင် တင်းကျပ်စွာ ပိတ်ဆို့ထားလိုက်တော့သည်။
ထိုအနက်ရောင် လက်ဝါးကြီးမှ အဖြူရောင် မြူခိုးများစွာ အဆက်မပြတ် ထွက်ပေါ်လာရသည်။
‘အရိပ် လက်ဖဝါးမှာ တိုက်စားမှု အာနိသင် ရှိနေစေကာမူ၊ အသွင်ပြောင်းလဲထားတဲ့ သစ်ပင်စိမ်း နတ်သမီးကို ကိုင်တွယ်ဖို့အတွက်တော့ အနည်းငယ် အားနည်းနေသေးတာပဲ။’
လေလင်၏ စိတ်ထဲတွင် လက်ရှိအခြေအနေကို အလျင်အမြန်ပင် တွက်ချက်လိုက်မိသည်။
“ငါ မင်းကို ငါအသစ်စက်စက် လေ့လာထားတဲ့ မှော်ဂါထာကို စမ်းသပ်ဖို့အတွက် စမ်းသပ်ပစ္စည်းအဖြစ် အသုံးချရမယ်။”
“အပြာရောင် မိုးကြိုးသံ။ ငါ့ရဲ့ အမိန့်ကို နာခံစမ်း။ လူ့ကမ္ဘာထဲကို ဆင်းသက်ပြီး၊ ငါ့ရဲ့ ရန်သူတွေကို ဘေးအန္တရာယ် ပေးစမ်း။” (ရှေးဟောင်း ဘိုင်ရွန် ဘာသာစကား)
လေလင် သူ၏ မှော်မန္တန်ကို ရွတ်ဆိုလိုက်သည်နှင့်အမျှ၊ သူ၏ လက်နှစ်ဖက်စလုံးတွင် ငွေပြာရောင်ရှိသော လျှပ်စီးကြောင်းများ ရုတ်တရက် ပေါ်ထွက်လာခဲ့တော့သည်။
“သွားစမ်း” လေလင် သူ၏ လက်ညှိုးဖြင့် ညွှန်ပြလိုက်ရာ ပြိုးပြိုးပြက်ပြက် တောက်ပလှသော လျှပ်စီးကြောင်းကြီးသည် ဒိုင်ရစ်စ်ဆီသို့ မျဉ်းကွေးတစ်ခုပမာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့တော့သည်။
“ဒိုင်ရစ်စ်က သေခြင်းတရားကို မကြောက်ဘူး။”
ထိုအချိန်တွင် ဒိုင်ရစ်စ် သူမ၏ လက်နှစ်ဖက်စလုံးကို ရှေ့သို့ ဆန့်ထုတ်လိုက်ရာ၊ သူမ၏ လက်ဖဝါးမှာ အလိုအလျောက် ပွင့်ဟသွားခဲ့သည်။ ၎င်းအထဲမှ သစ်ပင်၏ အမြစ်တစ်ခုနှင့် ဆင်တူလှသောအရာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုသစ်ပင်အမြစ်များသည် အချင်းချင်း ချိတ်ဆက်လျက် လေးတစ်ခု၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားပြီး၊ ၎င်းအပေါ်တွင်လည်း အညိုရောင်ရှိသော မြားတစ်စင်းကို ကြိုတင် တင်ဆောင်ထားခဲ့ပြီ ဖြစ်သည်။
“မကောင်းဘူး”
လေလင် ဘေးသို့ အလျင်အမြန်ပင် ခုန်ရှောင်လိုက်သည်။