အခန်း ၃၂ - အနီရောင်မျက်လုံးရှိ ကျီးကန်းများ
"အနီရောင်မျက်လုံးရှိ ကျီးကန်းတွေလား။ အကယ်ဒမီကို ငါတို့ ပထမဆုံး ရောက်တုန်းက တချို့နဲ့ တွေ့ဖူးတယ်၊ ဒိုရော့သ် ကတော့ အလွယ်တကူပဲ ရှင်းပစ်လိုက်တယ်။ သူ သုံးသွားတဲ့ မှော်စာလုံးက အက်ဆစ် ရေပန်း နဲ့ ဆင်တူတယ် ထင်တယ်။"
လေလင် မေးစေ့ကို ပွတ်သပ်ရင်း အကယ်ဒမီကို စရောက်ခဲ့စဉ်က မြင်ကွင်းကို ပြန်တွေးမိသည်။
"ငါတို့ အဲဒီကို အမြန်သွားပြီး ကင်းလှည့်တာ စတာကောင်းမယ်။ ဒီမစ်ရှင်က မစ်ရှင်ပြီးမြောက်ကြောင်း အထောက်အထား အဖြစ် အနီရောင်မျက်လုံးရှိ ကျီးကန်း ၁၀ ကောင်ရဲ့ ညာဘက် လက်သည်းတွေကို ပြန်ယူသွားရမှာ…… မင်းတို့မှာ တခြား မေးစရာ ရှိသေးလား။"
ကာလီဝီးယားက ခေါင်းဆောင်တစ်ယောက်၏ ရပ်တည်ချက်ဖြင့် မေးခွန်းထုတ်ကာ အဆုံးသတ်လိုက်သည်။
လေလင်နှင့် အခြားသူများ ခေါင်းခါပြသည်ကို မြင်သောအခါ သူ ဆက်ပြောသည်။
"ငါတို့က အဖွဲ့သားတွေ ဖြစ်နေပြီမို့ တစ်ယောက်နဲ့ တစ်ယောက် ဘာမှ ဖုံးကွယ်မထားကြရအောင်။ တစ်ယောက်ချင်းစီရဲ့ စွမ်းအားကို ပြောပြကြရင် တခြားသူတွေအတွက် ပိုပြီး နားလည်မှု ရှိသွားမယ်။ ငါ အရင် စမယ်"
"ငါက ကာလီဝီးယား၊ သူရဲကောင်း အဆင့် ခန္ဓာကိုယ် တည်ဆောက်ပုံ ရှိပြီး လျှို့ဝှက် နည်းလမ်းတစ်ခုကို သိတယ်။ အဆင့် ၀ မှော်စာလုံး တစ်ခုကိုလည်း တတ်မြောက်ထားတယ်။"
"ကာလီဝီးယား၊ မင်း မှော်စာလုံး တစ်ခုကို တတ်မြောက်ထားလိမ့်မယ်လို့ မထင်ထားဘူး။ မင်းက ငါ့ထက် ပိုသာနေတာပဲ…… ငါကတော့ နီလာ၊ သူရဲကောင်း အဆင့် ခန္ဓာကိုယ် အရည်အသွေးနဲ့ လျှို့ဝှက် နည်းလမ်း ရှိတယ်။ အခု အရိပ် လက်ဖဝါး မှော်စာလုံး ကို လေ့လာနေဆဲ ဖြစ်ပေမဲ့ သုံးဖို့တော့ မတတ်သေးဘူး။"
နီလာ စကားပြောရင်း ကာလီဝီးယားကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ငါက လီလစ်၊ ငါက သူရဲကောင်း ဖြစ်ဖို့ လေ့ကျင့်နေဆဲပဲ၊ ဒါပေမဲ့ နည်းပြက ငါ့ရဲ့ အပ်ပစ် ကျွမ်းကျင်မှု မဆိုးဘူးလို့ ပြောတယ်။ လျှို့ဝှက် နည်းလမ်း ဘာမှ မသိသေးဘူး"
လီလစ် ရှက်ရွံ့စွာ ပြောသည်။
"ငါက ရိုင်နာ၊ သူရဲကောင်း အရန်။ မှော်စာလုံး ဘာမှ မတတ်ဘူး၊ ဒါပေမဲ့ ငါ့ရဲ့ လေးပစ် ကျွမ်းကျင်မှုက မဆိုးဘူး"
ကာလီဝီးယားနှင့် နီလာတို့က မှော်စာလုံး တတ်မြောက်နေပြီဟု မထင်ထားသဖြင့် သူ အနည်းငယ် ရှက်မိသည်။
ကျောပေါ်ရှိ သစ်သားလေးကို ပုတ်ရင်း ဆက်ပြောသည်။
"စိတ်မပူကြနဲ့၊ ငါ မင်းတို့အတွက် ဝန်မဖြစ်စေရဘူး"
(ဘာသာပြန်သူမှတ်ချက်-သူရဲကောင်း အရန်ဆိုတာ သူရဲကောင်းအဆင့်မဖြစ်သေးဘဲ ရောက်ခါနီးလေ့ကျင့်နေဆဲပါ။)
"ငါက လေလင်၊ သူရဲကောင်း အရန်။ အခုလက်ရှိမှာ မှော်စာလုံး တစ်ခုကို တတ်မြောက်ထားတယ်။"
လေလင် သူ့နှာခေါင်းကို ပွတ်လိုက်သည်။
"မင်းတောင် မှော်စာလုံး တတ်မြောက်ထားတာလား…… အို တောင်းပန်ပါတယ်။"
ရိုင်နာ စိတ်ရှုပ်ထွေးစွာ ပြောသည်။
သူတို့နှစ်ယောက် အတူတူ လာခဲ့သဖြင့် လေလင်၏ အရည်အချင်းမှာ တတိယအဆင့် အလုပ်သင်မျှသာ ဖြစ်ကြောင်း သူ သိထားသည်။
လေလင်၏ အောင်မြင်မှုမှာ စတုတ္ထအဆင့် အလုပ်သင်ထက် ပိုသာနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ရပါတယ်။" လေလင် ခေါင်းခါပြလိုက်သည်။
တကယ်တမ်းတွင် ရိုင်နာ၏ တရားထိုင်ခြင်း အကျိုးသက်ရောက်မှုမှာ လေလင်ထက် ပိုမြန်သည်။
သို့သော် သူတွင် အချက်အလက်များနှင့် တန်ဖိုးရှိသော အရင်းအမြစ်များကို လဲလှယ်ရန် မှော်ကျောက်တုံးများ မလုံလောက်ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် သူသည် လေလင်ထက် နောက်ကျ ကျန်ရစ်နေခြင်း ဖြစ်သည်။
"မင်းက တကယ်ပဲ ဆရာ လေလင် လို့ ခေါ်ရလောက်အောင် ထိုက်တန်တာပဲ အပြင်ကလူတွေ မင်းကို ဘယ်လို ခေါ်နေလဲ သိလား။" နီလာက ချီးမွမ်းစွာ ပြောသည်။
"အို...တခြားသူတွေ ငါ့ကို ဘယ်လို အကဲဖြတ်နေလဲ ဆိုတာ သိချင်တယ်။"
"နှစ်ငါးဆယ်မှ တစ်ခါ ပေါ်လာတဲ့ ဆေးဖော်စပ်တဲ့ ပါရမီရှင် တဲ့ မင်းမှာ ဆရာ မရှိသေးရင် တခြား ဆေးဝါး ပါမောက္ခတွေက မင်းကို တပည့်ခံဖို့ ဖိတ်ခေါ်ကြမှာပဲ"
နီလာ၏ အသံမှာ မြင့်တက်လာပြီး မျက်လုံးများမှာ လင်းလက်နေသည်။
နီလာ၏ စူးရှသော အကြည့်များနှင့် လီလစ်တို့၏ အမူအရာကို ကြည့်ပြီး လေလင် ခါးသက်သက် ပြုံးလိုက်သည်။
သူ၏ ဆေးများကို ပိုမိုမြန်ဆန်စွာ ရောင်းချနိုင်ရန်အတွက် ဆေးဖော်စပ်သည့် ပါရမီရှင် အလုပ်သင် ဖြစ်ရန် လိုအပ်သည်။
ကံကောင်းစွာဖြင့် သူ၏ ဆရာတူအစ်ကို မာလင် ရှိနေသဖြင့် အာရုံစိုက်မှု အများစုမှာ သူ့ဆီသို့သာ ရောက်ရှိနေသည်။
"အို မှန်တာပဲ လေလင်၊ မင်း ဆေးတွေ အမြဲ ရောင်းတာဆိုတော့ အရင်းအမြစ် လုံလောက်မှာပေါ့ ဘာလို့ မစ်ရှင် ထွက်ချင်ရတာလဲ။" ရိုင်နာ တိုးတိုးလေး မေးသည်။
"ဒါနဲ့ ပတ်သက်ရင်တော့ အကယ်ဒမီထဲမှာ အောင်းနေရတာ ငြီးငွေ့လာလို့ပါ။ ပြီးတော့ မှော်စာလုံး တစ်ခု တတ်ထားတော့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ချင်လို့ပါ။"
လေလင်၏ အဓိက ရည်ရွယ်ချက်မှာ အတွေ့အကြုံ ပိုရရန်နှင့် အနာဂတ်တွင် မှောင်ခို ဈေးကွက် ရှာဖွေရန်အတွက် ဖြစ်သည်။
သို့သော် ဤအကြောင်းကို ပြောပြ၍ မရပေ။
"ကောင်းပြီ ကောလာဟလတွေကို ဒီမှာ ရပ်ထားကြရအောင် ငါတို့သွားမယ့် နေရာက သိပ်မဝေးဘူး၊ ဒါပေမဲ့ ရောက်ဖို့ နည်းနည်းတော့ ခက်ခဲလိမ့်မယ် အခု မသွားရင် မိုးချုပ်သွားလိမ့်မယ်"
ကာလီဝီးယား လက်ခုပ်တီးလိုက်ပြီး ဓားကို ကိုင်ကာ ဦးဆောင်သွားသည်။
"သွားကြစို့" လေလင် နောက်မှ လိုက်သွားသည်။
"ငါ မင်းဘေးမှာ လမ်းလျှောက်ချင်တယ်။"
နီလာ လေလင်၏ ဘေးတွင် လမ်းလျှောက်လာပြီး သူမ၏ ရည်ရွယ်ချက်ကို လုံးဝ မဖုံးကွယ်ထားပေ။
လီလစ်မှာ နောက်မှ လိုက်လာပြီး ရိုင်နာမှာ အနောက်ဆုံးတွင် ရှိသည်။
"သတိထားကြ၊ ကျောင်းအနီးအနားက လွတ်လပ်တဲ့ နေရာ ဖြစ်ပေမဲ့ တောအုပ်ထဲ ဝင်သွားရင် အန္တရာယ် ပိုများတယ်။"
ကာလီဝီးယား လမ်းလျှောက်ရင်း သတိပေးလိုက်သည်။
လေလင် နီလာကို ဂရုမစိုက်ဘဲ အေအိုင်စနစ်၏ စူးစမ်းနိုင်စွမ်းကို အမြင့်ဆုံး အသုံးပြုပြီး ပတ်ဝန်းကျင်ကို အာရုံစိုက်လိုက်သည်။
အကယ်ဒမီပြင်ပရှိ အန္တရာယ်ရှိသော လောကနှင့် ပထမဆုံးအကြိမ် ထိတွေ့ခြင်း ဖြစ်သဖြင့် သူ ပို၍ သတိထားနေရသည်။
အက်ဗစ်ဆယ် ဘုန်းသစ်တော အကယ်ဒမီကို အနက်ရောင် တောအုပ်၏ အနက်ရိုင်းဆုံးနေရာတွင် တည်ဆောက်ထားပြီး ကျောင်းပေါ်တွင် စွန့်ပစ်ထားသော သင်္ချိုင်း ရှိသည်။
ကျောင်းတစ်ဝိုက်တွင် ချုံပုတ်ငယ်များနှင့် သစ်ပင်တိုများသာ ရှိသဖြင့် အန္တရာယ် မများလှပေ။
သို့သော် တောအုပ်ထဲသို့ ဝင်ရောက်ပြီးနောက် သစ်ပင်များမှာ သဘာဝအတိုင်း အသွင်ဖျောက်ထားသဖြင့် သားရဲများ၏ အမဲလိုက်သည့် နေရာ ဖြစ်လာသည်။
[သတိပေးချက် သတိပေးချက် အမည်မသိ သတ္တဝါ တစ်ကောင် ချဉ်းကပ်လာနေသည်။ အိမ်ရှင်၏ ခန္ဓာကိုယ်အတွက် အန္တရာယ် - အနည်းငယ်။]
အေအိုင်စနစ်၏ အသံနှင့်အတူ လေလင်၏ မြင်ကွင်းတွင် အပြာနုရောင် မျဉ်းကြောင်းများဖြင့် ပုံရိပ်တစ်ခု ပေါ်လာသည်။
လေလင်သည် သူတို့ဆီသို့ မြွေတစ်ကောင်ကဲ့သို့ တွားသွားလာနေသည့် အနီရောင် မျဉ်းကြောင်းကို မြင်လိုက်ရသည်။
ဝူး...
အမည်းရောင် အရိပ်တစ်ခုမှာ ချုံပုတ်ထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး ကာလီဝီးယား၏ လည်ပင်းကို အပြင်းအထန် ကိုက်လိုက်သည်။
ကာလီဝီးယား၏ အမူအရာ မပြောင်းလဲဘဲ လက်ထဲရှိ အနက်ရောင် ဓားဖြင့် ရိုက်ထုတ်လိုက်ရာ အမည်းရောင် အရိပ်မှာ လွင့်စဉ်သွားသည်။
မြေပြင်ပေါ်သို့ ကျသွားသည့် အမည်းရောင် အရိပ်မှာ တစ်မီတာ ရှည်လျားပြီး ခန္ဓာကိုယ်တွင် သွေးအမှတ်အသား အနည်းငယ် ရှိကာ တြိဂံပုံသဏ္ဌာန် ခေါင်းပေါ်တွင် မျက်လုံး တစ်လုံးသာ ပါသည့် မြွေ ဖြစ်သည်။
"ဒါက သံချည်မျှင် မျက်လုံးတစ်လုံးပါ မြွေပဲ၊ သူ့အဆိပ်ကို သတိထား" နီလာ သတိပေးလိုက်သည်။
ထိုအချိန်တွင် နောက်မှ လိုက်လာသည့် လီလစ်မှာ ဓားသုံးလက်ကို သတ္တဝါဆီသို့ ပစ်လိုက်သည်။ သံချည်မျှင် မျက်လုံးတစ်လုံးပါ မြွေမှာ ဓားနှစ်လက်ကို ရှောင်လိုက်နိုင်သော်လည်း နောက်ဆုံး တစ်လက်မှာ သူမ၏ ခန္ဓာကိုယ်ကို ခြစ်မိသွားသည်။
ဟီး... ရုတ်တရက် ကာလီဝီးယား ရှေ့သို့ ပြေးသွားကာ အနက်ရောင် ဓားကို မြွေ၏ ခေါင်းပေါ်သို့ ခုတ်ချလိုက်သည်။
အေးစက်သော အလင်းရောင်နှင့်အတူ မြွေ၏ ခေါင်းမှာ ချက်ချင်း ပြတ်ကျသွားသည်။
ခေါင်းပြတ်သွားသော မြွေမှာ မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး သွေးများ အဆက်မပြတ် စီးကျနေသည်။
"အား"...လီလစ် ထိတ်လန့်သွားသည်။
"သေသွားပါပြီ။ ဒါက ခန္ဓာကိုယ်ရဲ့ သဘာဝ တုံ့ပြန်မှုပဲ။ မင်း အာရုံကြော ပညာကို မလေ့လာထားဘူးလား။"
နီလာ နှာခေါင်းရှုံ့လိုက်သည်။
"ဒီ သံချည်မျှင် မျက်လုံးတစ်လုံးပါ မြွေရဲ့ အဆိပ်အိတ်နဲ့ အရေခွံပဲ အသုံးဝင်တယ်။ ပစ္စည်းတွေ သိမ်းမယ့်သူ အမြန်သိမ်း၊ သွေးနံ့ကြောင့် တခြား သတ္တဝါတွေ ရောက်လာလိမ့်မယ်" ကာလီဝီးယား ဓားကို သိမ်းရင်း ပြောသည်။
"ငါ သိမ်းလိုက်မယ်"
ရိုင်နာ ရှေ့သို့ တိုးလာပြီး ခဏအကြာတွင် သူတို့ငါးယောက် ခရီးကို ဆက်လက် ထွက်ခွာခဲ့ကြသည်။
"အေအိုင်စနစ် အချက်အလက်တွေကို မှတ်တမ်းတင်ပြီးပြီလား။"
[အချက်ပေးသံ ထွက်ပေါ်လာသည်။ မှတ်တမ်းတင်ခြင်း ပြီးဆုံးသည်။
သံချည်မျှင် မျက်လုံးတစ်လုံးပါ မြွေ၊
မြွေအမျိုးအစား။
ခွန်အား - ၁.၁၊
လျင်မြန်မှု - ၂.၁၊
သက်လုံ - ၁.၆။
သွေးနမူနာကို စုဆောင်းပြီး ကြွက်သား ဖွဲ့စည်းပုံကို မှတ်တမ်းတင်ထားသည်။]
အေအိုင်စနစ်၏ တုံ့ပြန်ချက်မှာ အချိန်ကိုက် ဖြစ်သည်။
လေလင် ခေါင်းညိတ်ပြီး ခြေလှမ်းများကို မြန်ဆန်စေလိုက်သည်။
ဆယ်ရက်ကျော် ကြာပြီးနောက် အနက်ရောင် တောအုပ်အတွင်း၌ အနီရောင်မျက်လုံးရှိ ကျီးကန်း တစ်ကောင်မှာ သတိရှိရှိဖြင့် အကိုင်းအခက်ပေါ်တွင် နားနေပြီး အတောင်ပံများကို ခါယမ်းနေသည်။
ဝူး...ရုတ်တရက် အဖြူရောင် မြားတစ်စင်း ပစ်လွှတ်လိုက်သည်။
"ကော..." အနီရောင်မျက်လုံးရှိ ကျီးကန်းမှာ အတောင်ပံကို ခတ်ကာ ရှောင်လိုက်သည်။
ရှောင်နေစဉ်အတွင်း နောက်ထပ် အဖြူရောင် အလင်းတန်း သုံးခုမှာ ဓားများ ဖြစ်ပြီး သူ့ဆီသို့ ပစ်လွှတ်လိုက်သည်။
အနီရောင်မျက်လုံးရှိ ကျီးကန်းမှာ လှပသော လမ်းကြောင်းဖြင့် ရှောင်တိမ်းပြီး နေရာလွတ် တစ်ခုတွင် ဆင်းသက်လိုက်သည်။
"သတ်" ချုံပုတ်ထဲမှ အရိပ်တစ်ခု ခုန်ထွက်လာပြီး လက်နှစ်ဖက်ဖြင့် ဓားကို ကိုင်ကာ အနီရောင်မျက်လုံးရှိ ကျီးကန်းဆီသို့ ခုတ်ချလိုက်သည်။
အစောပိုင်း မြားနှင့် ဓားများမှာ အနီရောင်မျက်လုံးရှိ ကျီးကန်းကို မြေပြင်သို့ ဆင်းသက်စေရန် ဖြစ်သည်။
အနက်ရောင် ဓားမှာ လေပြင်းနှင့်အတူ အနီရောင်မျက်လုံးရှိ ကျီးကန်းကို ခုတ်ချလိုက်သည်။
"ကော...ကော"
အနီရောင်မျက်လုံးရှိ ကျီးကန်းမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အနီရောင်မျက်လုံးရှိ ကျီးကန်း၏ မျက်လုံးများတွင် လူသားဆန်သော ဒေါသများ ပေါ်လာပြီး အနက်ရောင် လက်သည်းများဖြင့် ဓားကို တွန်းထုတ်လိုက်သည်။
ကျန်း..အနီရောင်မျက်လုံးရှိ ကျီးကန်းမှာ သာမန် ကျီးကန်းထက် အနည်းငယ် ကြီးသော်လည်း ကြက်တစ်ကောင် အရွယ်အစားသာ ရှိသည်။
အနက်ရောင် လက်သည်းများကို သုံးပြီး ဓားကိုင်ထားသည့် သူရဲကောင်းကို တွန်းထုတ်လိုက်သည်။
"ကော" အနီရောင်မျက်လုံးရှိ ကျီးကန်းမှာ ထပ်အော်ပြီး အနက်ရောင် အမွေးအချို့မှာ ကျလာသည်။
ဆုတ်ခွာသွားသည့် သူရဲကောင်းကို အခွင့်ကောင်းယူပြီး အနီရောင်မျက်လုံးရှိ ကျီးကန်းမှာ ရှေ့သို့ တိုးကာ ချွန်ထက်သော လက်သည်းများဖြင့် သူရဲကောင်း၏ မျက်နှာကို ကုတ်ခြစ်လိုက်သည်။
"ပန်ဒိုရာ - ဂရေဂေါင်ဂါ"
အလျင်အမြန် ရွတ်ဆိုလိုက်သော မန္တန်နှင့်အတူ အစိမ်းရောင် အရည် တစ်လုံးမှာ လေထဲသို့ ပျံသန်းသွားပြီး အနီရောင်မျက်လုံးရှိ ကျီးကန်း၏ ခန္ဓာကိုယ်ကို တည့်တည့် ထိမှန်သွားသည်။
စီ...အဖြူရောင် မြူခိုးများ ထွက်ပေါ်လာပြီး အနီရောင်မျက်လုံးရှိ ကျီးကန်း၏ အော်သံများမှာ ဆက်တိုက် ထွက်ပေါ်လာသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် အနီရောင်မျက်လုံးရှိ ကျီးကန်း၏ အော်သံမှာ လုံးဝ ပျောက်ကွယ်သွားပြီး အရာအားလုံး ငြိမ်သက်သွားသည်။
နေရာလွတ်တွင် တိုက်စားခံရပြီး ကျန်ရစ်ခဲ့သည့် အမွေးအနည်းငယ်သာ ရှိတော့သည်။
"မင်း အဆင်ပြေရဲ့လား ကာလီဝီးယား"
ချုံပုတ်များ လှုပ်ခါသွားပြီး လူအချို့ ထွက်လာခဲ့သည်။ ကာလီဝီးယား ခေါင်းခါလိုက်သည်။
"ရပါတယ် ဒီ အနီရောင်မျက်လုံးရှိ ကျီးကန်းမှာ သူရဲကောင်း အဆင့် ခွန်အား ရှိပြီး ပျံသန်းနိုင်ပေမဲ့ လက်နက် ကိုင်ထားတဲ့ လူသားတွေကိုတော့ မနိုင်ပါဘူး"
အလယ်က လူကို ကြည့်ပြီး "လေလင် အက်ဆစ် ရေပန်း သုံးလိုက်တဲ့ အချိန်က အရမ်း ကောင်းတယ်"
"အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်ပါ။"
လေလင် ပြုံးလိုက်သည်။
ကာလီဝီးယား ကျင်းကြီးဆီသို့ လျှောက်သွားပြီး အကိုင်းအခက်တစ်ခုဖြင့် အမွေးများကို ဖယ်ရှားကာ အနက်ရောင် လက်သည်း နှစ်ခုကို ကောက်ယူလိုက်သည်။
လက်သည်း၏ အနားသတ်မှာ အလွန် ချွန်ထက်ပြီး အလင်းရောင်ကို တောက်ပစေသည်။
"အက်ဆစ် ရေပန်း ရဲ့ စွမ်းအားက ကြီးပေမဲ့ အနီရောင်မျက်လုံးရှိ ကျီးကန်းကို အများကြီး တိုက်စားသွားတယ်။ သူ့ရဲ့ မာကျောတဲ့ လက်သည်းကလွဲရင် ဘာမှ မကျန်တော့ဘူး..." ကာလီဝီးယား နမြောတသစွာ ပြောသည်။
"ဟွန်း လေလင် မရှိရင် မင်းတို့ အနီရောင်မျက်လုံးရှိ ကျီးကန်းကို သတ်ဖို့ တစ်ခုခု ပေးဆပ်ရလိမ့်မယ်"
နီလာ ဘေးမှ နှာခေါင်းရှုံ့လိုက်သည်။
"မှန်တယ်"
ကာလီဝီးယား ဓားကို သိမ်းလိုက်သည်။
သူ ရင့်ကျက်လာပြီး နီလာ၏ စိတ်ဆိုးနေမှုကို ဂရုမစိုက်တော့ပေ။
"ဒီ အနီရောင်မျက်လုံးရှိ ကျီးကန်းနဲ့တင် လုံလောက်တဲ့ ပစ္စည်းတွေ ရသွားပြီ။ အကယ်ဒမီကို ပြန်ပြီး မစ်ရှင် အပ်ကြမလား။"
ရိုင်နာတို့ ပင်ပန်းနေသည်ကို မြင်သောအခါ ကာလီဝီးယား မေးလိုက်သည်။
"ပြန်ကြမယ်လေ တောအုပ်က အရမ်း အန္တရာယ် များတယ်။ ညဘက်တောင် ကောင်းကောင်း မအိပ်ရဘူး"
နီလာ ချက်ချင်း ပြောသည်။ လီလစ်နှင့် ရိုင်နာတို့လည်း ခေါင်းညိတ်သည်။
လေလင်မှာလည်း ပင်ပန်းနေသည်။ တောအုပ်မှာ အန္တရာယ် များပြားလှသည်။ အေအိုင်စနစ်က သတိပေးသော်လည်း အချိန်အကြာကြီး စိတ်ဖိစီးနေရသည်။ ယခုအခါ အကယ်ဒမီရှိ ရေနွေးနှင့် အိပ်ရာကို လွမ်းဆွတ်နေမိသည်။
"ကောင်းပြီ အရင်ဆုံး ပြန်ကြမယ်"
ကာလီဝီးယား နမြောတစွာ အနီရောင်မျက်လုံးရှိ ကျီးကန်း လက်သည်းကို သေချာ သိမ်းဆည်းရင်း "နှမြောစရာပဲ ငါတို့ အရည်အချင်းနဲ့ဆိုရင် ဒီထက်မက ပိုသတ်နိုင်တယ်။ သူတို့က သံချည်မျှင် မြွေထက် ပိုတန်ဖိုး ရှိတယ်..."
"မှော်ကျောက်တုံး ရဖို့ အဆုံးမရှိဘူး၊ ဒါပေမဲ့ အခုတော့ ငါတို့အဖွဲ့ တစ်ခုလုံး ပင်ပန်းနေပြီ၊ အန္တရာယ် ရှိတဲ့ အခြေအနေ ရောက်နေပြီ။ အကယ်ဒမီကို အမြန် မပြန်ရင် နောက်တစ်ကြိမ် အမဲလိုက်တဲ့အခါ အမှားတွေ ဖြစ်ပြီး သေဆုံးနိုင်တယ်"
လေလင်၏ အသံမှာ အေးစက်ပြီး ပြတ်သားသည်။ သူသည် အမြဲတမ်း စိတ်အေးလက်အေး ရှိတတ်ပြီး သူ့ရှေ့တွင် မြင်နေရသည့် အမြတ်အစွန်းအတွက်ဖြင့် သူ၏ အခြေအနေကို မေ့မသွားတတ်ပေ။
"ကောင်းပြီ အဲဒါဆို ပြန်ကြမယ်"
ကာလီဝီးယား အနည်းငယ် တွန့်ဆုတ်ပြီးနောက် ခေါင်းညိတ် သဘောတူလိုက်သည်။
ကာလီဝီးယား၏ စကားကို ကြားပြီးနောက် ကျန်လေးယောက်၏ အမူအရာမှာ ပိုမို ကောင်းမွန်လာသည်။ နီလာပင်လျှင် ပြုံးရွှင်သွားသည်။
အဖွဲ့မှာ အမြန် ပြင်ဆင်ပြီး အိမ်ပြန်ခရီးကို စတင်လိုက်ကြသည်။