အခန်း ၂၈ - ရောင်းချခြင်း
"တစ်ခုခုတော့ မှားနေပြီ"
လေလင် စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။
"မင်း…… မင်းက မင်းရဲ့ မိသားစု အရင်းအမြစ်တွေကို သူ့ဆီ ပေးလိုက်တာလား မင်း ဘာလို့ အဆင့် ၁ အလုပ်သင် အဖြစ်နဲ့ပဲ ရှိနေသေးလဲဆိုတာ အခုတော့ နားလည်ပြီ တကယ်ဆိုရင်
မင်းရဲ့ အရည်အချင်းအတိုင်းသာဆိုရင် ဒီထက်မက ပိုမြင့်တဲ့ အဆင့်ကို အစောကြီးကတည်းက ရောက်နှင့်နေသင့်တာ"
ဘစ်ကီသည် မှော်ဆရာ မိသားစုငယ်လေး တစ်ခုမှ ဆင်းသက်လာသူ ဖြစ်သည်။
အရွယ်အစား သေးငယ်သော်လည်း ရံဖန်ရံခါ အရင်းအမြစ်များနှင့် မှော်ကျောက်တုံးများ ရရှိနိုင်စွမ်း ရှိသည်။
ဘစ်ကီသည် မိသားစု၏ မျှော်လင့်ချက် ဖြစ်သောကြောင့် သူမအား လစဉ် သတ်မှတ်ထားသည့် အထောက်အပံ့ကို ပုံမှန် ပေးအပ်သည်။
သူမ၏ အရည်အချင်းမှာ မဆိုးလှဘဲ လေလင်ထက် တစ်နှစ် စော၍ ရောက်လာသူ ဖြစ်သည်။
တကယ်ဆိုပါက အဆင့် ၂ အလုပ်သင် ဖြစ်ရန် အချိန်တန်နေပြီ ဖြစ်သော်လည်း သူမမှာ အဆင့် ၁ အလုပ်သင် အဖြစ်သာ ရှိနေသေးပြီး လေလင်ပင် သူမကို မီတော့မလို ဖြစ်နေပြီ။
"အဲဒါ…… အဲဒါ မဟုတ်ပါဘူး"
ဘစ်ကီ ခေါင်းကို အမြန် ခါလိုက်သည်။
ဘစ်ကီ၏ အမူအရာကို မြင်သော် လေလင် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
"ထားလိုက်ပါတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ဘာမှ ကူညီပေးလို့ မရဘူး…… ဒါပေမဲ့ သတိထားဖို့တော့ မမေ့နဲ့" လေလင် သတိပေးလိုက်သည်။
"ကောင်းပြီ ဒုတိယထပ်က ကန်တင်းကို သွားရအောင် အဲဒီမှာရှိတဲ့ ပျားရည် အရသာ ကိတ်မုန့်က မဆိုးဘူးလို့ ကြားတယ်……"
ဘစ်ကီ ပြုံးလိုက်ပြီး ဒီအကြောင်းအရာကို ဆက်မပြောလိုတော့ကြောင်း သိသာနေသည်။
ဒုတိယထပ် ကန်တင်းမှာ ထူးခြားသော နေရာ ဖြစ်သည်။ အစားအသောက် အခမဲ့ ရသည့် တတိယထပ်နှင့် မတူဘဲ ဤနေရာတွင် ဝန်ဆောင်မှုအတွက် မှော်ကျောက်တုံးများ ပေးဆောင်ရသည်။
လေလင် ဤနေရာသို့ ပထမဆုံးအကြိမ် လာခြင်းဖြစ်သည်။ ပျားရည် ကိတ်မုန့် နှစ်ခု၊ အမဲသား စတိတ်၊ သစ်သီးဖျော်ရည် နှစ်ခွက်နှင့် ဦးချို တစ်ချောင်းပါ ပုတ်သင်ညို၏ အသားကို မှာယူလိုက်ရာ စုစုပေါင်း မှော်ကျောက်တုံး တစ်တုံး ကုန်သွားသဖြင့် လေလင် စိတ်မကောင်း ဖြစ်မိသည်။
"ဒီ ပုတ်သင်ညို အသားကို အထူး ပြင်ဆင်ချက်နဲ့ ချက်ရင် မှော်ဆရာတွေရဲ့ တရားထိုင်ခြင်းအတွက် အလွန် အကျိုးရှိတယ်လို့ ကြားဖူးတယ်၊ ဒါကြောင့် ဒီနေ့ စမ်းစားကြည့်ရမယ်"
လေလင် ဓားဖြင့် အသားကို လှီးပြီး ခရင်းဖြင့် ခက်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။ အသား၏ မွှေးပျံ့သော အရသာမှာ လျှာပေါ်တွင် ပျံ့နှံ့သွားပြီး လေလင်၏ မျက်လုံးများ တောက်ပလာသည်။
[အချက်ပေးသံ ထွက်ပေါ်လာသည်။ အိမ်ရှင်၏ ခန္ဓာကိုယ်အတွက် အကျိုးရှိသော ပါဝင်ပစ္စည်း တစ်ခုကို တွေ့ရှိပါသည်။
ရလဒ် - တရားထိုင်ခြင်းကို အနည်းငယ် တိုးတက်စေသည်။ အရိပ်အမြွက် - ထင်ရှားသော ရလဒ် ရရှိရန် ၁၀ ရက် ဆက်တိုက် စားသုံးရန် လိုအပ်သည်!]
"ငါ……" လေလင် စကားမပြောနိုင် ဖြစ်သွားသည်။
"ဒီလောက် ကောင်းတဲ့ ပစ္စည်းကို မှော်ကျောက်တုံးတွေ အများကြီးနဲ့ ဘယ်လို ဝယ်စားနိုင်မှာလဲ အရသာအတွက်ပဲ စားနိုင်တော့မယ်"
အခြားတစ်ဖက်တွင် ဘစ်ကီမှာ ပျားရည် ကိတ်မုန့်ကို အလွန် ပျော်ရွှင်စွာ စားနေသည်။
စားသောက်ပြီးနောက် လေလင် ဘစ်ကီကို နှုတ်ဆက်ကာ ကုန်သွယ်ရေး နေရာသို့ သွားလိုက်သည်။
လေလင်တွင် မှော်ကျောက်တုံး အနည်းငယ်သာ ရှိသော်လည်း ခွန်အားတိုး ဆေးကို ရောင်းချရန် စီစဉ်ထားသည်။
ခရော့ဖ်၏ ခွင့်ပြုချက်ဖြင့် ခွန်အားတိုး ဆေးများ ဖော်စပ်ရောင်းချကာ မှော်ကျောက်တုံးများ ရှာဖွေနိုင်မည် ဖြစ်သည်။
ရှုပ်ထွေးနေသော ဆိုင်ခန်းများကို ကျော်ဖြတ်ပြီးနောက် လေလင်သည် ပထမဆုံးအကြိမ် ဆေးဝါး ပါဝင်ပစ္စည်းများ ဝယ်ယူခဲ့ဖူးသည့် ဝူးခ်၏ ဆိုင်သို့ ရောက်ရှိလာသည်။
"လေလင် မင်းပဲလား ဒီခြောက်လအတွင်းမှာ မှော်ကျောက်တုံး အဒါဇင်နဲ့ချီ သုံးထားတာနော် လက်မလျှော့သေးဘူးလား"
ဝူးခ်မှာ အရင်အတိုင်းပင် ဝတုတ်နေဆဲ ဖြစ်သည်။
"ဆေးဖော်စပ်ခြင်းက ဆွဲဆောင်မှု ရှိတဲ့ ပညာရပ်တစ်ခုမို့လို့ လက်မလျှော့နိုင်သေးပါဘူး" လေလင် ဟာသသဘောဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ဒီနေ့တော့ ပါဝင်ပစ္စည်းတွေ ဝယ်ဖို့ သက်သက် မဟုတ်ဘူး"
လေလင် ပြောပြီး ခွန်အားတိုး ဆေးကို ဝူးခ်ထံ ပေးလိုက်သည်။
"ဒါကို ကြည့်ပါဦး"
"ဒါက……" ဝူးခ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"မင်း အောင်မြင်သွားပြီလား"
"ဟုတ်ကဲ့"
လေလင် အနည်းငယ် ပြုံးသည်။
ဝူးခ် သေချာစွာ စစ်ဆေးပြီးနောက် တကယ့် ခွန်အားတိုး ဆေးမှန်း သိသွားသောအခါ သူ၏ မျက်လုံးများမှာ တောက်ပလာသည်။
"အကြိမ်တစ်ရာကျော် မင်း စမ်းသပ်မှု အကြိမ်တစ်ရာလောက်နဲ့တင် ခွန်အားတိုး ဆေးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်တာလား ဒီ ပါရမီက…… မာလင်ထက် နည်းနည်းပဲ လျော့နည်းတယ်"
ပါဝင်ပစ္စည်း အများစုကို သူပဲ ရောင်းခဲ့ခြင်း ဖြစ်သဖြင့် လေလင်၏ အရည်အချင်းကို သူ အမြန်ဆုံး ခန့်မှန်းနိုင်သည်။
"မဟုတ်ပါဘူး ဆရာ ခရော့ဖ်ရဲ့ လမ်းညွှန်မှုကြောင့်ပါ"
လေလင် ရှက်ရွံ့စွာ ပြောသည်။
"အို ခရော့ဖ်ပဲလား မာလင်လို အရည်အချင်းရှိတဲ့ တပည့် ရထားတာတောင် နောက်ထပ် ထူးချွန်တဲ့ တပည့် တစ်ယောက်ကို ထပ်ပေးလိုက်တာလား"
လူဝကြီးက သူ့နဖူးကို ရိုက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောသည်။
"မင်း ဆရာ ပြောင်းဖို့ မစဉ်းစားဘူးလား ငါ့ဆရာ ဝရန်ကီကလည်း ဆေးဖော်စပ်ခြင်းမှာ အလွန် ကျွမ်းကျင်တဲ့ ပါမောက္ခပါ…… သူ မင်းကို သဘောကျမှာ"
"တောင်းပန်ပါတယ် ကျွန်တော် ဆရာ ပြောင်းဖို့ လုံးဝ မစဉ်းစားထားပါဘူး"
လေလင် အမြန် ငြင်းလိုက်သည်။ ခရော့ဖ်က သူ့ကို ကောင်းကောင်း ဆက်ဆံသည်။
အကြောင်းမဲ့ ဆရာပြောင်းပါက မှော်ဆရာ၏ ဒေါသကို ခံရမည် ဖြစ်ရာ သူ ထိုအန္တရာယ်မျိုး မယူလိုပေ။
"နှမြောစရာကောင်းလိုက်တာ……"
လူဝကြီး ခေါင်းခါလိုက်သည်။ သူလည်း စမ်းသပ်ကြည့်ရုံမျှသာ ဖြစ်မှန်း သိသည်။
"ကောင်းပြီ ဒီ ခွန်အားတိုး ဆေးအတွက် မှော်ကျောက်တုံး လေးတုံး ပေးမယ်၊ ဘယ်လိုလဲ"
လူဝကြီး မေးသည်။ ခွန်အားတိုး ဆေးမှာ ဈေးနှုန်း မှော်ကျောက်တုံး ငါးတုံး ဖြစ်သော်လည်း ဆိုင်အတွက် အမြတ်ကို တွက်ကြည့်လျှင် လေးတုံးမှာ သင့်လျော်သော ဈေးနှုန်း ဖြစ်သည်။
"သဘောတူပါတယ်၊ ဒီ မှော်ကျောက်တုံးတွေကို ခွန်အားတိုး ဆေးအတွက် ပါဝင်ပစ္စည်းတွေနဲ့ လဲပေးပါ"
"ကောင်းပြီ အနာဂတ်မှာ ခွန်အားတိုး ဆေးတွေ ထပ်ရောင်းချင်ရင် တစ်ပုလင်းကို မှော်ကျောက်တုံး လေးတုံးနဲ့ အကုန် ဝယ်မယ်"
ဝူးခ်၏ မျက်လုံးများ လင်းလက်သွားသည်။ မာလင်ထက် အနည်းငယ်သာ နိမ့်ကျသည့် ဆေးဖော်စပ်သူ အလုပ်သင် တစ်ယောက်မှာ တူးဖော်ရဦးမည့် မှော်ကျောက်တုံးတွင်း တစ်ခုနှင့် တူသည်။
"သေချာတာပေါ့ ကောင်းမွန်တဲ့ မိတ်ဖက် ဆက်ဆံရေးအတွက်"
လေလင်နှင့် ဝူးခ် လက်ဆွဲနှုတ်ဆက်ပြီးနောက် အနက်ရောင် သေတ္တာ လေးလုံးကို ယူကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။
"မြန်မြန် ကြည့်ကြ လတ်လတ်ဆတ်ဆတ် တောင်ပတ်သား မျက်လုံးများ တရားထိုင်ခြင်းအတွက် အလွန် အကျိုးရှိတယ်"
"အဆင့်မြင့် ဓားနှစ်လက်၊ စစ်သုံး လေးများ! အပြာရောင် နက်ရှိုင်းနိုင်ငံမှ တင်သွင်းထားတာ"
"ဖလမင်ဂို ငှက်မွေးများ စမ်းသပ်မှုအတွက် တန်ဖိုးရှိတဲ့ ပစ္စည်း၊ မှော်ကျောက်တုံး ငါးတုံးပဲ"
နေရာအနှံ့တွင် အလုပ်သင်များက သူတို့၏ ပစ္စည်းများကို ကြော်ငြာနေကြသည်။
လေလင် အနက်ရောင် ဝတ်ရုံနှင့် အလုပ်သင် တစ်ယောက်က အရောင် ငါးမျိုးပါသည့် ငှက်မွေးကြီးကို ကိုင်ကာ ကြော်ငြာနေသည်ကို မြင်သည်။
"အေအိုင်စနစ် ငှက်မွေးကို စကင်န်ဖတ်"
[အချက်ပေးသံ ထွက်ပေါ်လာသည်။ အချက်အလက် ဘဏ်နှင့် နှိုင်းယှဉ်ချက် ဆင်တူမှု အဆင့် -
မိုင်နာ ငှက်အမြီးမွေး ၈၃ ရာခိုင်နှုန်း၊
အိမ်မွေး ဒေါင်း ၆၄ ရာခိုင်နှုန်း၊
နှုတ်သီးချွန် ကြိုးကြာ ၃၄ ရာခိုင်နှုန်း]
လေလင် စကားမပြောနိုင် ဖြစ်သွားသည်။ ဖလမင်ဂို ငှက်မွေးမှာ ရှားပါးသော်လည်း အေအိုင်စနစ် တွေ့ရှိလိုက်သည့် ငှက်မွေးမှာ မြေပြင်တွင် ကျနေပါက မည်သူမျှ ကောက်မည့် အရာများ ဖြစ်သည်။
ဒါမှာ လိမ်လည်မှု တစ်ခု ဖြစ်ကြောင်း သိသာသည်။ ဤနေရာတွင် ကုန်ပစ္စည်း ကောင်းကောင်း ရှိသော်လည်း အတုအယောင်များလည်း များပြားသည်။
ထို့ကြောင့် လေလင်သည် အလယ်ပိုင်းရှိ သစ်သားအိမ်များတွင်သာ အမြဲ ဝယ်လေ့ရှိသည်။
လေလင် ခေါင်းခါလိုက်ပြီး ကုန်သွယ်ရေး နေရာမှ ထွက်လာခဲ့သည်။ သုံးရက် ကြာပြီးနောက် လေလင်သည် သူ၏ အဆောင်တွင် စားပွဲပေါ် စီတန်းထားသော စမ်းသပ်ပြွန် ၁၆ ခုကို ကြည့်ရင်း စဉ်းစားခန်း ဝင်နေသည်။
ယခုအချိန်တွင် ခွန်အားတိုး ဆေး ဖော်စပ်နိုင်မှုမှာ ခရော့ဖ်နှင့် တူညီသော ၄၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် အားလုံးကို တစ်ပြိုင်နက် ရောင်းပါက ပြဿနာ ရှာသကဲ့သို့ ဖြစ်ပေမည်။
"အခုတော့ ဟန်ဆောင်ပြီး အနည်းငယ်ပဲ ရှာနိုင်ဦးမယ်၊ အများဆုံး နှစ်ပုလင်းပဲ ရောင်းမယ် ကျန်တာတွေကိုတော့ သိမ်းထားလိုက်ဦးမယ်။"
လေလင် သက်ပြင်းချကာ စမ်းသပ်ပြွန် နှစ်ခုကို ခါးပတ်အိတ်ထဲ ထည့်ပြီး ကျန် ၁၄ ခုကို အိပ်ရာအောက်တွင် သိမ်းလိုက်သည်။
"အကယ်ဒမီ ထဲမှာ အများကြီး မရောင်းနိုင်ဘူး၊ အပြင်မှာ တခြားနည်းလမ်း ရှာရမယ်။ အကောင်းဆုံးကတော့ မှောင်ခို ဈေးကွက်ပဲ၊ အဲဒီမှာ ဈေးပိုရတယ်လို့ ကြားတယ်"
"အပြင်လောကက အန္တရာယ် များတယ်၊ အဆင့် ၂ အလုပ်သင် ဖြစ်မှပဲ အပြင်ထွက်တော့မယ်"
(ဘာသာပြန်သူမှတ်ချက်- review ဖတ်တုန်းက ဗီလိန်ဆန်ဆန်နဲ့ နောက်ပိုင်းဘယ်လိုလာမလဲသိဘူး။)
"နောက်ထပ် လုပ်ရမှာက ဆေးရောင်းလို့ ရတဲ့ မှော်ကျောက်တုံးတွေကို သုံးပြီး ခရော့ဖ်ဆီက အဆင့်မြင့်တဲ့ အသိပညာတွေ ဝယ်မယ်၊ အဆင့် ၂ အလုပ်သင် ဖြစ်အောင် အမြန်ဆုံး ကြိုးစားမယ်"
"အဆင့် ၂ အလုပ်သင် ဖြစ်ပြီးရင်တော့ မှော်စာလုံးပေါင်းတွေကို လေ့ကျင့်မယ်၊ အပြင်မှာ မစ်ရှင် ထွက်ပြီး ဆေးရောင်းလို့ ရမလား ကြည့်မယ်……"
လေလင် စဉ်းစားပြီးနောက်
"အေအိုင်စနစ်၊ ငါ့ရဲ့ လက်ရှိ စွမ်းရည်တွေကို ပြပေး"
[အချက်ပေးသံ ထွက်ပေါ်လာသည်။
လေလင် ဖာလီယာ၊
အဆင့် ၁ အလုပ်သင်။
ခွန်အား - ၂.၁၊
လျင်မြန်မှု - ၂.၃၊
သက်လုံ - ၂.၅၊
အခြေအနေ - ကျန်းမာရေး ကောင်းမွန်]
"တရားထိုင်တာ ကြာပြီမို့ သက်လုံက အများဆုံး တိုးလာတယ်။ ခွန်အားနဲ့ လျင်မြန်မှုကလည်း အနည်းငယ် တိုးလာတယ်။ စိတ်စွမ်းအားကရော"
လေလင် ဒေတာကို ကြည့်ရင်း မျက်မှောင် ကြုတ်လိုက်သည်။
"အေအိုင်စနစ်၊ ငါ့ရဲ့ စိတ်စွမ်းအားကို ဒေတာ အဖြစ် ပြောင်းပြီး ပြပေးနိုင်မလား"
[အချက်အလက် မလုံလောက်ပါ။ စိတ်စွမ်းအားအတွက် အချက်အလက်များကို စုစည်းနေပါသည်။]
အေအိုင်စနစ် ပြန်ဖြေသည်။
"ဘယ်လောက် ကြာမလဲ" လေလင် မေးသည်။
[ခန့်မှန်းခြေ ကြာချိန် - ၁၅၅ ရက် ၂၁ နာရီ]
"ခြောက်လလောက်ပေါ့ အဆင့် ၂ အလုပ်သင် ဖြစ်ဖို့နဲ့ နီးစပ်နေပြီပဲ။" လေလင် ခေါင်းညိတ်သည်။
"နောက် ခြောက်လအတွင်း အပြင်မထွက်ဖို့ စီစဉ်ထားတာမို့ ပြဿနာ မရှိပါဘူး"
ထို့နောက် လေလင်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်သည့် အခြေအနေသို့ ရောက်သွားသည်။
ခရော့ဖ်၏ စမ်းသပ်ခန်းတွင် ကူညီခြင်းမှလွဲ၍ ဆေးဖော်စပ်ခြင်း၊ မှော်ကျောက်တုံးများနှင့် လဲလှယ်ခြင်းနှင့် အသိပညာများ ဝယ်ယူခြင်းတို့ကို လုပ်ဆောင်သည်။
ခွန်အားတိုး ဆေးများအပြင် သွေးတိတ် ဆေးနှင့် အဆိပ်ဖြေဆေး အချို့ကိုလည်း ဝယ်ယူပြီး လေ့ကျင့်သည်။
အေအိုင်စနစ်နှင့်အတူ အောင်မြင်မှုနှုန်းမှာ မဆိုးလှသော်လည်း လေလင် ထိုအချက်ကို ဖုံးကွယ်ထားသည်။
ဤကာလအတွင်း လေလင် မကောင်းသော သတင်းတစ်ခု ကြားရသည်။
ကာလီဝီးယား၏ အဖွဲ့မှာ မစ်ရှင် ထွက်ရင်း ပြဿနာ ကြုံရပြီး တချို့မှာ ဒဏ်ရာ ရရှိကာ တချို့မှာ သေဆုံးသွားသည်။
လေသင်္ဘာပျံပေါ်တွင် သူနှင့်အတူ လာခဲ့သည့် ဟန့်ခ်မှာလည်း အက်ဗစ်ဆယ် ရွှံ့ညွန်တွင် ထာဝရ မြုပ်နှံသွားရသည်။
လေလင် ဤရလဒ်ကို မျှော်လင့်ထားသည်။ အဆင့် ၁ အလုပ်သင် တစ်ယောက်မှာ မှော်အတတ်ကို ခုခံနိုင်စွမ်း နည်းပါးသည်။
အသက်ကို စတေးပြီး လုပ်ဆောင်ပါက ဒဏ်ရာရခြင်း သို့မဟုတ် အသက်ဆုံးရှုံးခြင်းမှာ သာမန် ဖြစ်သည်။
ဤဖြစ်ရပ်ပြီးနောက် ကာလီဝီးယားတို့ အဖွဲ့မှာ လက်တွေ့ကျလာပြီး အကယ်ဒမီတွင်သာ စာသင်ရန် ကျေနပ်နေကြသည်။
မျက်တောင် တစ်ချက် ခတ်လိုက်သည့် အချိန်တွင် လေလင်မှာ အရပ်ပိုရှည်လာပြီး မျက်နှာမှာလည်း ရင့်ကျက်လာသည်။
"နောက်ဆုံးတော့ ၁၄ နှစ် ပြည့်ပြီ"
လက်ဖဝါးများ ကြီးထွားလာသည်ကို မြင်သောအခါ သူ လွန်စွာ စိတ်လှုပ်ရှားမိသည်။
အက်ဗစ်ဆယ် ဘုန်းသစ်တော အကယ်ဒမီတွင် အပူချိန်ကို ထိန်းချုပ်သည့် စာလုံးပေါင်း စနစ် ရှိပုံရသည်။
လေလင် အမြဲတမ်း အလုပ်သင် မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း အပူ သို့မဟုတ် အအေးဒဏ်ကို ဘယ်သောအခါမျှ မခံစားခဲ့ရပေ။
"ဆရာ မှော်စာလုံးပေါင်းတွေ ပါတဲ့ မှန်ဘီလူးဖန်လုံးကို ဝယ်ချင်ပါတယ်"
လေလင် ခရော့ဖ်၏ ရှေ့တွင် ရပ်နေသည်။
"အို အဆင့် ၀ စာလုံးပေါင်းတွေကို စတင် သင်ယူချင်တာလား"
ခရော့ဖ် လက်ထဲမှ အငွေ့တလူလူ ထွက်နေသည့် ကြွေခွက်ကို ကိုင်ကာ တစ်ငုံ သောက်လိုက်သည်။
"ကျွန်တော် စိတ်စွမ်းအား သင်္ကေတတွေကို တည်ဆောက်ပြီးခါနီးပါပြီ၊ အဆင့် ၂ အလုပ်သင် ဖြစ်ဖို့ တစ်ဆင့်ပဲ လိုတော့တယ်။ ဒါကြောင့် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားချင်လို့ပါ"
လေလင် နွေးထွေးစွာ ပြောသည်။
"ဆေးဖော်စပ်ခြင်းရော တရားထိုင်ခြင်းမှာပါ တိုးတက်မှု ရှိတာကို ကြည့်ရတာ အလွန် ကျေနပ်မိတယ်"
ခရော့ဖ် ပြောပြီး အနီးရှိ ဘစ်ကီကို တစ်ချက် ကြည့်လိုက်သည်။ ဘစ်ကီမှာ နှစ်ရက်လောက်ကမှ အဆင့် ၂ အလုပ်သင် ဖြစ်သွားပြီး ဆေးဖော်စပ်ခြင်းတွင် ထူးချွန်မှု မပြခဲ့ပေ။
သူမ၏ အရည်အချင်းအရ ဤမှာ နှေးကွေးသော အရှိန်အဟုန် ဖြစ်သည်။
"အကယ်ဒမီက သတ်မှတ်ထားတဲ့ အခြေခံ မှော်စာလုံးပေါင်း ပုံစံအတွက် မှော်ကျောက်တုံး ၃၀ ပေးရမယ်၊ မင်းအတွက် ဈေးလျှော့ပြီး ၂၀ နဲ့ ပေးလိုက်မယ်"
"ဒီ အချက်အလက်တွေကို အခမဲ့ ပေးနိုင်ပေမဲ့ ကြိုးစားမှသာ ရလဒ် ထွက်လာမယ်ဆိုတာ မင်း သိစေချင်တယ်"
ခရော့ဖ် ပြုံးလိုက်သည်။ ဤမှာ ပါမောက္ခများ၏ အာဏာ ဖြစ်သည်။ သူတို့သည် ကျောင်းသားများကို သင့်လျော်သော ဈေးနှုန်းဖြင့် ပေးနိုင်သလို အခမဲ့လည်း ပေးနိုင်သည်။
၎င်းမှာ ပါမောက္ခ၏ စိတ်ခံစားမှုပေါ် မူတည်သည်။ ဤအချက်အရ ခရော့ဖ်သည် လေလင်ကို သဘောကျကြောင်း သိသာထင်ရှားနေသည်။